သေဖို့ မသင့်သေးတဲ့ ခေတ်



ဒေါက်တာ နှောင်းကြီး အရပ်ကို ပြန်ရောက်လာရင် လူတိုင်းလိုလို ပျော်ကြတယ်။  လိုလို လို့ စကားအခံကလေးနဲ့ ပြောရတာက လူတိုင်းမဟုတ်လို့ပဲ။ လူတိုင်းရယ်လို့ ပြောမဖြစ်အောင် ကိုးလို့ကန့်လန့် ခံနေတာက သူ့အစ်ကိုကြီး ဦးသောင်း။ အရပ်ကတော့ ဦးလေးသောင်းရယ်လို့ အခေါ်များကြတယ်။ ဒေါက်တာနှောင်းကြီး အရပ်ကို ပြန်လာသဟေ့ဆိုတာ ကြားရရုံနဲ့ ဦးလေးသောင်းကြီးကတော့ တထိတ်ထိတ်ရယ်ပဲ။ ပြဿနာက ဒေါက်တာနှောင်းမှာ ဘာမှ အကြောက်အလန့်မရှိတဲ့ ကိစ္စ။ အရပ်အပြောနဲ့ ပြောရရင်တော့ ငယ်ထိပ်မြွေပေါက်ခံရတဲ့လူမျိုး။ မြွေဆိပ်ဆိုတာ အထက်ကိုတက်တယ် ဆိုကြတယ်မဟုတ်လား။ ငယ်ထိပ်ကို မြွေပေါက်ခံရရင် တက်စရာမရှိတော့လို့ မသေနိုင်တော့ဘူးတဲ့။ ဒီတော့ ဒေါက်တာနှောင်းကြီးက ဘာအန္တရာယ်မှ မကြောက်လောက်တဲ့ လူမျိုးလို့ ပြောချင်ကြတာ။ တော်ရုံဆို ရွာထဲရပ်ထဲ ပြဿနာပေါ်လာရင်  လူကြီးတွေက စီစဉ်ရတယ်။ လူကြီးတွေ မနိုင်ရင် တိုက်အုပ်ရှိတယ်။ ဘာကြောင့်မှန်းတော့မသိဘူး။ တိုက်အုပ်မှ သြဇာရော အာဏာပါရှိသတဲ့။ အဲဒီလိုပြောရတာက ဟိုဘက်ထဲဆီက အောင်မင်္ဂလာကျောင်းဝင်းထဲဆီနေတဲ့ ကိုဖိုးကော့ကြီးက ပြောတာ။ သူ့အိမ်နဲ့ နီးတဲ့အောင်မင်္ဂလာကျောင်းထဲဆီမှာ ကျောင်းတိုက်က ကိုယ်တော်ကလေးတချို့နဲ့ စကားစမြည်ပြောရင်း ကိုဖိုးကော့ကြီးက ပြောသတဲ့။ ဟိုဘက်ကျောင်းက ဗိုလ်ဥာဏ်တို့မှ သြဇာရောအာဏာပါ ရှိတာတဲ့။ အာဏာဆိုကတော့ အတွင်းမှာရော အပြင်မှာပါ ရှိတယ်ဆိုသလားပဲ။  ဒါနဲ့ပဲ တိုက်အုပ်က နေရင်းထိုင်ရင်း အာဏာရှိသွားတော့တာပဲ။ ဟုတ်တော့လည်း ဟုတ်လောက်တယ်။ သူကြီးကိုယ်တိုင် မကျေလည်တာကလေးများရှိလို့  ကျောင်းတိုက်ကြီးထဲက ဆွမ်းစားကျောင်း အောက်ထပ်မှာ စုပြီး အစည်းအဝေးလုပ်လို့များ တော်ရုံညှိမရကြဘူးရယ်လို့ အကြောင်းပေါ်လာခဲ့ရင် ဘုန်းကြီးလေးသာ သွားလျှောက်ချေ။ သင်းပိုင်အောက်နှုတ်ခမ်းစကို အသာမပြီး ကိုယ်တော်က ကြွလာတော့တာ။ ခုထိ ဒီကိစ္စက မပြီးသေးဘူးလားဗျ လို့သာ ပြောလိုက်။ ကိစ္စက သူ့အလိုလို ပြီးသွားကရော။
          သို့ပေသိ ဒေါက်တာနှောင်းနဲ့တော့ဖြင့် ဒီလိုလုပ်လို့ မရဘူး။ ဒါကြောင့်ပဲ ဦးလေးသောင်းကြီးက သူ့ညီကို လန့်တာ။ သူ့ညီ ငနှောင်းတစ်ယောက် မြို့ရောက်ပြီး ပညာကို တန်းကုန်တက်သွားလို့ ဒေါက်တာနှောင်း ဖြစ်သွားတဲ့အတွက် ဦးလေးသောင်းက ကြောက်တာတော့ မဟုတ်ဘူး။ ငနှောင်းက တိုက်အုပ်နဲ့ ကိုရင်းစီးဖက်။ တိုက်အုပ်ကို ဝေဖန်ရဲတာ၊ တိုက်အုပ်ကို တို့ ကိုယ်တော်နှယ် ခက်ပါ့ ရယ်လို့ စကားခံပြီး ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ရဲတာက ဒီတစ်ကြောမှာတော့ သူ့ညီ ငနှောင်းပဲ။  ခက်နေတာ တစ်ခုက ဆန့်ကျင်တယ်ဆိုတဲ့ စကားလုံးက အဓိကပြဿနာ။ ဟုတ်ဟုတ် မဟုတ်ဟုတ် တစ်နေ့၊ တစ်ရက်၊ တမွန်းတည့်၊ တစ်မိနစ်၊ တစ်စက္ကန့်ကြီးတဲ့ လူကို ပြန်မပြောရဘူး။ ဂုဏဝုဒ္ဓိ ဝယဝုဒ္ဓိဆိုတာကို သတိထားရမယ်ဆိုတဲ့ လူ့အဖွဲ့အစည်းကြီးထဲမှာတော့ ပြောသမျှ ခေါင်းညိတ်မခံရင် ဆန့်ကျင်တယ် လို့ပဲ မြင်ကြတာ။ ဒီတော့လည်း အမှန်သဘောကိုင်ထားပေတဲ့ ပြန်မပြောနိုင်အားလေတော့ ဟန်လောက် ပြုံးပြုံးပြကြရာက ပါးညောင်းတဲ့ လောကထဲ ရောက်ကြရတော့တာပဲ။ ငနှောင်းကြီးကတော့ အလကား ပါးအညောင်းခံတဲ့ လူမျိုး မဟုတ်ဘူး။ မမှန်ဘူးထင်ရင် ဗြောင်ကိုပြောတော့တာ။ ဘုန်းကြီးရော သိပ်ဘုန်းမကြီးလှတဲ့ သူကြီးတွေ၊ ဆယ်အိမ်ခေါင်းတွေ မကဘူး။ ရွာကျက်သရေဆောင် ပညာတတ်ကြီးတွေ ဖြစ်တဲ့ ကျောင်းအုပ်ဆရာကြီးဟောင်းတွေလည်း အလွတ်မပေးဘူး။ မှားလို့ တွယ်လိုက်ရင် အပယ်မကျဘူးလို့တောင် ဆရာနှောင်းကြီးက ပြောတတ်သေး။
          ဦးလေးသောင်းကတော့ သူ့ညီတွယ်စရာ ပုဏ္ဏားတိုင်ပဲ။ ကျောင်းတိုက်ကြီးမှာ လုပ်တဲ့ အစည်းအဝေးတွေမှာ သူရောက်နေတာနဲ့ ကြုံနေရင် တိုက်အုပ်တို့ ဆရာတော်ကြီးတို့က သူ့ကိုပါ ဝင်ပြီး ထိုင်စေချင်တယ်။ အဲဒီလို အခါမျိုးမှာ ဦးလေးသောင်းကြီးပြောတာနဲ့ သူ့အမြင်ထိပ်တိုက်တိုးလို့ ကန့်လန့်ဖြစ်လာရင် ဆရာနှောင်းက ခင်ဗျားကတော့ ပိုသိမှာပေါ့။ ကြီးကာမှ မိန်းမငယ်ငယ်ယူထားတာကိုး ဆိုပြီး စကားချီတော့တာပဲ။ ဒီတော့လည်း ဦးလေးသောင်းကြီး ခမျာ ဘုမသိဘမသိနဲ့ နောက်ဖေးပေါက်ဆီကနေ အသာလက်နက်ချသလို ဖြစ်ရပြန်ရော။ မိုးနှောင်းကာမှ အော်မိတဲ့ ဖားများလို ပြေးစရာပုန်းစရာမရှိတော့လို့ အရိုက်ခံရတာဟာ တရားသော အရိုက်ခံရခြင်းလို့ပဲ ပြောစရာကျန်ရှာတော့တယ်။ တစ်ချီတော့ ဆရာတော်ကြီးကလည်း ရှိနေတယ်။ ဒေါက်တာနှောင်းက အဲလိုလည်း ပြောရော ဆရာတော်ကြီးက ဝင်ပြီး  နေစမ်းပါဦးကွယ့် ငနှောင်းရဲ့။ ဘာကို ဆိုချင်တာတုန်းလို့ ပြောတော့ သူက ပြန်ဖြေတယ်။ တပည့်တော် ပြောချင်တာက နောင်ကြီးသောင်းက မိန်းမငယ်ငယ်ယူထားတယ် ဆိုတာပါပဲတဲ့။ ဒီတော့ ဆရာတော်ကြီးက မကျေမလည် ဖြစ်သွားပုံရတယ်။ ဟုတ်ပါပြီကွဲ့၊ ငသောင်းကြီး မိန်းမငယ်ငယ်ယူထားတာနဲ့ တို့အခုစည်းဝေးနေကြတဲ့ တာဝတိံသာပွဲ လုပ်ဖို့ဟာက ဘယ်လိုများ ဆက်နေတာဆိုတာကလေး ငါ သိချင်တာပါလို့ မိန့်တယ်။ ဒေါက်တာနှောင်းကြီးက ဆရာတော်ကြီးနဲ့ အတူ သူ့နောင်ကြီးနဲ့ သူကြီးတွေကို လှမ်းကြည့်လိုက်ရင်း ဖြေတယ်။ တပည့်တော်က ဆိုင်တယ်ရယ်လို့ မပြောပါဘူး။ သူက မိန်းမငယ်ငယ် ယူထားလေတော့ တပည့်တော်တို့ မသိတာတစ်ခုခု သူက ပိုသိမှာပဲလို့ ဂုဏ်တင်ပေးတာပါဘုရား တဲ့။ ဆရာတော်ကြီးကတော့ ဘာမှ မပြန်မပြောတော့ပဲ အသာခေါင်းညိတ်တယ်။ အစည်းအဝေးလာကြတဲ့ သူကြီးတွေ ဆယ်အိမ်ခေါင်းတွေနဲ့ ကာလသားတွေကတော့ ပြုံးကြတယ်။ အဲဒီကစလို့ နောက်ပိုင်းအစည်းအဝေးတွေမှာ ဦးလေးသောင်းကြီးကို ငြင်းချင်တဲ့ လူတိုင်းက ခင်ဗျားကတော့ မိန်းမငယ်ငယ်ယူထားတာကိုး ဆိုတာနဲ့ စကြတော့တာပဲ။ သဘာဝယုတ္တိ အာဂမ ယုတ္တိ ဆင်ရာမှာ အစဦးနိဒါန်းအဆိုက အရေးကြီးတယ်လို့ ပညာရှိ မင်းများပြောသလိုပဲ ဆိုရလိမ့်မယ် ထင်တယ်။
`        ဒီတစ်ပတ် ဒေါက်တာနှောင်းကြီး အရပ်ပြန်လာချိန်မှာက တိုင်းရေးပြည်ရေးကလေးတွေ အပြောင်းအလဲကလေးတွေ ဖြစ်နေတဲ့ အချိန်။ ဒီတော့လည်း သူ့ဆီက သတင်းတိုရှည်လေးတွေ နားထောင်ချင်နေကြတယ်။ ဘယ်သွားသွား ဆရာကြီး၊ ဟိုဟာက ဟိုလိုမဟုတ်ဘူးလား၊ ဒီဟာကရော ဟိုလိုမဟုတ်ဘူးလားဆိုပြီး တောမေး တောင်မေး မေးတတ်ကြတာ်။ ဒီတော့လည်း ဒေါက်တာနှောင်းကြီးခမျာ ဖြေရရှာတယ်။ ရှင်းပြရရှာတယ်။ သူကိုယ်တိုင်ကလည်း လေကကောင်းသကိုး။ ကျုပ်တို့ အညာဆီက ရှမ်းဆရာကြီးပြောတဲ့  အမြဲတမ်းတိုက်နေတဲ့ လေမျိုး၊ မုတ်သုန်လေလို မြောက်ပြန်လေလို ရာသီလေမျိုးမဟုတ်ဘူး။ ဒေါက်တာနှောင်းကြီးပြောလိုက်ရင် ကျလည်း ကျကြတယ်။ ကျဆို သူက ဒီအရပ်သားဆိုပေသိ မြို့မှာနေတာ။ မြို့ကြီးသား။ မြို့သားဆိုတာက တောသားထက်တောာ့ ပိုသိတာပဲ။ တောသားမှာ ပြောကြားစရာ နတ္ထိ ဆိုတဲ့ စကားအတိုင်းပဲ။ ဘာပြောစရာရှိလို့တုန်း။ လယ်ကိစ္စ ချောင်းကိစ္စ ရှိတဲ့အခါ လုပ်လိုက်ကြ။ မရှိတော့လည်း သစ်မြစ်ပေါ် ခေါင်းအုံးပြီး ကောင်းကင်ယံထဲ မော့ကြည့်နေကြတာ။ မော့မကြည့်လည်း ကြည့်စရာ သိပ်ရှိတာမဟုတ်ဘူး။ မြို့ပေါ်မှာလို စံပြမယ်တို့ ဟန်ပြမယ်တို့ လှန်ပြမယ်တို့ မရှိဘူး။ မြို့ပေါ်ကလူတွေကသာ နှစ်ရက်နဲ့ တစ်မွန်းတည့်လောက် တောကိုလာ။ ရှာကြံပြီး တောသားရဲ့ အရည်အချင်းကို ဂုဏ်တင်ပြလေ့ရှိတာ။ တကယ်တော့ တောသားမှာ ဂုဏ်ယူစရာ သူ့ဖွားဖက်တော်က လွဲလို့ ဘာမှ ရှိတာမဟုတ်ဘူး။ ဒီတော့ ပြောစရာဘာမှမရှိတဲ့ တောသားအတွက်တော့ ပြောစရာ အများကြီးရှိတဲ့ မြို့ကြီးသားဆီ မှတ်စရာသားစရာကို မှတ်ရသားရတော့တာ။ ဒါမှလည်း တောသားချင်းတူရင် ကိုယ့်ထက်ညံ့တဲ့ ခပ်ညံ့ညံ့တောသားနဲ့ တိုးတဲ့အခါ ကိုယ့်မှာ ဖိန်းစရာလေးတွေ ရှိမှာကိုး။
          တိုင်းရေး ပြည်ရေးကလေးတွေဆိုတာကလည်း ဒီလို။ ကိုလိုနီလက်အောက်ကလွတ်ပြီး ကိုးနှစ်ဆယ်နှစ် ကြာသွားတယ်ဆိုပေတဲ့ တောဘက်မှာက ဒုံရင်းကို ပုံသွင်းထားလေတော့ မြို့မှာလို ပြောင်းတယ် လဲတယ်ရယ်လို့ မရှိလှဘူး။ မရှိဘူးပဲ ဆိုရစေတော့ရဲ့။ ကိုလိုနီ သခင်ကြီးများ သူ့အရပ် ပြန်ကြွသွားချည်ရဲ့ ဆိုပေတဲ့ နောက်လာတဲ့ မောင်ပုလဲက ကိုလိုနီနဲ့ သိပ်မှ မကွာလှပဲ။ ကိုလိုနီက ကိုယ့်ပြည်က ပစ္စည်းယူပြီး သူ့ပြည်သူ့ရွာကို သယ်တယ်။ ဟော… မောင်ပုလဲတို့ကျတော့ ကိုယ့်ပစ္စည်းကို သူ့အိမ်ထဲ အသာ မ သွားတော့တာ။ ဟိုတုန်းကတော့ ဂျပန်က ပါးရိုက်တယ်။ အင်္ဂလိပ်က ညို့သကျည်းကို မျဉ်းလုံးနဲ့ လှိမ့်တယ်။ တိုင်းပြည်ကြီး လွတ်လပ်ရေး ရသွားကာမှ ကိုယ့်အချင်းချင်း နားရင်းရိုက်ကြရတော့တာကိုး။ ဒီတော့ကာမှ ရဲဘော်ဖြူ၊ ရဲဘော်နီ၊ ရဲဘော်အပြာနုနု၊ ရဲဘော်မီးခိုးရောင်၊ အရောင်ကို စုံနေတာ။ လွတ်လပ်ရေးရတယ်ဆိုကာမှ ကိုယ့်အချင်းချင်းကြောက်ကြရပြီး ယူနီဖောင်းဝတ်ဆိုရင် မီးရထားနောက်တွဲထဲက အလံပြတဲ့ ဂတ်ဗိုလ်ဆိုတာကိုတောင် ကြောက်လာကြရတော့တယ်။ လွတ်လပ်ရေးရပြီး ဆယ်နှစ်ကျော်လာတော့ နိုင်ငံရေးက တောလိုလိုတောင်လိုလို။ ရွာထိပ်မှာ ကဝေမကတောင် မီးကစားပြလာတယ် ဆိုသလားပဲ။ ဒါလေးကိုက အဆန်းလို ဖြစ်လာတာ.။ ဒီတော့ ဆရာနှောင်းကြီး အရပ်ရောက်တဲ့ အချိန်မှာ ဖြေစရာတွေ အပုံချည်း။ ပြောပြစရာတွေက အပုံချည်း။ ဘယ်သွားသွား ပြောစရာ စကားက အများသား။
          ကနေ့ ညနေစောင်းဆီကတော့ ဒေါက်တာနှောင်းကြီးတို့ ညီနောင် နှစ်ပါး ကျောင်းတိုက်ကြီးထဲဆီ သွားကြတယ်။ ဦးလေးသောင်းကြီးမှာ ဘာအကြောင်းရှိမှန်းတော့ မသိဘူး။ ဒေါက်တာနှောင်းကတော့ အကြံကလေးရှိထားတယ်။ ဆွမ်းချက်တဲ့ ဦးကြွိက ငါ့ဆီလာ ထမင်းကျန်ဟင်းကျန်လေး  စားလှည့်ဦးလေကွာလို့ သူ့ကို ပြောထားတယ်။ အကြမ်းအိုး တစ်လုံးထဲ မန္တလေး ဗြစ်ချက်စက်ရုံဆီက ချက်တဲ့ အကြမ်းရည်ကလေးထည့်ပြီး ဦးကြွိချက်တဲ့ ဝက်သားဟင်းလေးနဲ့ မြည်းကြဖို့ကိုး။ အဲဒီကိစ္စကလေးကို လက်တွေ အကောင်အထည်ဖော်ဖို့၊ ဒါ ဆရာနှောင်းကြီးရဲ့ အကြံ။ ဒီကိစ္စနဲ့ ပတ်သတ်လို့တောင် ညီအစ်ကိုချင်း အတော်ပြောရသေးတယ်။ ကျောင်းဘက်အလာမှာ  ကျုပ် ဦးကြွိဆီ ထမင်းကျန် ဟင်းကျန်သွားစားဦးမယ်လို့ ဒေါက်တာနှောင်းကြီး ပြောတော့ ဦးလေးသောင်းက ဘုမသိဘမသိနဲ့ ငါ့မိန်းမချက်တာ ဘာဖြစ်လို့တုန်းလို့ မေးတယ်။ ခင်ဗျားမိန်းမက ဘာမှမဖြစ်ဘူး။ ဟင်းချက်ကောင်းတယ်။ သို့ပေသိ ဟင်းစပ်က မတည့်ဘူးလို့ ဒေါက်တာနှောင်းကြီးက ပြန်ပြောတယ်။ မင်းက ကြေးကိုများတယ်လို့ ဦးလေးသောင်းက ပြောတော့ ခင်ဗျား မိန်းမကို ထမင်းဟင်း မချက်တတ်ဘူးရယ်လို့ ကျုပ်မပြောဘူး။ ဟင်းစပ် မတည့်တာကို  ပြောတာလို့ ပြန်ပြောတော့ ဦးလေးသောင်းက အဲဒါ မင်း ကြေးများလို့ ပေါ့ကွလို့ ပြောတယ်။ ဒီတော့မှာ ဒေါက်တာနှောင်းကြီးအတွက် အကွက်က ဝင်လာတော့တာ။ သူက ပြန်ပြောတယ်။ ကျုပ်ကတော့ မိန်းမငယ်ငယ်ယူမထားလေတော့ ကြေးများရသဗျာ။ ခင်ဗျားကတော့ မိန်းမငယ်ငယ်ယူထားလေတော့ ကြေးများနေရင် အမောဖောက်လို့ လိုရင်းကလေး ပျောက်သွားမှာကိုးဗျ တဲ့။ ဒီတော့လည်း ဦးလေးသောင်းကြီးခင်ဗျာ ဘာမှ ဆက်မပြောနိုင်တော့ဘူး။ ပြောစရာလည်း ရှိမှ မရှိတော့ဘဲကိုး။ ပြောမယ်ဆိုရင်တော့လည်း ထထိုးလိုက်တာကမှ ကောင်းဦးမယ်။
          ကျောင်းရောက်တော့ ဆွမ်းစားကျောင်း တန်းသွားပြီး ဦးကြွိနဲ့ ညှိနေတုန်း တိုက်အုပ်ရောက်လာတယ်။ ဦးကြွိက ရိုးရိုးအကြမ်းအိုးနဲ့ ထန်းလျက်ခဲလေး တစ်ပန်းကန် ချပေးပြီး မြောက်ဘက်ထဲဆီ ကျုပ်သွားဦးမယ်ဗျာ။ ငနှောင်းကြီး ကြိုက်တဲ့ ငရုတ်သီးထောင်းကလေး လုပ်ရအောင် မြရင်တို့ အခင်းထဲ သွားဆွတ်ချေဦးမယ်လို့ ပြောပြီး ထွက်သွားတယ်။ သူတို့ ညီအစ်ကိုနှစ်ယောက်နဲ့ တိုက်အုပ်လည်း ကြုံရာ ထွေခင်းလို့ လေညင်းချနေဖြစ်ကြတယ်။ တိုက်အုပ်ကတော့ ကိုထွန်းမောင်ကြီးကားနဲ့ မြို့ဆီက အကြုံပေးလိုက်တဲ့ သတင်းစာတွေကို ဖတ်နေကျ။ သတင်းစာတွေက တစ်ပတ် ဆယ်ရက်တန်သည် နောက်ကျနေပေတဲ့ မဖတ်ရသေးတဲ့ သတင်းဆိုတာက အသစ်ပဲကိုး။ ဒီတော့ ဆူးအက်တူးမြောင်းကိစ္စမှာ ဗြိတိန်နိုင်ငံက ဘယ်လိုလုပ်တယ်ဆိုတာကအစ တာဝါဘားကို အမတ်မင်း ဘယ်သူကဖြင့် အပျော်မယ်သုံးယောက်နဲ့ လာသွားတယ် ဆိုတာတွေကိုပါ သိတယ်။ ပြောရရင်တော့ ကမ္ဘာကြီးမှာ တိုင်းပြည်ကြီးမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို တပတ်ဆယ်ရက်နောက်ကျပြီး သိတယ်။  နောက်ကျသိတာဟာ မသိသေးတဲ့ လူတွေထက်စာရင်တော့ သာသေးတယ်။ ဒီတော့ တိုက်အုပ်က ဒီတစ်ကြောမှာ အများတကာထက် ပိုသိတယ်လို့ ပြောရမှာပဲ။ သူ ဖတ်ရ သိရတာတွေကိ သူနဲ့ ကိုရင်းစီးဖက် ဒေါက်တာနှောင်းလာတိုင်း ဆွေးနွေးတယ်။ အသိပညာအရာမှာ သူနဲ့ တန်းညှိစရာကလည်း ဆရာနှောင်းကြီးပဲ ရှိတော့တာ။ ဒီလိုမျိုး နှီးနှောကြရင် ဦးလေးသောင်းကတော့ တစ်လုံးထောက် နှစ်လုံးထောက်ဆိုတာလောက်ပဲ ။ သိပ်လည်း ဝင်မပြောရဲဘူး။ မတော် အကြောင်းမသင့်ရင် ဆူးအက်တူးမြောင်းနဲ့ ဗြိတိန်နိုင်ငံအကြားမှာ မိန်းမငယ်ငယ်ယူထားတဲ့ ကိစ္စက ပေါ်လာနိုင်သေးတာကိုး။ ဦးလေးသောင်းကတော့ ကျောင်းတိုင်တစ်လုံးကို မှီရင် ခပ်ငိုက်ငိုက်ရယ်၊ ပန်းနေပုံရတယ်။ ဒါကတော့လည်း မိန်းမငယ်ငယ် ယူထားလိုက်မိတဲ့ ကိစ္စနဲ့ ဆိုင်လောက်တယ်။
          အတော်ကလေးကြာတော့ ဦးကြွိတစ်ယောက် ဆွမ်းစားကျောင်းဘက်ဆီ လျှောက်လာတာ တွေ့လိုက်ရတယ်။ သူနဲ့ အတူ ချမ်းသာအိုးလည်း ပါလာတယ်။ ဦးကြွိကများ လာကွာ ကျောင်းထဲလာ ထမင်းစားချေလို့ ခေါ်လာသေးလားလို့ တွေးကြည့်စရာပဲ။ ဒေါက်တာနှောင်းကြီးက ချမ်းသာအိုးတို့ မောင်မူတို့ မောင်တာတို့နဲ့ စကားပြောရတာကြိုက်တယ်။ သူက မြို့သားကြီး ဖြစ်နေပေသိ အရပ်ရောက်ရင် အဲဒီလို လူသိုက်နဲ့ စားစားသောက်သောက်လည်း နေတတ်တယ်။ ချမ်းသာအိုးကတော့ နေတော့ ဇရပ်မှာ၊ သွားတော့ ဖိနပ်မပါ၊ စားတော့ အရပ်တကာဆိုတဲ့ လူမျိုး။ သိပ်ပြီး ကျပ်မပြည့်ဘူးလို့ ပြောချင်ရင်တော့ ပြော။ ချမ်းသာအိုးက စာလေးဘာလေးလည်း တတ်တယ်။ ကြုံရာလည်း ဖတ်တယ်။ ထန်းရည်ကလေးလည်း ကြိုက်တယ်။ သူ့အတွေးနဲ့ သူနေတဲ့ လူမျိုး။ ရွာထဲရပ်ထဲမှာ အသေအပျောက်ရှိရင်တော့ သူ့တာဝန်။ သူ့ကို အသုဘတို့ရဲ့ ရာဇာဖြစ်တဲ့ သုဘရာဇာလို့ ခေါ်မှကြိုက်တယ်။ စဏ္ဍာလလို့ မခေါ်စေရလို့ တိုက်အုပ်တို့ သူကြီးတို့က အာမဝန္တာ ခံထားရတဲ့လူ။ ဒီတော့ တိုက်အုပ်က အစ မောင်မူတို့ မောင်တာတို့ကပါ သဘောကျတယ်။ ဆွမ်းစားကျောင်းအဝနားဆီရောက်တော့ တိုက်အုပ်ကပဲ လှမ်းမေးလိုက်တယ်။  ဟကောင်ကြီး ဘယ်လာတာတုန်းလို့။ ချမ်းသာအိုးက ဘာမှပြန်မဖြေရသေးခင် ဦးကြွိကပဲ ကြားကဝင်ပြီး လျှောက်လိုက်တယ်။ ငသောင်းကြီး အိမ်ဆီ တောင်ဘက်ထဲသွားမယ်လို့တဲ့ ဘုရား။ ငနှောင်းနဲ့ တွေ့ရအောင်။ တပည့်တော်က သင်းတို့ ညီအစ်ကို နှစ်ယောက်စလုံး  ဒီမှာ ရှိတယ်ဆိုတာနဲ့ လိုက်လာတာပဲတဲ့။ တိုက်အုပ်က ဟကောင်ကြီး ဒီလာ ဒီလာလို့ လှမ်းခေါ်လိုက်တယ်။
          ချမ်းသာအိုးက သပ်သပ်ရပ်ရပ်ရယ်ပဲ။ ရေမိုးချိုးထားပုံရတယ်။ စွပ်ကျယ်လက်ပြတ် ဖြူသန့်သန့်ရယ်နဲ့။ ဦးကြွိကတော့ ဆွမ်းစားကျောင်းပေါ် မတတ်တော့ဘဲ နောက်ဘက်ထဲဆီက သူ အိပ်တဲ့ ဆွမ်းချက်ရုံ နံဘေးက တဲဆီ တန်းသွားတယ်။ချမ်းသာအိုးကတော့ အသာလက်အုပ်ချီပြီး ဆွမ်းစားကျောင်းထဲဆီ တက်လာတယ်။ ပြီးတော့ ဘုန်းကြီးလေးနဲ့ မျက်နှာချင်းဆိုင် ခပ်လှမ်းလှမ်းမှာ ထိုင်လိုက်ပြီး ဦးချလိုက်တော့တယ်။ ဦးလေးသောင်းတို့ ညီအစ်ကိုနှစ်ယောက်ကတော့ ပြုံးပြလိုက်ကြရင် အနေမပျက်ကြဘူး။ ချမ်းသာအိုးက ဦးချုလိုက်ရင်း ပါးစပ်ကလည်း ရွတ်လိုက်သေးတယ်။ ဘုရားကိုးကွယ်ပါ၏၊ တရားကိုးကွယ်ပါ၏၊ သံဃာကိုးကွယ်ပါ၏ တဲ့။ တိုက်အုပ်ကတော့ ပြုံးနေတယ်။ စိတ်ထဲမှာတော့ ငါ့တပည့်တွေက မေ့လျော့ခြင်း မရှိကြဘူး ရယ်လို့ တွေးရင်း ကျေနပ်လိုက်မိပုံရတယ်။ ချမ်းသာအိုးက ဘုန်းကြီးလေးကို ဦးတည်ပြီး ဦးချပြီးသွားတော့ ထိုင်နေရာက အထိုင်ပြင်လိုက်ရင်း ဒေါက်တာနှောင်းကြီးဘက်ကို ဦးတည်လိုက်တယ်။ ပြီးတော့မှ ဆရာနှောင်းကြီးကို ကိုးကွယ်ပါ၏ လို့ ပါးစပ်ကရွတ်ပြီး ဦးသုံးကြိမ်ချပြန်တယ်။ ဒေါက်တာနှောင်းကြီးလည်း အငိုက်မိသွားသလိုဖြစ်သွားတယ်။ အူကြောင်ကြောင်ဖြစ်သွားတယ်။ ဒေါက်တာနှောင်းမှ မဟုတ်ဘူး။ တိုက်အုပ်ရော ဦးလေးသောင်းပါ အူကြောင်ကြောင် ဖြစ်သွားကြတယ်။ ဒေါက်တာနှောင်းကြီးကတော့ တိုက်အုပ်နဲ့ ဘေးချင်းတိုက်လောက်က သင်ဖျူးပေါ်မှာ တစ်ခြမ်းစောင်းလှဲရင်း စကားပြောနေတာမို့ ဗြုန်းဆို ငုတ်တုတ်ထထိုင်လိုက်မိတယ်။ ကျောင်းတိုင်မှီရင်း ငိုက်တိုက်တိုက်ဖြစ်နေတဲ့ ဦးလေးသောင်းကတော့ မျက်လုံး ကျယ်သွားတယ်။ စိတ်ထဲမှာတော့ ချမ်းသာအိုး ကိုးကွယ်လောက်တဲ့ စာရင်းထဲ  ငါ မပါပါ ကလားရယ်လို့တောင် တွေးလိုက်မိပုံရတယ်။ မိန်းမငယ်ငယ် ယူလိုက်မိလို့တော့ ဖြစ်မယ် မထင်ဘူးလို့ သူ့ဘာသာ စိတ်ထဲမှာ ပြေရာပြေကြောင်း ပြောပြီး ဖြေလိုက်ရတယ်။
          ဒေါက်တာနှောင်းကြီး ခမျာ သူ့ဘာသာ အတော့်ကို မလုံမလဲဖြစ်သွားတယ်။ တိုက်အုပ်ကို လှည့်ကြည့်လိုက်ရင်း ကျုပ်ဘာများ မတော်မတည့်လုပ်လိုက်မိပြန်ပြီလဲလို့ မေးသလိုလိုနဲ့ ပြောတော့ တိုက်အုပ်က အသာပဲ ပြုံးနေတယ်။ ချမ်းသာအိုးက ဦးချပြီးသွားတော့ သက်တောင့် သက်သာဖြစ်အောင် အထိုင်ပြင်လိုက်တယ်။ အားလုံး ငြိမ်နေတယ်။ ဒီတော့လည်း တိုက်အုပ်က သိပ်ငြိမ်မနေနိုင်တော့ဘူး။ ဘယ်လိုကြောင့် ငနှောင်းကြီးက ကိုးကွယ်စရာ စာရင်းဝင်ဖြစ်သွားတယ် ဆိုတာကလေးကလည်း သိချင်သေးတာကိုး။ ချမ်းသာအိုး မင်းကို ဆရာနှောင်းကြီးက ဘာတွေများ ဆုံးမလိုက်လို့တုန်းလို့ တည့်တည့်ချည်း မေးလိုက်တယ်။ ချမ်းသာအိုးက တိုက်အုပ်ကို ကြည့်နေရင်း ဆရာနှောင်းကြီးကို တစ်ချက် လှမ်းကြည့်လိုက်ရင်း လက်အုပ်ကလေး အသာချီပြပြီးကာမှ ဆရာနှောင်းကြီးက ကျုပ်အသက်သခင်ပါဗျ၊ ဘုန်းကြီးရ လို့ ဖြေတယ်။ တိုက်အုပ်ခမျာ အူကြောင်ကြောင် ဖြစ်သွားရုံတင်မကဘူး၊ စတုမဓူလေးများ မမှီဝဲရတာကြာလို့ အထက်ကို လေဆန်သလိုမျိုးဖြစ်ပြီး ပါးစပ်ထဲက ဟ လို့ လေသံခပ်ကျယ်ကျယ် ထွက်သွားတယ်။ ဦးလေးသောင်းကြီးကတော့ ဘာမှကို မပြောသာတော့ဘူး။ သင်းက အသက်သခင်တောင် ဖြစ်သွားပါပကောရယ်လို့ပဲ အတွေးပေါ်လာတယ်။ ဆရာနှောင်းကြီးကတော့ လူကြီးတို့ သိက္ခာ ပြိတ္တာလို ခပ်အိအိနေရတယ် ဆိုတာမျိုးနဲ့ရယ်။ အရယ်မပေါက်လောက်သေးတဲ့ အပြုံးကလေးနဲ့ရယ်။ ချမ်းသာအိုးက ဘုန်းကြီးလေးကို လှမ်းကြည့်ပြီး စကားဆက်တယ်။ ဟိုတလောဆီက ကျုပ်က လောကကြီးကို ကြည့်ပြီး အတော်စိတ်ပျက်နေတာ။ လူတွေ အသေအပျောက်နည်းလာတော့ ကျုပ်ရဲ့ လောကကြီးက ငြီးငွေ့စရာကောင်းလာတယ်။ ဒီတော့ ကျုပ်လည်း နေ့စဉ်လို ဇရပ်ပေါ် အသာလှဲနေရင်း သင်္ချိုင်းကုန်းကို ကြည့်ပြီး ငါလည်း တစ်နေ့တော့ သေမှာပဲ။ တစ်နေ့ သေမယ့်အတူတူ အခုနေ နေကောင်းထိုင်သာရှိတုန်း သေလိုက်ရရင် ကောင်းမယ်လို့ စိတ်ကူးရတာနဲ့ သင်္ချိုင်း အရှေ့ဘက်ထဲဆီမှာ ကျုပ်ကို မြှုပ်ဖို့ ကျင်းတစ်ကျင်းတောင် တူးထားလိုက်သေးတယ်။ ရာသီဥတုကလေး နည်းနည်းများအေးလာခဲ့ရင် အဲဒီထဲ သွားလှဲနေပြီး ကိုယ့်ကိုယ်ကို မြေဖို့ပစ်မယ်လို့ ကြံထားတယ်။ ခုနေတော့ကာ အတော်ကလေး ပူနေသေးတော့ သေမှာမှဖြင့် ပူလောင်လောင်နဲ့တော့လည်း ကျုပ်မသေချင်သေးဘူး။
          ဟ လို့ ဘာရယ်အဓိပ္ပါယ်မပေါ်တဲ့အသံ ဘုန်းကြီးလေးဆီက ထွက်လာပြန်တယ်။ ချမ်းသာအိုးက အပြောရပ်သွားတယ်။ ဦးလေးသောင်းတို့ ညီနောင်ကတော့ ငြိမ်နေတယ်။ စိတ်ဝင်တစားဖြစ်နေပုံရတယ်။ ခဏကြာတော့ ချမ်းသာအိုးက သူ့စကားကို ပြန်ဆက်တယ်။ တစ်မြန်နေ့ဆီက သောင်းရင်တို့တဲဆီကို နောင်ကြီးမူတို့ နောင်ကြီးတာတို့နဲ့ ဆရာနှောင်းရောက်လာတော့ သူတို့ပြောဆိုနေတာတွေကို ကျုပ်နားထောင်လိုက်မိတယ်။ နောင်ကြီးတာတို့ကတော့ ရာသီဥတုတွေ ပြောင်းလာတာ မီးသွေးဖုတ်ဖို့ သစ်ပင်တွေ ခုတ်လို့ တောပြုန်းလာတာတွေ ပြောကြလေရဲ့။ ကျုပ်က အဲဒါတွေ စိတ်မပါဘူး။ မပါဆို အဲဒါတွေက ပုဂံခေတ်ကတည်းကလို့ ကျောင်းဆရာကြီးတွေက ပြောဖူးတယ်။ ကျုပ်က ဆရာနှောင်းကြီး ပြောတဲ့ အထဲက ကျုပ်နားဝင်သွားတာ ရှိတယ်။ အဲဒါက ခုခေတ်က ဂယောင်တွေခေတ်ကွ ဆိုတာပဲ။ ဟုတ်သမို့လားဆရာကြီး လို့ ပြောပြီး ချမ်းသာအိုးက ဆရာနှောင်းကြီးကို လှမ်းကြည့်ရင်း မေးလိုက်တယ်။ ဆရာနှောင်းလည်း ပြေးမလွတ်တော့ဘူး။ သူ့စကားနဲ့ သူ မိနေပုံရတယ်။ မသိမသာ ခေါင်းညိတ်ပြလိုက်တယ်။ ဆရာနှောင်းကြီးက ပြောသဗျဆိုပြီး ချမ်းသာအိုးက စကားဆက်ပြန်တယ်။ ဟုတ်၏ မဟုတ်၏တော့ မသိဘူး။ အဲဒီ ဂယောင်တွေ မှန်သမျှက လူစွမ်းကောင်းတွေချည်း ဖြစ်လာကြတော့တာကိုး တဲ့။ အင်္ဂလိပ်ခေတ်မှာ ထိပ်တုံးခတ်ခံရတဲ့ ကောင်မှန်သမျှ လွတ်လပ်ရေးရတော့ လွတ်လပ်ရေးအတွက် တိုက်လာတဲ့မျိုးချစ်တွေ ဖြစ်ကုန်ရော။ ဂတ်မှာများ အချုပ်ကျခဲ့ဖူးရင် ပိုတောင် နေရာရသေး။ ထမီရုတ်လို့ပဲ ကျကျ ဘာကြောင့်ကျကျ၊ ဒီကြားထဲ ဆရာစံမျိုးဆက်ဆိုတာက ပေါ်လာသေး။ ဘာများတုန်းဆိုတော့ ဆရာစံကြိုးမိန့်ကျတဲ့နှစ် မွေးတဲ့ကောင်တွေ။ ဘာမှတော့ ဆရာစံနဲ့ မဆိုင်ဘူး။ ဘာမှလည်း ကြီးကြီးကျယ်ကျယ် လုပ်ခဲ့တာတော့ မဟုတ်ဘူး။ ဟောကြည့်၊ မင်းတို့ဆီ ဆယ်အိမ်ခေါင်းဖြစ်လာတဲ့ ငထွား။ ဆရာစံမျိုးဆက်ဆိုပြီး ကြွေးကြော်ရင် ဆယ်အိမ်ခေါင်းဝင်ဖြစ်တယ်။ နေရာရာတယ်။ သူကြီးမဖြစ်တောင် ဆယ်အိမ်ခေါင်းတော့ ဖြစ်တယ်။ အရပ်ကလည်း ညံ့တော့ ယုံတယ်။ ခုတော့ကာ ဂယောင်တွေ မှန်သမျှ လွတ်လပ်ရေးအတွက် တိုက်လာတဲ့လူချည်း ဖြစ်ကုန်တာပဲတဲ့။ ဒီမှာတင် ကျုပ်လည်း အတွေးပေါက်သွားတာပေါ့ ဘုန်းကြီးရလို့ ချမ်းသာအိုးက သူ့လျှောက်လဲချက်ကို နိဂုံးချုပ်လိုက်တယ်။
          တိုက်အုပ်စိတ်ထဲမှာတော့ ငါ မေးလိုက်မိတာ မှားပေါ့လို့ တွေးကောင်းတွေးနေလိမ့်မယ်။ တကယ်တော့ ခုဟာက ဧဝံမေသုတံပဲ ရှိသေးတာပဲ။ ဧဝံမေသုတံကနေ ရှေ့နားတော့ ဆက်မှ၊  ဇာတ်ရည်လည်မှာကိုး။ မင်းက ဘာတွေများ အတွေးပေါက်ခဲ့တာတုန်း ဟကောင်ရ လို့ ဘုန်းကြီးလေးက လှမ်းမေးလိုက်တယ်။ ချမ်းသာအိုးက ကိစ္စပြီးလို့ ထပြန်တော့မယ် လုပ်နေရာက ဘုန်းကြီးလေးကို ကြည့်ပြီး လက်အုပ်ချီတယ်။ ရယ်ကျဲကျဲနဲ့ ပြန်ဖြေလိုက်တယ်။ ကျုပ်ကိုလည်း သူကြီးဦးနီက သူ့အိမ်နောက်က တင်းကုပ်မှာ တစ်ညချုပ်ထားဖူးတယ်။ အဲဒီတုန်းက ကျုပ်က မူပြီး အဝတ်မပါဘဲ လမ်းမှာလဲနေလို့။ အဲဒီတုန်းက လွတ်လပ်ရေးမရသေးဘူး။ ဒီတော့ ကျုပ်လည်း လူစွမ်းကောင်းစာရင်းထဲ ပါလောက်တယ်မဟုတ်လား ကိုယ်တော်။ အလကားကောင်တွေ နေရာရလာကာမှ ကျုပ်လို အလကားကောင်ကဖြင့် သေဖို့မသင့်သေးဘူးလို့ ကျုပ်တွေးလိုက်မိတယ်လို့ ပြောပြီး ဝတ်ချလိုက်တယ်။ ဘုန်းကြီးလေးကတော့ ဘာမှပြန်မပြောတော့ဘဲ သာသာပဲ ပြုံးနေတယ်။ ချမ်းသာအိုးက ဆရာနှောင်းကြီးဘက် အသာလှည့်ပြီး ဝတ်ချလိုက်ပြန်တယ်။ ဆရာနှောင်ကြီးက ဘာမှမပြောပေတဲ့ ဘာအဓိပ္ပါယ် ရှိမှန်းမသိရတဲ့ အေ အေ လို့တော့ ပါးစပ်က ထွက်လာတယ်။ ချမ်းသာအိုးက ထိုင်ရာက ထလိုက်တုန်း တစ်ခုခု သတိရသွားပုံရတယ်။ ဆရာနှောင်းကို လှမ်းကြည့်လိုက်ရင်း ကျုပ် နာသွားသဗျာလို့ ပြောလိုက်တယ်။ ဆရာနှောင်းက ဘာမှ ပြန်မပြောရသေးခင် ဘုန်းကြီးလေးက ဘာများတုန်းကွလို့ ဝင်ပြောတယ်။ ချမ်းသာအိုးက ပြောတယ်။ အဲဒီလိုမှန်းသိရင် ဂတ်ရှေ့ကအုတ်နံရံကို ကျုပ်သွားပြီး သေးနဲ့ ပန်းပါသော်ကော။ ကျုပ်မှန်းသိအောင် နေ့ခင်းကြောင်တောင် သွားပြီး ပန်းမှာ။ နှစ်ရက်လောက် ချုပ်ထားမှာကတော့ သေချာတယ်။ အကြောင်းများသင့်ခဲ့ရင် ဂေါ်ယာဆာသင်ကြီးက နားရင်းရိုက်တောင် ခံရဦးမှာ။ အဲဒီလိုများ ဖြစ်ခဲ့ရင် ဒဏ်ရာကလေးတပြပြနဲ့ဆို အရပ်ထဲက မိန်းမတွေက အတော်သနားကြဦးမှာတဲ့။ ပြောပြီးတော့ ချမ်းသာအိုးက ထွက်သွားပါလေရော။ တိုက်အုပ်နဲ့ ဆရာနှောင်းလည်း ဘာမှထပ်မပြောတော့ဘူး။ ကျောင်းတိုင်ကို မှီပြီး နားထောင်နေတဲ့ ဦးလေးသောင်းကြီးပဲ လှုပ်လှုပ်ရှားရှားဖြစ်လာတယ်။ လက်နှစ်ဖက် မြှောက်ပြီး အပျင်းကြောဆန့်လိုက်တယ်။ ပြီးမှ မင်းနှယ်ကွာ၊ ငနှောင်းရာ လို့ လှမ်းပြောလိုက်တယ်။ တကယ်တော့ ဦးလေးသောင်းပြောတဲ့ စကားက မပြည့်စုံဘူး။ အနက်လွယ်လွယ်ဖော်လို့ မရနိုင်ဘူး။ ဘယ်အပိုင်းက ဘယ်ဟာကို “ မင်းနှယ်ကွာ” လို့ ပြောတယ်ဆိုတာကို အသေအချာပြောလို့ မရဘူး။ သို့ပေသိ ဆရာနှောင်းကြီးက ကမ္ဘာပေါ်မှာ တန်းကုန်အောင် တတ်ခဲ့လို့ ဒေါက်တာဘွဲ့ဆိုသလားပဲ ရထားတဲ့လူ။ ဒီတော့ နားလည်တယ်။ သဘောပေါက်တယ်။ ချက်ချင်းပဲ သူ့အစ်ကိုကြီး လှည့်ကြည့်လိုက်ပြီး ပြန်ပြောလိုက်တယ်။ ကျုပ်ကတော့ ခင်ဗျားလို မိန်းမငယ်ငယ်ယူထားတာ မဟုတ်လေတော့ ကျုပ်ပြောတာကို အဲသလို နားလည်လိမ့်မယ်လို့ မတွေးမိဘူးဗျ။ အတွေးမှောက်လို့ ဘေးရောက်သွားတာကတော့ ကျုပ်အပြစ်မဟုတ်ဘူးတဲ့။ ဦးလေးသောင်းကြီး စိတ်ထဲမှာတော့ ပြောပြီးကာမှ ငါတော့ မှားပြန်ပါကောလို့ သတိရလိုက်မိလိမ့်မယ်။ နောင်တဆိုတာကလည်း နောင်ကာမှ ရတတ်တာဆိုတာမျိုးကိုး။ ကြိုရနေရင် ကြိုတလို့ ခေါ်ရမှာပဲ။ အဲဒီလို ခေါ်ပြန်ရင်လည်း အဓိပ္ပါယ်တော့ သိပ်ရှိလှမှာ မဟုတ်ဘူး။ အမှားဆိုတာမျိုးက အနာဂတ်မှာမှ မရှိဘဲ။ အတိတ်ဆီမှာ ချည်းပဲ။
          ဘုန်းကြီးလေးကတော့ ဘာမှ ဝင်မပြောတော့ဘူး။ သာသာ ပြုံးနေတယ်။ ပြီးမှ ရှေ့နားဆီက အေးစက်နေတဲ့ အကြမ်းအိုးထဲက ရေနွေးကြမ်းကို အကြမ်းခွက်ထဲ ငှဲ့ထည့်လိုက်ပြီး မော့သောက်လိုက်ရင်း ပလုတ်ကျင်းလိုက်တယ်။ နောက်တော့ မျိုချလိုက်ရော။ လက်တစ်ဖက်နဲ့ ရေနွေးကြမ်းလင်ပန်းကို အသာတွန်းပြီး ဒေါက်တာနှောင်းကြီး ရှေ့နားဆီ တိုးပေးလိုက်တယ်။

မြင့်သန်း
ချင်းတွင်း မဂ္ဂဇင်း
အမှတ် ၇၅၊ ဒီဇင်ဘာ-ဇန်နဝါရီ၊ ၂၀၁၂-၂၀၁၃

Popular posts from this blog

အိပ်ဆေး သောက်၍ အိပ်မပျော်နိုင်သော ရောင်စုံညများ

ဝတ္ထုတို မတိုရသည့် အကြောင်း (မြင့်သန်း)

ပိုမိုညံ့ဖျင်းသော စိတ်ကူးထည်တို့ဖြင့် ဆက်လက်ရှင်သန်နေနိုင်ရန် အားထုတ်မှု (မြင့်သန်း)