နွေအိုခို မိုးအစ၊ အစိုးမရတာ တိမ်



ပြော ရရင် တော့ လည်း ဖရက်ဒီ ကြောင့် လို့ပဲ ပြောရ လိမ့်မယ်။ ရန်ကုန် ကို ပြန်ပြီး ခုလို ခပ်ကြာကြာ ကလေး နေမယ် ရယ်လို့ ကိုယ့်မှာ တစ်ခါ ကမျှ စိတ် ကူး မရှိခဲ့ ဖူးဘူး။
ကိုယ်တို့ ပင်စင်စား တွေရှိရာဆီ ဖရက်ဒီ တစ်ယောက် အလည်လာတော့ အားလုံးက ၀မ်းမြောက် ကြတယ်။ သူ ပင်စင်ရ ကတည်းက ရန်ကုန်မှာပဲ ဆက်ပြီးနေတယ်။

ကိုယ်တောင် သူလာ ကာမှ အတော်ကလေး ဂေါက်ပြန်ရိုက် ဖြစ်တယ်။ ကိုယ့်အထင် မှာတော့ သူလည်း တစ်ယောက်တည်း ပျင်းရှာလို့ ဒီဘက်ဆီ လာပြီး ခဏနေ တယ်လို့ ထင်နေတာ။ ညစဉ်လို ဟိုအိမ်၊ ဒီအိမ်မှာ သေမယ်ဆို သေလောက် နေတဲ့ လူတွေစုပြီး အတိတ် အကြောင်း ပြောရင်း ရယ်ကြ၊ မောကြနဲ့။ ကိုယ်တို့ အရွယ်မှာက အတိတ် အကြောင်းကိုပဲ  ဦးတည် ပြောရတော့ တာကိုး။ အတိတ်တုန်းက ရွှေထီး ဆောင်းခဲ့ရ တာကလေးတွေ လွမ်းရတာ။ အနာဂတ် မှာက ရွှေထီးရံ စရာ အကြောင်းကလေး တစ်ခုပဲရှိ တော့တယ်။ ဒါက လည်း ရဟန်းဒကာ၊ ကျောင်း ဒကာလောက် ဖြစ်ဖူးကာမှပဲ။ အနာဂတ် ဆိုတာက ဘယ်သူ ကမျှ သိပ်မမှန်း ရဲတော့တဲ့ အရွယ်။ လွတ်လပ်ရေး ရစ တုန်းက ပြောလေ့ရှိတဲ့ နှစ် လေးဆယ် စီမံကိန်းတို့၊ နှစ် နှစ်ဆယ် စီမံကိန်းတို့ ဆိုတာ ကိုမပြောနဲ့၊ မနက်ဖြန် မနက် အိပ်ရာက နိုးလို့ အိပ်ရာက ထနိုင်၊ မထနိုင် ဆိုတာကို တောင် သိပ်စဉ်းစား ကြည့်လို့ မဖြစ် တော့ဘူး။ သတင်းစာ မှာ နာရေး ကြော်ငြာမှာ ကိုယ့် နာမည်မပါ သေးရင် အသက် ရှင်နေ သေးတယ်။ ပါလာရင် တော့လည်း ကိုယ့်နာမည်ကို ကိုယ့်ဘာသာ ဖတ်နိုင်မှာ မဟုတ် တော့ဘူး။ ပစ္စုပ္ပန်တည့် တည့်မှာ နေရတယ် ဆိုတာက ခုအရွယ်မျိုး ကိုပြောတာပဲ။ ခု အရွယ်က ပစ္စုပ္ပန်မှာ နေနိုင် ရင်နေ။ မနေနိုင်ရင် သေလို့ ပြောဖို့ ကောင်းတဲ့ အရွယ်။

တစ်နေ့တော့ မနက် ဘက် ဂေါက်ရိုက် နေကြတုန်း ဖရက်ဒီက မေးတယ်။ ပြီးရင် ဘာများ လုပ်စရာ ရှိသလဲတဲ့။ မရှိရင် သူနဲ့ ထမင်း လိုက်စား စမ်းပါလို့ ပြောတယ်။ ကိုယ် ကတော့ ခုနက ပြောသလိုပဲ။ မသေနိုင် သေးလို့သာ ဟိုလုပ် ဒီလုပ် လျှောက်လုပ် နေတဲ့လူ။ ဘာမျှ ကြီးကြီးကျယ် လုပ် စရာမရှိဘူး။ ဒီပြင် ချိန်းချက် ထားတာလည်း မရှိဘူး။ ဖိုးစောထွန်းလို အားရင် အင်္ဂလိပ်စာ အလကား သင်ပေး တာမျိုး၊ သင်္ဂြိုဟ် ကိုးပိုင်းကို ရှင်းပြ တာမျိုး၊ သင်တန်းပေး တာမျိုးတွေ မရှိဘူး။ တစ် သက်လုံး အမှုတော် ထမ်းလာ ရတဲ့လူ။ ပြောင်ပြောင်ပြော ရရင်တော့ အမှုထမ်း ဆိုတာ က တခြားလူတွေ အလုပ် လုပ်ပေး နေရတာ။ ဒီတော့ ပင်စင် ယူပြီဟေ့ ဆိုတာနဲ့ ကိုယ့်ဘာသာပဲ နေချင်တယ်။ မင်း ငါ့ကို ထမင်း ကျွေးချင် တာသက်သက်တော့ မဟုတ် ဘူး၊ မဟုတ်လားလို့ မေးတော့ သူက ပြောတယ်။ ကျွန်တော် စကားကလေး ပြောစရာ ရှိလို့ ပါတဲ့။ ဒါနဲ့ပဲ ကိုယ်တို့ နှစ် ယောက်သား ဂေါက်ရိုက်ပြီး တော့ မြို့တောင်ဘက် ထိပ် နားဆီက စားနေကျ တရုတ် ထမင်း ဆိုင်ဆီ သွားစားကြ တယ်။ ကိုယ်လည်း အိမ် ခဏ၀င်ပြီး တပည့် တပန်း တွေ ကန်တော့ ထားတဲ့ ၀ီစကီ ပုလင်း ကလေး ၀င်ဆွဲ လိုက်တယ်။ ကိုယ့်အနေ နဲ့က နေ့လယ် နေ့ခင်း ဘက်သောက် လေ့မရှိပေ တဲ့လည်း ဆုံးသွား တဲ့ ဆရာဝန် ကိုမောင်ကလေး က မှာထားဖူးတယ်။ အဆီ အဆိမ့် စားတဲ့အခါ ၀ီစကီ ကလေးတစ်ခွက် စနှစ်ခွက် စသောက်ပေး ကိုဘမောင်ဆို လို့ပဲ။ ဒီထမင်း ဆိုင်သွားရင် တော့လည်း ကိုယ်က ၀က် သားပေါင်း မှာလေ့ရှိတယ်။ လေငွန်က ၀က်သားပေါင်း လောက် မကောင်းပေ တဲ့လည်း အလွမ်းပြေတယ်။ ၀က်သား ပေါင်းနဲ့ ၀ီစကီကလည်း လိုက် တယ်။ ၀ီစကီက အဆီကြေ သတဲ့။ ဒီတော့ ၀ီစကီ သောက် ချင်လို့ ရှာကြံ ဆင်ခြေပေး တာပဲလို့ အပြစ်တင် ချင်လည်း တင်။ တင်ရင်တော့ ကိုယ် က ကိုရင်မောင်တင့် သား ပြောထား သလို ပြန်ပြောရမှာ ပဲ။ လူဆိုတာ ဆင်ခြေရှိရ တယ်။ ဆင်ခြေ မရှိရင် နွားနဲ့ တူသွား လိမ့်မယ်တဲ့ ကိုင်း။ ကိုယ့်အနေနဲ့ ကတော့ အသက် မရှည်ကာမှ နေကရော။ ရှင် နေတုန်းတော့ လူစင်စစ်က နေ နွားဘ၀ အရောက် မခံနိုင် ဘူး။

ဖရက်ဒီက ကိုယ်တို့ ဖိုးစောထွန်း တို့ထက် ငယ် တယ်။ စကား ပြောရင် သူ့ ကိုယ်သူ ကျွန်တော်လို့ပဲ ပြော လေ့ရှိတယ်။ ငယ်ငယ်ကြီး ကြီး။ သူ့ကိုယ်သူ ကျွန်တော် လို့ပဲ ညွှန်းတယ်။ ဒါကြောင့်မို့ ဖိုးစောထွန်းက ပြောလေ့ရှိ တယ်။ ကြည့်ဘမောင်။ ယဉ် ကျေးတယ်ဆိုတာက အဲသလို မျိုးကွတဲ့။ ဟုတ်လောက် တယ်။ ကိုယ် တို့လို ပတ်ဗ လစ်ဆားဗင့် ဖြစ်လာတာနဲ့ သူနဲ့ယှဉ်ရင် ကွာတယ်။ ကိုယ် တို့ကတော့ တခြားလည်း လုပ်မစား တတ်။ တခြား အလုပ်လည်း မရှာတတ်။ ကိုယ်ပိုင် စီးပွားရေး လုပ်ဖို့ ဆိုတာ ကလည်း မစဉ်းစားရဲ တဲ့လူမျိုး။ ဒီတော့ ပတ်ဗ လစ်ဆားဗင့် ဆိုတာကလွဲလို့ ဘာမျှ မဖြစ်နိုင်တာ။ မြန်မာလို တည့်တည့် ဘာသာပြန် ရရင် တော့ ပြည်သူ့ ကျွန်ပေါ့။ ခေါင်းမရှိတဲ့ နွားတွေရဲ့ ကျွန်ဖြစ်ရတာ ထက်တော့ သာမှာပေါ့။ ဖရက်ဒီ ကျတော့ ကိုယ်တို့လို မဟုတ်ဘူး။ အဖေ ကိုယ်တိုင်က အိုင်စီ အက်(စ)။ ဒီတော့ သားကို ငယ်ကတည်း က အနည်းဆုံး ဘီစီအက်(စ) လောက်ဖြစ်ဖို့ ပျိုးထောင် လာခဲ့တာ။ ကော လိပ်ရောက်ရင် ဘယ်လို ဘာသာတွဲ မျိုး ယူဆိုတာက အစ စီမံပေးတယ်။ ကိုယ်တို့လို ကြုံရာယူပြီး ဘွဲ့ရ လာတာ မဟုတ်ဘူး။ ဒီပြင် ယဉ်ကျေး ခြင်း၊ သိမ်မွေ့ခြင်း၊ တိုင်းကြီး ပြည်ကြီးသား ဆန်ခြင်းဆို တာတွေကို မက်ထရစ် မဖြေ ခင်ကတည်းက သူ့ အဖေက သင်ကြား ပေးထားတာ။ မယ် နာရှိတဲ့လူ။ ဂရူးမင်း ကောင်း တဲ့လူ။ ဒီတော့လည်း ဖရက် ဒီက ကိုယ်တို့လို ပတ်ဗလစ် ဆားဗင့် တွေနဲ့ ကွာတာ အမှန် ပဲ။ ကိုယ်တို့က ဇွန်း၊ ခက် ရင်းကိုင် တာတောင် ရာထူး ကလေးရ လာကာမှ အတော် သင်ယူခဲ့ရ တဲ့လူမျိုး။ ပြောရ ရင်တော့ ကိုယ်တို့က ကြက် ပေါင်ကို ဓားနဲ့ ခက်ရင်းနဲ့ ဖြတ်ရင် အရိုးမှာ အသားက ကျန်သေးတယ်။ သူက ငါး ဖယ်ကို ဓားနဲ့ ခက်ရင်းကိုင် ပြီး အရိုးနွှင် နိုင်တယ်။ ကိုင်း။ ရှင်းပြီလား။ ညားတော့ ဇေရဘာ ဒီအစပ် မခင်လေး ဆိုတာနဲ့ ညားတယ်။ ပပ၀တီ တို့လာတဲ့ ကမလ်ပါရှား အရပ် က အဆက်အနွယ် ပေါ့ဗျာ။ အစပ်မ ကလေး။ ပျဉ်းမနား ဘက်ဆီက သူဌေးသမီး။ ချောရုံလှရုံ မဟုတ်ဘူး။ အင်မ တန် မဟာဆန်တာ။ မန္တလေး သူ အညိုမတွေ ငိုကြရ လောက်အောင် မဟာဆန် တာမျိုး။ ဒါပေတဲ့ ငယ်ငယ်နဲ့ ဆုံးသွား ရှာတယ်။ တတိယ ကလေး မွေးပြီး မီးတွင်းက အထွက်မှာ တင်ပဲ။

ကိုဘမောင်ကို ကျွန်တော် အကူအညီ တောင်းချင်လို့ ဖရက်ဒီက ပြော တယ်။ ကိုယ်လုပ်နိုင်တာ ဆိုရင် ငြင်းစရာ မရှိပါဘူးလို့ ကိုယ်က ဖြေလိုက်တယ်။ ကိုဘမောင် တတ်နိုင်တဲ့ ကိစ္စပါလို့ သူကပြောတော့ ကိုယ်က ဘာမျှ မမေးသေးဘဲ ဆက်ပြီး နားထောင် နေလိုက် မိတယ်။ သူက ပြောတယ်။ အင်းယားမြိုင် ထဲက ကျွန်တော့် အိမ်မှာ နှစ်လ၊ သုံးလ လောက် နေပေး စေချင်တယ် တဲ့။ ဒီတော့လည်း ဘာဖြစ်လို့ တုံးလို့ ကိုယ်က မေးလိုက် မိတယ်။ သူက ဘေးဘီကို တစ်ချက် လှမ်းကြည့် လိုက်ရင်း ကျွန်တော် လန်ဒန်ကို ခဏ သွားမယ်လို့။ မြေးကလေး တွေကို သွားတွေ့ ချင်လို့တဲ့။ အင်း။ ဆိုင် မဆိုင်တော့ မသိ ဘူး။ ဒီအကြောင်း ကလေး တော့ ထည့်ပြော ဦးမှ။ ဒီတုန်း က နိုင်ငံခြားသွား ဖို့ဆိုတာ အတော်ခက်တယ်။ ပတ်စ ပုတ်ရ ဖို့ကို မလွယ်တာ။ နိုင်ငံ ခြားသွားမဲ့ လူတွေ အတွက် အခက်ချည်းပဲ။ ဖရက်ဒီ တို့လို မင်းကြီး ဘ၀ကနေ အတင်း ကို ထွက်ခွင့် တောင်းပြီး ထွက် ထားရတဲ့လူ ဆိုရင် ပိုဆိုးသေး တယ်။ နိုင်ငံခြား သွားမဲ့ လူဆို ရင် တခြားလူ မပြောနဲ့။ မဆီ မဆိုင် ရပ်ကွက် ကောင်စီက တောင် ငွေညှစ်တဲ့ ခေတ်။ နိုင်ငံခြား ခဏသွားရင် သွား တဲ့ လူရဲ့ အခန်းတို့၊ အိမ်တို့ကို မောင် ပိုင်စီး တဲ့ခေတ်။ ငွေ ညှစ်ချင်ရင် အက်(စ)ဘီကို မတော်မတည့် သတင်းပေး ပြီး ငွေညှစ်လို့ ရတဲ့ခေတ်။ ဒီတော့လည်း ဖရက်ဒီက ဘေးဘီကြည့် ပြီးမှပြောတာ က အဲသလိုမျိုး တွေကို ကြောက်ရလို့ပဲ။ မင်းပတ်စ ပုတ်ရ ပြီးပြီလားလို့ မေးကြည့် တော့ ရပြီ။ ဒါတောင် တော်မီကို ပြောပြ လိုက်လို့ သူကိုယ်တိုင် အဘိုးကြီးဆီ သွားတွေ့ပြီး ပြောပေးလို့ရ တာလို့ ပြောပြတယ်။ ဟုတ် တယ်။ အဲဒီတုန်းက ပတ်စ ပုတ် တစ်ခုရ ဖို့ဆိုတာ ကောင်း ကင်အထိ တက်ပြီး တိမ်ညွန့် စားနိုင်တဲ့ လူတွေနဲ့ သိမှ ရတဲ့ ခေတ်။ အယ်။ အဲဒါနဲ့ပဲ တို တိုပြော ရရင် တော့ကိုယ်လည်း ဖရက်ဒီရဲ့ အင်းယားမြိုင်ထဲ က အိမ်မှာသွားပြီး နေဖြစ် တော့တာ။ ကြီးကြီးကျယ် ကျယ် ဘိုလို ပြောရရင်တော့ ဟောက်(စ)စစ်တင်းပေါ့။ ဟန်ကျတာက ဖရက်ဒီရဲ့ လူယုံ မောင်ထွန်းရွှေ ကလည်း နောက်ဖေး တန်းလျားမှာ ရှိနေ တော့ ဟန်ကျသွားတယ်။ သူကပဲ ဂေါက်ကွင်း သွားတဲ့ အခါ ဖရက်ဒီရဲ့ ကားနဲ့မောင်း ပို့တယ်။ နောက်တော့ ဖိုးစော ထွန်းလည်း ရန်ကုန် လာရင်း ဖရက်ဒီ အိမ်မှာပဲ ကိုယ်နဲ့ အတူ နှစ်ပတ်လောက်လာ နေသေးတယ်။

ကိုယ်ကတော့ တစ်ပတ် တစ်ခါလောက် ကိုးမိုင်က ကလပ်မှာ ဂေါက်သွားရိုက် တယ်။ ကိုယ်တို့ အဖွဲ့တွေ လည်း ရှိနေ သေးတာကိုး။ များသော အားဖြင့်တော့ မနက် တိုင်းလိုလို တက္ကသိုလ်လှေ သင်းဘက်ဆီ လမ်းလျှောက် ဖြစ်တယ်။ ကိုယ်တို့တုန်းက တော့ အဲဒီက ဘလေဇာက လေးဝတ်နိုင်ရင် ကျောင်းသူ တွေက အတော် ညွတ်ကြတာ။ ဒါကြောင့် ကိုယ်တို့ အောက် ဘက်တန်းတွေ ဆီက ကျောင်း သားတွေက စာစပ် ကြသေး တယ်။ ဘုတ်ကလပ် မှာနော် အယုတ်အမြတ် မရွေးသမို့ သူဌေးသား မှန်ရင် မင်ဘာပါ တဲ့ခင်ဗျာ့ ဆိုပဲ။ ဟုတ်တုတ် ဟုတ်တုတ် ရယ်ပဲ။ ကိုယ်တို့ ကတော့ အဲဒီစာရင်း ထဲလည်း မ၀င်နိုင်။ အားကစား ဆိုတာ က သွားယားလို့ ပြောရတဲ့ အကြောင်း လောက်ပဲ။ သို့ ပေတဲ့ ခုလို အရွယ်ကလေးရ လာတော့လည်း ကိုယ်လက် လှုပ်ရှား တာကလေး တော့ လုပ်ရသေး တာပေါ့။ အား ကစား အနေနဲ့ မဟုတ်လှဘူး။ မသေခင် ကိုးလိုး ကန့်လန့် ဖြစ်မနေ ရုံတင်ပါ။ ပြောရရင် တော့လည်း ကိုယ်လက်လှုပ် ရှားတယ်ဆိုတာက တကယ့် ကို စကားနောက် တရားပါ ပြောရတာ မျိုးပဲ။ ကိုယ်ရယ်၊ လက်ရယ်ဆိုပေတဲ့ ပြောမယ် ဆို ခြေထောက်ကလေးရယ်၊ လက်ကလေးရယ်ပဲ လှုပ်နိုင် တဲ့ အရွယ် မဟုတ်ဘူးလား။ ကိုယ်တို့၊ ခါးတို့ဆိုတာက ဘယ်မှာ သိပ်လှုပ်နိုင်တော့ လို့လဲ။ တခြားနေရာ မပြောနဲ့။ ဂေါက်ရိုက် ရင်တောင် ခါးကို ညှာရိုက် နေရတာ။ ခါးမ ကောင်း၊ ခရီးမတွင် အသီး တင်ချင်ဦးတော့ အရည်က မရွှမ်းတော့ဘူး ဆိုတဲ့ အရွယ် လို့ တချို့က ပြောတတ်ကြ တာ မဟုတ်ဘူးလား။ အင်း။ လှေသင်း ဘက်ဆီ မနက်တိုင်း လိုလို လျှောက်ပြီး ထိပ်နား ဆီက ထိုင်ခုံ ကလေးမှာ တစ် အောင့် တစ်နား ထိုင်နေတယ်။ အောက်ဘက် ထိတော့ မဆင်း တော့ဘူး။

အဲဒီ အကြောင်း ကလေး ကို ကိုယ်က ပြောချင်တာ။ အဲဒီ ခုံကလေးမှာ ထိုင်ပြီး နား နေရင် သူငယ်မနှစ် ယောက် အမြဲလို အောက်ဘက်ထဲဆီ က တက်လာတာနဲ့ တိုးတယ်။ သူတို့က ထရက်ဆု ကိုယ်စီ ၀တ်လို့။ လှေလှော်ပြီးလို့ဖြစ် ရင်လည်း ဖြစ်မယ်။ ရိုးရိုး ထွက်လမ်းလျှောက် ကြတာ လည်း ဖြစ်ချင် ဖြစ်မယ်။ ကိုယ်တော့ မပြော တတ်ဘူး။ သူတို့လျှောက်တက် လာတဲ့ လမ်းကလေးက မော့တော့ ကလေးမို့ ကိုယ်ထိုင် နေတာနဲ့ မတိုးလို့ မဖြစ်ဘူး။ မျက်နှာ ချင်းဆိုင် တိုးသလို မျိုးဆိုတော့ လည်း စတွေ့တဲ့ နေ့ကတည်း က ကိုယ်က ပြုံးပြ လိုက်မိ တယ်။ သူတို့ ကလည်း ပြုံးပြ ကြရှာတယ်။ ဒါကတော့ သိပ် ဆန်းတဲ့ ကိစ္စမဟုတ်ဘူး။ လူပေါ် လူဇော် လုပ်နည်းထဲ မှာကိုက ရေးထား သမို့လား။ တွေ့လျှင် တွေ့ချင်း မေတ္တာရှိ စေသော နည်းကား ပြုံးပါဆို တာလေ။ မေတ္တာ မရှိတောင် မရိုင်းဘူး ပေါ့ဗျာ။ နောက်နှစ် ရက်လောက်ကြာတော့ သူငယ်မတွေက ကိုယ့်ကို နှုတ်ဆက်တယ်။ ဂွတ်မော နင်း အန်ကယ်တဲ့။ ဒီတော့ လည်း ကိုယ်က ဂွတ်မောနင်း လို့ တုံ့ပြန်ရ တာပေ့။ ဒါမှ လည်း တိုင်းကြီး ပြည်ကြီး သားပီသ မှာပေါ့။ ဒီပြင် မနက် တိုင်းကို လမ်းလျှောက်ထွက် လာတာ လမ်းမှာ တွေ့တဲ့လူ တွေက ဂွတ်မောနင်းရယ်လို့ နှုတ်မဆက် ကြဘူး။ မယုတ် မလွန်၊ ပြုံးပြတာမျိုး။ ခေါင်း ကလေး ညိတ်ပြတာ မျိုးလောက် ပဲရှိတယ်။ ဒီတော့လည်း သန ရုပ္ပဖြစ်တဲ့ သူငယ်မ နှစ်ယောက် က ကိုယ့်ကို ပြုံးပြတာ၊ ဂွတ် မောနင်းရယ်လို့ နှုတ်ဆက် တာဟာ စိတ်ထဲမှာ ကြီးမား တဲ့ကျေနပ်မှု တစ်ခုတော့ ရသွား တာပဲ။ ကြီးကြီးကျယ်ကျယ် တော့မဟုတ်ဘူး။ မိုးအလင်း မှာ အရိုးအရင်း ကိုက်ရင်း ကျေနပ်တတ်တဲ့ ခွေးလေတစ် ကောင် လိုပဲလို့ ပြောချင်ပြော။ ဒီသူငယ်မ နှစ်ယောက်နဲ့ ကိုယ့် ရဲ့မနက်တိုင်း ဆက်ဆံရေးဟာ အပြုံးနဲ့ ဂွတ်မောနင်းပဲ။ ဘာမှ မပါဘူး။ ဘာမျှ မပိုဘူး။ ဒါပေတဲ့ အတော်ကလေး ကြာလာတော့ မနက်တိုင်း အဲဒီအပြုံးနဲ့ အဲဒီဂွတ်မောနင်း ကို ကိုယ်က မျှော်လင့်နေ လာမိတယ်။ တပ်မက်လာ မိသလိုပဲ။ ကိုယ်လည်း မနက် တိုင်း အချိန်မှန်မှန် လမ်းလျှောက် ပြီး အဲဒီ ထိုင်ခုံကလေး ဆီမှာ သွားထိုင်နေ မိလာ တတ်တယ်။

ဖိုးစောထွန်း ရောက်လာ ပြီး မကြာခင် တစ်နေ့တော့ သူကပါ ကိုယ်နဲ့ လမ်းလျှောက် လိုက်မယ်လို့ ဖြစ်ကရော။ ဒီတော့ အိမ်က ခုနစ် နာရီထွက် မယ်။ အသင့် လုပ်ထားလို့ပဲ အသိပေးထား လိုက်မိတယ်။ ဖြစ်ချင်တော့ တော်မီကလည်း လိုက်မယ်လို့ ပြောပြန်တယ်။ သူက အင်းလျားလမ်း စိန်သြ ဂတ်စတိုင်း ကျောင်း နားဆီက စောင့်မယ်တဲ့။ သူက အဲဒီ ဘက်ထဲ ဆီမှာနေတာ။ အဲဒီနေ့ မနက်တော့ ကိုယ်တို့နှစ် ယောက်သား အိမ်ကထွက် မလာခင် အပြင်က ပြန်လာ တဲ့မောင်ထွန်းရွှေ နဲ့ ဂိတ်နား ဆီမှာဆုံတော့ သူက ပြော တယ်။ ဆရာကြီး ထီးလေး ဘာလေး ဆောင်သွား ပါလား။ ကနေ့ တိမ်နည်းနည်း ထူ တယ်တဲ့။ ကိုယ်လည်း မော့ ကြည့်လိုက် မိတယ်။ တိမ် တွေ ထူတာတော့ အမှန်ပဲ။ မိုးရွာလောက် အောင်တော့ မထူဘူးလို့ ထင်ရတာပဲ။ မရွာလောက် ပါဘူးကွာ လို့ သူ့ကို ပြန်ပြော လိုက်တော့ တန်ခူး-ကဆုန်။ နွေအကုန် မိုးအကူးဟာ အပြောရကျပ် တယ်။ တွက်ရ ခက်တယ်လို့ သူက ပြန်ပြောတယ်။ ဒါပေ တဲ့ ကိုယ်တို့ နှစ်ယောက်သား ထီးမယူ တော့ဘဲ ထွက်လာခဲ့ လိုက်ကြတယ်။ အင်းလျား မြိုင်ထဲက နောက်ဖေးလမ်း ကြားကနေ ဖြတ်ပြီး အင်း လျားလမ်းပေါ် တက်။ အင်း လျားလမ်းပေါ် ရောက်တော့ တော်မီနဲ့ တွေ့တယ်။ သူက တော့ ဂေါက်ရိုက်ရင် ဆောင်း တဲ့ထီးနဲ့။ မင်းက ထီးနဲ့ပါ လားလို့ ဖိုးစောထွန်းက သူ့ကို လှမ်းပြော လိုက်တော့ သူက ကောင်းကင်က တိမ် တွေဆီ လက်ညှိုး ထိုးပြရင်း အစိုးမရ ဘူးတဲ့လို့ ပြောတယ်။ ပြီးတော့ ခင်ဗျားတို့ ကျုပ်တို့ လိုပဲ အစိုးမရ တဲ့အရွယ် ရောက်ပြီတဲ့။ ဒီတော့ ကိုယ် လည်း မနေနိုင်ဘူး။ အရင်က တော့ မင်းကိုယ်မင်း အစိုးရ တယ်လို့ ထင်လို့လားလို့ လှမ်းမေး လိုက်တယ်။ ခု လောက်တော့ မဆိုးသေးဘူး ပေါ့ဗျာတဲ့။ ကိုယ်ကတော့ မပြောတတ်ဘူး။ ဟုတ်လေ မလားဘဲ။ ဒါနဲ့ ကိုယ်တို့သုံး ယောက်သား တက္ကသိုလ် လှေသင်းဘက်ဆီ လျှောက်ခဲ့ ကြတယ်။ ရောက်တော့ ကိုယ်ထိုင် နေကျခုံ ကလေးမှာ ပဲ သုံးယောက်သား ထိုင် လိုက်ကြရင်း ရောက်တတ်ရာ ရာ တောင်တောင်အီအီ ပြော နေမိကြတယ်။ ကိုယ်ကတော့ သူငယ်မလေး နှစ်ယောက်ကို မျှော်နေ လိုက်မိတယ်။ ပေါ် လာချိန်တန်ပေတဲ့ ပေါ်မလာ ကြဘူး။ ကိုယ်လည်း လက် ပတ်နာရီကို အမှတ် မထင် ကြည့်မိ လိုက်သေးတယ်။ ၈ နာရီတောင်နီး သွားပြီ။ အဲဒီ တုန်း မိုးဖွဲ ကလေးတွေ စပြီး ကျလာတယ်။

ဒီတော့ ဖိုးစောထွန်းက သွားကြမှ ထင်တယ်လို့ ပြော တယ်။ တော်မီက အလျင်ဆုံး ထိုင်ရာက ထတယ်။ လူသုံး ယောက် ထီးတစ်ချောင်းနဲ့ တော့ မဖြစ်ဘူး ထင်တယ်လို့ ကိုယ် ကောက်ချက် ချလိုက်မိ တယ်။ ကျောင်းဝင်းထဲ ၀င် မိုးခိုကြရ အောင်လို့ ဖိုးစော ထွန်းဆီက အကြံပေး စကား ထွက်လာတော့  တော်မီရော ကိုယ်ပါ သူ့ကို လှမ်းကြည့် လိုက်မိတယ်။ သူ့စိတ်ထဲ မှာတော့ ကိုယ်တို့ ငယ်စဉ်က တက္ကသိုလ်လို ၀င်ချင်ဝင်၊ ထွက်ချင်ထွက် လုပ်လို့ရမယ် ထင်နေပုံ ရတယ်။ ဆရာတင် တို့ရှိစဉ်က ပြောဖူးတဲ့ တက္ကသိုလ်ကျောင်း တိုက်ဆိုတာက ဘုန်းကြီး ကျောင်းတိုက်ကြီး များလိုပဲ။ ပညာ တစ်စုံတစ်ရာ အတွက် ၀င်သူဝင်၊ ထွက်သူ ထွက်နဲ့ အတားအဆီး အပိတ် အပင် မရှိတဲ့ နေရာ။ ခုတော့ ဒီလို မဟုတ်ဘူး။ ကောင်းတဲ့ ဘက်က ရှာကြံ ပြောမယ် ဆို ရင်တော့ ဖိုးကို ပြောဖူး သလို ပြောရမှာပဲ။ တို့တက္ကသိုလ် ကြီးလည်း ခုကာမှ သိက္ခာရှိ လာအောင် သက်ဆိုင်ရာ အာဏာပိုင်တို့က အစောင့် အကြပ် ထားပေးတာ ဟလို့ ပြောရမှာ။ အီကော်နောမစ် အင်စတီကျုနဲ့ ဘွဲ့နှင်း သဘင် နောက်နားဆီမှာက လူဝင် ပေါက်တော့ ရှိတယ်။ ဒါပေ တဲ့ ရဲဘော်လေး တစ်ယောက် သေနတ် ကိုင်ပြီး စောင့်နေ လေရဲ့။ ကျောင်းဝင်းထဲ ရောက်ရင် တော့ဖြင့် ဖိုးစော ထွန်း ပြောသလို မိုးခို စရာက အပုံချည်း ပဲ။ ဒါပေတဲ့ ၀င်ဖို့ ခက်လေ မလားပဲ။ တော်မီ ကလာဗျာ၊ ကျွန်တော် ပြော ကြည့်မယ်။ မဟုတ်ရင် မိုးမိ လို့ အအေးမိပြီး လျှောကုန် မယ်လို့ ပြောတယ်။ ပြော ရဦးမယ်။ ကိုယ်တို့အခေါ် တော့ တော်မီ နာမည်က ဂဲဂဲ။ အဲဒီ နာမည်ကိုတော့ ဖိုးကိုက ပေးထားတာ။ လင်းဝက်ကြီး များဟာ ည ကျပေါ်လာပြီး မိုးလည်း လင်းရာ ပျောက်ကုန် ကြသ တဲ့။ လင်းဝက်ကြီးကို မတွေ့ ရပေတဲ့ သူတို့ အော်သံ ဂဲဂဲ ဆိုတာကိုတော့ ကြားနေရ သေးတယ်တဲ့။ ဟုတ်တော့ လည်း ဟုတ်တယ်။ တော်မီ က ဂဲဂဲလို့ အသံကျယ်ကျယ် လောင်လောင် မြည်နိုင် သေး တယ်။ ခေတ်နဲ့ စနစ်နဲ့ အံသိပ် မ၀င်လှတာနဲ့ တော်မီခမျာ သာသာ နှင်ထုတ်၊ အလုပ် ပြုတ်ဆိုတာမျိုး ဖြစ်ခဲ့ ရတာ။ ထိပ်ပိုင်းက ကြိတ်ဝိုင်နဲ့ ကဖြင့် အဆက် အသွယ်တွေ ရှိနေသေး တယ်။ တော်ရုံ အတားအဆီး အစစ်အ ဆေးရှိရင် “ဟေ့၊ ငါ ပါကွ”လို့ ခေါင်းထောင်ပြလို့ ရနိုင် တဲ့လူ၊ ဒီတော့လည်း သူ့ကို ရှေ့တန်းတင်ရင်း ဘွဲ့ နှင်းသဘင် ခန်းမနောက်က တက္ကသိုလ်ဝင်း ထဲဝင်တဲ့ လူ ၀င်ပေါက်ကလေး ဆီကို ချဉ်း ကပ်ခဲ့ကြရတယ်။ ရဲဘော် ကလေးကို တော်မီက အကျိုး အကြောင်း ပြောပြီး “...ငါ ပါကွ” လုပ်လိုက် ပုံရတယ်။ အဆင်ပြေ သွားတယ်။ အဲဒီ တုန်း ကိုယ့်ခေါင်းထဲ မှာတော့ မနက်တိုင်း လှေသင်းဘက် ဆီက ထွက်လာတဲ့ သူငယ်မ နှစ်ယောက် ကိုများ မင်း သတိ ထားလိုက်မိ လိုက်သလားလို့ တော့ မေးလိုက် ချင်သား။ တစ်မျိုး တစ်မည် ထင်ပြီး အထဲ မ၀င်ရဘူးလို့ ပြောမှာစိုးတာ နဲ့ အသာငြိမ် နေလိုက် ရတယ်။

ဘွဲ့နှင်း သဘင်ဘေး နားဆီက အရိပ်အောက်မှာ ရဲဘော်ကလေး တစ်သိုက်နဲ့ ရပ်စကား ပြောနေတုန်း သူတို့ အရာရှိက အန်ကယ်တို့ အကြမ်းသောက် ချင်ရင် သောက်ကြ ပါလားလို့ဆို တာနဲ့ ကိုယ်တို့လည်း မိုးတိုး မတ်တတ်ရ ပ်ရင်း အကြမ်း သောက်၊ စကားပြော ဖြစ်သွား တယ်။ တော်မီကိုတော့ နည်း နည်း ရှိန်ကြတယ်။ ဖိုးစော ထွန်းကတော့ လေကောင်း အကြောင်း စုံဆိုတဲ့ လူမျိုး၊ ရှေ့ဖြစ်ဟောင်း နှောင်းဖြစ် တွေက သူ့မှာ တစ်ထွေး ချည်း။ ကိုယ်ကတော့ ရော ယိမ်းလိုက် ဘသား ယိမ်း လိုက် တစ်သက်လုံး လုပ် လာတော့။ အတိတ်ပြန်နေ လို့ကဖြင့်  နိဗ္ဗာန်ရောက်မှာ မဟုတ်ဘူးဆိုတဲ့ မူနဲ့အသက် ရှင်နေတာ။ ခုကာမှတော့ ပစ္စုပ္ပန် တည့်တည့်မှာ မြုပ် မသွားရုံ နှာခေါင်း ဖေါ်ပြီး နွားများ ရေကူးသလို ခေါင်း တမော့မော့ လုပ်နေတာ။ ကျောင်းဝင်းကြီးကို လှမ်း ကြည့်လိုက်တော့ ငြိမ်သက် နေတာပဲ။ သွားသူ လာသူ ရှိပေတဲ့ ရှင်းနေ သလိုပဲ။ စော လည်း စောသေး လို့ဖြစ်မယ်။ တို့တုန်းကတော့ ဘယ်သို့ ဘယ်ပုံရယ်လို့ ဖိုးစောထွန်း က သူ့ထုံးစံအတိုင်း အတိတ် တမ်း၊ အလွမ်းပြေ၊ လေပြ ဇာတ်နဲ့ စင်တင်နေတုန်း ဗိုလ် မှူးကလေးက အန်ကယ်တို့ သိကောင်း သိမယ်။ ဟောဟို က ဆရာကြီး ဦးရွှေရောင် ကတော့ ကျောင်းဖွင့်ဖွင့်၊ ပိတ် ပိတ် နေ့စဉ် မနက် ခုနစ်နာရီ ခွဲရင် သူ့ဌာနကို ရောက်နေ တာပဲလို့ ပြောပြီး ၀ိဇ္ဇာခန်း မဘက်ဆီ လက်ညှိုးထိုးပြ တယ်။ ဒီတော့မှ ကိုယ်လည်း သတိရ လိုက်မိတယ်။ ကိုယ့် ကို တစ်ယောက်ယောက်က ပြောပြဖူးတယ်။ ကိုရွှေရောင် ကြီး တစ်ယောက် ပင်စင်စေ့ ကာမှ အဘိုးကြီးက ခိုင်းလို့ တက္ကသိုလ် မှာသွားပြီး ပါ မောက္ခ လုပ်နေရ ပြန်တယ် ဆိုတာ။ ဒီတုန်း ဖိုးစောထွန်း က မေးတယ်။ ဘမောင်၊ ငါတို့ ကိုရွှေရောင်ကြီး မဟုတ်လား။ ဟုမ်းကနေ ရလေ့ဂျယ်(စ)အဖဲကို ပြောင်း သွားတာ လေတဲ့။ ကိုယ်က သာသာပဲ ခေါင်းညိတ်ပြလိုက် မိတယ်။ တော်မီက ၀င်ပြော တယ်။ သူ့ကိုတော့ အဘိုးကြီး အတော်ခင် တာတဲ့။ လာကွာ၊ မိုးခိုဝင်ရင်း တွေ့ကြရအောင် လို့ ဖိုးစောထွန်းက ပြော တယ်။ ကိုယ်တို့လည်း ဗိုလ် မှူးလေးနဲ့ ရဲဘော်လေး တစ် သိုက်ကို ကျေးဇူး တင်ကြောင်း ပြောပြီး ထွက်လာကာ နီးမှာ ဗိုလ်မှူးကလေးက အန်ကယ် တို့ ဒီက ထီးတစ်ချောင်းယူ သွား၊ အဲဒီမှာပဲ ထားလိုက်။ နောက်မှ ကျွန်တော် ယူခိုင်း လိုက်မယ်လို့ ပြောပြီး ထီး တစ်ချောင်း ပေးတယ်။ ကိုယ် ကတော့ မနေနိုင် တော့ဘူး။ တော်မီကိုလည်း နည်းနည်း နှိပ်လိုက် ချင်တာနဲ့ လှမ်း ပြောလိုက်မိတယ်။ တော်မီ တွေ့လား၊ မင်းတို့ ခေတ်က လူတွေနဲ့ မတူ တော့ဘူး။ ခု ခေတ် လူငယ်တွေက လူကြီး ကို လူကြီးမှန်း သိတယ်လို့။ တော်မီကတော့ ခေါင်းခါ တယ်။ မင်း မှတ်ထား ဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်ပြီး ပြုံး တယ်။ ဗိုလ်မှူးကလေးနဲ့ သူ့လူတစ်သိုက် ကတော့ ပြုံး စေ့စေ့လုပ် ရင်း ကျန်ရစ် ခဲ့ကြ တယ်။

မိုးဖွဲဖွဲ အောက်မှာ ၀ိဇ္ဇာ ခန်းမ ဘက်လျှောက်လာကြ ရင်း စိတ်ထဲက သူငယ်မ နှစ် ယောက်ဆီ ရောက်သွားမိတယ်။ ဒီကနေ့ မနက်၊ ပြုံးမပြရသေး တာဟာ အကြွေး တစ်ခုလိုပဲ။ ဂွတ်မောနင်းလို့ မပြောရသေး တာကလည်း လည်ချောင်းထဲ မှာ တစ်ဆို့ဆို့ ဖြစ်နေတယ်။ ခုန်ထွက်ချင်နေပုံ ရတယ်။ ကောင်းကင်မှာတော့ တိမ် တွေ ပါးစပြုလာပြီ။ မကြာ ခင် မိုးရပ်သွား မဲ့ပုံပဲ။ ကိုရွှေ ရောင်ကြီးဌာန ဆီရောက်တော့ အခန့်သင့် ပဲတွေ့ ရတယ်။ ဒီ တော့လည်း ဟိုတုန်းက အကြောင်း၊ ရှေးဟောင်း နှောင်းဖြစ်ကလေးတွေ ပြော ဖြစ်သွားကြရပြန် တယ်။ ၀မ်း သာစရာ တစ်ခု ကတော့ ကိုရွှေ ရောင်ကြီးမှာ အဖြေတွေ အကုန်လုံး ရှိတယ်။ သူကိုယ် တိုင်လည်း ဖလော် ဆော်ဖီတို့၊ ဆိုက်ကော် လော်ဂျီတို့၊ ဘာ သာရေးတို့နဲ့ အားလုံးထွေး လုံးရစ်ပတ်ပြီး နေတဲ့လူ။  ဒီတော့ လည်း တစ်ဖက်က မဟုတ်ရင် တစ်ဖက်က လှည့်ကြည့်လို့ ရနေတယ်။ ပြဿနာ တစ်ရပ်ကို ခေါင်းမြီး ခြုံ၊ စောင်အုပ်ပြီး အစမပေါ် အောင် ခဲနဲ့ဖိထားတာ မျိုးလုပ် တဲ့လူ မဟုတ်ဘူး။ ပြဿနာ ဆိုတာက ဆက်လက် နှီးနှော စရာ။ ဒီတော့ နှီးနှောခြင်း ဟာ အဖြေရဲ့တစ်စိတ်တစ် ပိုင်းပဲ။ ကိုယ်ကတော့ သူနဲ့ စကား ပြောရင် ကျေနပ်မှု တစ်မျိုး ရလာပြန်တယ်။ လည် ချောင်းထဲကနေ ခုန်ထွက်မ သွားရသေးတဲ့ ဂွတ်မောနင်း တစ်လုံးဟာ ဆက်စဉ်းစား စရာပဲ။ ဆက်စဉ်းစားရင် သူငယ်မကလေးတွေရဲ့ မျက် နှာမြင်လာရမှာပဲ။ ဒီတော့ လည်း သူတို့အပြုံး ကလေး တွေ ပေါ်လာပြန်တယ်။ ဒါတွေအကုန်လုံးဟာ တရား သော ဆက်စပ်မှု တွေချည်းပဲ။ ကိုရွှေရောင်ကြီး ပြောတာတွေ အားလုံးကို နားထဲမ၀င်ပေတဲ့ သိပ်သဘောကျ သွားမိတဲ့ စကားတစ်လုံး ကတော့ “အစ်ကိုကြီးတို့ရာ၊ လောက ကြီးဆိုတာက ကိုယ်က ဖန် ဆင်းထားတာမှ မဟုတ်ဘဲ” ဆိုတာပဲ။ ဟုတ်သားက လား။ ကိုယ်က ဖန်ဆင်း ထားတာ မဟုတ်တော့ လည်း လောကကြီးဟာ ကိုယ်မှန်း ထားတဲ့ အတိုင်း အမြဲတမ်း ဖြစ်မနေ နိုင်ဘူး။ ကိုယ်တွေး ကြည့်လို့ မဖြစ်တာတွေဟာ ဆက်တွေးစရာ တွေချည်းပဲ၊ ဆက်မတွေး ဘဲ ရပ်လိုက်ပြီး ဖြစ်သမျှ အကောင်းတွေ ချည်းပဲလို့ တွေးတာက ခပ် ညံ့ညံ့ လူတွေရဲ့ အတွေးမျိုးပဲ ကိုး။

ကိုယ်တို့ တစ်သိုက် လေအပစ် ကောင်းနေလိုက်တာ တစ်နာရီ သာသာလောက်ကြာ သွားတယ်။ တော်မီကပဲ သွားစို့လို့ ပြောတာနဲ့ ကိုယ် တို့လည်း ကိုရွှေရောင်ကြီးကို နှုတ်ဆက်ပြီး သူ့ရုံးခန်းက ထွက်လာတယ်။ အပြင်ဘက် ရောက်တော့ သူ့ စာရေး မောင်ဝင်းအောင် နဲ့တွေ့တယ်။ သူ ဒီမှာလုပ်မှန်း ကိုယ်က မသိဘူး။ မောင်ဝင်းအောင်က ဖရက်ဒီ အိမ်က မောင်ထွန်း ရွှေဆီ လာနေကျ။ ညနေတိုင် ကမာရွတ်ထဲ ဆီမှာ အတူသွား သောက်နေကျ။ ကိုရွှေရောင် အကြောင်း စကား မစပ်မိ ကြဘူးကိုး။ သူက ဆရာကြီး ကားမပါ ဘူးလားတဲ့။ တို့ လမ်းလျှောက် ထွက်လာ တာ။ ဒီမှာ မိုးဝင် ခိုရင်း ကိုရွှေရောင်ကို ၀င်တွေ့တာ ပဲလို့ ကိုယ်က ဖြေလိုက် တယ်။ မောင်ဝင်းအောင်က မိုးကောင်းကင်ကြီးကို လှမ်း ကြည့်လိုက်ရင်း ခုနေတော့ နေကလေး ပြူလာပြီ။ တိမ် တွေကတော့ ရှိသေးတယ် ဆရာကြီးရယ်။ သိပ်စိတ်မချ ရဘူး။ ကျွန်တော်လှမ်းပြီး ထွန်းရွှေကို ဖုန်းဆက်လိုက် ပါ့မယ်။ ဒီကောင်ကို ကားနဲ့ လာကြို ခိုင်းလိုက်မယ်။ ခဏ လောက် စောင့်ပါလို့ ပြော တယ်။ ကောင်းသားပဲလို့ ကိုယ်က ဖြေလိုက်မိတယ်။ သိပ်မကြာ လိုက်ဘူး။ ရုံးခန်း ထဲဆီက မောင်ဝင်းအောင် ပြန်ထွက်လာပြီး ကျွန်တော် ဖုန်းဆက် လိုက်ပြီ။ ထွန်းရွှေ လာပါလိမ့်မယ် ဆရာကြီးလို့ ပြောရင်း ပေါ်တီကို အပြင် ဘက်နားဆီကို သွားပြီး ကောင်းကင်ကြီးကို မော့ ကြည့်နေတယ်။ ပြီးတော့မှ ကိုယ်တို့နား ပြန်လာရင်း ပြော ပြန်တယ်။ နွေက နှောင်းလို့ အိုတဲ့အခါ၊ မိုးက ခုကာမှ အစ၊ နုပျိုစ ဆိုတော့ ဘယ် ဟာကမျှ အသား မကျသေး ဘူး။ ဘာမျှ စိတ်မချရဘူး ဆရာကြီးရယ်။ အုံ့ချင်အုံ့၊ ရွာချင်ရွာ၊ သာချင်သာပဲ။ အို၊ ထိန်းမရ။ ပျို၊ စိမ်းဆတ် ဆတ်ဆိုတာ မျိုးပေါ့ ဆရာကြီး ရာ။ ဟဲဟဲတဲ့။ သူကလည်း အလာ သားကိုးလို့ ကိုယ်က တွေးလိုက် မိပြန်တယ်။ တံငါ နားနီး တံငါဖြစ်နိုင် သေးရင် ဖလော်ဆော်ဖာတွေ အနားနေ တော့ ဖလော်ဆော်ဖာ နားနီး ဖလော်ဆော်ဖာ ဆိုတာမျိုး ဖြစ်ရမှာ ပဲပေါ့။

ကိုရွှေရောင်ကြီး လည်း ထွက်လာပြီး ဖိုးစောထွန်းနဲ့ စကားဆက် နေတယ်။ ဖိုးစော ထွန်းတို့ ကိုရွှေရောင် တို့ဆီမှာ အတိတ် တွေဟာ တစ်ပုံချည်း ပဲ။ ကိုယ်တို့ တော်မီတို့က တော့ အတိတ်တွေကို အထိုက် အလျောက် ဖြုတ်ချ ထားလိုက်ခဲ့ပြီ။ တော်မီမှာက အနာဂတ် ဆိုတာ နည်းနည်း ရှိတယ်။ ကိုယ့်မှာတော့ မရှိ သလောက်ပဲ။ နေ့မြင် ည ပျောက်တွေများ တဲ့အရွယ်က ရောက်နှင့် နေပြီကိုး။ မနက် တိုင် လှေသင်းဆီမှာ တွေ့ရ တဲ့ သူငယ်မ ကလေးတွေလို ပဲ။ ဒီကနေ့ တော့ မတွေ့ရ တော့ဘူး။ မတွေ့ ရပေတဲ့ တွေးနေ ရသေးတယ်။ မနက် ဖြန်ဆီ ကျရင် တွေ့ကောင်း တွေ့လေမလားပဲ။ တွေ့တော့ ကော။ တွေ့ရင် ပြုံးပြ ရမှာပဲ။ အပြုံးက အဲဒီနေရာ၊ အဲဒီဝန်း ကျင်မှာ တည်နေတဲ့ အရာ။ တစ်စုံ တစ်ရာပဲ။ ကိုယ့်ဆီမှာ မရှိသလို သူတို့ဆီ မှာလည်း ရှိမှာ မဟုတ်ဘူး။ မနက်ဖြန် မှာတွေ့လို့ ပြောရမဲ့ ဂွတ်မော နင်းဟာ ဒီကနေ့ မနက်က မွေးဖွားခွင့် မရခဲ့တဲ့ ဂွတ်မော နင်းမျိုး။ အသက်မရှိ ခဲ့တဲ့ ဂွတ်မောနင်းမျိုး။ လည် ချောင်းထဲကနေ ခုန်ထွက် လာခွင့် မရခဲ့တဲ့ ဂွတ်မောနင်း မျိုး မဟုတ်ဘူး။ မနက်ဖြန် အတွက် ဂွတ်မောနင်းက တကယ်တော့ ရောက်မလာ သေးဘူး။ ရှိမနေ နိုင်သေး ဘူး။ ကိုယ်တို့ ငယ်စဉ်က တော့ ပြုံးတယ်ဆိုတာ ကိုယ် က ပြုံးတာလို့ ထင်ခဲ့ ဖူးကြ တယ်။ တကယ်တော့ ပြုံး တာ- ရယ်တာပဲ ဖြစ်ဖြစ်၊ ၀မ်း နည်းတာ- ငိုတာပဲ ဖြစ်ဖြစ်၊ ဒါတွေဟာ ရပ်ဝန်းတစ်ခု တည်းမှာ နေရာ တစ်ခုတည်း မှာပဲ ဖြစ်နေတာ။ အမြဲတမ်း ရှိနေတာတွေ မဟုတ်ဘူး။ အပြုံးဆိုတာ တွေဟာ ဘယ် တုန်း ကမျှ ရပ်တန့် နေတာ မဟုတ်ဘူး။ အငိုတွေဟာ ဘယ်တော့မျှ ပြီးမသွားဘူး။ ခုနေတော့ ကိုယ့်ဆီမှာ ပြုံး စရာ တွေက ရှိနေဦးမှာ။ ဖြစ် လာဖို့က ၀န်းကျင် လိုတယ်။ အငိုတို့၊ အပြုံးတို့ ဆိုတာတွေ က နွေ၊ မိုး၊ ဆောင်းလို။ နိုပျိုခြင်းတို့၊ အိုမင်းခြင်းတို့ လို၊ သီးခြား ရပ်ဝန်းထဲက သီး ခြားအကြောင်း အရာတွေပဲ။ ဖြစ်နေခြင်း ဆိုတာ တွေဟာ တိမ်တွေလိုပဲ။ “သည်”နဲ့“၏” နဲ့ ဆုံးပစ်လိုက်လို့ မရဘူး။ ရွေ့နေမှာပဲ။ မတော် မနက်ဖြန် မနက်မှာများ သူငယ်မ ကလေး တွေနဲ့တွေ့ လိုက်ရရင် ကိုယ့် ဆီမှာ အပြုံးတွေ ဖြစ်လာမှာ။ တားထား လို့ရမှာ မဟုတ် ဘူး။ မနက်ဖြန် မနက်နဲ့ လိုက် လျောညီ ထွေဖြစ်တဲ့ ဂွတ် မောနင်း တစ်ခု ပေါ်လာဦးမှာ။ ကျေနပ်မှု တစ်ခုခု ပါ ဖြစ်လာ ဦးမှာပဲ။ မနက်ဖြန် မနက် အတွက် ကျေနပ်မှုဟာ ခုနေ မရှိနိုင်ဘူး။ ခုနေတော့ ကိုရွှေရောင်ကြီးရဲ့ မဆုံးနိုင် အောင် ချာချာလည် နေတဲ့ သံသရာ ဆိုတာကြီးပဲ ကိုယ် တို့အနားမှာ ရှိနေတယ်။ အဲဒီ သံသရာကြီး အထဲမှာ သူငယ် မကလေးတွေရဲ့ အပြုံးတွေ ဟာ တစ်ချက် တစ်ချက် ပေါ် လာ နေတတ်တယ်။

ခဏကြာ တော့ မောင် ထွန်းရွှေ ရောက်လာတယ်။ ကိုယ်တို့လည်း ကိုရွှေရောင် တို့ ဆရာ တပည့်ကို နှုတ် ဆက်ပြီး ကားပေါ်တက် လိုက်ကြတယ်။ ထုံးစံ အတိုင်း ကိုယ်က ရှေ့ခန်းမှာ ၀င်ထိုင် လိုက်တယ်။ မောင်ထွန်းရွှေ က ကိုယ့်ကိုကြည့်ပြီး တစ်ခု ခုပြောမယ်လို ဟန်ပြင်တယ်။ သူက စကား ပြောရင် “ကျွန်တော် မပြော ဘူးလား” ဆိုတဲ့ စကားအခံ ကလေးနဲ့ စတတ်တယ်။ သူ့ စကားကို “သည်”နဲ့“၏”နဲ့ ဆုံးမပစ် ဘူး။ ဘာကို ဆိုလိုမှန်းတော့ ကိုယ်လည်း သိပ်သဘော မပေါက်လှဘူး။ တစ်ခါတ လေ ဘာမျှလည်း ဆက်မပြော ဘူး။ မောင်ထွန်းရွှေက ပြောမဲ့ ဟန်ပြင် ပေတဲ့ အတော်ကြာ အောင် ဘာမျှမ ပြောသေး ဘူး။ ကိုယ်ကတော့ နားစွင့် နေမိတယ်။ တက္ကသိုလ်ဆေး ရုံဘက်နားဆီအရောက်မှာ မောင်ထွန်းရွှေက ကားမောင်း နေရာက ကိုယ့်ဘက် တစ် ချက်ကလေး လှည့်ကြည့်လိုက် ရင်းပြောတယ်။ ကျွန်တော် မပြောဘူး လားတဲ့။ ဒီနောက် ဘာမျှတော့ ဆက်မပြောဘူး။
 

(ရောရောယောင်ယောင် မောင်ဘမောင်၏ ၀တ္ထုတိုများ မှ)

မြင့်သန်း
(ရွှေအမြုတေ မဂ္ဂဇင်း ဇန်န၀ါရီလ ၂၀၁၃)

Popular posts from this blog

အိပ်ဆေး သောက်၍ အိပ်မပျော်နိုင်သော ရောင်စုံညများ

ဝတ္ထုတို မတိုရသည့် အကြောင်း (မြင့်သန်း)

ပိုမိုညံ့ဖျင်းသော စိတ်ကူးထည်တို့ဖြင့် ဆက်လက်ရှင်သန်နေနိုင်ရန် အားထုတ်မှု (မြင့်သန်း)