March 23, 2013

သူတို့ဆီက ကျွန်တော့်အတွေ့အကြုံ (မြင့်သန်း - အမှာစာ)

      မြှားနတ်မောင်မဂ္ဂဇင်းကို ဒေါက်တာလွဏ်းဆွေ တည်းဖြတ်နေတုန်းက (ကို)သာထက်အောင်က “သူတို့ဆီက ကျွန်တော့်အတွေ့အကြုံ” ကို စပြီးရေးတယ်ထင်တယ်။ ဖတ်ရတော့ ဆက်ပြီးရေးဖို့တိုက်တွန်းမိပါတယ်။ တိုက်တွန်းရတဲ့ အကြောင်းတွေထဲက တစ်ချက်က ဖတ်ရတဲ့လူတွေအကြားမှာ “မိမိနဲ့ အခြားသူ” ဆိုတဲ့ သိမှုတစ်ခု ပေါ်လာစေချင်လို့ပဲ။ “မိမိနဲ့ အခြားလူ” ဆိုတဲ့အမြင်၊ အသိဟာ လူတိုင်းမှာ ရှိသလိုလို ထင်ရပေတဲ့ လစ်ဟာနေတတ်တယ်။ မမြင်မိလို့ မသိကြတာမျိုးပဲ။ အထူးသဖြင့် ကျွန်တော်တို့ မြန်မာတွေကြားမှာ ( တခြားလူမျိုးတွေမှာလည်း ရှိတော့ ရှိတတ်ပါတယ်။)ဖြစ်တတ်တယ်။ ဒီတော့ အမြင်၊ အသိဟာ မပီပြင်ဘူး။ “မိမိနဲ့ အခြားသူ” ရယ်လို့ သီးခြားအနေအထားကို မမြင်ခင် မြန်မာအများစု လက်ခံထားတာက “သာခြင်း၊ ကောင်းခြင်း” စတဲ့ သီးခြားစံတွေမှာ အခြေတည်တဲ့ ဂုဏ်ရည်အခြေပြုအမြင်က စတတ်ကြတယ်။ ဒီတော့ တစ်ရပ်တစ်ကျေးဟာ ကိုယ့်အိမ်ကိုယ့်ရာထက် သာတဲ့အမြင်ဖြစ်သွားရော။ အဲဒီ တလွဲဆံပင်ကောင်း စံအမှားဆီက အခြေတည်တဲ့ အသိနဲ့ တစ်ရပ်တစ်ကျေးကို ကြည့်လိုက်တိုင်း သာယာလှပတဲ့ လောကကြီးတစ်ခုလို့ပဲ မြင်တတ်ကြတော့တယ်။
          (ကို)သာထက်အောင်က သြစတြေးလျားမှာ အခြေချနေထိုင်ရအောင်သွားတဲ့လူ။ သူ့မှာလည်း အဲဒီအမြင်ရှိခဲ့ဖူးမှာပဲ။ တကယ်တမ်း ဟိုရောက်တော့ သူက တခြားသူတွေရဲ့ အရပ်ဒေသကို ရုပ်ရှင်ကြည့်၊ စာအုပ် ဖတ်၊ ခဏ အလည်သွားတဲ့ စတဲ့ အပြုအမူမှာ အခြေတည်တဲ့ လူမျိုးမဟုတ်တော့ဘူး။ “တခြားသူ” လို့ဆိုရတဲ့ သူတွေအကြားမှာ ကိုယ်ကိုယ်တိုင် ပါဝင်ပတ်သတ်ရတော့တာပဲ။ ဒီတော့ “အဝေးကမှန်း ဟိုရွာတန်း ထီးတန်းကြီး ကြီးလှပါဘိ” ရယ်လို့ ရပ်ကြည့်ပြီး ပီတိဖြစ်လို့ မရတော့ဘူး။ ကိုယ်တိုင် ထီးကိုင်ပြီး လိုက်ရတဲ့ဘဝ ရောက်ကရော။ ဒီတော့ အမြင်သက်သက်ကနေ ပါဝင်ပတ်သတ်ရတဲ့ အနေအထားကို ရောက်သွားတယ်။ ပါဝင် ပတ်သတ်ရခြင်းအတွက် တကယ်ဖြစ်-ရှိနေရခြင်းအတွက်က ရတဲ့အတွေ့အကြုံတွေ ဖြစ်လာရတယ်။ ပေါ်လာရတယ်။ ပိုပြီး သိသာလာတာက တစ်ရပ်တစ်ကျေးမှာ နှစ်ရှည်လများနေထိုင်လာပြီး သူတို့ရဲ့ နေ့စဉ်ဘဝအတွင်း ပါဝင်ပတ်သတ်လာရတဲ့အခါ သူတို့ရဲ့ နေ့စဉ်ဘဝအခြေခံယဉ်ကျေးမှု၊ လူမှုဆက်ဆံရေးဘဝ၊ လူနေမှုစနစ်၊ ဘာသာစကားအခြေခံ သိမှုစတာတွေ အများကြီးဟာ ရုပ်ရှင်ကြည့်ရုံ၊ စာဖတ်ရုံ၊ ခဏအလည်သွားရုံ စတဲ့ အပြုအမူတွေမှာ အခြေခံတဲ့ လူမျိုးတွေ ရတဲ့ အတွေ့အကြုံနဲ့ မတူတော့ဘူး။ ပုံရိပ်တွေ မဟုတ်တော့ဘူး။ သိမှတ်ခံစား နားလည်ရမယ့် (သဘောမတူသည့်တိုင် လက်ခံရမယ့်) ပုံရိပ်တွေ ဖြစ်လာတယ်။ (ကို)သာထက်အောင်က အဲဒီပုံရိပ်တွေကို ပြန်ပြီး စီကာပတ်ကုံး ပြောပြီး (နယ်ရေးတစ်(ဖ)လို့ ခေါ်ချင်ခေါ်ပါ) ပုံဖော်ပြတာ စာရေးတာက မြန်မာစာဖတ်သူတွေနဲ့ ရင်းနှီးရင်းစွဲ ရှိနေတဲ့ မမကြီးတို့၊ မမလေးတို့တတွေက ရောက်ရာအရပ်ကို ကောင်းချည့်- သြော် လို့ ဆိုတတ်ကြတဲ့ “ခရီးသွားမှတ်တမ်း” မျိုး မဟုတ်ဘူး။
          (ကို)သာထက်အောင်က အတွေ့အကြုံလည်း စုံခဲ့တဲ့လူ၊ မြန်မာပြည်က ထွက်မလာခင်ကတည်းက အတွေ့အကြုံ စုံတယ်။ သြစတြေးလျားမှာလည်း အတွေ့အကြုံ စုံတယ်။ ဒီတော့ နှစ်ဖက်ခွလို့ မျှကြည့်နိုင်တယ်။ ဒီလိုမှလည်း ခြုံယူနိဂုံးထုတ်လို့ရမှာ။ တချို့အတွေ့အကြုံကတော့ တော်ရုံလူ မရနိုင်တာမျိုး။ ဥပမာ - တီဘီဖြစ်လို့ ဆေးရုံ တက်ရတာမျိုး။ ဒီကိစ္စကနေဆက်လို့ သြစတြေးလျားက ကျန်းမာရေးစနစ်ကိုပါ ဆက်ကြည့်တယ်။ သြစတြေးလျားက ဘုရားထီးတင်ပွဲနဲ့ သူ ငယ်စဉ်က ကြုံတွေ့ခဲ့တဲ့ ဘုရားပွဲ။ ဒီလိုကြည့်နိုင်မှပဲ “မိမိ နဲ့ အခြားသူ” ဆိုတဲ့ အနေအထားကို ယှဉ်တွဲကြည့်နိုင်မှာပဲ။ ကျွန်တော်ကိုယ်တိုင်လည်း သူ့ဆီက ပညာတစ်ခု ရခဲ့ဖူးတယ်။ ၁၀ နှစ်ကျော်ကျော်လောက် ရန်ကုန်က အပြန်မှာ သူနဲ့ ကျွန်တော် စကားပြောဖြစ်တယ်။ အဲဒီမှာ သူက ရန်ကုန်က တကယ့်နေ့စဉ်ဘဝထဲမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအချို့ကို ပြောပြတယ်။ ရန်ကုန်ကို ရောက်ခဲ့တဲ့အချိန်က သူနဲ့ ကျွန်တော် အဝင်အထွက်ပဲ ကွာတယ်။ ဒါပေတဲ့ သူပြောတာတွေကို ကျွန်တော် မမြင်ခဲ့ မသိခဲ့ရဘူး။ အဲဒီအကြောင်းပြောပြတော့ သူက ပြောတယ်။ ခင်ဗျားက ဟိုတယ်မှာနေ၊ ဆင်ဝင်အောက် လာရပ်တဲ့ ကားပေါ်တက်၊ သွားစရာရှိတာ သွားပြီး ပြန်လာတာ။ ကျုပ်က အရပ်ထဲက ကျုပ်အစ်ကိုအိမ်မှာ တည်း၊ လမ်းလျှောက်၊ တက္ကစီ စီးတန်စီး၊ လမ်းဘေးထိုင်၊ ဒီတော့ မြင်စရာရှိတာ အကုန်လောက် နီးပါး မြင်ခဲ့ရတယ် တဲ့။ သူကတော့ စကားအဖြစ် ခပ်လွယ်လွယ် ပြောလိုက်ပေတဲ့ ကျွန်တော့်အတွက်တော့ ပညာရတယ်။ ခုဆို ရောက်ရာအရပ်မှာ အချိန်ရတာနဲ့ ဒေသခံတွေနဲ့ သွားဟယ် လာဟယ်လုပ်ရတယ်။ မဲခေါင်မြစ်ကမ်းပါးက သူငယ်ချင်းအိမ်မှာ သွားနေရတာ၊ ဟူထောင်ထဲ အသိတွေအိမ်မှာ သွားနေရတာတွေဟာ ဟိုင်းယား(ထ)က၊ မာရီယော့(တ)က မပေးနိုင်တဲ့ အတွေ့အကြုံတွေ ဖြစ်လာတယ်။ ပြောရရင်တော့ တခြားသူတွေရဲ့ နေ့စဉ်ဘဝထဲမှာ ပါဝင်ပတ်သတ်ရတဲ့အတွက် ပိုပြီး သိစရာရှိတာ ပိုပြီး သိလာတယ်။ မြင်စရာရှိတာ ပိုပြီး မြင်လာတယ်။
          (ကို)သာထက်အောင်ရဲ့ တချို့အရေးအသားတွေဟာ “သူတို့ဆီက ကျွန်တော့်အတွေ့အကြုံ” ဆိုတာထက် ပိုပြီး ကျယ်ပြန့်တယ်။ “သူတို့ဆီရောက် ကျွန်တော့်ရဲ့ ကျွန်တော်တို့ဆီ ပြန်ရောက်ခဲ့တဲ့ အတွေ့အကြုံ” လို့တောင် ခေါ်ရင် ကောင်းမလာပဲ။ သြစတြေးလျားမှာ အနေကြာလာတဲ့အခါ ဒေသဟောင်းဆီကို အညောင်းခံရင်း ပြန်ပြောင်းလှည့်ကြည့်တော့ ပိုပြီး ကြည်ကြည်လင်လင်မြင်တာတွေ ပါလာတယ်။ ဇာတိရပ်ဝန်းမှာ လွဲမှားနေခဲ့တာတွေ၊ မပြောင်းလဲနိုင်သေးတဲ့ တဖက်စောင်းနင်း အမြင်တွေစတာတွေကို သူမြင်လာတယ်။ တချို့အချက်တွေကို ပြန်လည်စိစစ်ခြင်းမရှိဘဲ ငါ့စကား နွားရ သဘောမျိုးနဲ့ လက်ခံလေ့ရှိသူတွေက သဘောတူကောင်းမှ တူမယ်။ လက်ခံချင်မှ လက်ခံမယ်။ ဒါပေတဲ့ သူထောက်ပြထားတဲ့ အချက်တွေ၊ သူ့အမြင်၊ သူ့အတွေ့အကြုံမှာ အခြေခံပြီး ပြန်လည် စိစစ်ထားတာတွေဟာ အမှန်ပဲလို့ ကျွန်တော်မြင်တယ်။ ဥပမာ - ကလေးတွေ ပညာရေးလို၊ အားနာတယ် ဆိုတာမျိုးလို အိမ်ဖော်ကိစ္စလို အကြောင်းတွေကိုသာ ဖတ်ကြည့်ကြပါ။ သူရေးပြထားတဲ့ အချက်တွေကို ဖတ်ကြည့်ပြီး ကျွန်တော့်မှာ တွေးစရာတွေ ပေါ်လာခဲ့တယ်။ ကျွန်တော်တို့ ဇာတိရပ်မြေက လူတွေဟာ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးနဲ့ အပြိုင်ဖြစ်ဖို့ အားထုတ်နေကြရာမှာ မသိချင်ယောင်ဆောင်ထားနိုင်တာတွေ အတော်များပါကလား ဆိုတာပဲ။ ဒီအပိုင်းတွေကို စောဒကတက်မယ်ဆိုရင်တော့ တက်စရာကလေး တစ်ကွက်ရှိတယ်။ လူဖြူကပေးတဲ့ မျက်မှန်တပ်ကြည့်တာပဲလို့ ဆိုချင် ဆိုနိုင်ကြမယ်။ (သူရေးတဲ့အထဲမှာ ပါသလို အရောင်ပြောင်းပြောင်းသွားတကလည်း တစ်ကြောင်း) ကျွန်တော်ကတော့ ဒီလိုမမြင်မိဘူး။ မှုန်သုန်သုန်ကန်းတန်းတန်းနဲ့ ကြည့်လာခဲ့တာ ကြာပြီ။ ခုခါမှ မျက်စိကို သေချာစစ်ကြည့်ပြီး မျက်မှန်သစ် ဝယ်တပ်ကြည့်လိုက်မိလို့ ကြည်ကြည်လင်လင် မြင်ရတာပဲလို့၊ ကျားကစားတော့ ဘေးကလူက အကွက်ပိုမြင်သလိုမျိုးလိုပဲ ဆိုချင်ဆို။
          “သူတို့ဆီက ကျွန်တော့်အတွေ့အကြုံ ” ဟာ (ကို)သာထက်အောင်ရဲ့ အတွေ့အကြုံပဲ။ ကျွန်တော့်အတွေ့အကြုံတော့ မဟုတ်ဘူး။ စာဖတ်သူတိုင်းရဲ့ အတွေ့အကြုံလည်း မဟုတ်ဘူး။ ဒီတော့ မဟုတ်ဘူး၊ ဟုတ်တယ် ဆိုတာကို ငြင်းခုန်နေဖို့ မဟုတ်ဘူး။ ဒီမှာ “အတွေ့အကြုံ” ဆိုတာက သီးခြားဖြစ်ရှိနေခြင်း ဘောင်ထဲက ယေဘုယျကျတဲ့ အမြင်ပဲ။ အလုံးစုံတို့အတွက် ယေဘုယျကျတဲ့ သဘောမဟုတ်ဘူး။ သူ့အမြင်၊ သူ့အသိ၊ သူ့အတွေ့အကြုံတွေမှာ အခြေခံတယ်။ ကိုယ့်မှာ သိမှုတစ်စုံတစ်ရာဖြစ်ပေါ်ပြီး အမြင်တစ်စုံတစ်ရာ ရလောက်တဲ့ ကျောထောက်နောက်ခံအကြောင်းတရားတွေ မရှိလို့ပဲ ဖြစ်ဖြစ်၊ မတူညီလို့ပဲ ဖြစ်ဖြစ် သူ့အတွေ့အကြုံကို မှား၏၊ မှန်၏ ဆုံးဖြတ်လို့တော့ မရနိုင်ဘူး။ အထူးသဖြင့် ဇာတိရပ်ဝန်းမဟုတ်တဲ့ “အခြားသူတို့ရဲ့” ရပ်ဝန်းထဲမှာ ကနဦးကြီးပြင်းရာ မူလအခြေခံယဉ်ကျေးမှုဘောင်က ထွက်ပြီး နေ့စဉ်ဘဝကို ရပ်တည်ရတာ လွယ်လှတာတော့ မဟုတ်ဘူး။ ပိုဆိုးတာက နေ့စဉ်ဘဝဆိုင်ရာ ယဉ်ကျေးမှုအနေအထားက သိသိသာသာကြီး မတူညီတဲ့ ရပ်ဝန်းဆိုခါမျှ၊ မည်ခါမျှ၊ ပျက်သိခါမျှ ကွဲတဲ့၊ ဒါမှမဟုတ် အခြေခံယဉ်ကျေးမှုတွေ စီးမျောပျံ့လွင့်ခဲ့ပုံချင်း မကွာလှတဲ့ ဒေသချင်းဆက် ရပ်ဝန်းတွေမှာဆိုရင်တော့ တစ်မျိုး၊ လွယ်လွယ်ကူကူနဲ့ အခြားသူတို့ရဲ့ နေ့စဉ်ဘဝအတွင်း ရောနှောဝင်ရောက်ဖို့ လိုတယ်။ သြစတြေးလျားဆိုတာက လူဖြူအများစု ဗဟိုပြုထားတဲ့ရပ်ဝန်း။ ဖိနပ်ကလေးချွတ်၊ လက်အုပ်ကလေးချီပြလို့ ဘယ်သူကမှ ယဉ်ကျေးတယ်လို့ မထင်တဲ့အရပ်။ ဒီအရပ်မှာ မိမိရဲ့ အရင်းခံ သိမှု အမြင်စတာတွေကို အခြေခံပြီး မည်ရွေ့မည်မျှ ပါဝင်ပတ်သတ်နိုင်တယ် ဆိုတာကလည်း သိပ်အရေးကြီးတယ်။ ဒီလိုမှလည်း မိမိရဲ့ နေ့စဉ်ဘဝကို တည်ဆောက်ထားရတဲ့ ပတ်ဝန်းကျင်နဲ့ လူ့အသိုက်မြုံရဲ့ ပုံစံ ဘာသာစကား၊ အခြေခံယဉ်ကျေးမှု၊ ကာလတရားအခြေခံယဉ်ကျေးမှု စတာတွေကို နားလည်လာတာ။
          (ကို)သာထက်အောင်ဟာ သြစတြေးလျားမှာ ဆယ်စုနှစ်တစ်ခုမက နေနေခဲ့တဲ့လူ။ အခု သူရေးတာက သူ သိနားလည်တဲ့ အတိုင်းအတာအရ ထဲထဲဝင်ဝင်ကြည့်မြင်ရေးထားတာ။ ဖတ်တဲ့သူတွေ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ဒါဟာ (သူ့စာအုပ် ခေါင်းစဉ်ထဲမှာ ပါသလို) သူ့ “အတွေ့အကြုံ” ပဲ။ “အာဂန္တု ခဏတည်းရတဲ့ အကြောင်းမို့ ဟောင်းလောင်းပဲ မြင်ခဲ့တယ်” ဆိုတာမျိုး မဟုတ်ဘူး။ “ ကျောင်းထိုင်မို့ ပိုင်ပိုင် သိပါသဗျာ” ဆိုတာမျိုး။



မြင့်သန်း
၂၀၁၂၊ မေလ
ခေတ္တ ကျူဖူမြို့
ရှန်တုန် (ရှန် အရှေ့ဘက်ပြည်နယ်)
တရုတ်ပြည်သူ့ သမ္မတနိုင်ငံတော် (အရှေ့ဘက်)

(တွေးမိသမျှ၊ ငေးမိသမျှ၊ ရေးမိသမျှ သူတို့ဆီက ကျွန်တော့်အတွေ့အကြုံ - သာထက်အောင် စာအုပ်မှ မြင့်သန်း၏  အမှာစာ

March 09, 2013

အတိတ်ကို ဖမ်းဆုပ်ခြင်း




ဒီနေ့ဟာလည်း ခါတိုင်းနေ့တွေလိုပဲ အချိန်တန်တော့ ရောက်လာတာပဲ မဟုတ်လား။ ဒါဟာ လူတိုင်းအတွက် ထူးဆန်းမှုမဖြစ်နိုင်ဘူး။ ထူးလည်း မထူးဆန်းသလိုပဲ။ နေထွက်လာလို့ နေ့ဘက်ဖြစ်တယ်။ နေကွယ်သွားတဲ့အခါ ညဘက်ဖြစ်တယ်။ အစီအစဉ်တကျဖြစ်နေတဲ့ သဘာဝတရားပဲ။ သူ့အတွက်လည်း နေ့တွေ ညတွေအပေါ် တုံ့ပြန်ပုံက ခံစားချက်ထားစရာ သိပ်မလိုဘူး။ အလိုလိုဖြစ်နေတဲ့ သဘာဝတရားထဲ သူ့အနေနဲ့ နေ့ရက်တွေအပေါ် ခံစားကြည့်နေဖို့ အခွင့်အရေးမရှိဘူး။ နေ့ရက်တိုင်းဟာ အတူတူပဲ။ ဒီလိုပြောရတာက သူက သာမန်လူမို့လို့။ သာမန်လူတစ်ယောက်အတွက် နေ့တွေညတွေထဲမှာ အသက်ရှင်နေနိုင်ဖို့ အမြဲတမ်းရုန်းကန်နေရတာချည်းပဲ။ ခံစားချင်ရင် ခံစားလို့ရနိုင်တာက လူတစ်ယောက် ဒါမှမဟုတ် မိသားစုတစ်စုအတွက် နေ့စဉ်ဘဝထဲမှာ စားဝတ်နေရေးအတွက် ပူပင်ကြောင့်ကျတာမျိုးပဲ တတ်နိုင်မှာ။ လူတိုင်းအတွက် နေ့စဉ်နဲ့အမျှ အသက်ရှင်နေထိုင်နိုင်ဖို့အတွက် စာဝတ်နေရေးဟာ အဓိကမဟုတ်လား။ ဒီအတွက် သူတို့လူ့အဖွဲ့အစည်းမှာ နေထိုင်ပျော်ဝင်နေတဲ့သာမန်လူတိုင်းအတွက် ငွေလိုတယ်။  ငွေမရှိရင် ဘာမှလုပ်လို့မရဘူး။  ဒီတော့ သူ့အနေနဲ့လည်း လုပ်နိုင်တာနည်းနည်းပဲ ရှိတယ်။ ပြီးတော့ သူ့နေ့စဉ်ဘဝထဲမှာ တတ်နိုင်တဲ့ကိစ္စတွေကို တတ်နိုင်သလောက်လုပ်နေရုံလောက်ပဲ။ အဲဒီတော့ သဘာဝတရားရဲ့နေ့တွေ ညတွေအပေါ် သာယာလှချည်ရဲ့ဆိုပြီးလည်း ခံစားမနေနိုင်ဘူး။ နွားများလို ရုန်းရကန်ရတဲ့အတွက်လည်း ဘယ်သူ့ကိုမှ အမောခံပြီး အပြစ်တင်မနေနိုင်ဘူး။ ခုတော့ နေ့တစ်နေ့ဟာ ခါတိုင်းလိုပဲ ပုံမှန်ရောက်လာတော့တာပဲ။ ရာသီဥတုက ဧပြီလကုန်ပိုင်း၊ တန်းခူကဆုန်မို့ နေကတော့ ဆွေ့ဆွေ့ခုန်အောင် ပူမှာလေလားလို့ စဉ်းစားနေမိတယ်။

ဒီနေ့တော့ သူ အိပ်ယာက စောစောထရတယ်။ သူ့အတွက် အိပ်ယာက စောစောထတာ၊ နောက်ကျမှထတာဟာ အရေးအရာမရှိလှဘူး။ ခုဟာက သူ့ရဲ့မိတ်ဆွေလို့ပြောရမယ့် မိတ်ဆွေတစ်ယောက် ရန်ကုန်ပြန်မှာကို ကားဂိတ်လိုက်ပို့ရမှာမို့။ ပြောရရင် သူ့မိတ်ဆွေဆိုတဲ့သူက ရန်ကုန်ဖက်ဆီကရယ်။ သူနဲ့  အင်တာနက်သုံးရင်းကမှ စာဖတ်တဲ့သူအချင်းချင်းရယ်ဆိုပြီး သိကြတာ။ အဲဒီကနေမှ သူ့ဆီလာလည်ရင်း မြင်ကြသိကြရတာ။ စာဖတ်တဲ့သူအချင်းချင်းဆိုတာကလည်း နည်းနည်းတော့ ရှင်းရဦးမယ်။ သူနဲ့ သူ့မိတ်ဆွေဆိုတာက ဖတ်တဲ့စာချင်းတူကြတာတော့ မဟုတ်ဘူး။ သူ့မိတ်ဆွေက ဘိုလိုရေးတဲ့ အနောက်ဘက်ဆီက စာအုပ်ခပ်ထူထူတွေ ဖတ်တာ။  သူ့အနေနဲ့လည်း သူ့မိတ်ဆွေဖတ်တဲ့စာအုပ်တွေအပေါ် ဝေဖန်ချက်ပေးရရင် စာရွက်သားတွေ ကောင်းတယ်၊ စာအုပ်ချုပ်တာ သပ်သပ်ရပ်ရပ်ကလေး လို့ ပြောရုံပဲ တတ်နိုင်တယ်။ သူ့အတွက်တော့ အဲဒီစာတွေကို ကောင်းကောင်းနားမလည်တာကြောင့် ကြိုးစားပမ်းစား ဖတ်မနေနိုင်ဘူး။ အဘိဓာန်လှန်ရ၊ စာအုပ်လှန်ရနဲ့ စာဖတ်တာ ဘယ်မှာလာ ဇိမ်ရှိတော့လိမ့်မလဲ။ ဒီတော့ သူ့ရွာက သင်ပုန်ကြီးကျေအောင် သင်ပေးလိုက်တဲ့ ဆရာဘုန်းကြီးကျေးဇူးကြောင့် သူဖတ်နိုင်တဲ့ မြန်မာစာအုပ်တွေလောက် ဖတ်ရတာ။ သူ့မိတ်ဆွေကတော့ ပြောတယ်။ မြန်မာစာပေချည်းပဲ ဖတ်မနေနဲ့ တဲ့။ ကမ္ဘာ့စာပေတွေလည်း ရင်းနှီးကျွမ်းဝင်ဖို့ လိုသေးသတဲ့။ မြန်မာစာပေက နယ်ကျဉ်းတယ်လို့တောင် ဆက်ပြောသေးတယ်။ သူ့အတွက်တော့ ကမ္ဘာ့စာပေဆီကို မရောက်နိင်သေးဘူး။ သူမှ မဖတ်နိုင်တာကိုး။ သူ့မိတ်ဆွေကတော့ တခါတလေ စိတ်လိုလက်ရရှိတဲ့အခါ သူဖတ်ပြီးတဲ့ ကာ့တ်ဗောနိဂတ်ရဲ့ ဝတ္ထုတွေအကြောင်း၊  မူရာကာမိရဲ့ ဝတ္ထုတွေအကြောင်းတွေ ပြောပြတတ်တယ်။ ဇာတ်လမ်း၊ဇာတ်ကွက်ဆင်ပုံ၊ အရေးအသားဟာ ဘယ်လို ဘယ်ညာဆိုတာမျိုးတွေအထိ ပြောတတ်တယ်။ နားထောင်လို့လည်းကောင်းတယ်။ သူ့အနေနဲ့တော့ ဒေါက်တာသန်းထွန်းသမိုင်းစာအုပ်တွေအကြောင်း၊ လူထုဒေါ်အမာစာအုပ်တွေအကြောင်း၊ စစ်ကိုင်းဦးဘိုးသင်းအတ္ထုပတ္ထိလိုမျိုး (ဘာရယ်မဟုတ်ဘဲ) သူမကြားဖူးတဲ့ဟာမျိုးတွေကို  ရွေးပြောမိတတ်တယ်။  ဒါပေမယ့် သူ့မိတ်ဆွေကလည်း သည်းခံပြီးနားထောင်တာပဲ။ ပြီးတော့ ခင်ဗျား စာတွေ ဒီလောက်ဖတ်ထားတာ ဝတ္ထုတွေ၊ စာတွေ၊ ကဗျာတွေ မရေးဘူးလားတဲ့။ သူကတော့ ကျုပ်ရှေ့က ရေးသားထားခဲ့ကြတဲ့ စာရေးဆရာတွေရဲ့ စာတွေတောင်ဖတ်လို့မကုန်ကြသေးလို့ ကျုပ်အနေနဲ့ ရေးဖို့မလိုသေးပါဘူးလို့ ကြားဖူးတဲ့ဟာသကလေးကိုပြန်ပြောဖြစ်တယ်။ ဒါပေမယ့် သူ့မိတ်ဆွေက စိတ်ပေါက်လာရင် အပြတ်ကို ပြောတာ။ မြန်မာစာပေလောကကြီးက ဘာမှမဟုတ်ဘူးတဲ့။ ကျုပ်အထင် ရူးတောင်ရူးနေကြတယ် ထင်တယ်လို့ကို ပြောတာ။ ပြီးရင် ခင်ဗျားရော ဘယ်လိုထင်လဲဆိုပြီး သူ့ဆီကပါ အဖြေညှိသေးတယ်။ သူ့အနေနဲ့တော့ မထင်တတ်ပါဘူးဗျာ၊ ခင်ဗျားမြင်သလို ဟုတ်ချင်လည်းဟုတ်မှာပေါ့လို့ မရေမရာ ဖြေရတာ။ မြန်မာစာပေလောကကြီးကလူတွေ ရူးနေကြသလား၊ ကောင်းကြသလားဆိုတာ သူ့အနေနဲ့ လိုက်တွေးဖို့လည်း  မလိုဘူး။ စာဖတ်ဖို့ အချိန်မပေးနိုင်တော့တဲ့အခါ ဒါမှမဟုတ် စာမဖတ်ချင်တော့တဲ့အခါ စာအုပ်မဝယ်ဘဲနေနိုင်ရင် ပြီးတာပဲ။ ခုခေတ်မြန်မာစာပေလောကကြီးက တန်ဖိုးကြီးပါတယ်လို့တော့ ပြောချင်ရင် ပြောလို့ရတယ်။ စာအုပ်တစ်အုပ်ဈေးက နည်းမှမနည်းပဲကိုး။ တလောဆီက နှစ်ကာလများစာအုပ်တိုက်က ထုတ်တဲ့ မြင့်သန်းရဲ့ စသည်၊ စသည်ဖြင့်…၊ စာအုပ်ကို နှစ်ထောင်ပေးပြီး မဝယ်ဖြစ်ခဲ့ရင် သူ့အတွက် ခုလိုပိုက်ဆံပြတ်တဲ့ရက်မျိုးမှာ ထမင်းတစ်ရက်စာရမှာလို့ နှမြောရင်း ဈေးတွက် တွက်ရုံပဲ။ ခုတော့ မတတ်နိုင်ဘူး။ ဘယ်သူ့မှအပြစ်တော့လည်း မတင်ချင်ပါဘူး။ တကယ်က စာသိချည်းပဲ သိလို့မရဘူး၊ လက်တွေ့ကျကျလည်း တွက်ချက်တတ်ရမယ် မဟုတ်လား။  

သူ့အတွက်တော့ ဟိုဟိုဒီဒီမသွားဖြစ်လို့  စာဖတ်နေမိတဲ့ အခါမျိုးမှာ တောင်တွေးမြောက်တွေး တွေးတတ်တာတွေ ရှိတယ်။ ဘယ်သူ့မှတော့ ထုတ်မပြောဖြစ်ဘူး။ သူ့မိတ်ဆွေပြောတဲ့ မြန်မာစာပေလောကဆိုတာကြီးနဲ့ ပတ်သတ်ပြီးတော့ပဲ။ အဆီအငေါ်တည့်၏၊ မတည့်၏ တော့ မပြောတတ်ဘူး။ သူ အကျွမ်းတဝင်ရှိတဲ့လောကမဟုတ်တော့လည်း အပြတ်ပြောလို့မရဘူး။ သူတွေးနေမိတဲ့ မြန်မာစာပေလောကကြီးက ခုနောက်ပိုင်း နောက်ဆုံးပေါ်တွေ သိပ်ကြိုက်တာပဲ။ ပေါင်ရင်းထိ ဖော်ပြီးဝတ်ကြတဲ့ မြန်မာမော်ဒယ်လ်မလေးတွေ နောက်ဆုံးပေါ်ဖက်ရှင်ကြိုက်ကြသလိုမျိုးလားလို့တောင် တွေးမိတယ်။ စပ်ဟပ်ကောင်း၏ မကောင်း၏တော့ မသိဘူး။ တစ်ယောက်က လွမ်းစာဆို အုပ်စုလိုက်လွမ်းကြတယ်။ သူများဆီမှာ မော်ဒန်ဟေ့ဆို ဒန်ကြတယ်။  ဒီတုန်းကဆို စာအုပ်နာမည်တောင် မော်ဒန်ဝတ္ထုတိုများတို့၊ မော်ဒန်ကဗျာများဆိုတာကို မော်ဒန်ဖြစ်နေပြီဆိုတာ သိအောင် တမင်ထည့်ရေးကြရတာ။ စာဖတ်တဲ့သူတွေလည်း ဖတ်နေတဲ့စာဟာ မော်ဒန်၊ ခေတ်ကြီးကလည်း မော်ဒန်ဆိုတာ သိအောင်စေတနာနဲ့ ပြောရရေးခဲ့ရတာ။ ခုတော့ မော်ဒန်ဆိုတာ ပြီးသွားပြီ။ ခေတ်ပြိုင်(ကွန်တမ်ပိုရာရီ)ဖြစ်ပြီ။ ခေတ်ပေါ် မဟုတ်ဘူးတဲ့။ ခေတ်ပြိုင်ဆိုတာ ဘယ်လို၊ ဘယ်ညာရယ်ဆိုပြီးတော့ ရေးကြတော့တာ။ စာအုပ်နာမည်အောက်မှာတောင် ခေတ်ပြိုင်ဝတ္ထုတိုများတို့၊ ခေတ်ပြိုင်ကဗျာများရယ်လို့ဆိုပြီးတော့ကို ထည့်ရတာ။ ဒီတော့လည်း သူ့အနေနဲ့ တွေးစရာရပြန်ရော။ ခေတ်ပြိုင်ဆိုတော့ ဘယ်ခေတ်ကို ပြိုင်မှာတုန်း။ မဆလခေတ်လား၊ အင်္ဂလိပ်လက်အောက်ကိုလိုနီခေတ်လား၊ ဦးနုရဲ့ ပါလီမန်ဒီမိုကရေစီခေတ်လား၊ ပုဂံခေတ်လား လို့ ပြိုင်ချင်နေတဲ့သူတွေကို မေးချင်တာ။ သူကမေးတော့ရော ဘယ်သူက ဖြေမှာမို့တုန်း။ လူသူလေးပါးအလေးထားစရာမဟုတ်တော့ ဘယ်သူက အရေးလုပ်မှာတုန်း။ သူကလည်း အဖြေမလိုပါဘူး။ သူ့ဟာသူ မေးကြည့်တာကိုး။ မြန်မာစာပေလောကကြီးမော်ဒန်ဖြစ်ဖြစ်၊ ခေတ်ပြိုင်ဖြစ်ဖြစ် လူတွေကဖြင့် မွဲနေတာမဟုတ်လား။ ဒီတော့ ဘယ်လိုလုပ် စာအုပ်ဝယ်ဖတ်နိုင်မှာတုန်း။  စာအုပ်ဝယ်ဖတ်မယ့်သူ မရှိသေးတဲ့ ငမွဲတွေရဲ့ စာပေလောကကြီးခမျာ အများတကာလို ဘယ်လောက်ခေတ်မီနေနေ၊  မော်ဒယ်လ်မလေးတွေလောက်တော့ စိတ်ဝင်စားမယ့်သူ မရှိနိုင်လောက်ဘူး မဟုတ်လား။ နောက်များမှ သူ့မိတ်ဆွေနဲ့ ပြန်တွေ့ဖြစ်ရင် သူ့အဆိုကိုထောက်ခံလိုက်ရဦးမယ်လို့ တွေးလိုက်မိရင်း နှာခေါင်းထဲက ယားကျိကျိဖြစ်သွားသေးတယ်.။

     ခုတော့ သူ့မိတ်ဆွေလည်း ရန်ကုန်ပြန်သွားပြီ။  သူ့အတွက် လုပ်စရာမရှိဘူး။ နှစ်ကူးသင်္ကြန်ရုံးပိတ်ရက်တွေ ပြည့်လို့ ရုံးတွေဖွင့်ကြပြီပေါ့။ ဝန်ထမ်းတွေ ဒီလရုံးပိတ်ရက်များလို့ လစာဖြတ်သလား၊ မဖြတ်ရင်တော့ တော်တာပဲ လို့ တွေးမိသေးတယ်။ စတုတ္ထမဏ္ဍိုင်က ဂျာနယ်ပေါင်းစုံတွေ တာဝန်သိသိ ပြန်ထုတ်ရောင်းကြပြီပဲ။ သင်္ကြန်တွင်းတုန်းက ခိုးရိုက်လို့တဖုံ၊ ဗြောင်ရိုက်လို့တနည်း ရိုက်ထားတာတွေ ထည့်မှာပဲလို့ ထင်မိတယ်။ ပြည်သူ့ဘက်က ရပ်တဲ့ မီဒီယာက သင်္ကြန်တုန်းက ပျော်ကြပါးကြတဲ့ ပြည်သူတွေ(ပြည်သားမပါ) ဓာတ်ပုံတွေထည့်တာ မကောင်းဘူးလား။ တကယ်တမ်းတော့ ဒီစာမျက်နှာတွေမှာ စီးပွားရေးသမားတွေ၊ နိုင်ငံရေးသမားတွေ၊ စစ်အရာရှိဟောင်းတွေအကြောင်းလောက်ပဲ ထည့်ကြတာ။ ဘာအရေးလုပ်စရာကောင်းသေးတုန်း။ နိုင်ငံရေးသမားဆိုတာ ဗြောင်လိမ်ဗြောင်စားလို့ အဘိုးလည်း ပြောတယ်။ အဖေလည်း ပြောတယ်။ သိတဲ့လူလည်း သိတယ်။ ပြီးတော့ မီဒီယာက(ဂျာနယ်တွေက) ပြည်သူ့ဘက်ကပဲ ရပ်တည်မယ်လို့ပြောတာ သိပ်မှန်တာပဲ။ အစိုးရဘက်က ရပ်တယ်ဆိုရင် ဘယ်သူက ဝယ်ဖတ်မှာတုန်း။ ပြည်သူ့ဘက်က ရပ်တည်မယ်ဆိုမှ ဝယ်ဖတ်ကြမှာမဟုတ်လား။ အစိုးရက ဘယ်ဂျာနယ်မှ ဝယ်ဖတ်လိမ့်မယ် မထင်ဘူး၊ အလကားတောင်းမှာပဲမဟုတ်လားလို့ စဉ်းစားမိတယ်။ 

       နေရာတကာမှာ လူငယ်တွေကို နေရာပေးရမယ်၊ အနာဂတ်အတွက် မျိုးစေ့ချရမယ်ဆိုပြီး ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာ ရေးကြတာ တွေ့တယ်။ သူကတော့ မျိုးဆက်သစ်ဘာညာဆိုတဲ့ မြှောက်လုံးတွေနဲ့ ကလေးတွေကို ညာခိုင်းနေတာလို့ တွေးတယ်။ လူငယ်တွေလည်း တဝုန်းဝုန်း တရုန်းရုန်းနဲ့ အသင်းအပင်းတွေ ဖွဲ့ကြ၊  နိုင်ငံရေးပါတီတွေ ဝင်ကြနဲ့ အလုပ်တွေကိုရလို့။  ဒါလည်း သူမလုပ်နိုင်တဲ့ ကိစ္စမို့ လျှောက်ပြောဖို့ မလိုဘူးမဟုတ်လား။ သူလည်း ဟိုတုန်းက အသင်းအပင်းတွေ အပြိုင်အဆိုင်ဖွဲ့ကြသလို သူလည်း လုပ်ဦးမယ်လို့ အရူးထဖူးတယ်။ တကယ်တော့ အသင်းအပင်းများလေ အကွဲအပြဲများလေ မဟုတ်ဘူးလား။ စာရေးဆရာ၊ဂျာနယ်လစ်ဆရာတွေရဲ့ စကားကို နားယောင်ရမှာလား။ ခဏခဏ လူငယ်တွေ ညံ့ကြောင်းပြောရဟောရတာ မောကြမှာပဲ။  အဲလို သူတို့ရေးနေကြတာနဲ့တင် စာမျက်နှာပြည့်နေလို့ လူငယ်ဆိုသူတွေ ဘယ်တော့မှ နေရာမရနိုင်ဘူး။ မရတော့ မယူကြနဲ့ပေါ့။   သူနဲ့ သိပ်ဆိုင်တဲ့ ကိစ္စတွေတော့ မဟုတ်ဘူး။ သူ့နေ့စဉ်ဘဝမှာ မသိချင် မမြင်ချင်ပေမယ့် မြင်နေ၊ကြားနေရတဲ့ ဒုက္ခက ကြီးတယ်ထင်တယ်။ သူလည်း ဘာမှမတတ်နိုင်ဘူး။ မကြားချင်မမြင်ချင်လို့ ဒီလူ့အဖွဲ့အစည်းကြီးထဲက ထွက်သွားဖို့ဆိုတာကလည်း သူ့အတွက် မဖြစ်နိုင်သေးဘူးမဟုတ်လား။ ထွက်မသွားနိုင်သေးတဲ့ အကြောင်းရင်းကလေးကလည်း ရှိသေးတယ်။ ဒီလို…။ 

     သူ လောလောဆယ်ကြုံတွေ့နေရတဲ့ အပြင်လောကကြီးက စိတ်သိပ်ရှုပ်စရာကောင်းတာနဲ့(သူ့အနေနဲ့လည်း သတိတရရှိနေတာနဲ့) သူ့ချစ်သူဆီကို အောက်မေ့မိတဲ့အကြောင်း တက်စ်မက်ဆေ့တစ်စောင် ပို့ပြီး နှုတ်ဆက်လိုက်တယ်။ သူ့အတွက်တော့ သူ့မျက်မြင်အပြင်လောကကြီးနဲ့ ဆန့်ကျင်ဘက် ကျေနပ်စရာတစ်စုံတရာဟာ သူ့ချစ်သူဆီမှာ။ သူ့ချစ်သူဟာ သူ့ဘဝပဲ။ နေ့စဉ်ရှင်သန်နေထိုင်နေခြင်းဟာ သူ့ချစ်သူအတွက်လို့ တွေးတယ်။ အိုရှိုးပြောခဲ့ဖူးတဲ့ ချစ်ခြင်းဆိုတာက ကိုယ့်ချစ်တဲ့သူကို ဦးစားပေးခြင်းပဲဆိုတာကိုလည်း သတိရလိုက်မိတယ်။ ဒါပေမယ့် ပြောရရင် ချစ်ခြင်းမေတ္တာမှာ ထွေပြားတဲ့အနက်တွေ ရှိနေလိမ့်မယ်လို့ ထင်လိုက်မိပြန်ရော။ ဒီတော့ ချစ်ခြင်းဆိုတာကို ထပ်မတွေးတော့ဘူး။ အိမ်ပြန်ရောက်လို့ အိပ်ယာပေါ်ခဏလှဲနေတုန်း သူ့ချစ်သူဆီက ပြန်စာဝင်လာလို့ သူ့မှာ ကြည်နူးရတယ်။ သူ့ချစ်သူက အဝေးကြီးမှာ နေနေတာ၊ သုံးလပြည့်တော့မယ်။ သူအနေနဲ့ လိုက်သွားချင်ပေမယ့် အခြေအနေတွေအများကြီး ခြားနေလို့ သူ့ကိုယ်သူ ဝမ်းနည်းမိတယ်။ ရေခြားမြေခြား တစ်နေရာစီ နေနေရတဲ့အခါ  သူ့အနေနဲ့ သိပ်လွမ်းပေမယ့် ဘာမှမတတ်နိုင်ဘူး။ နေ့စဉ်အဖြစ်အပျက်တွေထဲမှာ သူ့ချစ်သူဆီဖုန်းဆက်ရုံ။ အီးမေးလ်ပို့ရုံနဲ့သာ အဆက်အသွယ်လုပ်ဖြစ်နိုင်တယ်။ သူ့အနေနဲ့တော့ သူတတ်နိုင်တဲ့အတိုင်းအတာအတွင်းမှာ သူ တတ်နိုင်တာကို လုပ်ရတာပဲ။ သူ့အနေနဲ့ နားလည်ထားနိုင်ပြီးသားလို့ ယူဆထားလိုက်မိတယ်။ ခုတော့ သူ့ချစ်သူက နောက်ထပ် နှစ်ပတ်လောက်နေရင် ပြန်လာတော့မယ်တဲ့။ သူ လာတွေ့မယ်ဆိုတော့ နောက်ထပ် ရှစ်လလောက်ကြာမှ လာပါလားတဲ့။  အကြာကြီးနေရဦးမှာပါလား။ 

          ခုတော့ ရာသီတွေ တစ်ပတ်ပြန်လည်ခဲ့ပြီပေါ့။ သူ့မိတ်ဆွေလည်း ရန်ကုန်မှာအခြေတကျနဲ့ နေထိုင်နေလောက်ပြီ။ (ကြားထဲမှာ သူ့မိတ်ဆွေအိမ်ကိုတောင် ထမင်းစားတစ်ခေါက် ရောက်ခဲ့ပြီးပြီ။) သူနဲ့ပတ်သတ်ဆက်စပ်ခဲ့တဲ့ ဟိုတုန်းကဖြစ်ခဲ့ဖူးတဲ့အဖြစ်အပျက်တွေဟာ ပျောက်ဆုံးမသွားဘူး။ စိတ်မှာစွဲမြဲနေတုန်းပဲ။ အကြောင်းတိုက်ဆိုင်တိုင်း ပေါ်လာစမြဲပဲ။ သူ့မိတ်ဆွေကတော့ အေသင်ချိုဆွေရဲ့ အနီးဆုံးလူ….နမ်းမှာလား သီချင်းစီးရီးဖွင့်သံကြားရရင် ဒီဘက်ဆီကို အောက်မေ့သတိရမိသတဲ့။ အဲဒီတုန်းက သူတို့နှစ်ယောက် ဒီသီချင်းခွေဖွင့်နားထောင်ကြရင်း ရွှေမန္တလေးမြို့ကြီးရဲ့ ပတ်လည်တခို သွားခဲ့ကြသကိုး။ သူ့ချစ်သူနဲ့ပတ်သတ်ပြီးတော့လည်း သူ့မျှော်လင့်ခြင်းများစွာဟာ ကာလတာရှည်စွာ တည်တံ့နေနိုင်ဆဲပဲ။ ဒါဟာ ကာလတရားကို လည်ပြန်ကြည့်မိလို့သာ ကြာတောင့်ကြာရှည်ခဲ့ပြီလို့ ပြောနိုင်တာထင်တယ်။ သူ့အတွက်တော့ တစ်သက်တာတည်မြဲနေနိုင်မယ့်တရားဟာ သူ့ချစ်သူအပေါ်ထားရှိခဲ့တဲ့ ချစ်ခြင်းမေတ္တာတရားပဲ။ အချိန်ကာလတွေ ကြာလာတာနဲ့အမျှ သူ့ရဲ့ချစ်ခြင်းဟာ ထွေပြားတဲ့ အနက်ပေါင်းများစွာကို ကျော်ဖြတ်နိုင်ခဲ့ပြီးပြီ။ ခုနေ သူ့ချစ်သူဆီကို တယ်လီဖုန်းဆက်၊ အီးမေးလ်နဲ့ စာပို့၊ သူ့ချစ်သူဆီက ပြန်လာတဲ့ ဓာတ်ပုံလေးတွေကြည့်ရင်းနဲ့ အသက်ရှင်နေထိုင်နေရခြင်းရဲ့ အရသာကို ခံစားနေမိတယ်။ 

          ဒီတော့လည်း တစ်နှစ်ပြောင်းသွားလို့ အတွေးအမြင်တွေပြောင်းလာတဲ့အခါ ကာလတရားကို တစ်မျိုးတွေးကြည့်မိတယ်။ ရွှေမန်းတင်မောင် သီချင်းထဲကလို “မောင်တင်…ဘယ်သူ့ကိုမှ အပြစ်မတင်”ဆိုတာကို သတိရလာတယ်။ အလိုလိုဖြစ်နေတဲ့ နေ့တွေညတွေဆိုတာ အလကားမဟုတ်ဘူး။ အသက်နဲ့ရင်းထားရတာ။ တခြားတွေးမိလို့တော့ မဟုတ်ဘူး။ သူ့အနေနဲ့ အသက်နဲ့ရင်းထားရတဲ့ နေ့တွေညတွေအတွင်းမှာ သူဖြစ်ချင်၊ လုပ်ချင်တာတွေ ရှိနေသေးတယ်။ ဒီတော့ သူနဲ့ဆက်စပ်နေသေးတဲ့ အရာရာကို တန်ဖိုးထားမြင်ကြည့်ဖို့ လိုလာတယ်။ တန်ဖိုးဖြတ်ဖို့တော့ မဟုတ်ဘူး။ အဲဒီတော့ သူ့ပတ်ဝန်းကျင်မှာ တန်ဖိုးထားစရာကလေးတွေ တွေ့လာရတယ်။ သူ ကြားမြင်ကြုံတွေ့လာတာတွေဟာ မေ့မေ့ပျောက်ပျောက်မဖြစ်လွယ်ဘူး။ မေ့ဖျောက်ပစ်ဖို့ဆိုတာကလည်း မလွယ်လှဘူး။ 

          အထူးသဖြင့် သူ့ချစ်သူနဲ့ ပတ်သတ်ပြီးတော့ ပိုပြီးတန်ဖိုးထားတတ်လာတယ်။ မတွေ့မမြင်ရတာကြာပြီဆိုပေမယ့် သူနဲ့ သူ့ချစ်သူတို့ရဲ့ အဆက်အစပ်ဟာ အေးစက်မသွားဘူး။ အောက်မေ့သတိရတဲ့အခါ သူ့ရဲ့လူအဖြစ်တည်ရှိနေမှုဟာ ပိုပိုပြီး လတ်ဆတ်လာသလို ခံစားရတယ်။ ဒီအရသာကို စာနဲ့ရေးသားကြည့်ဖို့ ကြိုးစားပေမယ့် မဖြစ်ဘူး။ ကြုံဖူးမှသာသိနိုင်မှာ။ ဒီတော့ ခု ဒီလိုပြောကြည့်ချင်တယ်။ ခင်ဗျားလည်း ခင်ဗျားရဲ့ချစ်သူအပါအဝင် ခင်ဗျားရဲ့ဆက်စပ်ပတ်သတ်ခဲ့ဖူးတဲ့အကြောင်းကလေးတွေကို ပြန်အောက်မေ့ကြည့်ပါလား။ နွေရာသီမို့ အပူဒဏ်ပြင်းထန်ကောင်း ပြင်းထန်နေနိင်ပေမယ့်  အဲဒါကိုတော့ ခဏလောက်ဖြစ်ဖြစ် မေ့ထားလိုက်နိုင်မယ်လို့ ထင်မိတယ်။ ဒါပေမယ့် သူ့အထင်ဟာ အခြားတဘက်ကအမြင်နဲ့ လွဲနေဦးမယ်ဆိုရင်တော့လည်း ဘယ်သူမှမတတ်နိုင်တော့တဲ့ ကိစ္စပေပဲရယ်လို့သာ တွေးလိုက်ကြတော့ရုံပဲ မဟုတ်ဘူးလား။

တေဇာအောင်
(၂၀၁၂ ဧပြီ  ကရေးလက်စကို မတ် ၉၊ ၂၀၁၃ ကျမှ ပြန်ဖတ်ကြည့်ရင်း အဆုံးသတ်သည်။ ဒီတော့ တိုးလို့တန့်လန်း၊ ကိုးလို့ကန့်လန့်တွေ တွေ့လျှင် မိမိသဘောအလျှောက် အမျှင်ဖြတ်ကြပါရန်)
         

Featured Post

ကဗျာအဖြစ် ရေးထားတဲ့ နိုင်ငံရေးနဲ့ နိုင်ငံရေးကဗျာ

လန်းပန်ဘက်ဆီကပြန်တော့ ဖတ်စရာတွေ တွေးစရာတွေ ပါလာတယ်။ အမှန်မှာတော့ အဲဒီမှာ တွေ့ခဲ့တဲ့ ဆရာကြီးရဲ့ကျေးဇူးပဲ။ သူနဲ့က အဲဒီကျမှ တွေ့ရသိရတာ။...