သူတို့ဆီက ကျွန်တော့်အတွေ့အကြုံ (မြင့်သန်း - အမှာစာ)

      မြှားနတ်မောင်မဂ္ဂဇင်းကို ဒေါက်တာလွဏ်းဆွေ တည်းဖြတ်နေတုန်းက (ကို)သာထက်အောင်က “သူတို့ဆီက ကျွန်တော့်အတွေ့အကြုံ” ကို စပြီးရေးတယ်ထင်တယ်။ ဖတ်ရတော့ ဆက်ပြီးရေးဖို့တိုက်တွန်းမိပါတယ်။ တိုက်တွန်းရတဲ့ အကြောင်းတွေထဲက တစ်ချက်က ဖတ်ရတဲ့လူတွေအကြားမှာ “မိမိနဲ့ အခြားသူ” ဆိုတဲ့ သိမှုတစ်ခု ပေါ်လာစေချင်လို့ပဲ။ “မိမိနဲ့ အခြားလူ” ဆိုတဲ့အမြင်၊ အသိဟာ လူတိုင်းမှာ ရှိသလိုလို ထင်ရပေတဲ့ လစ်ဟာနေတတ်တယ်။ မမြင်မိလို့ မသိကြတာမျိုးပဲ။ အထူးသဖြင့် ကျွန်တော်တို့ မြန်မာတွေကြားမှာ ( တခြားလူမျိုးတွေမှာလည်း ရှိတော့ ရှိတတ်ပါတယ်။)ဖြစ်တတ်တယ်။ ဒီတော့ အမြင်၊ အသိဟာ မပီပြင်ဘူး။ “မိမိနဲ့ အခြားသူ” ရယ်လို့ သီးခြားအနေအထားကို မမြင်ခင် မြန်မာအများစု လက်ခံထားတာက “သာခြင်း၊ ကောင်းခြင်း” စတဲ့ သီးခြားစံတွေမှာ အခြေတည်တဲ့ ဂုဏ်ရည်အခြေပြုအမြင်က စတတ်ကြတယ်။ ဒီတော့ တစ်ရပ်တစ်ကျေးဟာ ကိုယ့်အိမ်ကိုယ့်ရာထက် သာတဲ့အမြင်ဖြစ်သွားရော။ အဲဒီ တလွဲဆံပင်ကောင်း စံအမှားဆီက အခြေတည်တဲ့ အသိနဲ့ တစ်ရပ်တစ်ကျေးကို ကြည့်လိုက်တိုင်း သာယာလှပတဲ့ လောကကြီးတစ်ခုလို့ပဲ မြင်တတ်ကြတော့တယ်။
          (ကို)သာထက်အောင်က သြစတြေးလျားမှာ အခြေချနေထိုင်ရအောင်သွားတဲ့လူ။ သူ့မှာလည်း အဲဒီအမြင်ရှိခဲ့ဖူးမှာပဲ။ တကယ်တမ်း ဟိုရောက်တော့ သူက တခြားသူတွေရဲ့ အရပ်ဒေသကို ရုပ်ရှင်ကြည့်၊ စာအုပ် ဖတ်၊ ခဏ အလည်သွားတဲ့ စတဲ့ အပြုအမူမှာ အခြေတည်တဲ့ လူမျိုးမဟုတ်တော့ဘူး။ “တခြားသူ” လို့ဆိုရတဲ့ သူတွေအကြားမှာ ကိုယ်ကိုယ်တိုင် ပါဝင်ပတ်သတ်ရတော့တာပဲ။ ဒီတော့ “အဝေးကမှန်း ဟိုရွာတန်း ထီးတန်းကြီး ကြီးလှပါဘိ” ရယ်လို့ ရပ်ကြည့်ပြီး ပီတိဖြစ်လို့ မရတော့ဘူး။ ကိုယ်တိုင် ထီးကိုင်ပြီး လိုက်ရတဲ့ဘဝ ရောက်ကရော။ ဒီတော့ အမြင်သက်သက်ကနေ ပါဝင်ပတ်သတ်ရတဲ့ အနေအထားကို ရောက်သွားတယ်။ ပါဝင် ပတ်သတ်ရခြင်းအတွက် တကယ်ဖြစ်-ရှိနေရခြင်းအတွက်က ရတဲ့အတွေ့အကြုံတွေ ဖြစ်လာရတယ်။ ပေါ်လာရတယ်။ ပိုပြီး သိသာလာတာက တစ်ရပ်တစ်ကျေးမှာ နှစ်ရှည်လများနေထိုင်လာပြီး သူတို့ရဲ့ နေ့စဉ်ဘဝအတွင်း ပါဝင်ပတ်သတ်လာရတဲ့အခါ သူတို့ရဲ့ နေ့စဉ်ဘဝအခြေခံယဉ်ကျေးမှု၊ လူမှုဆက်ဆံရေးဘဝ၊ လူနေမှုစနစ်၊ ဘာသာစကားအခြေခံ သိမှုစတာတွေ အများကြီးဟာ ရုပ်ရှင်ကြည့်ရုံ၊ စာဖတ်ရုံ၊ ခဏအလည်သွားရုံ စတဲ့ အပြုအမူတွေမှာ အခြေခံတဲ့ လူမျိုးတွေ ရတဲ့ အတွေ့အကြုံနဲ့ မတူတော့ဘူး။ ပုံရိပ်တွေ မဟုတ်တော့ဘူး။ သိမှတ်ခံစား နားလည်ရမယ့် (သဘောမတူသည့်တိုင် လက်ခံရမယ့်) ပုံရိပ်တွေ ဖြစ်လာတယ်။ (ကို)သာထက်အောင်က အဲဒီပုံရိပ်တွေကို ပြန်ပြီး စီကာပတ်ကုံး ပြောပြီး (နယ်ရေးတစ်(ဖ)လို့ ခေါ်ချင်ခေါ်ပါ) ပုံဖော်ပြတာ စာရေးတာက မြန်မာစာဖတ်သူတွေနဲ့ ရင်းနှီးရင်းစွဲ ရှိနေတဲ့ မမကြီးတို့၊ မမလေးတို့တတွေက ရောက်ရာအရပ်ကို ကောင်းချည့်- သြော် လို့ ဆိုတတ်ကြတဲ့ “ခရီးသွားမှတ်တမ်း” မျိုး မဟုတ်ဘူး။
          (ကို)သာထက်အောင်က အတွေ့အကြုံလည်း စုံခဲ့တဲ့လူ၊ မြန်မာပြည်က ထွက်မလာခင်ကတည်းက အတွေ့အကြုံ စုံတယ်။ သြစတြေးလျားမှာလည်း အတွေ့အကြုံ စုံတယ်။ ဒီတော့ နှစ်ဖက်ခွလို့ မျှကြည့်နိုင်တယ်။ ဒီလိုမှလည်း ခြုံယူနိဂုံးထုတ်လို့ရမှာ။ တချို့အတွေ့အကြုံကတော့ တော်ရုံလူ မရနိုင်တာမျိုး။ ဥပမာ - တီဘီဖြစ်လို့ ဆေးရုံ တက်ရတာမျိုး။ ဒီကိစ္စကနေဆက်လို့ သြစတြေးလျားက ကျန်းမာရေးစနစ်ကိုပါ ဆက်ကြည့်တယ်။ သြစတြေးလျားက ဘုရားထီးတင်ပွဲနဲ့ သူ ငယ်စဉ်က ကြုံတွေ့ခဲ့တဲ့ ဘုရားပွဲ။ ဒီလိုကြည့်နိုင်မှပဲ “မိမိ နဲ့ အခြားသူ” ဆိုတဲ့ အနေအထားကို ယှဉ်တွဲကြည့်နိုင်မှာပဲ။ ကျွန်တော်ကိုယ်တိုင်လည်း သူ့ဆီက ပညာတစ်ခု ရခဲ့ဖူးတယ်။ ၁၀ နှစ်ကျော်ကျော်လောက် ရန်ကုန်က အပြန်မှာ သူနဲ့ ကျွန်တော် စကားပြောဖြစ်တယ်။ အဲဒီမှာ သူက ရန်ကုန်က တကယ့်နေ့စဉ်ဘဝထဲမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအချို့ကို ပြောပြတယ်။ ရန်ကုန်ကို ရောက်ခဲ့တဲ့အချိန်က သူနဲ့ ကျွန်တော် အဝင်အထွက်ပဲ ကွာတယ်။ ဒါပေတဲ့ သူပြောတာတွေကို ကျွန်တော် မမြင်ခဲ့ မသိခဲ့ရဘူး။ အဲဒီအကြောင်းပြောပြတော့ သူက ပြောတယ်။ ခင်ဗျားက ဟိုတယ်မှာနေ၊ ဆင်ဝင်အောက် လာရပ်တဲ့ ကားပေါ်တက်၊ သွားစရာရှိတာ သွားပြီး ပြန်လာတာ။ ကျုပ်က အရပ်ထဲက ကျုပ်အစ်ကိုအိမ်မှာ တည်း၊ လမ်းလျှောက်၊ တက္ကစီ စီးတန်စီး၊ လမ်းဘေးထိုင်၊ ဒီတော့ မြင်စရာရှိတာ အကုန်လောက် နီးပါး မြင်ခဲ့ရတယ် တဲ့။ သူကတော့ စကားအဖြစ် ခပ်လွယ်လွယ် ပြောလိုက်ပေတဲ့ ကျွန်တော့်အတွက်တော့ ပညာရတယ်။ ခုဆို ရောက်ရာအရပ်မှာ အချိန်ရတာနဲ့ ဒေသခံတွေနဲ့ သွားဟယ် လာဟယ်လုပ်ရတယ်။ မဲခေါင်မြစ်ကမ်းပါးက သူငယ်ချင်းအိမ်မှာ သွားနေရတာ၊ ဟူထောင်ထဲ အသိတွေအိမ်မှာ သွားနေရတာတွေဟာ ဟိုင်းယား(ထ)က၊ မာရီယော့(တ)က မပေးနိုင်တဲ့ အတွေ့အကြုံတွေ ဖြစ်လာတယ်။ ပြောရရင်တော့ တခြားသူတွေရဲ့ နေ့စဉ်ဘဝထဲမှာ ပါဝင်ပတ်သတ်ရတဲ့အတွက် ပိုပြီး သိစရာရှိတာ ပိုပြီး သိလာတယ်။ မြင်စရာရှိတာ ပိုပြီး မြင်လာတယ်။
          (ကို)သာထက်အောင်ရဲ့ တချို့အရေးအသားတွေဟာ “သူတို့ဆီက ကျွန်တော့်အတွေ့အကြုံ” ဆိုတာထက် ပိုပြီး ကျယ်ပြန့်တယ်။ “သူတို့ဆီရောက် ကျွန်တော့်ရဲ့ ကျွန်တော်တို့ဆီ ပြန်ရောက်ခဲ့တဲ့ အတွေ့အကြုံ” လို့တောင် ခေါ်ရင် ကောင်းမလာပဲ။ သြစတြေးလျားမှာ အနေကြာလာတဲ့အခါ ဒေသဟောင်းဆီကို အညောင်းခံရင်း ပြန်ပြောင်းလှည့်ကြည့်တော့ ပိုပြီး ကြည်ကြည်လင်လင်မြင်တာတွေ ပါလာတယ်။ ဇာတိရပ်ဝန်းမှာ လွဲမှားနေခဲ့တာတွေ၊ မပြောင်းလဲနိုင်သေးတဲ့ တဖက်စောင်းနင်း အမြင်တွေစတာတွေကို သူမြင်လာတယ်။ တချို့အချက်တွေကို ပြန်လည်စိစစ်ခြင်းမရှိဘဲ ငါ့စကား နွားရ သဘောမျိုးနဲ့ လက်ခံလေ့ရှိသူတွေက သဘောတူကောင်းမှ တူမယ်။ လက်ခံချင်မှ လက်ခံမယ်။ ဒါပေတဲ့ သူထောက်ပြထားတဲ့ အချက်တွေ၊ သူ့အမြင်၊ သူ့အတွေ့အကြုံမှာ အခြေခံပြီး ပြန်လည် စိစစ်ထားတာတွေဟာ အမှန်ပဲလို့ ကျွန်တော်မြင်တယ်။ ဥပမာ - ကလေးတွေ ပညာရေးလို၊ အားနာတယ် ဆိုတာမျိုးလို အိမ်ဖော်ကိစ္စလို အကြောင်းတွေကိုသာ ဖတ်ကြည့်ကြပါ။ သူရေးပြထားတဲ့ အချက်တွေကို ဖတ်ကြည့်ပြီး ကျွန်တော့်မှာ တွေးစရာတွေ ပေါ်လာခဲ့တယ်။ ကျွန်တော်တို့ ဇာတိရပ်မြေက လူတွေဟာ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးနဲ့ အပြိုင်ဖြစ်ဖို့ အားထုတ်နေကြရာမှာ မသိချင်ယောင်ဆောင်ထားနိုင်တာတွေ အတော်များပါကလား ဆိုတာပဲ။ ဒီအပိုင်းတွေကို စောဒကတက်မယ်ဆိုရင်တော့ တက်စရာကလေး တစ်ကွက်ရှိတယ်။ လူဖြူကပေးတဲ့ မျက်မှန်တပ်ကြည့်တာပဲလို့ ဆိုချင် ဆိုနိုင်ကြမယ်။ (သူရေးတဲ့အထဲမှာ ပါသလို အရောင်ပြောင်းပြောင်းသွားတကလည်း တစ်ကြောင်း) ကျွန်တော်ကတော့ ဒီလိုမမြင်မိဘူး။ မှုန်သုန်သုန်ကန်းတန်းတန်းနဲ့ ကြည့်လာခဲ့တာ ကြာပြီ။ ခုခါမှ မျက်စိကို သေချာစစ်ကြည့်ပြီး မျက်မှန်သစ် ဝယ်တပ်ကြည့်လိုက်မိလို့ ကြည်ကြည်လင်လင် မြင်ရတာပဲလို့၊ ကျားကစားတော့ ဘေးကလူက အကွက်ပိုမြင်သလိုမျိုးလိုပဲ ဆိုချင်ဆို။
          “သူတို့ဆီက ကျွန်တော့်အတွေ့အကြုံ ” ဟာ (ကို)သာထက်အောင်ရဲ့ အတွေ့အကြုံပဲ။ ကျွန်တော့်အတွေ့အကြုံတော့ မဟုတ်ဘူး။ စာဖတ်သူတိုင်းရဲ့ အတွေ့အကြုံလည်း မဟုတ်ဘူး။ ဒီတော့ မဟုတ်ဘူး၊ ဟုတ်တယ် ဆိုတာကို ငြင်းခုန်နေဖို့ မဟုတ်ဘူး။ ဒီမှာ “အတွေ့အကြုံ” ဆိုတာက သီးခြားဖြစ်ရှိနေခြင်း ဘောင်ထဲက ယေဘုယျကျတဲ့ အမြင်ပဲ။ အလုံးစုံတို့အတွက် ယေဘုယျကျတဲ့ သဘောမဟုတ်ဘူး။ သူ့အမြင်၊ သူ့အသိ၊ သူ့အတွေ့အကြုံတွေမှာ အခြေခံတယ်။ ကိုယ့်မှာ သိမှုတစ်စုံတစ်ရာဖြစ်ပေါ်ပြီး အမြင်တစ်စုံတစ်ရာ ရလောက်တဲ့ ကျောထောက်နောက်ခံအကြောင်းတရားတွေ မရှိလို့ပဲ ဖြစ်ဖြစ်၊ မတူညီလို့ပဲ ဖြစ်ဖြစ် သူ့အတွေ့အကြုံကို မှား၏၊ မှန်၏ ဆုံးဖြတ်လို့တော့ မရနိုင်ဘူး။ အထူးသဖြင့် ဇာတိရပ်ဝန်းမဟုတ်တဲ့ “အခြားသူတို့ရဲ့” ရပ်ဝန်းထဲမှာ ကနဦးကြီးပြင်းရာ မူလအခြေခံယဉ်ကျေးမှုဘောင်က ထွက်ပြီး နေ့စဉ်ဘဝကို ရပ်တည်ရတာ လွယ်လှတာတော့ မဟုတ်ဘူး။ ပိုဆိုးတာက နေ့စဉ်ဘဝဆိုင်ရာ ယဉ်ကျေးမှုအနေအထားက သိသိသာသာကြီး မတူညီတဲ့ ရပ်ဝန်းဆိုခါမျှ၊ မည်ခါမျှ၊ ပျက်သိခါမျှ ကွဲတဲ့၊ ဒါမှမဟုတ် အခြေခံယဉ်ကျေးမှုတွေ စီးမျောပျံ့လွင့်ခဲ့ပုံချင်း မကွာလှတဲ့ ဒေသချင်းဆက် ရပ်ဝန်းတွေမှာဆိုရင်တော့ တစ်မျိုး၊ လွယ်လွယ်ကူကူနဲ့ အခြားသူတို့ရဲ့ နေ့စဉ်ဘဝအတွင်း ရောနှောဝင်ရောက်ဖို့ လိုတယ်။ သြစတြေးလျားဆိုတာက လူဖြူအများစု ဗဟိုပြုထားတဲ့ရပ်ဝန်း။ ဖိနပ်ကလေးချွတ်၊ လက်အုပ်ကလေးချီပြလို့ ဘယ်သူကမှ ယဉ်ကျေးတယ်လို့ မထင်တဲ့အရပ်။ ဒီအရပ်မှာ မိမိရဲ့ အရင်းခံ သိမှု အမြင်စတာတွေကို အခြေခံပြီး မည်ရွေ့မည်မျှ ပါဝင်ပတ်သတ်နိုင်တယ် ဆိုတာကလည်း သိပ်အရေးကြီးတယ်။ ဒီလိုမှလည်း မိမိရဲ့ နေ့စဉ်ဘဝကို တည်ဆောက်ထားရတဲ့ ပတ်ဝန်းကျင်နဲ့ လူ့အသိုက်မြုံရဲ့ ပုံစံ ဘာသာစကား၊ အခြေခံယဉ်ကျေးမှု၊ ကာလတရားအခြေခံယဉ်ကျေးမှု စတာတွေကို နားလည်လာတာ။
          (ကို)သာထက်အောင်ဟာ သြစတြေးလျားမှာ ဆယ်စုနှစ်တစ်ခုမက နေနေခဲ့တဲ့လူ။ အခု သူရေးတာက သူ သိနားလည်တဲ့ အတိုင်းအတာအရ ထဲထဲဝင်ဝင်ကြည့်မြင်ရေးထားတာ။ ဖတ်တဲ့သူတွေ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ဒါဟာ (သူ့စာအုပ် ခေါင်းစဉ်ထဲမှာ ပါသလို) သူ့ “အတွေ့အကြုံ” ပဲ။ “အာဂန္တု ခဏတည်းရတဲ့ အကြောင်းမို့ ဟောင်းလောင်းပဲ မြင်ခဲ့တယ်” ဆိုတာမျိုး မဟုတ်ဘူး။ “ ကျောင်းထိုင်မို့ ပိုင်ပိုင် သိပါသဗျာ” ဆိုတာမျိုး။



မြင့်သန်း
၂၀၁၂၊ မေလ
ခေတ္တ ကျူဖူမြို့
ရှန်တုန် (ရှန် အရှေ့ဘက်ပြည်နယ်)
တရုတ်ပြည်သူ့ သမ္မတနိုင်ငံတော် (အရှေ့ဘက်)

(တွေးမိသမျှ၊ ငေးမိသမျှ၊ ရေးမိသမျှ သူတို့ဆီက ကျွန်တော့်အတွေ့အကြုံ - သာထက်အောင် စာအုပ်မှ မြင့်သန်း၏  အမှာစာ

Popular posts from this blog

ပိုမိုညံ့ဖျင်းသော စိတ်ကူးထည်တို့ဖြင့် ဆက်လက်ရှင်သန်နေနိုင်ရန် အားထုတ်မှု (မြင့်သန်း)

အိပ်ဆေး သောက်၍ အိပ်မပျော်နိုင်သော ရောင်စုံညများ

ဝတ္ထုတို မတိုရသည့် အကြောင်း (မြင့်သန်း)