May 11, 2013

မရှိခြင်း၏ ကမ်းတစ်ဖက်ဆီမှ အိပ်မက်များ၏ မြို့ပြနိုင်ငံတော်




All that is necessary for the triumph of evil is that good men do nothing.
Edmund Burke. Irish Philosopher (1729-1797)

မြစ်စပ်ကမ်းပါးဆီ ကျွန်တော်ဆင်းလာခဲ့မိတယ်။ အကြောင်းထူးရှိလို့ရယ်တော့ မဟုတ်ဘူး။စိတ်မရွှင်တာကလေးတော့ပါတယ်။ ဘာဖြစ်လို့မရွှင်မှန်းလည်း မသိဘူး။ မနေ့ညနေဘက်က ဟိုကောင်တွေနဲ့ထိုင်ပြီး ဝီစကီသောက်ကြရင်း ကျစ်လုံးကပြောတယ်။ ဟိုဘက်ကမ်းကို သွားကြဦးစို့ရဲ့တဲ့။ ဘာလို့လဲလို့ ဟိုအကောင်ကမေးတယ်။ ဟိုမှာလည်း တို့ဆီမှာလိုပဲ နေတွေလတွေ ထွက်သတဲ့လို့ ကျစ်လုံးက ဖြေတယ်။ ဒီတော့ ဘာဖြစ်သလဲလို့ ဟိုအကောင်က ကန်းတက်ပြန်တယ်။ ဘာရယ်တော့ မဟုတ်ဘူး၊ သူတို့ဆီမှာ နေတွေလတွေထွက်လာတော့ အဲဒီ နေတွေလတွေက တို့ဆီမှာလို၊ နေ့ရယ်ညရယ်မဟုတ်တော့ဘူး။ လိုချင်ရင် လိုသလောက် တားထားလို့ရတယ်။ မလိုချင်လည်း သွားခိုင်းလို့ ရသတဲ့။ ပြောရရင်တော့ကွာ နေတွေ လတွေက လူတွေအလိုကို လိုက်ဆိုပဲ။ လူတွေသဘောကျဆိုတော့ နေကိုလကို လူတွေက မမုန်းတော့ဘူးပေါ့။ ဒီတော့ လကလည်း လအလျောက် အနေချောင်သပေါ့ကွာ။ လူတွေကလည်း သူတို့လုပ်ချင်ရာ လုပ်နေရတော့ ပျော်ကြသတဲ့လို့ ကျစ်လုံးက အရှည်ကြီးရှင်းပြတယ်။ ဒီလိုဖြင့် သွားကြရအောင်လားလို့ ဟိုအကောင်က ပြောတယ်။ ကျွန်တော်တို့ နှစ်ယောက်စလုံးက စိုက်ကြည့်နေကြတယ်။ ကျွန်တော်က အဖြေပေးဖို့ ဝန်လေးနေမိတယ်။ ဒီတော့ တစ်ခုပြန်ပြောလိုက်မိတယ်။ ဟိုဘက်ကမ်းကလူတွေကို နားလည်တဲ့ လူတစ်ယောက်နဲ့ ငါတွေ့ဖူးတယ်။ သူ့နာမည်က ကိုဝဏ္ဏလို့ခေါ်တယ်။ ခုတော့ သူလည်း မရှိတော့ဘူး။ ညရဲ့ ငြိမ်သက်နေခြင်းအတွင်းကို ဖြည်းဖြည်းချင်း လျှောက်ထွက်သွားရာက ပြန်လှည့်မလာတော့ဘူး။ သူရှိတုန်းက ငါရေးတဲ့ တဲအိမ်ကလေးတစ်ခုအကြေင်း ဖတ်ပြီး ပြောဖူးတယ်။ ခင်ဗျားက တူး ဒိုင်မင်းရှင်း၊ သရီးဒိုင်မင်းရှင်းအကြောင်း ပြောနေပေတဲ့ ဟိုဘက်ကမ်းကလူတွေက မပြောကြဘူးတဲ့။ ဒီတော့ ငါက မေးကြည့်လိုက်တယ်။ ဘာလို့လဲလို့။ သူက ထုံးစံအတိုင်း ရယ်ကျဲကျဲလုပ်ရင်း ဖြေတယ်။ ဒိုင်မင်းရှင်းဆိုတာ ဘာမှန်းမှ မသိဘဲတဲ့။ ဒါပေတဲ့ သူဆက်ပြောတာ တစ်ခုက စိတ်ဝင်စားစရာ ပိုကောင်းတယ်။ အဲဒီကလူတွေ ဘာမှန်းမသိဘူး ဆိုပေတဲ့ အဲဒီလို ဘာမှန်းမသိဘဲ ဖြစ်နေတာကို အားလုံးသိတယ်လို့ လက်ခံထားကြတာတဲ့။ ကျွန်တော် ပြောနေတုန်း ကျစ်လုံးက ဖြတ်ပြောတယ်။ သူတို့ဟာက တစ်မျိုးချည်းပဲ။ ယုတ္တိဗေဒစကားနဲ့ ပြောရရင် ဆန့်ကျင်၍ လက်ခံခြင်းကနေ၊ ဆန့်ကျင်၍ ဆန့်ကျင်ခြင်း ဖြစ်သွားတာမျိုးပဲဟ။ မသိတာကို မသိတာပဲ ဆိုတာက၊ သိတယ်လို့ နားလည်လိုက်တာပဲတဲ့။ ကျွန်တော်ကတော့ သိပ်နားမရှင်းဘူး။ သူကတော့ ယုတ္တိဗေဒလို့ ခေါ်တဲ့ လောဂျစ်တို့ ဘာတို့ကို အတော်ပိုင်တဲ့အကောင်။ ဒါနဲ့ပဲ ကျွန်တော်က ပြောလိုက်တယ်။ ငါ့ကို စဉ်းစားဖို့ အချိန်ပေးကွာ လို့။

စဉ်းစားတယ်ဆိုပေတဲ့ စဉ်းစားစရာက ရှိဦးမှကိုး။ ဒီအတိုင်း စဉ်းစားတယ်ဆိုတာက အတွေးသက်သက်ပဲ။ အတွေးဆိုတာက ဘာတွေးတွေး တွေးလို့ရတာမျိုး။ စဉ်းစားတယ် ဆိုတာမျိုးလို ဆင့်ပွားဖြစ်ပေါ်တာ မဟုတ်ဘူး။ ပြောမယ်ဆိုရင်တော့ ကျွန်တော်တို့ဘက်ကမ်းဆီမှာက အတွေးသမားနည်းတယ်။ ဒါကြောင့်ပဲ ကဗျာရေးတဲ့ လူတစ်စုက အတွေးစိုက်ခင်းများရယ်လို့ ခေါ်ပြီး လူတွေကို တွေးချင်ရာတွေးဖို့ သင်ပေးနေရတယ်။ လူအတော်များများက တစ်ခုခုကို စဉ်းစားတဲ့ အခါ စနစ်တစ်ခုခုနဲ့ စဉ်းစားတယ်။ အရောင်းအဝယ်ကောင်းတဲ့ ထောင်ကဲကြီးတွေ၊ မာမူကြီးတွေတောင် ဘယ်လိုမြတ်မယ်၊ ဘယ်လို ရှူံးသွားနိုင်တယ်ဆိုတာကို သေသေချာချာ စဉ်းစားတယ်။ လက်သီးလက်မောင်းတန်းပြီး နေကို ကြည့်လိုက် လကို ကြည့်လိုက် လုပ်ပြီး တောင်းဆိုမနေဘူး။ ကိုယ်အသုံးမကျရင် ကိုယ့်ဘာသာ ခံပဲ။ အဲဒါကိုက ဆင်ခြင်နည်းလမ်းတကျပဲ။ ကိုယ်အသုံးမကျတဲ့ဟာ အရပ်ကိုလှည့်ပြီး အပြစ်တင်နေလို့ ဘာလုပ်ရမှာလဲ။ ကျွန်တော့်အနေနဲ့ကတော့ ဟိုဘက်ကမ်းသွားဖို့ ကိစ္စကို စဉ်းစားရမှာပဲ။ တချို့ဟာတွေက ဟိုဘက်ကမ်းဆီက ကြားရတယ် ဆိုတာတွေ….။ ပြောရရင်တော့ တဆင့်ခံရထားတဲ့ အကြောင်းတွေကို အခြေခံရမှာ။ တချို့ဟာတွေကလည်း ကျွန်တော်တို့ မကျွမ်းဘူး။ ကျွန်တော်တို့ဆိုတာက ကျွန်တော်တို့ သုံးယောက်စလုံးပဲ။ ဘယ်သူကမှ မကျွမ်းလှဘူး။ ဥပမာ ဇော်ဂနီ ဇော်ဂနက် ကိစ္စလိုမျိုး။ စီးပွားရေး ကိစ္စလိုမျိုး။ ဘောလုံးကန်တယ်ဆိုတာမျိုး။ အဲဒါမျိုးတွေနဲ့ ပတ်သတ်ရင်တော့ ကျွန်တော်ကတော့ ကတ်ချလာပဲ။ သေသွားတဲ့ ကျွန်တော်တို့ကျောင်းက သင်္ချာဆရာကြီး ပြောသလိုတော့ဖြင့် ဂျဗလွတ်တွေပဲ။ ခက်တာက ဂျဗလွတ်ဆိုတာ ဘာမှန်းမသိဘူး။ အရပ်စကားနဲ့ လွယ်လွယ်ပြောရရင်ဖြင့် ငတုံးတွေပဲလို့ ပြောတာထင်ရဲ့ မပြောတတ်ဘူး။ ဒီတော့ ကျွန်တော်တို့ မကျွမ်းတဲ့ အကြောင်းတွေကို ထည့်မစဉ်းစားနိုင်ဘူး ဆိုပြန်ရင်လည်း လူ့အဖွဲ့အစည်းကြီးအကြောင်းကို စဉ်းစားရာမှာ မပြည့်မစုံကြီးပဲ ဖြစ်နေမယ်။ မပြည့်စုံတဲ့ လူ့အဖွဲ့အစည်းကြီးအကြောင်း စဉ်းစားတာကိုက သဘာဝကျကျပဲ ထင်တယ်။ ပြည့်စုံသွားပြန်ရင် ဘာစဉ်းစားနေရတော့မှာမို့လဲ။ ပြည့်စုံနေတဲ့ လူ့အဖွဲ့အစည်းဆိုတာက ဘယ်မှာရှိလို့တုန်း။ လုပ်ချင်ရာ လုပ်လို့ရတယ်။ ပြောချင်ရာ ပြောလို့ရတယ် ဆိုတာတွေက ပြည့်စုံမှုကြီး တစ်ရပ်မှ မဟုတ်ပဲ။ ပြည့်စုံမှုဆိုတာက လိုအပ်စွာရှိနေခြင်း  တစ်ခုပဲ။ လိုအပ်စွာ ရှိနေခြင်းကို သိတာကမှသာ ပြည့်စုံမှုရှိခြင်းကို တန်ဖိုးထားရာ ရောက်မှာ။ ဒါမှ လူတွေဟာ လွတ်လပ်သွားတာပဲ။ ကျွန်တော်တို့ ဘက်ကမ်းမှာတော့ အဲဒီလိုမျိုး။ ဒါကြောင့် လူတွေက အုံကျင်းဖွဲ့ပြီး ဘာတွေ ညာတွေ ပြောမနေကြတော့ဘူး။ တောင်းဆိုမှု မှန်သမျှဟာ လကိုကြည့်ပြီး ထမင်းဆီဆမ်း တောင်းတာမျိုးပဲ။

အဖေကတော့ ပြောဖူးတယ်။ မင်းက အမြင်ပြောင်းသွားတာကိုး။ မင်းလည်း ဟိုဘက်ကမ်းကပဲ။ မင်းလည်း သူတို့လိုပဲ မြင်ခဲ့ဖူးတာပဲ။ ခုနေကာမှ မင်းက သူတို့ကို အပြစ်တင်ချင်လို့တော့ ဘယ်တရားပါ့မလဲတဲ့။ ကျွန်တော်လည်း ဟိုဘက်ကမ်းကပဲ ဆိုရင်တော့ အဖေလည်း ဟိုဘက်ကမ်းကပဲ ဖြစ်မယ်။ အဖေနဲ့ ကျွန်တော် ဘယ်တုန်းက ဘယ်မှာတွေလို့ ခုလို ပြောခဲ့တာလဲ ဆိုတာကတော့ သိပ်မမှတ်မိဘူး။ အိပ်မက်ထဲမှာ ဖြစ်နိုင်တယ်။ အဖေနဲ့ ကျွန်တော် အိပ်မက်ထဲမှာ စကားပြောလေ့ရှိတယ်။ တခါတလေ ဘကြီး သုခတောင် ပါသေးတယ်။ ဘကြီးသုခကတော့ အိပ်မက်ထဲမှာမို့လား မသိဘူး၊ စကားနည်းတယ်။ အဖေကတော့ အပြင်မှာဆို အတော်စကားနည်းတယ်။ အိပ်မက်ထဲမှာတော့ အတော်စကားများတယ်။ အိပ်မက်ထဲမှာဆိုရင် ကြီးကြီးသန့်လည်း ပါတယ်။ ကြီးကြီးသန့်က အဖေတို့ရဲ့ အစ်မကြီး။ တစ်ခါကတော့ ကြီးကြီးသန့်က ပြောတယ်။ ခု တို့ဆီမှာ လုပ်စားတတ်ရင် မငတ်ဘူးတဲ့။ ကြီးကြီးသန့်က တောက်လျှောက် ကုန်သည်လုပ်လာတာ။ ကုန်သည်ပွဲစားဆိုတာက ထမင်းငတ်တတ်တဲ့ လူမျိုးမှမဟုတ်ဘဲ။ လုပ်စားတတ်ရင် မငတ်ဘူးလို့ ကြီးကြီးသန့်က ပြောတုန်းက ကျွန်တော်က မေးလိုက်မိတယ်။ လူတိုင်းဟာ လုပ်စားတတ်ဖို့ မွေးလာတာ မဟုတ်ဘူး ကြီးကြီရဲ့။ လုပ်မစားတတ်တဲ့ လူတွေ စီးပွားမရှာတတ်တဲ့ လူတွေ၊ ငတ်ရင် ဘာလုပ်ရမှာလဲလို့ မေးတော့ ကြီးကြီးသန့်က ပြုံးနေတယ်။ ညံ့လို့ ခံရတာ၊ သနားစရာ မရှိဘူးဆိုတဲ့ အပြုံးမျိုး။ အဲဒီတုန်း ဟဲဟဲ ဆိုတဲ့ အသံကြားရတယ်။ ဘကြီး သုခရဲ့ အသံ။ သူ့မျက်နှာကြီး ပေါ်လာတယ်။ ပြုံးနေတယ်။ ကြီးကြီးသန့်မျက်နှာကတော့ ပြောင်းသွားတယ်။ ဒေါသထွက်တဲ့ မျက်နှာမျိုး၊ ကုန်သည်ပွဲစား တစ်သက်လုံး လုပ်လာတဲ့ လူပဲ။ သူ့မျက်နှာကို ချက်ချင်း ပြန်ပြင်ပြီး ပြုံးလိုက်ရင်း ဘကြီးသုခဘက် လှည့်ပြောတယ်။ မင်းမြှောက်ထားတဲ့ အကောင်က ငါ့ကို မေးခွန်းထုတ်နေတာ မင်းမြင်သလားလို့။ အဖေတို့ ကြီးကြီးသန့်တို့က ငါ ပြော၊ မင်းနားထောင် စနစ်နဲ့ ကြီးပြင်းလာတာ။ ဘကြီးသုခကတော့ အဲဒီလို မဟုတ်ဘူး။ သူက ကျွန်တော့်ကို ပြောထားတာ တစ်ခုရှိတယ်။ ဘယ်ဟာမျိုးကို မဆို မမေးမစမ်း၊ မစိမစစ်ဘဲ လက်မခံရဘူးတဲ့။ သူများပြောတိုင်း လက်ခံတာဟာ နွားပဲ။ ကြိမ်တို့ရင် ဘယ်ညာ ကွေ့တတ်တယ်တဲ့။ ခုတော့ ဘကြီး သုခဆီက ဘာသံမှ မကြားရဘူး။ နောက် ထပ်ပြီး မတွေ့ရဘူး။ အဖေကတော့ ခပ်လှမ်းလှမ်းမှာ ခရုတံဆိပ် ပလေကပ်အဖြူနဲ့ အင်္ကျီလက်ရှည် အဖြူနဲ့။ ပုတီးစိပ်နေပုံရတယ်။ ကျွန်တော်က ကြီးကြီးသန့်ကို မက်(စ)ဝါဒရဲ့ စီးပွားရေးစနစ်အကြောင်း ပြောမယ် လုပ်နေတုန်း အိပ်မက်က ပြီးသွားတယ်။ နောက်တစ်ကြိမ်များ ကြီးကြီးသန့်နဲ့ အိပ်မက်ထဲမှာ တွေ့ရင် အဲဒီအကြောင်း ပြောရအောင် ကျွန်တော့် ခုတင် အပေါ်တည့်တည့်က မျက်နှာကြက်ဆီမှာ ကြီးကြီးသန့်ကို မာ့(စ)ဝါဒဆိုရင် စီးပွားရေးစနစ်အကြောင်း ပြောရန် လို့ စာရွက်တစ်ရွက်မှာ ရေးပြီး ကပ်ထားတာ ခုဆို စာရွက်တောင် အတော်ဝါနေပြီ။

အဖေပြောခဲ့ဖူးတာကလေးတစ်ခု နှစ်ခုလည်း ထပ်ပြီး ပြောရဦးမယ်။ ဟိုဘက်ကမ်းမှာက မင်းတို့လို မဟုတ်ဘူး။ အစစအရာရာ အဆင်ပြေကြတယ်။ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံအကြား ဘာပြဿနာမှ မရှိဘူး။ အုပ်ချုပ်ခံကလည်း သူတို့ထင်ရာ လုပ်တယ်။ အုပ်ချုပ်သူကလည်း သူတို့ လုပ်ချင်ရာ လုပ်တယ်။ ထိပ်တိုက် တွေ့စရာရှိရင် မသိချင်ယောင် ဆောင်နေတတ်ကြတယ်။ မင်းတို့မှာက အရာရာ စည်းနဲ့ကမ်းနဲ့။ အထိန်းအကွပ်များလွန်းတယ်တဲ့။ အဲဒီတုန်းက အဖေက သူ့ထုံးစံအတိုင်း ချက်စတာဖီး(လ) စီးကရက်ကို သောက်လို့။ စီးကရက်က မီးခိုးတန်းကလေး ထွက်လာတာက နောက်ခံ ပုဏ္ဏားရိပ်ပင်တန်း အစိမ်းခံနဲ့မို့ ကြည့်လို့ ကောင်းတယ်။ အဲလိုဖြင့်တော့ အိပ်မက်ထဲမှာ ဟုတ်မယ် မထင်ဘူး။ အိပ်မက်က များသောအားဖြင့် အရောင်မပါဘူး။ အရောင်ရဲ့ ရှိနေခြင်းကို လူကပဲ သိတာ။  အိပ်မက်က အဖြူ၊ အမည်း သက်သက် ထင်တယ်။ ခုခေတ်တော့ ဒီဂျစ်တယ်မို့ အရောင်ပါလေသလားတော့ မသိဘူး။ အိပ်မက်လည်း ခေတ်ကာလကို လိုက်လို့ အရောင်တွေ ဘာတွေနဲ့ ဖြစ်နေတာလည်း ဖြစ်ချင်ဖြစ်မယ်။ နောက်တစ်ခါ အဖေက ပြောဖူးတာ ရှိသေးတယ်။ မင်းကို အဖေမသေခင် မှာထားခဲ့ချင်တာကတော့ အပြောအဆိုကလေးတွေ သတိထားတဲ့ ဒါကတော့ ဟိုဘက်ကမ်းနဲ့ ဆိုင်ချင်မှဆိုင်မယ်။ အဖေက ပြောတယ်။ မှန်ကားမှန်၏၊ လူသူလေးပါး မကြိုက်သော စကားနဲ့ လူသူလေးပါး ကြိုက်သောစကားဆိုတာ ရှိတယ်။ ဒုတိယ စကားမျိုးသာ ပြောအပ်တယ်။ မင်းက မှန်တာတွေချည်း လျှောက်ပြောနေတတ်လို့ အဖေက သတိပေးတာပဲတဲ့။ ကျွန်တော်ကတော့ သဘောမတူဘူး။ မှန်တယ် ဆိုတာက လူတွေ ကြိုက်တာ မကြိုက်တာနဲ့ မဆိုင်ဘူး အဖေရ။ ဆင်ခြင်စနစ်နဲ့ ဆိုင်တယ်။ ပါဝင်ပတ်သတ်နေရတဲ့ လူအဖွဲ့အစည်း စံတွေနဲ့ ဆိုင်တယ်လို့ ကျွန်တော်က ပြောပြန်တော့ အဖေက ဘာမှ ထပ်မပြောဘူး။ စီးကရက်သောက်ရင်း ကောင်းကင်ထဲကို ကြည့်နေတယ်။ အဲဒီတုန်း ဘယ်က ပေါက်ချလာမှန်းတော့ မသိဘူး။ ဘကြီး သုခက ကျွန်တော့် ဇက်ပိုးကို ခပ်သာသာ ပုတ်လိုက်ရင်း အဲဒါကြောင့် မင်း သောက်သုံးမကျဖြစ်နေတာလို့ ပြောတယ်။ ဘာလို့တုန်းလို့ လှည့်မေးလိုက်တော့ မင်းတို့ ပြောနေတဲ့ အမှန်တရားဆိုတာက ဘယ်နေရာ သွားသုံးလို့ ရလို့တုန်း ငါလူရဲ့။ ကိုယ့်ကို ကြိုက်မှ မ မယ့်လူရှိတာ။ ဟိုဘက်ကမ်းဆီမှာက အချင်းချင်း မ စ ကြတယ်။ မင်းတို့လို ရုန်းကန်နေစရာ မလိုဘူး။ မင်းတို့သာ အချိန်ကုန်ခံပြီး ရုန်းကန်နေကြတာ။ အ မ၊ အ စ ကင်းတယ်ဆိုတာက လွှတ်ထားတဲ့ ပုလင်းလွတ်လိုပဲ။ ပုလင်းလွတ်ဟာ အလကားပဲ။ အထဲမှာ အရည်တစ်ခုခုရှိမှသာ ပုလင်းရဲ့ တန်ဖိုးတက်တာတဲ့။

လူ့အဖွဲ့အစည်းရဲ့ သိမှု အဆင့်အတန်း မမြင့်မားသေးသရွေ့လွတ်လပ်ခြင်းဆိုတာဟာ အန္တရာယ်များတာချည်းပဲ။ လွတ်လပ်ခြင်းနဲ့ ရမ်းကားခြင်းဆိုတာ နှစ်ခုရဲ့ အကြားက စည်းရိုးဆိုတာက ပါးပါးကလေးပဲကိုးတဲ့။

အဲဒီတုန်းက အဖေတို့ ဘကြီးသုခတို့က အိပ်မက်ထဲမှာ ဟုတ်ပုံမရဘူး။ မရဘူးလို့ ဆိုရတာက အဖေ့ပြောစကားထဲမှာ အဖေ မသေခင်လို့ ပြောတယ်။ အိပ်မက်ထဲမှာဆိုရင် သေတာရှင်တာ မရှိဘဲ။ သေပြီးသားလူတွေတောင် အိပ်မက်ထဲမှာ ရှင်နေတတ်ကြတယ်။ အဖေ့ကို ကျွန်တော်က ထပ်မေးကြည့်မိတယ်။ လူကြိုက်ပေတဲ့ မှားနေတာတွေရော ပြောလို့ဖြစ်သလားလို့။ အဖေက စီးကရက်ကို ပါးစပ်က ထုတ်ပြီး လက်ကြားထဲ ညှပ်ထားလိုက်ရင်း မှားကားမှားနေ၏၊ လူအများက ကြိုက်၏။ ထိုစကားကိုလည်း မပြောအပ်လို့ ပြောပြန်တယ်။ ဒီလိုဖြင့် အဖေရာ ဘယ်လိုစကားမျိုးကို ပြောရမှာတုန်းလို့ ကျွန်တော်က ပြောလိုက်လို့ ဆုံးမှမဆုံးသေးဘူး ဘကြီးသုခလက်က ကျွန်တော့် ဇက်ပိုးပေါ် အသာအုပ်လိုက်ပြန်တယ်။ ကျွန်တော်က လှည့်ကြည့်လိုက်တော့ ငါ့လူ လေချွန်နေလို့ ဘကြီးက ပြောတယ်။ ကျွန်တော်က အဖေ့ကို လှည့်ကြည့်လိုက်တော့ အဖေက ကျွန်တော့်ကို ကျောပေးပြီး ထွက်သွားရော။ လှည့်မကြည့်ဘဲ ဒါပဲကွာလို့ ပြောတယ်။ ဒါဟာ ခေတ်အဆက်ဆက်တည်ရှိနေခဲ့တဲ့ စကားအရ အဆက်အသွယ်ဖြတ်နည်းပဲ။ လူကြီးဖြစ်ဖြစ် လူငယ်ဖြစ်ဖြစ် ကောင်မကလေးတွေကပဲဖြစ်ဖြစ် အဲသလိုပြောပြီး ဖြတ်ကြတာ။ တစ်နည်းပြောရရင်တော့ အနိုင်နဲ့ ပိုင်းတဲ့နည်းပဲ။ ဘိုလိုပြောလည်း အဲသလိုပဲ။ That’s it ဆိုပြီးတာပဲ။ ကျွန်တော်တို့ ငယ်ငယ်ကတော့ ကောင်မလေးကလေးတွေက ကိုယ့်ကို သတ်(စ)အစ်လို့ ပြောရှု ဆရာကြီးဦးဘေရဲ့ အသံထွက်နည်းမှာ အခြေခံပြီး အရှက်ပြေပြန်ပြောတတ်ကြတယ်။ သတ်စအစ်ထ၊ ချစ်နှမ၊ မနှစ်ကနဲ့ မတူတော့ဘူး လို့။ ခုတော့ ဦးဘေကို သိတဲ့လူတောင် မရှိသလောက်ပဲ။ အဖေတို့လည်း မရှိတော့ဘူး။ ဟိုဘက်ကမ်းကတော့ ရှိနေသေးတယ် လို့ ကြားရတုန်းပဲ။ ဟိုဘက်ကမ်းရဲ့ ရှိနေခြင်းဟာ သိမှုနယ်ပယ်ထဲမှာ တောင့်တောင့်တင်းတင်းချည်း။ ဒီတော့လည်း တွေးကြည့်စရာတွေက များများလာတယ်။ ဒါပေတဲ့လည်း ကျွန်တော့်ဘာသာ တွေးကြည့်နေရုံနဲ့တော့ ခရီးမတွင်ဘူး။ ဟိုကောင်တွေနဲ့ပေါင်းပြီး အတွေးများစွာကို ကူးလူးဆက်ဆံလိုက်ခိုင်းလေမှပဲ။

မနေ့ညကတော့ ဟိုအကောင်တွေနဲ့ချိန်းပြီး ဝီစကီသောက်ရင်း စနစ်မကျတကျ ဆွေးနွေးကြရတယ်။ ကျစ်လုံးက အနှစ်အစိတ်သားဝီစကီယူလာတယ်။ ဒီတော့လည်း ဖန်ခွက်ကောင်းကောင်း သွားဝယ်ရပြန်တယ်။ အနှစ်အစိတ်သား ဝီစကီကို နှစ်ပြားတစ်ပဲတန် ခွက်နဲ့ သောက်လို့မှ မသင့်ဘဲ။ နေရာတကာမှာ ဖြစ်နေခြင်းနဲ့ ဖြစ်သင့်ခြင်းဟာ ရှိနေတာချည်းပဲ။ ဖြစ်နေခြင်းဟာ ဖြစ်သင့်ခြင်း ဖြစ်မလာခဲ့ရင် ကနဦးတန်ဖိုးမှန်သမျှ ဆုံးရှူံးတာချည်းပဲ။ ဒေါ်လာတစ်ရာ့ရှစ်ဆယ်လောက်တန်တဲ့ ဝီစကီသောက်ဖို့အတွက် ဘိုဟီမီယံ ခရစ်စတယ်လ် ဖန်ခွက်လောက်နဲ့ သောက်ပါမှပဲ။ ဘိုဟီမီယံ ခရစ်စတယ်လ် ဖန်ခွက်ကလည်း တစ်ခွက်ကို ဒေါ်လာ ငါးဆယ်လောက် ကျတယ်။ ဒီတော့လည်း သောက်လို့ အရသာပိုရှိသွားတယ်။ တွေးကြည့်စရာတွေလည်း ဂုဏ်တက်လာတယ်။ ဟိုဘက်ကမ်းကို သွားဖို့ကိစ္စရောက်လာတော့ ကျစ်လုံးက ပြောတယ်။ တို့ နည်းနည်းအချိန်ယူရင် ကောင်းမယ်တဲ့။ ဟိုနေ့ကတော့ မင်းပဲ သွားချင်လှချည်ဆိုလို့ ဟိုအကောင်က ဖြတ်ပြောတယ်။ ဟုတ်တယ်။ ငါဖတ်လိုက်ရတာကလေးတွေရှိလို့တဲ့။ ဘယ်ကလဲလို့ဆိုတော့ အင်တာနက်ထဲမှာတဲ့။ ရှန်ဂရီလာကို သွားတဲ့လူတစ်ယောက်က လမ်းမှားပြီး ရောက်သွားလို့၊ သူ့အတွေ့အကြုံတွေ ပြန်ရေးထားတာတဲ့။ အဲဒီမှာက ရှန်ဂရီလာထက် သာတယ်ဆိုတာ၊ ဟိုဘက်ကမ်းပဲ ဖြစ်ရတော့မှာပေါ့။ သူရေးထားတဲ့ ခရီးသွားမှတ်တမ်းထဲက ဟာတွေကိုတောင် သဘောကျလို့ ကူးထားသေးတယ်။ ငါ ဖတ်ပြမယ်လို့ ပြောပြီး ကျစ်လုံးက သူ့အိတ်ထဲက စာရွက်တစ်ရွက်ထုတ်လိုက်ပြီး ဖတ်ပြတယ်။

ကျွန်တော်ကတော့ လူဖြူဖြစ်လို့ တော်တော်ချည်းကို အရိုအသေပေးခံရတယ်။ ကျွန်တော် ပြောသမျှ ယုံတယ်။ သူတို့နဲ့ အိမ်နီးနားချင်းတွေဖြစ်တဲ့ ဒက္ခိဏတိုင်းက လူညိုတွေ၊ စိနတိုင်းက လူဝါတွေကို မကြိုက်ဘူး။ မကြိုက်ရုံတင်မဟုတ်ဘူး မုန်းတီးကြတယ်။ တချို့ဆိုရင် လက်သီးလက်မောင်းတန်းပြီး ဆဲရေးကြိမ်းမောင်းရင်း ဆန့်ကျင်တယ်။ တကယ်တော့ အဲဒီလိုဖြစ်အောင် ကျွန်တော်တို့လို လူဖြူတွေက အသာလက်ကြိတ်ထိုး သင်ပေးထားတာကိုး။ နောက်တော့ ကျွန်တော် သိလာရတယ်။ သိလာရတာကတော့ တက္ကသိုလ်ကျောင်းက ဆရာတစ်ဦးနဲ့ တွေ့ခဲ့ရလို့ပဲ။သူနဲ့က၊ မိတ်ဆွေတစ်ယောက်က မိတ်ဆက်ပေးတာ။ ကော်ဖီဆိုင်ကလေး တစ်ခုဆီမှာ။ သူက၊ အဲဒီက တက္ကသိုလ်တစ်ခုမှာ အရှေ့တိုင်းပညာ လေ့လာမှု သင်တယ်။ အရှေ့တိုင်းပညာဆိုတာက ကျွန်တော်တို့အနောက်တိုင်းမှာ အာရှတိုက်အကြောင်း လေ့လာမှုပညာလို့ ခေါ်တဲ့ဟာ။ သူကပြောတယ်။ ကျွန်တော့်ဘာသာရပ်မှာ စိတ်ဝင်စားတဲ့လူ မရှိဘူး။ ကျောင်းသူ ကျောင်းသား မရှိသလောက်ပဲ။ အစိုးရကလည်း အားမပေးဘူး။ ပိုက်ဆံရှိတဲ့ လူတွေကလည်း သူတို့ နာမည်ကြီးလောက်တဲ့ ဟာတွေမှာပဲ အားပေးကြတယ်။ လူတွေရဲ့ တကယ့်စားဝတ်နေထိုင်ရေးဘဝမှာ အာရုံမစိုက်ကြဘဲ အာရုံတွေ လွဲလာအောင် ဘာသာရေးအသင်းအဖွဲ့တွေက ဆွယ်ကြတယ်။ ဒီတော့ ကိုယ့်ဒေသအကြောင်း ကိုယ်မသိကြဘူး။ အရင်က အနောက်ဘက်က လူဖြူတွေဆီမှာ ပညာသွားသင်ခဲ့ရတဲ့ ပညာရှင်တွေကလည်း အနောက်က လူဖြူတွေအကြောင်းပဲ စိတ်ဝင်စားတယ်။ သူတို့ရဲ့ သမ္မတကြီးတွေ အကြောင်းကို မစားရ ဝခမန်း မြိန်ရေ ရှက်ရေ ရေးကြတယ်။ လူဖြူတောက လာတယ်ဆိုရင် လူမည်းကိုတောင် ကျွန်တော်တို့ လူတွေက ရိုသေတယ်တဲ့။ ကျောင်းဆရာ ပြောတာ ကြားရတော့ ကျွန်တော့် စိတ်ထဲမှာ မချမ်းမသာဖြစ်မိတယ်။ ကျွန်တော်က ဘာဖြစ်လို့ ခင်ဗျားတို့က လူဖြူကို ဒီလောက်ရိုသေနေကြတာလဲလို့ မေးမိတယ်။ ကျောင်းဆရာကြီးက ပြုံးတယ်။ ဟိုမီကေ၊ ဘာဘာ ဆိုတာ ခင်ဗျား ကြားဖူးမှာပေါ့လို့ အသာမေးခွန်းထုတ်တော့ ကျွန်တော်က ခေါင်းညိတ်ပြလိုက်တယ်။ ဒီတော့ သူက သူက ဆက်ပြောတယ်။ ဘာဘာရေးတဲ့ အထဲမှာ ပါတယ်။ လူဖြူရဲ့ ကိုလိုနီအပြုအကျင့် ခံရတဲ့ အရပ်တိုင်းမှာ လူဖြူကို ရိုသေရမယ်ဆိုတဲ့ အသိက စွဲနေတတ်တယ်လို့ သူက ပြောပြီး ပြုံးနေပြန်တယ်။ ကျွန်တော့်စိတ်ထဲမှာ သနားသွားမိတယ်။ တကယ်တော့ သူတို့ဟာ ကျွန်တော်တို့ရဲ့ အသနားခံနေရတဲ့ လူတွေပဲလို့လည်း တွေးမိတယ်။ သနားသွားလို့ ကျွန်တော့်အိတ်ထဲမှာပါတဲ့ ဒေါ်လာတစ်ရာ ထုတ်ပေးပြီး ခင်ဗျားနဲ့ စကားပြောခွင့်ရလို့ ကျေးဇူးတင်တဲ့ အတွက်ပါလို့ ပြောလိုက်တယ်။ သူက ပြန်ပေးတယ်။ ကျွန်တော့်ကို စကားပြောတဲ့အတွက် ကျွန်တော်က ကျေးဇူးတင်ရပါတယ်လို့ ပြောတယ်။ ဒါနဲ့ပဲ ကျွန်တော်က မေးလိုက်မိပြန်တယ်။  ဒီကနေ့ ခင်ဗျားမှာ စာသင်ဖို့ မရှိဘူးလားလို့၊  သူက ဖြေတယ်။ တစ်ပတ်မှာ နှစ်နာရီလောက်ပဲ ကျွန်တော် စာသင်ရတယ်။ များသောအားဖြင့်တော့ ကော်ဖီဆိုင်ကလေးမှာ လာထိုင်ပြီး ကော်ဖီသောက်ရင်း မျှော်နေတဲ့ အလုပ်ပဲ ရှိတယ်တဲ့။ သူက ပညာတတ်ဆိုတော့ ကျွန်တော်က ရယ်စရာတစ်ခုအနေနဲ့ ဂေါ့ဒိုး ကိုလားလို့ မေးလိုက်တယ်။ သူက အတော်ကလေးကြာအောင် ပြုံးနေပြီးကာမှ ဂေါ့ဒိုးက မသေချာဘူး။ ကျွန်တော်က သေချာတာကိုပဲ မျှော်နေတာလို့ ဖြေတယ်။ ဘာများလဲလို့ ကျွန်တော်က မေးတော့ သူက ပြုံးနေရင်းနဲ့ ဖြေတယ်။ လူလတ်တန်းစား ပျောက်ဆုံးမှု တစ်ရပ်ပဲတဲ့။ သူပြောတာကို ကျွန်တော် သဘောပေါက်လိုက်မိတယ်။ ကျွန်တော်တို့နည်း ကျွန်တော်တို့ဟန်နဲ့ ခေတ်မီလာခြင်း တစ်ရပ်ပေါ့ဗျာလို့ သူက ထပ်ပြောတယ်။ ကျွန်တော့် မျက်စိထဲမှာ လမ်းပေါ်မှာ ကားသစ်ကြီးတွေ မြင်လာတယ်။ ပြောင်လက်တောက်ပနေတဲ့ ကားသစ်ကြီးတွေ အကြားကလူတွေ၊ ကျပ်တောက်နေတဲ့ ခရီးသည်တင်ကားတွေ ကားတွေအကြားမှာ ပန်းရောင်းနေတဲ့ လူတွေ၊ ဂျာနယ်ရောင်းတဲ့ လူတွေ….

ပြည့်စုံနေတဲ့ လူ့အဖွဲ့အစည်းဆိုတာက ဘယ်မှာရှိလို့တုန်း။
လုပ်ချင်ရာ လုပ်လို့ရတယ်။ ပြောချင်ရာ ပြောလို့ရတယ်
ဆိုတာတွေက ပြည့်စုံမှုကြီး တစ်ရပ်မှ မဟုတ်ပဲ။
 ပြည့်စုံမှုဆိုတာက လိုအပ်စွာရှိနေခြင်း  တစ်ခုပဲ။

ဖတ်လို့ပြီးသွားတော့ ကျစ်လုံးက သူ့လက်ထဲက စာရွက်ကို ကျွန်တော့်ဆီ ကမ်းလိုက်တယ်။ ကျွန်တော်က ယူပြီး ဖတ်ကြည့်မယ် အလုပ်မှာ ဟိုအကောင်က လက်လှမ်းကမ်းတာနဲ့ သူ့ကိုပဲ ပေးလိုက်တော့တယ်။ ကျစ်လုံး ဖတ်တာ ကြားရပြီးသားမို့ ထူးမယ် မထင်ဘူး။ ကျစ်လုံးကတော့ အာခြောက်သွားလို့ ဝီစကီအတော်များများကို အသာစုပ်ပြီး သောက်နေတယ်။ မင်းက ဘာလို့ ဟိုဘက်ကမ်းကို သွားချင်ရပြန်တာလဲလို့ ကျွန်တော်က မေးလိုက်တယ်။ ဟိုအကောင်ကလည်း စာဖတ်နေရာက မျက်လုံးလှန်ပြီး ကျစ်လုံးကို ကြည့်နေတယ်။ ကျစ်လုံးက ဝီစကီခွက်ကို အသာချလိုက်ရင်း၊ ဘာရယ်တော့ မဟုတ်ဘူး။ ဟိုဘက်ကမ်းမှာ အပြောင်းလဲကြီး ပြောင်းလဲနေတယ် ကြားလို့ သွားကြည့်ရင် တကယ်လို့များ တို့အနေနဲ့ ကူညီနိုင်တာရှိရင် ကူညီရအောင်လို့ လို့ သူက ဖြေတယ်။ ဘာကူညီနိုင်မယ်လို့ မင်းက ထင်လို့လဲ လို့ ကျွန်တော်က ပြောတော့ ကျွန်တော့်စကားမဆုံးခင် ဟိုအကောင်က ဝင်ပြီးပြောတယ်။ မင်းကူညီနိုင်တာ ဒီနားမှာ အမှိုက်မပစ်ရင်ကောင်းမယ် ဆိုတာလောက်ပါကွာ။ ဟိုမှာက စပါယ်ရှယ်လစ်တွေ အိတ်စပက်တွေ လူတော်တွေ အပုံချည်းပဲ။ လူမှန်ရင်တော့ ဖက်စုံတော်တဲ့ လူတွေချည်းပဲ။ မင်းလို အမှိုက်သရိုက်လောက် သိတာ မဟုတ်ဘူးလို့ ဝင်ပြောတယ်။ ပြီးတော့ ဟိုအကောင်က ရယ်ပါလေရော။ ကျွန်တော်တို့လည်း ဝိုင်းရယ်လိုက်မိကြတယ်။ ဟိုအကောင့်ကို ကြည့်ပြီး ကျွန်တော်က ပြောလိုက်မိတယ်။ မင်းလို လူဝါရုပ်ရည်မျိုးနဲ့ ဆိုရင် ကောင်းကောင်းကြီးကို အသယ်ခံရမှာလို့။ ဒီတော့ ကျစ်လုံးက ဝင်ပြေတာ်။ ဒီလိုဖြင့် လူမျိုးရေးအခြေခံ ခွဲခြားမှုတွေ ရှိနေတာပေါ့တဲ့။ ရှိမှာပေါ့လို့ ကျွန်တော်က ဖြေလိုက်တယ်။ ငါ့အထင်ပြောမယ်….လို့ စကားခံလိုက်ပြီး၊ မင်းပြောသလို လူတိုင်းဟာ လူတော်ပဲရယ်လို့ သူတို့ကိုယ် သူတို့ ထင်လာတာနဲ့အမျှ အသားအရေ၊ အသားအရောင် စတာတွေကို အခြေခံတဲ့ ခွဲခြားမှုတွေဟာ ပေါ်လာတာချည်းပဲ။ တစ်ချိန်တည်းမှာ ဥပဒေစည်းကမ်းအရ ပိုမိုလွတ်လပ်လာခြင်းဆိုတဲ့ အသိဟာ တာဝန်ယူခြင်းနည်းတဲ့ “ငါ” တွေကို လွယ်လွယ်နဲ့ ဖန်တီးလာတော့တာပဲ။ အဲဒီ “ငါ” တွေက သူများကို မုန်းပြမှ ငါရဲ့ ရှိနေခြင်းဟာ ပီပြင်မယ်လို့ နားလည်လွဲလာတာ။ တခြားလူမျိုးတွေရဲ့ ရှိနေခြင်းကို ဆန့်ကျင်ငြင်းဆိုတာ၊ မုန်းတီးပြတာဟာ မျိုးချစ်စိတ်မဟုတ်ဘူး။ အမြင်ကျဉ်း လက်တွေ့မကျမှုတစ်ရပ် သက်သက်ပဲ။ အခိုက်အတန့်အသုံးတည့်တောင် ဖန်တီးထားတာ တစ်ခုပဲ။ ပြောရရင်တော့ အိမ်သာသုံးစက္ကူပဲ။ အဲဒီဆီမှာတော့ အဲဒါမျိုးတွေ ပေါနေလေမလားပဲလို့ ကျွန်တော်က ပြောလိုက်တယ်။ သူတို့နှစ်ယောက်စလုံး နားထောင်နေကြရှုး ခေါင်းညိတ်တယ်။ နောက်တော့ ဟိုအကောင်က စကားတစ်ခွန်း ဝင်ပြောတယ်။ လူ့အဖွဲ့အစည်းရဲ့ သိမှု အဆင့်အတန်း မမြင့်မားသေးသရွေ့လွတ်လပ်ခြင်းဆိုတာဟာ အန္တရာယ်များတာချည်းပဲ။ လွတ်လပ်ခြင်းနဲ့ ရမ်းကားခြင်းဆိုတာ နှစ်ခုရဲ့ အကြားက စည်းရိုးဆိုတာက ပါးပါးကလေးပဲကိုးတဲ့။

ဝီစကီပုလင်းထဲမှာ လက်သုံးလုံးလောက်ပဲ ကျန်တော့ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝအခြေခံသိမှုကြီးဟာ အထိုင်ကျလာတယ်။ ဥာဏ်ရည်မြင့်တက်လာတယ်။ ဒီတော့မှ လူပြိန်းတွေး တွေးတတ်လာကြတော့တယ်။ ဒီတော့မှပဲ အဖေတို့ ပြောခဲ့တာတွေ ပြန်သတိရလာမိတယ်။ ဟိုအကောင်နဲ့ ကျစ်လုံးကို ပြောပြလိုက်မိတယ်။ ကျစ်လုံးက မေးတယ်။ မင်းအဖေနဲ့ မင်းနဲ့ ပြောတာတွေဟာ အိပ်မက်ထဲမှာလား၊ အပြင်မှားလားတဲ့။ ကျွန်တော်က ပြန်စဉ်းစားကြည့်လိုက်တော့ သိပ်မသေချာလှဘူး။ မင်းအဖေနဲ့ မင်းနဲ့ ပြောတာဆိုတာတွေဟာ အိပ်မက်ထဲမှာဆိုရင် ဟိုဘက်ကမ်းဆိုတာလည်း အိပ်မက်ထဲမှာပဲ နေလိမ့်မယ်လို့ ဟိုအကောင်က ကောက်ချက်ချတယ်။ ဖြစ်တော့ ဖြစ်နိုင်တယ်လို့ ကျွန်တော်က ဖြေလိုက်ရင်း ဆက်တွေးကြည့်မိပြန်တယ်။ တကယ်လို့ ကျစ်လုံးဖတ်ထာတာတွေဟာ တကယ်ဆိုရင်တော့လည်း ဟိုဘက်ကမ်းဟာ တကယ်ပဲ ရှိနေလိမ့်မယ်။ တကယ်ရှိနေတဲ့ ဟိုဘက်ကမ်းဟာ အိပ်မက်ထဲမှာ တည်ဆောက်နေကြတာ ဖြစ်မယ်။ အဲဒီကလူတွေဟာ အိပ်မက်မက်နေကြတာလည်း ဖြစ်နိုင်တယ်။ ရှန်ဂရီလာထက် ကောင်းဖိုးဆိုတာ အိပ်မက်လို ဖြစ်နေမှပဲ.။ တကယ့်ဘဝကို အိပ်မက်လို ဖန်တီးနေတာကတော့ ကောင်းမယ် မထင်ဘူး။ ဟိုအကောင်က သက်ပြင်းအရှည်ကြီးချလိုက်ပြီး ဖြည်းဖြည်းချင်း ပြောတယ်။ မင်းမိတ်ဆွေ ပြောတဲ့ ဒိုင်မင်းရှင်း ပြဿနာရှိနေပုံပဲ။ သူတို့ဟာ ပက်သလောဂျီကယ်လ် ဖြစ်မယ်တဲ့။ သိပ်တော့ မသေချာပေတဲ့ ကျွန်တော့်ခေါင်းက အလိုလို ညိတ်လိုက်မိတယ်။ ကျစ်လုံးအသံ ကြားလိုက်ရပြန်တယ်။ ငါ့သဘောပြောရရင်တော့ကွာ ဟိုဘက်ကမ်းဆိုတာဆီကို မသွားကြပါနဲ့ စို့လားတဲ့။ မင်း သဘောပဲလို့ ကျွန်တော်က ပြန်ပြောလိုက်တယ်။ သူက ထပ်ပြေတာ်. တို့ဘာသာ ဒီမှာပဲ ခုလို တစ်ပတ်ကို ဝီစကီလေး တစ်လုံးနှစ်လုံးလောက် သောက်နေပြီး ဘာမှမလုပ်ဘဲလည်း နေလို့လည်း ဖြစ်နေသားပဲတဲ့။ ဟိုအကောင်ဆီက  ဟုတ်တယ်ဆိုတဲ့ အသံထွက်လာတယ်။ ဒီတော့ ကျွန်တော်က ဝင်ပြောလိုက်မိတယ်။ ဝီစကီက အကြောင်းမဟုတ်ဘူး၊ ဖန်ခွက်က အကြောင်း။ ငါ ထပ်မဝယ်နိုင်ဘူး။ ဖြစ်သင့်ခြင်းတိုင်းဟာ နှစ်ခါပြန် မဖြစ်နိုင်ဘူး။ ဖန်ခွက်တော့ ကျမကွဲစေနဲ့။

ခုတော့ မြစ်ကမ်းစပ်မှာ ကျွန်တော် တစ်ယောက်တည်း။ စိတ်မရွှင်ဘူး။ ဟိုဘက်ကမ်းက ကျွန်တော်တို့နဲ့ မဆိုင်တော့သလိုပဲ။ ဒါပေတဲ့ မြစ်ဘက်က လာတဲ့လေကို ရှူလိုက်ရင်း ကျွန်တော့်မှာ ပြောမပြနိုင်တဲ့ လွတ်လပ်မှုတစ်မျိုး ရလာတယ်။ တကယ်တော့ လွတ်လပ်ခြင်းဆိုတာက လိုအပ်မှုကို သိတာ၊ တန်ဖိုးထားတတ်တာပဲ မဟုတ်လား။  

မြင့်သန်း
ချင်းတွင်း မဂ္ဂဇင်း
အမှတ်(၇၇)၊ မေ - ဇွန်လ၊ ၂၀၁၃

Featured Post

ကဗျာအဖြစ် ရေးထားတဲ့ နိုင်ငံရေးနဲ့ နိုင်ငံရေးကဗျာ

လန်းပန်ဘက်ဆီကပြန်တော့ ဖတ်စရာတွေ တွေးစရာတွေ ပါလာတယ်။ အမှန်မှာတော့ အဲဒီမှာ တွေ့ခဲ့တဲ့ ဆရာကြီးရဲ့ကျေးဇူးပဲ။ သူနဲ့က အဲဒီကျမှ တွေ့ရသိရတာ။...