July 11, 2013
တိုက်အုပ်ထံမှ စာတစ်စောင်
မြင့်သန်း
ချင်းတွင်း
အမှတ် (၇၈)၊ သြဂုတ် - စက်တင်ဘာ၊ ၂၀၁၃
ဒကာကြီးမောင်တာ
          ဘုန်းကြီးစာရေးလိုက်သည်။ မိသားတစ်ခုလုံး နေထိုင်ကောင်းမည်ဟုလည်း မျှော်လင့်ပါသည်။ဘုန်းကြီးတို့ကတော့ ဥတုသပ္ပါယမျှတပါတသည်။ တစ်လောဆီက မြို့သို့အပင့်အဖိတ်ရှိ၍ ဆရာတော်နှင့် အတူကြွကြသည်။ အပြန်တွင် ထွန်းမောင်ကားကြုံကို စောင့်ရင်း ပွဲစားကြီးတို့ တိုက်သို့ဝင်ပြီး ခဏနားရင်း ခရီးခိုကြရလေသည်။ပွဲစားကြီးတို့ မိသားတစ်စုလည်း မာကြသည်။ မာကြောင်းသာကြောင်းလည်း မေးလိုက်သည်။ ပွဲစားကြီးတို့က မောင်တာတို့ မောင်မြင့်သန်းတို့နှင့် အဆက်အသွယ်ရသေးသလားဟု မေးသည်နှင့် ကျုပ်လည်း အဆက်အသွယ်မရှိသည်မှာ ကြာပြီဖြစ်ကြောင်း။မောင်တာကြီးမှာကား ခရီးယာယီများလှကြောင်းကို မောင်ဝင်းကျော်ဆီမှ ကြားရကြောင်း။ ချောင်းထိပ်ရေပိတ်သည့်ကိစ္စမှ အစ သမုဒ္ဒရာကြီးများ ခန်းခြောက်လာသည့် ကိစ္စအထိ၊ သူ့ဝမ်းသူ့ခါးကဲ့သို့ အစာမကြေ လေနာထသလို ဖြစ်ကာ ပူပင်သောကပွားနေကြောင်း ကြားရပါသည်ဟု ပြောပြရသည်။ မောင်မြင့်သန်းကြီးကတော့ သူပြောသည့် စကားအရ လုံးလည်ချာပတ်လိုက်နေသော ကမ္ဘာကြီးအတွင်း၊ လုံးလည်ချာပတ်လိုက်နေပုံရသည်ဟု ပြောပြီး ရယ်ကြရပါသေးသည်။ပွဲစားကြီးကတော် ဒကာမကြီးက ယခုရန်ကုန်သို့ တယ်လီဖုန်းဆက်ရသည်မှာ လွယ်ကြောင်း။ အသံကြည်ကြောင်း၊ တရုတ်ပြည်သို့ဆက်က ပိုပြီးအသံကြည်သေးကြောင်း ပြောပြသည်။ ကျုပ်အဖို့မှာက တရုတ်ပြည်သို့ ဆက်ရန်အကြောင်းမရှိပါ။ရှိ၍ ဆက်လေသော် မောင်တာကြီးက ကျုပ်ကို ကြိမ်းရော့မည်။ ဘာကိစ္စ ကိုယ်တော်က ဒီအကောင်တွေနှင့် ပတ်သတ်ချင်ရတာတုန်းဟု ကြိမ်းကောင်းကြိမ်မည်မှာ သေချာသည်ဟု ပြောမိသည်။ ပွဲစားကြီးကတော့ ရယ်ရင်း ကောက်ချက်ချသည်။ မောင်တာကြီးကတော့ဖြင့် အနောက်စာတွေ အဖတ်အပြုများတယ်။ ဒီတော့ အနောက်ကို အရှေ့ထက် ပိုမင်ပုံရတယ်ဟု ကောက်ချက်ချလေသည်။
          နောက်တော့ ဒကာမကြီးက ခင်ဗျားထံ ချက်ချင်းဖုန်းဆက်ပေးရန် သူတို့သမီးကလေးကို စီစဉ်ခိုင်းသဖြင့် ဒကာမကလေးက စီစဉ်ကာ ဆက်သွယ်ပေးလေသည်။ သို့သော်လည်း ခင်ဗျားခရီးသွားနေသည်နှင့် တိုးသဖြင့်၊ ခင်ဗျားဒကာမနှင့်သာ စကားပြောလိုက်ရသည်။မာကြောင်းသာကြောင်း သိရသဖြင့် ဝမ်းမြောက်ဝမ်းသာဖြင့် သာဓုအနုမောဒနာ ပြုလိုက်ရသေးသည်။ခင်ဗျားဒကာမက ဆက်သွယ်ရလွယ်ကူအောင် ဟင်းဖုန်းဆောင်ထားပါလား ဘုရား။ တပည့်တော်မ ဝယ်ပြီးပို့လိုက်မည်ဟု လျှောက်သေးသည်။ ဟင်းဖုန်းဆိုသည်မှာ လက်ဖြင့် ကိုင်ပြောရသော တယ်လီဖုန်းဟု သိရလေရာ ခြေမနှင့် ညှပ်ပြောရသော တယ်လီဖုန်းများ ရှိနေသေးသလာ်းဟု ကြားဖြတ် တွေးကြည့်လိုက်မိသေးသည်။ ခင်ဗျားဒကာမ၏ ဒါနကုသလပြုမျှခြင်းအတွက်ကား သာဓုခေါ်ရပြန်ပါသည်။ ခင်ဗျား ဒကာမကိုလည်း ကျုပ်က အထိုက်အလျောက် ရှင်းပြလိုက်ရသေးသည်။ကျုပ်တို့မှာက တောဘုန်းကြီးမျှသာ ဖြစ်ပါသည်။ ယခုလည်း အကြောင်းသင့်သဖြင့် တယ်လီဖုန်းဆက်လိုက်ခြင်းသာ ဖြစ်ပါသည်။ မည်သူ့ထံမျှ တကူးတက ဖုန်းဆက်ရန် အကြောင်းမရှိသကဲ့သို့ မည်သူကမှလည်း ကျုပ်တို့ထံ တယ်လီဖုန်းဆက်ရန် အကြောင်းမရှိလှပါ။ကျုပ်တို့ ကျောင်းကြီးမှာလည်း တောကျောင်းကြီးသာဖြစ်၍ အပိုကိစ္စထူးထူးခြားခြား လုပ်ဆောင်ရန် မရှိလှပါ။ သံသရာက လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ကြိုးစားရာတွင် ခုထိတော့ ဟင်းဖုန်းဆိုတာကလေး မရှိလည်း ဖြစ်လောက်နေပါသေးသည်ဟု ကျုပ်ပြောလိုက်မိသည်။ ပြောပြီးကာမှ လွန်များသွားလေသလားမသိဟု သတိဖြစ်ရသည်။ ဒကာကြီး ဦးလှကြိုင်ရှိစဉ်က ပြောခဲ့ဖူးသည်ကိုပင် ကျုပ်သတိရလိုက်မိသေးသည်။အသက်ကြီးလာတော့ ကိုယ်ပြောတဲ့စကား လွန်များ သွားလေသလားဟု ပြန်တွေးရတတ်သည့်အကြောင်း။ ကျုပ်ကတော့ စိတ်ထဲရှိသည်ကို ပြောလိုက်မိခြင်းသာ ဖြစ်သည်။ တရားဟောကောင်း၊ စကားပြောကောင်းသော ခေတ်ကိုယ်တော်ကလေးများကဲ့သို့ မဟုတ်မူ၍ စကားအသွားအလာ အဆီအငေါ်တည့်ကာ ဝင်ဆန့်လှသည်မဟုတ်ပါ။ ကျုပ်ကို အပြစ်ဆိုသော် လက်ခံရပါမည်။ ခင်ဗျားဒကာမကဖြင့် ထင်ရော့မည်။ သင်းတို့ ကိုးကွယ်တဲ့ ဘုန်းကြီးတောင် သင်တို့ လေမျိုး ဟူ၍။ ဤသည်ကား လူတို့သဘောဖြစ်၍ အပြစ်မဆိုသာ။
          မြို့ရောက်သည့်အခါတိုင်း မြို့ကြီးပြကြီးတို့၏ သဘောကို ခရီးသွားဟန်လွှဲ ကြုံရသည့်အတိုင်း ကြားရသည့်အတိုင်း မှတ်ရပြုရပြန်သည်။ ပွဲစားကြီးသမီး အကြီးမနှင့် အငယ်မကလေးတို့ စကားပြောရာတွင် ဝက်နက်စတေး၊ ဝက်နက်စတေးဟု မကြာမကြာ ပါတတ်သဖြင့် မေးမြန်းကြည့်ရာ အငယ်မကလေးက ဗုဒ္ဒဟူးနေ့တိုင်း ဝက်အနက်ကို စတေးကြသည်ကောဟု သိရပေသည်။ သာဓုခေါ်ကောင်းသည့် ကိစ္စမဟုတ်မူ၍ အသာငြိမ်နေလိုက်ရသော်လည်း စိတ်ထဲတွင်တော့ ချမ်းသာလှသည်မဟုတ်။  သတ္တဝါတစ်ခု ကံတစ်ခုပေကိုးဟု အတွေးကို နိဂုံးကမ္ပတ် အဆုံးသတ်လိုက်ရပေသည်။ ဒကာကြီး မောင်မြင့်သန်းလာစဉ်က ခင်ဗျားတို့ ကျုပ်တို့ ရောက်တတ်ရာရာ ပြောကြသည်များထဲက သူပြောခဲ့သည့် အချို့ကို သတိရလိုက်မိပေသည်။ တွေ့-တွေ့ကာမတ္တ၊ မြင်- မြင်ကာမတ္တ ဆိုတာက လူ့ဘဝနဲ့ မဆိုင်ချင်တော့တဲ့ လူတွေအတွက်။ လူ့အဖွဲ့အစည်းထဲမှာ နေရင် စနစ်တကျဆင်ခြင်ဖို့ လိုတယ်။ မဆင်မခြင်နေချင်ရင်တော့ ကိုယ့်ကိုယ်ကို နွားလို့သာ သဘောထား။ နွားများဟာ မဆင်ခြင်ဘူး။ ခိုင်းတဲ့အတိုင်း လုပ်တယ်။လူက ဆင်ခြင်ရတယ်။  ဆင်ခြင်တတ်ဖို့လည်း အကျင့်လုပ်ပေးရတယ်။ အနည်းဆုံး ကိုယ့်မှာ ကိုယ်ပိုင်ဆင်ခြင်ကြည့်တဲ့ စနစ်ကလေးတော့ ရှိရမယ်တဲ့။ ခင်ဗျားလည်း မှတ်မိနေဦးမည်ဟု ထင်သည်။ ထိုစဉ်က ကျုပ်တို့ သိခဲ့ ကြားခဲ့ဖူးသည့် မိဂပဒဝဋ္ဌဉ္ဇနနည်းအကြောင်းကို အခြေခံပြီး အနောက်တိုင်းက လောဂျစ်ဆိုတာကို သူက ရှင်းပြခဲ့သေးသည်။ ထို့ကြောင့်ပင် ကျုပ်လည်း ကျုပ်၏ ဆင်ခြင်နည်းလမ်းများဖြင့် ကျုပ် ဆင်ခြင်ကြည့်သော အလေ့ကလေး ပြုရပေသည်။ ယခင်ကသော် ကျောင်းသားကလေးများ အတိုင်အတောများကြရာတွင် အကြောင်းခြင်းရာ စုံအောင် နားထောင်ရပါသည်။ ယခုသော် ကျုပ်ဘာသာ ဆင်ခြင်မိသည့်အတိုင်း တိုင်သူ တစ်ချက်၊ အတိုင်ခံရသူ နှစ်ချက် အပြစ်ပေးလေရာ အတိုင်အတော အတော်နည်းသွားတော့သည်။ ကျုပ် ဆင်ခြေစနစ်ကို ကောင်းလှပြီဟု ကျုပ် မပြောပါ။ ကျုပ် အတိုင်းအတာနှင့် ကျုပ် အဆင်ပြေသည်ဟူ၍ ဆိုချင်ခြင်းသာ ဖြစ်သည်။
          ရံဖန်ရံခါ မြို့သို့ ကြွရာတွင် ကျုပ်တို့ကိုယ်တိုင် အတွေ့အကြုံရ ပညာရသည်ဟု ပြောချင်ပါသည်။ ကျုပ်တို့ရွာ ကျုပ်တို့ အရပ်ထဲတွင်မတော့ အရာရာ ငါ ဆရာဖြစ်၏။ ပကိဏ(ဏ)က လူ့ဘဝဟု ဆိုကြသော်လည်း ကျုပ်တို့သိသော လူ့ဘဝမှာ တစ်မျိုးတည်းသာ ဖြစ်ပါသည်။ ခင်ဗျား ပြောဖူးသော အကြောင်းတစ်ခု ရှိသည်။ စက်ဝိုင်းထဲက လူများအကြောင်းဟု ကျုပ် အမှတ်ထားမိသည်။ စက်ဝိုင်းထဲက လူတွေသည် စက်ဝိုင်းထဲက အကြောင်းကိုသာ သိကြသည် ဟူသော အချက်ဖြစ်သည်။ ထို့နေ့ဆီကသော် ပွဲစားကြီးသမီးကလေးများ စကားပြောနေသည့်အထဲတွင် စကားတစ်ခွန်း နာလိုက်ရလေသည်။ ပွဲစားကြီး၏သမီး အကြီးမလေးက အငယ်မကလေးကို ရှင်းပြရာတွင် စက်ဝိုင်းရဲ့ ရှိနေခြင်းဟာ အပြင်ဘက်ကလည်း သိနိုင်တယ်။ စက်ဝိုင်းအဖြစ် သတ်ထာားတဲ့ စည်းရိုးဟာ အထဲအတွက်ချည်း မဟုတ်ဘူး။ အပြင်က အတွက်လည်းပဲ ဖြစ်တယ်။ စက်ဝိုင်းအဖြစ် သတ်ထားတဲ့ စည်းရိုးဟာ အထဲရော အပြင်ရောအတွက် သိသာအောင် သတ်ထားတာ။ အထဲအတွက်ချည်း မဟုတ်။ စည်းရိုးတိုင်းသည် အတွင်းအပြင် နှစ်ဘက်ဖြစ်သည် ဟူ၍ ဖြစ်သည်။ ကလေးများ စကားပင် ဖြစ်လင့်ကစား ကျုပ်အဖို့ အတော် နားဝင်သွားမိသော စကားဖြစ်သည်။ ကလေးများမှာ သူတို့ဘာသာ ပြောဆိုနေကြခြင်း ဖြစ်သော်လည်း ကျုပ်အတွက် တွေးစရာ အပုံချည်း ရမိသည်။ အဓိကတစ်ခုမှာ ကျုပ်တို့သည် စက်ဝိုင်း၏ အတွင်းတစ်နေရာမှ နေကာသာ ကြည့်ကြ မြင်ကြတတ်သည်။ကျုပ်တို့ကိုယ် ကျုပ်တို့ အနေအထားခြုံ့ကာ ဘောင်ခတ် ကန့်သတ်ထားကြလေသည်။ ကျုပ်တို့ မှန်သမျှ အမှန်ဖြစ်ပြီး ကျုပ်တို့ မှန်သည်ဟု လက်ခံထားကြသည်နှင့် မတူသော အခြားလူတို့၏ အမှန် မှန်သမျှတို့ကို အယူမှားဟု ဆိုကြသည်။ ကျုပ်တို့ဘာသာ မှန်နေသော်လည်း အပြင်ဘက်ကကြည့်လျှင် မှန်ချင်မှ မှန်မည်။ ဤသို့ ဖြစ်ရလေသည်မှာ ကျုပ်တို့သည် တခြားသူတို့၏ ရှိနေခြင်းကို လက်မခံနိုင်၍လောဟု ချိန်ဆတွေးကြည့်စရာ ဖြစ်နေပေပြီ။  အကယ်၍ ကျုပ်တို့ မြင်သလို တွေးသလို မတွေးနိုင်သော အခြားသူတို့ကို အယူလွဲသည်ဟု မြင်လေသော် ကျုပ်တို့ အမြင်ကိုယ်တိုင်က ကျဉ်းမြောင်းပြီး ငါ့စကား နွားရ ပြောသလို ဖြစ်မနေပေဘူးလားဟု ပြန်တွေးကြည့်ရန်ပင် လိုအပ်နေပေဦးတော့မည်။ အနောက်ဘက်ဆီက စစ်ခေါင်းဆောင် ငခြုံပြောသည်ကဲ့သို့ ငါနှင့်မတူ ငါ့ရန်သူ ဟူသော အမြင်မျိုးပင် မဟုတ်ပါ၏လော။
          ကျုပ်တို့ အများစု လက်ခံထားကြသော အမြင်မှာ လွတ်လပ်စွာ ရွေးချယ်နိုင်ခြင်းတွင် အခြေခံထားသည်ဟု ကျုပ်မြင်မိသည်။ အခြားသူကို ရန်ဖက် သတ္တုပြုရန် မဟုတ်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ထားနိုင်ရန် အတွက် အခြားသူတို့၏ ရှိနေခြင်းကို လက်ခံထားရန် လိုပါသည်။ အခြားသူတို့၏ ရှိနေခြင်းကို ဆန့်ကျင်ရန် နင်ပဲ ငဆ လိုက်ဆိုနေကြရန်မှာ ကျုပ်တို့ အလုပ် မဟုတ်။ ကျုပ်တို့ ကျောင်းဝိုင်းကြီးကိုပင် ကြည့်ဦးတော့။ ကျုပ်ထဲတွင် လူမျိုးစုံ အကြောင်းမျိုးစုံဖြင့် ဝင်ထွက် သွားလာကြလေသည်။ ကျုပ်တို့ ငယ်စဉ်က ဗိလတ်ပြန်ဆရာကြီး ဆရာဖေဆိုသူက သူတို့၏ တက္ကသိုလ်ကျောင်းတိုက်ကြီးအကြောင်း ပြောရာတွင် တက္ကသိုလ် ကျောင်းတိုက်ကြီး ဆိုသည်မှာ  စာသင်တိုက်ကြီးများ ကဲ့သို့ ဝင်သူ ဝင်၊ ထွက်သူ ထွက်နှင့် ပညာ ဆည်းပူးရာ အရပ်ဟု ပြောခဲ့ဖူးသည်။ ဒကာကြီး မောင်မြင့်သန်း ကျောင်းသား ဘဝဆီက သူတို့ တက္ကသိုလ်ဝင်းကြီး ဆိုသည်ကို ရန်ကုန်ရောက်ခိုက် ဝင်ကြည့်ခဲ့ရဖူးသည်။ ဤတွင်မှ ဆရာဖေဆိုခဲ့သော စကားကို ပို၍ သဘောပေါက်ရလေသည်။ နောက်တစ်ကြိမ် ရန်ကုန်သို့ ဆရာတော်ကြီးနှင့် အတူကြွရာတွင်သော် ဆရာတော်ကြီးအား တက္ကသိုလ်ကျောင်းတိုက်ကြီးကို ပြမည်ဟု စိတ်ကူးရှိသော်လည်း အထမမြောက်ခဲ့။ အကြောင်းမှာ စစ်တပ်က အဝင်အထွက် ပိတ်ထားသည်ဟူ သိရလေသည်။ တက္ကသိုလ်ကျောင်းတိုက်ကြီးထဲသို့ လူဝင်လူထွက် မရှိစေရဟု အမိန့်ထုတ်ထားသော ကာလနှင့် တိုးသဖြင့် ဖြစ်သည် ထိုစဉ်က ဆရာတော်ကြီးကပင် ပြောသေးသည်။ ငါတို့က ဘုန်းကြီးပဲ။ ဝင်ကြည့်ရုံ ကြည့်မှာ။ ဘာမှလုပ်မှာမှ မဟုတ်ဘဲဟု ပြောရာ ဒကာကြီး မောင်မြင့်သန်းက အရှင်ဘုရား ဒီနေရာမှာတော့ ဘုန်းကြီးလည်း လူ့အဖွဲ့အစည်းထဲက ခေါင်းတုံး တုံး သင်္ကန်း ဝတ်ထားတဲ့ လူတစ်မျိုးပဲလို့ လက်ခံထားလေတော့ ဈာန်ပျံနိုင်မှပဲ အတားအဆီး လွတ်တော့မှာဟု လျှောက်သည်။ ထိုစဉ်က ဆရာတော်ကြီးက ပြုံးရင်း ဟုတ်သပေါ့ကွာ  ဟု ဆိုခဲ့သည်။ အပြန်လမ်းခရီးတွင်သော် ဆရာတော်ကြီးက မိန့်လေသည်။ သူပြောတာ ဟုတ်သကွဲ့။ တို့များမှာလည်း ခေါင်းတစ်လုံး အဆုံးခံ၊ သင်္ကန်းဝတ်ထားတယ် ဆိုပြီး လူတောထဲမှာ သွားပြီး အခွင့်အရေးတော့ မယူနိုင်ဘူး။ တို့များ ဝိနည်းဟာ သူတို့ တတွေနဲ့ မပတ်သတ်ပေတဲ့ သူတို့ ဥပဒေ ဆိုတာက တို့နဲ့ ပတ်သတ်နေသေးတယ်ဟု ဆိုပါသည်။
          ကျုပ်လည်း အမှတ်မထင် အတော်ပင် သတိတရား ရလိုက်သည်ဟု ဆိုရပေတော့မည်။ တချိန်တည်းမှာပင် ကျုပ်တို့ ကျောင်းသို့ ဝင်ထွက်သွားလာနေသော စာဖြူဆရာ ကိုမြဟန် ပြောဖူးသော စကားကို သတိရလိုက်မိသည်။ ကျုပ်ကတော့ ဘိုကေကလေး အဆုံးမခံနိုင်တော့ သူတို့ ဥပဒေနဲ့ ကြည့်နေ၇တော့တာပဲ ကိုယ်တော်ဟု ဆိုသော စကားရပ်ဖြစ်သည်။ လူ့အဖွဲ့အစည်း၏ ကောင်းရာ ကောင်းကျိုးကို ဦးတည်လုပ်ဆောင်သော် ကျုပ်တို့သည် လူ့စည်းဝိုင်းအတွင်းတွင် အခွင့်အရေးတစ်ရပ်ကို သုံးစွဲကာ လုပ်မည်လောဟုသည့် အချက်မှာ အရှည်အကျယ် စဉ်းစားချင့်ချိန်စရာ ဖြစ်နေသည် မဟုတ်ပါလား.။ ရှေ့နားဆီက ကျုပ်ရေးလိုက်မိသော စက်ဝိုင်း၏ သဘောဖြစ်သောကြောင့် ခင်ဗျားလည်း ဆင်ခြင်ကြည့်စေချင်သည်။ ကျုပ်တို့မှာ လူ့အဖွဲ့အစည်း တည်းဟူသော စက်ဝိုင်းကြီး အတွင်းမှ စက်ဝိုင်းငယ်ကလေး ဖြစ်နေသေးသည်။ လူ့အဖွဲ့အစည်းကြီး အပြင်မှ သီးခြားစက်ဝိုင်းကြီး တစ်ခု မဟုတ်သေး။ သီးခြား စက်ဝိုင်းကြီး အတွင်းမှ ကျုပ်တို့ဟု ဆိုလေသော် ကျုပ်တို့ အဖို့ လူ့ကိစ္စ ပြီးရန်သာ ရှိပေတော့မည်။ လူ့စည်းဝိုင်းကြီးအတွင်း နေသော် ကျုပ်တို့နေတတ်ဖို့ လိုသည်။ လွတ်လပ်ရေးရပြီးကာစက ကျုပ်တို့ နယ်ဘက်ကျေးဘက်သို့ ရောက်လာကြသော ကွန်မြူနစ်များ ပြောခဲ့ဖူးသည်။ ကိုယ်တော်တို့ လူ့ကိစ္စတွေ ဝင်ရှုပ်ချင်ရင် လူထွက်၊ လူတွေလို ရှာဖွေစား၊ ရုန်းကန်။ အချိန်တန်လာကပ်တဲ့ ဆွမ်းကို ထိုင်မျှော်ပြီး အခွင့်အရေး ယူမနေကြနဲ့ ဟူ၍။ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ကျုပ်တို့ အတွက် စဉ်းစားချင့်ချိန်စရာတွေ အပုံကြီး။ အရာရာကိုလည်း ဥပေက္ခာ မပြုနိုင်၊ ပြုစရာများကလည်း အများပင်။ သို့သော်လည်း ကျုပ်တို့ ငယ်ဆရာ ဆရာတော်ဘုရားကြီး ဦးဝိသုဒ္ဓမိန့်ဖူးသော စကားတစ်ခွန်းရှိလေသည်။ တစ်ခါက ဆရာတော်ကြီးအား အကြောင်းတစ်ခု တည်ပြီး လျှောက်ထားရာတွင် ဆရာတော်ကြီးက ဥပေက္ခာပြုတယ်ဆိုတာများ လွယ်တယ်ထင်လို့လား မောင်ဥာဏ် ဟု မေးခဲ့ဖူးသည်။ ထိုအဆုံးအမကို ကျုပ်မမေ့။ ကာလ ဒေသ ပယောဂတွင် တည်သော ဆင်ခြင်များမှာ လူ့အဖွဲ့အစည်း၏ စည်းဝိုင်းအတွင်းတွင် တည်ရှိနေလေရာ ကျုပ်တို့ကိုယ် ကျုပ်တို့ ကွန်မြူနစ်များ ပြောခဲ့ဖူးသည့် အခွင့်အရေးသမားများ ဟုတ်မဟုတ် စဉ်းစားကြည့်ရန်ပင် လိုနေပေသေးသည်။
          ကျုပ်လည်း စာရေးရင်း အတော်ပင် ဇာချဲ့မိကုန်ပြီ ထင်သည်။ ရေးရင်းအကြောင်းမှာ အချိန်ရသဖြင့် ဖြစ်သော်လည်း အသိပေးလိုသော အကြောင်းလည်း ရှိပါသည်။ အကြောင်းတစ်ချက်မှာ ယခင်က ခင်ဗျား ဒီကိုလာစဉ်က ပြောလိုက်မိသည့်အတိုင်း တန်ဆောင်းမုန်းလပြည့်ကျော် ဘုရားပွဲကြီးအပြီးတွင် မအူပင်သို့ ကြွသည့်အခါ ရန်ကုန်သို့ ဝင်၍ ခင်ဗျားထံတွင် တထောက်တနား နားမည်၊ ဘုရာကြီးလည်း ဖူးမည်ဟု ဆိုထားခဲ့သည်မှာ မဖြစ်နိုင်တော့သည့်အကြောင်း။ အကြောင်းမှာ မုံရွာသို့ ဆရာတော်ကြီး ကြွရန်ရှိသည့် ကိစ္စတွင် ဆရာတော်ကြီး၏ သက်တော်ရွယ်တော်ကို ထောက်၍ ခရီးပန်းလွန်းမည် စိုးသောကြောင့် ကျောင်းရှိ သံဃာများက ဆရာတော်ကြီးကို မကြွပါရန် ဝိုင်းဝန်းကာ လျှောက်ကြသည်။ ယခုနောက်ဆုံးအခြေအနေမှာ ဆရာတော်ကြီး ကိုယ်စား ကျုပ်ကိုယ်တိုင်ပင် ကြွရလိမ့်မည် ဖြစ်တော့သည်။ သို့ဖြစ်၍လည်း အချိန်ရခိုက် ဤစာကို ရေးလိုက်ရပါသည်။ အကြောင်းထူးများစွာ ရှိ၍ကား မဟုတ်ပါ။ အချိန်ရက စာရေးလိုက်စေချင်သေးသည်။ ခင်ဗျားက စာရေးတောင် အင်္ဂလိပ်အရေးပိုင်မင်းများလို တပည့်လက်သားကို နှုတ်တိုက်ချပေးပြီး အရေးခိုင်းတာဟု ဒကာကြီး မောင်မြင့်သန်းက ပြောဖူးသည်။ ကျုပ်အတွက်တော့ မည်သို့ရေးရေး ကျုပ်ဆီရောက်ခြင်းသာ အကျိုးတရား ဖြစ်ပါသည်။
          ခင်ဗျားတို့ တမိသားလုံးနှင့် တကွ မောင်ဝင်းကျော်၊ မောင်အွယ်ပီး တို့ကို ဘုန်းကြီးက မေတ္တာပို့ကြောင်း ပြောကြားပေးပါလေ။
ဥာဏ္ဏိန္ဒ
သီရိပဝရ ဓမ္မာစရိယ
တိုက်အုပ်။
ခုနစ်ရွာ မြောက်ဘက်
စာသင်တိုက်ကျောင်းကြီး။
Featured Post
ကဗျာအဖြစ် ရေးထားတဲ့ နိုင်ငံရေးနဲ့ နိုင်ငံရေးကဗျာ
လန်းပန်ဘက်ဆီကပြန်တော့ ဖတ်စရာတွေ တွေးစရာတွေ ပါလာတယ်။ အမှန်မှာတော့ အဲဒီမှာ တွေ့ခဲ့တဲ့ ဆရာကြီးရဲ့ကျေးဇူးပဲ။ သူနဲ့က အဲဒီကျမှ တွေ့ရသိရတာ။...