October 28, 2013

ဥပေက္ခာ ပြုတယ်ဆိုပေသိ (မြင့်သန်း)




ကနေ့ ကျောင်းတိုက်ကြီးမှာ လူစည်တယ်။ စည်ဆို ဘမှန်အတွက် အလှူပွဲကလေးလုပ်လို့ပဲ။ ဒီအလှူပွဲက ဆန်းတော့ဆန်းတယ်။ဆရာတော်ကြီးက ဦးဆောင်လုပ်တဲ့ အလှူလို့ပြောရမလားပဲ။ သို့ပေစိ ရပ်ထဲရွာထဲက အကုန်ပါကြတယ်။တိုက်အုပ်ကတော့ ထုံးစံအတိုင်းအလုပ်များရတယ်။သူက ဒကာရှိရင် မသာအထိလိုက်ရတဲ့ အခြေအနေမျိုးမှာ။ တိုက်အုပ်လုပ်တာကိုင်တာနဲ့ ပတ်သတ်လို့ သူနဲ့ ကိုရင်စီးဖက် မြို့ဆီက မကြာမကြာလာတတ်တဲ့ ဒေါက်တာနှောင်းကြီးပြောလေ့ရှိတာကတော့ ဆူပါဗိုက်လုပ်တာဆိုပဲ။ မင်းတို့ဘုန်းကြီးက ဆူပါဗိုက်လုပ်တာတော့ ပိုင်သဟေ့လို့ နောက်တောက်တောက်နဲ့ ပြောလေ့ရှိတယ်။ တခါကဆို ဒေါက်တာနှောင်းကြီးရောက်နေတုန်း တိုက်အုပ်နဲ့ သူ့တပည့်ဒကာတစ်သိုက် ကျောင်းဝင်းတိုင်လဲဖို့ အစည်းအဝေးလုပ်နေတာနဲ့ ကြုံတယ်။ ဆရာနှောင်းကြီးက နောက်နားဆီကထိုင်ရင်း အသာနားထောင်နေတယ်။ဘုန်းကြီးနဲ့ သူ့ဒကာတွေ သဘောထားချင်းမတူကြဘဲ အတော်ကြာအောင် ငြင်းနေကြတော့ ဆရာနှောင်းကြီးက ထိုင်ရာက ထပြီး ဆူပါဗိုက်လုပ်တယ်ဆိုတာက လူတကာကြိုက်ဖို့ လုပ်တာမဟုတ်ဘူးကွဲ့၊ ငါ့လူတို့ရဲ့။ မင်းတို့ ဘုန်းကြီးပြောတာကို ခုနေနားထောင်လိုက်။တကယ်လုပ်စရာရှိတော့ မင်းတို့ လုပ်ရမှာ။ ဒီတော့ သင့်သလိုကြည့်လုပ်။ ပြီးရောမဟုတ်လားလို့ ပြောပြီး သူ့အစ်ကိုကြီး ဦးသောင်းအိမ်ဖက်ဆီထွက်သွားတယ်။ အဲဒီကတည်းက ဘုန်းကြီးလေးရဲ့ တပည့်လေးတွေအတွက်တော့ သူတို့ဆရာနောက်ကွယ်မှာ လက်သီးပုန်းထိုးရင်း ရယ်သွမ်းသွေးစရာ ရသွားကြတယ်။ “ဆူပါဗိုက်လုပ်တာ လူတကာကြိုက်ဖို့ မဟုတ်ဘူး” တဲ့။
တိုက်အုပ် အလုပ်များတာကတော့လည်း အပြစ်ဆိုစရာ မရှိလှဘူး။ဒီဘက်ပိုင်းမှာတော့ သူတို့စာသင်တိုက်ကြီးက ကျောင်းကြီး၊ ကျောင်းဟောင်း။အစဉ်အလာရှိခဲ့တဲ့ကျောင်း။ ကျန်တဲ့ကျောင်းတိုက်တွေက တရားတိုက်တွေလောက်ပဲ။ဒီတစ်ကြောမှာ ရပ်ကိစ္စ ရွာကိစ္စ ဘုန်းကြီးရဟန်းတွေ ကိစ္စတင်မကဘူး၊ လူမျိုးခြားဘာသာခြားတွေကလည်း သူတို့ ကိစ္စဝိစ္စတွေကို ဆရာတော်ကြီးဆီလာပြီး လျှောက်ထားတိုင်တည်ကြရတယ်။ အရင်ကတော့ အကြောင်းမဟုတ်ဘူး။ခုတော့ ဆရာတော်ကြီးက သက်တော်လည်း အတော်ရလာတော့ တိုက်အုပ်ကပဲ အစစဝင်ပါနေရတယ်။ဆရာတော်ကြီးက ကျောင်းအောက်ကို စင်္ကြန်လျှောက်ရုံလောက်ပဲ ဆင်းတော့တာ။ဆွမ်းတောင် ကျောင်းကြီးအပေါ်ထပ်မှာပဲ ဘုန်းပေးတယ်။ အကြောင်းကြီးငယ်ပေါ်လို့ ဆရာတော်ကြီးကို လာလျှောက်ကြတာနဲ့ ဆရာတော်ကြီးက ကျုပ်ကို မလျှောက်ကြနဲ့ဦး။မောင်ဥာဏ်ကို အရင်ခေါ်လိုက်ကြဦး။ မောင်ဥာဏ်ရှေ့မှာ ပြောကြဆိုကြ.သူကမှ တကယ်လုပ်ကိုင်ပေးနိုင်တာလို့ မိန့်လေ့ရှိတယ်။ဒီတော့လည်း ဒီကျောင်းဝင်းကြီးထဲမှာပြန်ပြီး ခြေရာတွေ လိုက်ကောက်ကြည့်ရင် တိုက်အုပ်ခြေရာ မရှိတဲ့နေရာရှိမှာမဟုတ်ဘူး။တစ်ခါက ကျောင်းတိုက်ကြီးမှာ နှစ်စဉ်ပြုမြဲ ကထိန်ပွဲကြီးမတိုင်ခင် အားလုံးလိုလို အလုပ်များနေကြတုန်း ညောင်ကုလားပင်အောက်ဆီမှာ သူ့တပည့်တစ်သိုက်က ထိုင်ပြီး ခဏနားနေကြတယ်..။အဲဒီတုန်း စင်္ကြန်လမ်းကလေးတွေအတိုင်း အမိုးအောက် အရိပ်အောက်က မလျှောက်ဘဲ နေပူကျဲတဲမှာ ဟိုကူးဒီကူးလုပ်နေတဲ့ တိုက်အုပ်ကို လှမ်းမြင်လိုက်ကြတယ်။ ဒီတော့ တစ်ယောက်က လှမ်းပြီးလျှောက်လိုက်တယ်။ကိုယ်တော် တယ်လျှောက်ပါလားဆိုတာနဲ့ ဘုန်းကြီးလေးက လျှောက်နေရာကနေ လှည့်ပြီး ညောင်ကုလားပင်အောက်ဆီပြန်လာတယ်။ နေကလည်းပူ ခုတစ်လော အလုပ်ကလည်းများလို့ ဝမ်းက မကြာမကြာချုပ်နေတော့ တိုက်အုပ် စိတ်သိပ်မရှည်နိုင်တော့ဘူး။ ဟကောင်တွေ လျှောက်တာ ငါ့အလုပ်၊ လုပ်တာ မင်းတို့ အလုပ်။ ဘာထိုင်လုပ်နေကြသလဲ၊ သွား လုပ်စရာရှိတာ လုပ်ကြချေလို့ မာန်လိုက်တယ်။ ဒီတော့သူ့တပည့်တယောက်က ပြန်ပြောတယ်.။ တပည့်တော်တို့ချင်း ဆူပါဗိုက်လုပ်လို့ မပြီးသေးဘူး ဘုန်းကြီးရတဲ့။ဘုန်းကြီးလေးက တစ်ခုခု ပြောထည့်လိုက်မလို့ပဲ.။ သို့ပေသိ တနေ့ဆီကတင် ဆရာတော်ကြီးဟောတဲ့ တရားထဲက ဥပေက္ခာပြုတန်ပြုရတာပဲ ဆိုတာကလေးပ ခေါင်းထဲ ဝင်လာတာနဲ့ပဲ ဘာမှမပြောဘဲ လှည့်ထွက်ခဲ့တယ်။
          ခုအလှူကိစ္စကတော့ ဒီလို။ဘမှန်ကြီး ဆုံးသွားတဲ့သတင်းကို တစ်လောဆီက ကြားရတယ်။ ဘမှန်တို့ မိသားစု ဒီကနေ အောက်ဘက်ဆီပြောင်းသွားကြတာ လေးငါးနှစ်လောက် ရှိပြီပဲ။လော်လီကားပိုင်တဲ့ ကိုထွန်းမောင်ကြီးက သူ့ယောက်ဖ ဂတ်က ဆာသင်ကြီးဆီက ကြားရတာ။အဲဒီညနေဆီကပဲ ကိုထွန်းမောင်က တိုက်အုပ်ကို လာပြီးလျှောက်တော့ ချက်ချင်းပဲ တိုက်အုပ်က ကိုထွန်းမောင်နဲ့အတူ ဆရာတော်ကြီးကို သွားလျှောက်လိုက်တယ်။ ဆရာတော်ကြီးက သူ့ထုံးစံအတိုင်း အနောက်ဘက်က ပြတင်းပေါက်ကို ကျောပေးပြီး ကျနေအလင်းရောင်နဲ့ စာကြည့်လေ့ရှိတယ်။သတင်းကြားလိုက်ရတော့ ဆရာတော်ကြီးက စိတ်မကောင်းဖြစ်သွားပုံရတယ်။ဘယ်လိုဖြစ်တာတုန်းလို့ တစ်ခွန်းပဲ ပြန်မေးလို့ ကိုထွန်းမောင်ကြီးက သူကြားရတာကလေး ပြန်ပြောပြတယ်။တစ်ညနေ မြစ်ထဲ ရေဆင်းချိုးရင်း စုတ်ဝဲနဲ့ ပါသွားတာလို့ ကြားရတာပဲ ဘုရားလို့ ပြန်လျှောက်တယ်။ ဆရာတော်ကြီးက ခဏကြာအောင် ဆင်ခြင်နေပုံရတယ်။ ပြီးမှာ သာသာခေါင်းခါပြီး မသိမသာပြုံးတယ်။ ကိုထွန်းမောင်ကြီးကတော့ ဘာမှန်းမသိဘူး။တိုက်အုပ်ကတော့ သူ့ဆရာ ဘာကိုဆိုလိုတယ်ဆိုတာ ချက်ချင်းရိပ်မိလိုက်တာနဲ့ နည်းနည်း သောက်ပြုထားပုံပဲလို့ စကားဝင်ထောက်လိုက်တယ်။ ဆရာတော်ကြီးက ခေါင်းညိတ်လိုက်ရင်း ဖြစ်ရမယ် ဖြစ်ရမယ်လို့ပဲ ပြောပြီး ရပ်နေတယ်။ ဘယ်သူကမှ ဘာမှဝင်မလျှောက်ရဲကြဘူး။အတော်ကြာကာမှ တိုက်အုပ်ဘက်လှည့်ရင်း မိန့်တယ်။ မောင်ဥာဏ် ဘမှန်ကြီးအတွက် ဆွမ်းကျွေးလေး လုပ်ကြရအောင် မင်းစီစဉ်စမ်း။သူ့အယူသူ့အတွေးကတော့ တစ်ပိုင်းပေါ့ကွယ်။ လူကတော့ လူကောင်းပါ။တို့များအနေနဲ့က လုပ်နိုင်ကိုင်နိုင်တာလေးလုပ်ပေးကြရတာပေါ့။ဒီတော့မှ ကိုထွန်းမောင်ကြီးက လာမယ့်တစ်ပတ်ဆယ်ရက်မှာ တစ်လပြည့်မယ်ထင်တယ် ဘုရား၊ တပည့်တော်ယောက်ဖကို အသေအချာထပ်မေးကြည့်လိုက်ဦးမယ်လို့ ဖြည့်ပြောတယ်။ဒီလိုဖြင့် တစ်လပြည့်ဆွမ်းပေါ့ကွယ်လို့ပဲ ဆရာတော်ကြီးက မိန့်လိုက်တော့တယ်။ ဒီလိုနဲ့ပဲ ဘမှန်အတွက် ဆွမ်းကျွေးပွဲ ဖြစ်လာရတာ။
          ဘမှန်အကြောင်းကတော့ဖြင့် ပြောဦးမှ။ ဒီဘက်ထဲဆီကို သင်းတို့တရားဟောဆရာတွေ မရောက်တာ အတော်ကြာသွားပြီ။သင်းတို့အသင်းတော်က ပိုင်တဲ့ မြေပေါ်က အိမ်ကလေးတောင် အတော့်ကို ဟောင်းနွမ်းပျက်စီးနေပြီ။ တစ်နေ့တော့ဘမှန်တို့လင်မယားနဲ့ သားကလေး ရောက်လာကြတယ်။ ရောက်လာကစကတော့ ဘယ်သူမှ သိပ်ဂရုမစိုက်ကြဘူး။ဒါပေတဲ့ လက်သမားလုပ်တဲ့ မောင်ဆင်နဲ့ ကာလသားတွေက အိမ်ကလေး ဝိုင်းပြင်ဆင်ပေးကြတယ်။အဲဒီကတည်းက ဘမှန်မိန်းမကို ကာလသားတွေက မညွတ်ဘူး။ဒီဟာမကြီးက ရိုင်းသဗျ။ကျုပ်တို့ကို သူ့ကျွန်လို့များ ထင်နေသလားမသိဘူး။ဟိုဟာလုပ်စမ်း၊ ဒီဟာလုပ်စမ်းနဲ့.။ ဘမှန်ကြီးက ကောင်းပေလို့။မဟုတ်ရင် ကျုပ်တို့ ဆက်မလုပ်တော့ဘူးလို့ ဆိုပြီး ပြောကြတယ်။နောက်တော့ ဘမှန်က အငြိမ်းစားကျောင်းဆရာညီနောင် ဦးအေးမောင်၊ ဦးလှမောင်တို့နဲ့ အဖွဲ့ကျသွားတယ်။ အမှန်မှာတော့ ဒီကျောင်းဆရာကြီးညီနောင်နဲ့ အဖွဲ့ကျဖို့က သိပ်မလွယ်လှဘူး။လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတစ်လျှောက်မှာ သူတို့ညီအစ်ကိုက ဒီတစ်ကြောမှာဖြင့် အမျိုးဘာသာ သာသနာကို သူတို့ထက် စောင့်ရှောက်ခဲ့တဲ့လူ မရှိဘူးလို့ကို ထင်တာ။ ဒီအကြားထဲ ပြည်ဆရာကြီး ဦးဘဘေရဲ့ စာအုပ်ကတည်း တစ်အုပ်လုံးလိုလို အလွတ်ရထားတော့ ဒွတ်ဒက် ရွှတ်ရှက်ကလည်း ပြောသေး။လက်ဖက်ရည်ကြမ်းဝိုင်းကောင်းကောင်းမှာ မြည်းစရာ လက်ဖက်သားကျကျဆီစိမ်ထားတာကလေးများ ပါလို့များကဖြင့်တော့ ဦးလှမောင်ကြီး လေမုန်းတိုင်းထဲမှ ဘယ်သူမှ သူ့လို မျိုးချစ်စိတ်ထက်သန်နိုင်တာ မရှိတော့ဘူး။ရင်ဆိုင်တိုက်မလာပေတဲ့လည်း ထမင်းထုပ်လိုက်ဝေရာမှာ တစ်ခါနှစ်ခါ ပါဖူးတာကိုး။ဒီတော့လည်း အာဘောင်အာရင်းက သန်နိုင်သပေါ့။ မျိုးချစ်စိတ်ဆိုတာ ဒိုးပစ်လှိမ့်သလို မထိတောင် အထွားနဲ့ နိုင်ဖို့ လိုသကွဲ့ဆိုတာမျိုးနဲ့ စတော့တာ။အရင်ကဆို ဘမှန်လို စာနီစာဖြူဒီဘက်ရောက်လာရင် ကျောင်းဆရာကြီး ညီနောင်နဲ့တိုးတာနဲ့ တစ်ချီဂိုးရတော့တာပဲ။ဘမှန်နဲ့ကျတော့ အဲဒီလိုမဟုတ်ဘူး။သူတို့ညီနောင်ကပဲ ဘမှန်ကို ဆရာတော်ကြီဆီ ခေါ်လာပေးတာ.။
          တံတားထိပ်ကားဆိပ်က အာ့စိန်ကြီး အပြောကဖြင့် ကျောင်းဆရာကြီးညီနောင်နဲ့ ဘမှန်တို့ မြို့ကအပြန်ကားဆိပ်မှာ ထွန်းမောင်ကြီးရဲ့ ကားကြုံစောင့်ကြရင်း တွေ့ကြသိကြတာပဲတဲ့။ ဘယ်လိုက ဘယ်လို စကားလက်ဆုံကြသွားတယ်တော့ မသိဘူး။ ကားစောင့်ရင်း အာ့စိန်ကြီးဆိုင်နောက်ခန်းထဲမှာ တစ်ခွက်တစ်ဖလားနဲ့ ဝိုင်းဖြစ်သွားကြသတဲ့။ ဘမှန်ကပဲ ပေးသတဲ့။တကယ်တော့ ဘမှန်က လူပေါင်းကောင်းတော့ လူဝင်ဆန့်တယ်ဆိုတဲ့ လူမျိုး။ဆရာတော်ကြီးနဲ့ လာတွေ့တုန်းကဆို တိုက်အုပ်တောင် အတော်အံ့အားသင့်မိတယ်။တပည့်တော်ကို ဆရာဒကာရင်းမှတ်ပါဘုရားဆိုပြီး ဘမှန်းက လက်အုပ်ချီတော့တာ။သမိုင်းနဲ့ ဘာနဲ့ မှတ်တမ်းတင်ရင်တော့ ဆရာဒကာ စီမံကိန်းဆိုတာ ဘမှန်လက်ထက်ကတည်းက စတာဖြစ်လိမ့်မယ်။ သူက သူတို့စာတွေတင်မကဘူး။တိုက်အုပ်တို့ ရွတ်တဲ့ဖတ်တဲ့ ဘုရားစာ တရားစာတွေတောင် ရတယ်။ဆရာတော်ကြီးတောင် အတော်အံ့သြနေပုံရတယ်။ ပြန်ခါနီးကျတော့ တပည့်တော်ကို ခိုင်းစရာရှိ ခေါ်ပါလို့ ဆရာတော်တင်မကဘူး တိုက်အုပ်ကိုတောင် ပြောသွားသေးတယ်။ နောက်ပိုင်းမှာ ကျောင်းကို အဝင်အထွက်ရှိလာပြီး တစ်ခါတလေ မနက်ပိုင်းဆရာတော်ကြီး ဆွမ်းဘုန်းမပေးခင် အတော်ကြာအောင် လာစကားပြောလေ့ရှိတယ်။ညနေပိုင်းတော့လာခဲတယ်။ မလာဆို သောင်းရင်တို့ သားအဖရဲ့ထန်းတဲဖက် ခြေဦးလှည့်ထားလို့တဲ့။ သောင်းရင်တို့ သားအဖတဲဆီမှာ ကာလသားတွေ စုံတယ်။သူကြီးတူ မောင်မူတို့၊ တောင်ရွာက မောင်တာတို့လည်း လာတတ်ကြတယ်။ကာလသားတွေနဲ့ ကြုံရင်တော့ ဘမှန်ကြီးကပဲ တိုက်သွားတတ်သတဲ့။ တစ်ခါတော့ ကာလသားခေါင်းသောင်းစိန်က ဘမှန်ကြီးကို မေးတယ်။ ကျုပ်မသိလို့ မေးစမ်းပါရစေဗျား။ စာဖြူတို့ စာနီတို့ဆိုတာ ဘာတုန်း။ ခင်ဗျားကကော ဘာတုန်း တဲ့။ ဒီတော့ ဘမှန်က ထန်းရည်ခွက်ကို လက်ညှိုးထိုးပြရင်း မင်းတို့နဲ့ ပေါင်းတော့ ငါက စာငှက်ခါးရောင်ပေါ့ကွာလို့ ပြောပြန်တယ်။ကျောင်းတိုက်ကြီးဆီ အဝင်အထွက်များလာပြီး ဆရာတော်ကြီးနဲ့ အတော်ရင်းနှီးလာတော့တစ်နေ့ ဆရာတော်ကြီးက ဘမှန်ကို မေးတယ်။ဘမှန်းကြီး၊ ညနေတိုင် ခင်ဗျား သောင်းရင်တို့ သားအဖတဲဆီ စာကျက်ကျနေတယ်ဆိုပါလားဆိုတော့ ဘမှန်က အမှန်အတိုင်းဖြေတယ်။ဖြေပုံက လှတယ်။ လူငယ်တွေနဲ့ စကားစမြည် ပြောဖြစ်ရုံပါဘုရား၊ လေကြေတယ် ဆိုရုံပါဘုရားလို့ ပြန်လျှောက်တယ်။ဆရာတော်ကြီးတော့ အေအေ ဘာပဲဖြစ်ဖြစ်မလွန်စေနဲ့ လို့ပဲ သာသာထိုထို ဆုံးမလိုက်တယ်။
          တစ်ချီတော့ ကာလသားခေါင်း သောင်းစိန်တို့လူသိုက်က ဘမှန်ကို သွေးတိုးစမ်းဖို့ ကြံတယ်။ အဲဒါက ဒီလို။ သီတင်းဝါလကျွတ်လို့ ကျောင်းတိုက်ကြီးမှာ စာလာလိုက်တဲ့ကိုယ်တော်တွေ ပါးတဲ့အချိန်လောက်မှာ ကုဋီကျင်းအသစ်တူးဖို့ လုပ်လေ့ရှိတယ်။ မြေမှာ ရေကျန်ရှိတော့ တူးလို့ ကောင်းတဲ့ အချိန်။ကုဋီကျင်းတူးဖို့ စီစဉ်တော့ သောင်းစိန်က ဟေ့ ငါတို့ဘမှန်ကြီး ခေါ်လိုက်ကြရအောင်လို့ ပြောတယ်။ အဲဒီတုန်း မောင်မူနဲ့မောင်တာကလည်း ရှိနေတော့ ကောင်းသားကွ။ လူလာမလား လေလာမလားကြည့်ရအောင်လို့ ပြောပြီး အားပေးတယ်။ဒါနဲ့ပဲ ဘမှန်ဆီ ကျောင်းသားကလေးလွှတ်ပြီးအကြောင်းကြားလိုက်တာ နောက်နေ့တော့ ဘမှန်ရောက်လာတယ်.။ သိပ်စောင့်မနေရဘူး.။လာဟေ့ တူးစို့လို့ သူက ပြောတော့တာပဲ။ သူက ဦးဆောင်ပြီး မြောက်ဘက်ကျင်းကို စတူးတာ။သောင်းစိန်တို့လူသိုက် ဘာလုပ်ကြရမှန်းမသိဘူး ဖြစ်ကုန်ကြတော့တယ်။ ကျင်းစတူးပြီးလို့ အတော်ကြာတော့ တိုက်အုပ်ရောက်လာတယ်။ တွေ့လိုက်တော့ ဘမှန်ကြီး ဘာလုပ်နေတာတုန်းလို့ မေးတယ်။ တပည့်တော့ ကုဋီကျင်း တူးနေတာပါဘုရား။ ကိုယ်တော်၊ ကုင်္ဋီကျင်းတူးတာမှာ ဆူပါဗိုက်လုပ်စရာမလိုဘူး။ တခြားသွားချေလို့ လှမ်းပြောလို့ တိုက်အုပ်တပည့်တွေက ရယ်လိုက်ရသေးတယ်။ ပြောဆိုနေကြတုန်း မနက်ပိုင်း စင်္ကြန်လျှောက် ထွက်လာတဲ့ ဆရာတော်ကြီးပါ အနားရောက်လာတယ်.။ဆရာတော်ကြီးနဲ့ အတူ သူကြီး ဦးကံရလည်း ပါလာတယ်။ တွေ့လိုက်တာနဲ့ ဆရာတော်ကြီးကလည်း ဘမှန်ကြီး ဘာလုပ်နေတာတုန်းလို့ မေးပြန်ရော။ တပည့်တော် ကုဋီကျင်းတူးနေတာပါဘုရားလို့ ဆိုတော့ ဆရာတော်ကြီးက ချက်ချင်းရိပ်မိတယ်။ကျင်းခါ်းလယ်ကနေ ခေါင်းထောင်ကြည့်နေတဲ့ ဘမှန်ကို ခင်ဗျားတော်ပြီ၊ တက်ခဲ့တော့လို့ ပြောပြီး သောင်းစိန်တို့လူသိုက်ကို လှည့်ကြည့်လိုက်ရင်း မင်းတို့ကွာ လူကြီးကို မတော်မတည့်ခိုင်းရတယ်လို့ ပြောပြီး ဟိုကောင်တွေ မင်းတို့လူသိုက် နောက်တစ်ကျင်းထပ်တူးလို့ ပြောပြီး ဒဏ်ခတ်လိုက်တယ်။ ဆရာတော်ကြီးက ပြောမယ်ဆိုလည်း ပြောစရာပဲ။ဘမှန်က သူကြီး ဦးကံရနဲ့ဆို သက်တူလောက်ရှိကြတာ။ သူကြီးဦးကံရကတောင် ခင်ဗျားဗျာ ကလေးတွေ ခေါ်ခိုင်းတိုင်း လုပ်ရသလားလို့ ဘမှန်ကို မြည်လိုက်သေးတယ်။ သူကိုယ်တိုင်ကလည်း ဘမှန်ကို ခင်တယ်။ ခင်ဆို တစ်ခါက လူထူထူ အလှူပွဲတစ်ခုမှာ ဘမှန်က ပြောဖူးတယ်။ ဟေ့ ရန်သူမျိုး ငါးပါးထဲမှာ တို့သူကြီးမပါဘူးလို့။ သူကြီးလည်းဒီစကားတစ်ခွန်းနဲ့ ကြွေရတော့တာပဲ။ ကြွေသမှ ဖုန်းခနဲ မြည်သွားလို့ ဘမှန်နဲ့ဆို ခေါင်းကို မထောင်နိုင်ဘူး။
          လူမှန်သမျှ အဆင်ပြေအောင် ပေါင်းနိုင်တာက ဘမှန်ရဲ့အရည်အချင်းပဲလား။သူတို့ရဲ့ ဘုရားသခင်ဆိုတာကြီးက ပေးထားသလားတော့ မသိဘူး။အနောက်ဘက်ဆီက အီစမံအင်မောင်ခင်ကတောင် ဘမှန်ကြီးကို အတော်ခင်သွားရှာတယ်။ဒီဘက်ကမ်းက သူ့သား ကာဆင်ဘိုင်တို့ မာမက်တို့ဆီလည်း ဘမှန်က ဝင်လေ့ထွက်လေ့ရှိတယ်။ခင်လွန်းလို့ အီစမံအင်ကြီးက ဘမှန်ကို ပြောထားရသေးတယ်။ ငါ့သားတွေနဲ့ ခင်တာ အကြောင်းမဟုတ်ဘူး။ မင်းတို့ဘက် မဆွယ်နဲ့လို့။ ပြောမယ်ဆိုရင်တော့ ဘမှန်က အတင်းရော အဓမ္မရော လူတွေ ခင်အောင် လျှောက်လုပ်နေတာတော့ မဟုတ်ဘူး။သူ့ဘာသာ လုပ်ကိုင်နေရင်း ခင်သွားကြတာပဲ။ကနေ့ မနက်စောစော အလှူပွဲအတွက် ချက်ရင်း ပြုတ်ရင်း အရီးမမြတင်က ပြောပြောပြီး မျက်ရည်ကျသေးတယ်။ ဘမှန်ကြီးက ပြောသတဲ့။မြတင် ခင်ဗျား ယာအစွန်က ပစ်ထားတဲ့အကွက် ကျုပ်ကိုပေးတဲ့။ ဒီတော့ အရီးက မေးတယ်။ဘာလုပ်ဖို့တုန်းလို့ဆိုတော့ ကျုပ်သား မိုက်ခဲဖို့ပါဗျာ။မတော် ကြီးလာလို့ မလုပ်စားမကိုင်စားတတ်များဖြစ်နေရင် လုပ်စားဖို့ပေါ့။သူ့အမေလိုမျိုးဖြစ်နေရင် ဘယ်သူကမှ လှည့်ကြည့်မှာမဟုတ်ဘူးလို့ ပြောသတဲ့။ ပြီးတော့ အရီးက ပြောသေးတယ်။ အမှန်မှာတော့ ဘမှန်ကြီးက ပျော်စေပြက်စေပြောတာပါ။ ဒါပေတဲ့ ကျုပ်ကိုတွေ့တိုင်းပြောပြီးရယ်တယ်။ဒါပေတဲ့ အရီးမမြတင်က အတော်မာတဲ့လူမျိုး။သူ့ယာသူကိုင်ပြီး ယောက်ျားသားတွေနဲ့ ဒိုးတူပေါင်းဖက်လုပ်နိုင်တဲ့လူမျိုး။ စိတ်မာတယ်။ ဒါပေတဲ့ ဘမှန်အကြောင်းပြောရင်း မျက်ရည်ကျရှာတယ်။
          ဘမှန်အတွက် ရည်စူးလုပ်တဲ့ ပွဲကတော့ ထုံးစံရှိတဲ့ အတိုင်း တိုက်အုပ်ဆူပါဗိုက်လုပ်တာပဲ။ သို့ပေသိ မှန်းထားသလို မဖြစ်ပြန်ဘူး။ မှန်းထားသလူိုမဖြစ်ပေသည့် မဖြစ်-ကောင်းချည်းပဲလို့ ပြောရလိမ့်မယ်။ဆရာတော်ကြီးဆီက ညွှန်ကြားချက်ရပြီးတော့ သူ့တပည့်တွေ ဒကာတွေနဲ့ ဆွမ်းစားဆောင်မှာ စုပြီး စကားပြော ဆွေးနွေးကြတယ်။ဘာမှပြဿနာမရှိဘူး၊ ညီညီညွတ်ညွတ်ပဲ။ဦးကြွိကပဲ ကျုပ်တာဝန်ယူချက်မယ်။ဒီကောင်တွေ ကျုပ်ကို ဝိုင်းကူခိုင်းလို့ ဘုန်းကြီးလေးကို ပြောတော့ ဘုန်းကြီးလေးက ဘာမှမပြောရသေးခင် အားလုံးက လိုလိုလားလားနဲ့ ကူဖို့အသင့်။လူကြီးတွေကလည်း သူတို့နိုင်သလို ဆန်တစ်အိတ် တစ်ခွဲပါကြမယ်လို့ အာမခံကြတယ်။ဒါပေတဲ့ အလှူပွဲရက်က ရှိနေသေးတော့ သတင်းက ပျံ့သွားတယ်။အရီးမမြတင်ခေါင်းဆောင်တဲ့ အရပ်ထဲက မိန်းမတွေက သူတို့လည်းတတ်နိုင်သလောက် ချက်ပြုတ်ပေးချင်ကြတယ်။ဝက်ပေါ် ကြက်ပေါ်ပေးမယ့်သူတွေလည်း ရှိတယ်။ဒိပြင် အနောက်ဘက်ကမ်းဆီက အီစမံအင်ကြီးကတောင် သူ့ချွေးမကို လွှတ်ပြီး ဆိတ်သားဟင်း ချက်ခိုင်းချင်သတဲ့။အာ့စိန်ကြီးကလည်း သူကိုယ်တိုင် ဘဲကင်မယ်တဲ့။ဒီတော့ တိုက်အုပ် ခေါင်းရှုပ်ရပြန်တယ်။ဆရာတော်ကြီးကို အကျိုးအကြောင်း သွားလျှောက်တော့ ဆရာတော်ကြီးက မိန့်တယ်။အဆင်ပြေအောင် လုပ်တဲ့။ဒီတော့ တိုက်အုပ် စိတ်ထဲမှာတွေးမိတယ်။ငါလည်း ညံ့တော့ ညံ့တာပဲ။ဆရာတော်ကြီးဆီက ဒီလိုကြားရတဲ့ အကြိမ်ကို မနည်းလှဘူး။အေးဗျာ၊ဆရာတော်ကြီးကတော့ လူကြီးကိုး။လူကြီးဆီက ဒီလောက် အကြံရတာကိုက ဘယ်နည်းမလဲလို့ ကောင်းတဲ့ဘက်က တွေးရင်း သဗ္ဗေသတ္တာဝေနေယျာ ချမ်းသာကိုယ်စိတ်မြဲပါစေလို့ပဲ ရှိရှိသမျှကို အနောဓိသ မေတ္တာလွှတ်ပြီးပို့လိုက်ရတော့တယ်။
          ဒီတော့ ဆွမ်းစားကျောင်းထဲမှာ အစည်းအဝေးထိုင်ကြပြန်ရော။အဓိက ပြဿနာကတော့ မီးဖိုပြဿနာ။ ဦးကြွိက သူ့မီးဖိုထဲ ဘယ်သူ့မှ အဝင်မခံဘူး။မီးဖိုခန်းဟာ သူ့အိမ်၊သူ့ယာ.။သူ့နိုင်ငံတော်၊ သူ့အလံ သူလွှင့်ထားတာ။ဂတ်က ဆာသင်ကြီးလာရင်တော့ ကျုပ်မီးဖိုထဲ ခင်ဗျားမဝင်နဲ့ လိုချင်တာပြော ကျုပ်ယူပေးမယ် လို့ အမိန့်ထုတ်ထားတာ။ နောက်ဆုံး တိုက်အုပ်နဲ့ အတူ မောင်မူတို့ မောင်တာတို့ အပြောကောင်းတာနဲ့ အီစမံအင်ကြီးချွေးမကိုကိုတော့ သူ့မီးဖိုခန်းထဲမှာ ချက်ဖို့မီးဖို တစ်ဖိုပေးမယ်လို့ လက်ခံတယ်။ ပေးရတာက သူတို့ချက်ပုံပြုတ်ပုံ ပစ္စည်းပစ္စယကိုင်တွယ်ပုံတွေက မတူဘူး။ရောရောနှောနှော မရှိချင်ဘူး။တိုက်အုပ်အနေနဲ့ အီစမံအင်ကြီးရဲ့ သဒ္ဓါပျက်မသွားစေချင်ဘူး။အရပ်ထဲက မိန်းမတွေနဲ့တာလမ်းဟိုဘက်က ကျောင်းဆရာစံတင်တို့ လူသိုက် ချက်ဖို့ ပြုတ်ဖို့တော့ ဆွမ်းစားကျောင်း နောက်ဘက်ဆီမှာ အဖီထိုးပေးမယ်လို့ မောင်မူတို့က တာဝန်ယူလိုက်တယ်။ဒါနဲ့တောင် မပြတ်ချင်ဘူး။မိန်းမတွေထဲက တစ်ယောက်က ဦးကြွိကြီးက နားသံသီးနဲ့ ကုလားမကလေးကိုတော့ မျက်နှာသာပေးတယ်လို့ မကြားတကြားပြောပြီး နောက်လိုက်တာ ကြားသွားတာနဲ့ ဦးကြွိက ဒီလိုဖြင့် ဘယ်သူမှ ငါ့မီးဖိုထဲ အဝင်မခံဘူးရယ်လို့ မူသစ်ကို လက်မခံတော့ဘဲ အခြေခံမူကိုပဲ အတည်ပြုလိုက်လို့ မနည်းဝိုင်းတောင်းပန်ကြရသေးတယ်။ ဒီလိုနဲ့ပဲ ဘမှန်အတွက် တစ်လပြည့် ဆွမ်းကျွေးပွဲ အထမြောက်သွားတယ်။တရားတိုက်က ကိုယ်တော်တွေလည်း ကြွတယ်။မှန်းထားတဲ့အတိုင်း လူအတော်လာကြတယ်။တံတားထိပ်ကားဆိပ်က ဆရာဝန်ကလေးတို့၊ လိုင်စင်စီ ငထိုက်ကြီးတို့၊ မာမက်တို့၊ ကာဆင်တို့တစ်တွေ၊ အကုန်လာကြတယ်။ အာ့စိန်ကြီးလည်း သူကိုယ်တိုင်ကင်တဲ့ ဘဲငါးကောင်းနဲ့ လာတယ်။ ဆာသင်ကြီးလည်း လာတယ်။ တရားနာဖို့ ကျောင်းကြီးပေါ်တက်တော့ ခြေအိတ်ချွတ်တယ်။ဆရာတော်ကိုယ်တိုင် တရားပေးပေတဲ့ ခါတိုင်းလို ပါဠိပတ်သားတွေ အများကြီးနဲ့ မဟောဘူး။နိပါတ်ပုဒ်တွေသိပ်မထည့်ဘူး။ ဒါပေတဲ့ ပရိသတ်က ဝမ်းမြောက်ကြရတယ်။အဲဒီအထဲမှာ အကျဆုံးကတော့ ဆရာတော်မိန့်တဲ့အထဲက သူ့ဘာသာ ဘယ်အယူရှိရှိ ဘယ်လိုတွေးတွေး သူရောက်ရာ အရပ်ကနေ ခင်ဗျားတို့ကို ကြည့်နိုင်မြင်နိုင်ခဲ့ရင်ဖြင့် ဝမ်းမြောက်မှာပါ။ ခင်ဗျားတို့ အားလုံးဟာ သူမရှိတော့တဲ့အတွက် တွေးပြီး ဝမ်းနည်းနေကြမယ့်အစား သူရှိခဲ့ခြင်းကို အသိအမှတ်ပြုကြပါကလားလို့ သူမြင်ပြီး တန်ဖိုးထားမှာပါဆိုတဲ့ စကားပဲ။ နားသံသီးကလေးနဲ့ ကုလားမကလေးက လက်အုပ်ကလေးချီပြီး တရားနာနေတာ တွေ့လိုက်ရတော့ အရပ်ထဲက မိန်းမတွေလည်း သိပ်မလှုပ်သာဘူး။ ပရိသတ်တွေကို ကျွေးမွေးတဲ့ အချိန်မှာ တိုက်အုပ်ကို မြင်လိုက်ကြရသေးတယ်။ ထုံးစံအတိုင်း ဧကသီအဖျားစကို လက်နဲ့ အသာမပြီး လက်နှစ်ချောင်းနောက်ပစ် ဟိုလျှောက်ဒီလျှောက်နဲ့ရယ်။ အတော်ကြာတော့  ပျောက်သွားရော။ သူ့ရဲ့ လက်ငုတ်လက်ရင်း တပည့်တွေဖြစ်တဲ့ မောင်မူနဲ့ မောင်တာတို့ကတော့ သိလိုက်တယ်။ခုလောက်ဆို တို့ကိုယ်တော်တော့ဖြင့် ဂန္ဓကုဋီတိုက်ကလေးထဲဝင် အတွင်းက မင်းတုပ်ထိုးပြီး တစ်မှေးမှေးလောက်ပြီလို့။
          ဆွမ်းစားကျောင်းထဲမှာ သိမ်းဆည်းပြီင်္းကြလို့ လုပ်ကိုင်ကြတဲ့ လူတွေ ဟိုတစ်ဝိုင်း ဒီတစ်ဝိုင်း ဝိုင်းရင်း စကားစမြည်ပြောနေတုန်း တိုက်အုပ် ပြန်ရောက်လာတယ်။လမ်းမှာ ကိုရင်ကြီးစံမောင် ကပ်လိုက်တဲ့ စမုန်စပါးများများနဲ့ကွမ်းဝါးလာပုံရတယ်။ဆွမ်းစားကျောင်းပေါ်တက်လာတော့ ဝိုင်းဖွဲ့ပြီး စကားပြောနေကြတဲ့ သူတွေက ဘုန်းကြီးလေးကို တစ်ချက်လှည့်ကြည့်လိုက်ပြီး သူတို့ဘာသာ စကားဆက်ပြောနေကြတာနဲ့ပဲ တံခါးဝနားဆီက အရီးမမြတင်တို့ဝိုင်းဘက်ကို တိုက်အုပ်လျှောက်သွားလိုက်တယ်။အရပ်ထဲက မိန်းမတွေကတော့ နားသံသီးနဲ့ကုလားမကလေးအကြောင်း အတင်းချလောက်ပြီလို့ တွက်ကြည့်လိုက်မိပေတဲ့ မှားသွားတယ်။ သူကြားလိုက်ရတာကတော့ ဘမှန်ကြီးရဲ့ မိန်းမအကြောင်း ပြောနေကြတာ။တိုက်အုပ်တောင် ဘမှန်မိန်းမကို မေ့နေတယ်။ ဒီမှာ နေကြစဉ်ကတည်းက လေးငါးနှစ်အတွင်း လေးငါးခါပဲ မြင်ဖူးခဲ့တာကိုး။လူကောင်က ကြီးကြီး အသံက ကျယ်ကျယ် ဘမှန်လို မဟုတ်ဘူး။ ဘမှန်က ပိန်ပိန်ရှည်ရှည် ကလန်ကလား။ အရီးပြောသလို ပြောရရင်တော့ မ,ကရတာ ကြာလို့ နံရံမှာ ချိတ်ထားတဲ့ ရုပ်သေးရုပ်များလို။ သင်္ဘောဆေးပေါ်တက်နေတဲ့ မှိုလို ညိုမှောင်မှောင်။ စကားပြောတော့ အတော်ချောတယ်။သူ့မိန်းမက သူနဲ့ ဆန့်ကျင်ဘက်ပဲ။ဘုန်းကြီးလေး အနားကိုရောက်သွားတော့ ပြောနေတာက အရီးမစိန်ကြုတ်ရယ်။ သူက ဓာတ်ဆရာဦးမှန်ရဲ့ အိမ်သူ။ ကျုပ်ကတော့ ကိုယ်တွေ့ကြုံလို့ ယုံရတာပါတော်။သူ့ကို အများတကာက ဇော်ဂနီ ဇော်ဂနက်ဘာညာပြောပေတဲ့ ကျုပ်မယုံဘူး။ဖြစ်ချင်တော့ တစ်ညနေ သူက ရှေ့က၊ ကျုပ်တို့သုံးယောက်သားက နောက်ခပ်လှမ်းလှမ်းက။ မောင်တာကြီးတို့ အိမ်ဝိုင်းနားဆီက ဖြတ်လာကြတာ။ညည်းတို့သိတဲ့အတိုင်းပဲ။ မောင်မူတို့ မောင်တာတို့မှာအမဲလိုက်ခွေးကြီးတွေ ရှိတာ။ဘယ်လိုအချိန်မျိုးမှာပဲ ဖြတ်သွားဖြတ်သွား ခွေးကြီးတွေက လှမ်းဟောင်တာပဲ။ အဲဒီနေ့ကတော့ မယ်မင်းကြီးမ ဖြတ်သွားတာ ခွေးတွေက တစ်ချက်မှ မဟောာင်ဘူး။ အရီးစိန်ကြုတ် စကားမဆက်ခင် တစ်ယောက်က ဖြစ်မေးတယ်။ အရီးတို့ဖြတ်တော့ကောတဲ့။ ကျုပ်တို့ ဖြတ်တော့လား သေချင်ဆိုးခွေးက ဟောင်ပါသတော်။ကျုပ်ဖြင့် လန့်သွားလို့ နောက်ဘက်ကကျော ရှေ့ရောက်လာသလားလို့တောင် ထင်ရတယ်လို့ အရီးက ပြန်ဖြေတယ်။
          ညည်းယောက်ျားဆီက ဆေးလေး အင်းလေးတောင်းပြီး ဆောင်မထားဘူးလားလို့ အရီးမမြတင်က ဝင်မေးပြန်တယ်။ ရှိပါသော်ကော မြတင်ရယ်လို့ အရီးစိန်ကြုတ်က ပြန်ဖြေပြီး ညည်းလည်း သိသားပဲ။ ဥုံ စိတ္တံ ပန္နမဟိတ် ရွတ်ရတာ။ ဒီခွေးနဲ့တော့ ဘာမှမထူးဘူး။ထူးတာက ဘမှန်ကြီး မိန်းမ။ခွေးလည်း မဟောင်ဘူး။အကြောက်အလန့်လည်း မရှိဘူး။အရီးစိန်ကြုတ် စကားနားလိုက်တော့ တစ်ယောက်က ထောက်ပြန်တယ်။ကဝေတို့ ဘာတို့ဆို ခွေးမဟောင်ဘူးလို့ ကြားဖူးတယ် အရီးရဲ့တဲ့။ ဒီတော့ တိုက်အုပ်လည်း မနေနိုင်တော့ဘူး။ ဘမှန်ကြီးမိန်းမက ကြမ်းတယ်၊ ရိုင်းတယ်၊ ရမ်းတယ်၊ သူ့ယောက်ျားကိုတောင် လူ့ရှေ့သူရှေ့မှာ ဟဲ့ကောင်လို့ ခေါ်တဲ့ မိန်းမမျိုး။ သို့ပေသိ ဘမှန်က ထင်းပုံခေါင်းချ ပေါင်းသွားတာ.။ စုန်းကဝေရယ်လို့တော့လည်း မယိုးစွပ်သင့်ပေဘူး။ဘုန်းကြီးလေးလည်း အရီးမမြတင်တို့ဝိုင်းနားဆီလျှောက်သွယးရင်း ကျုပ်နဲ့တော့ မဆိုင်လှဘူး။ သို့ပေသိ ခင်ဗျားတို့ ဟာက မဟုတ်သေးပါဘူး။သူများ သားသမီးကို စုန်းရယ် ကဝေရယ်လို့ ဆိုရအောင်….။ ဘုန်းကြီးလေး ပြောလို့မှ မပြီးသေးဘူး။ အရီးစိန်ကြုတ်ကလှမ်းပြောပြီး ကိုယ်တော်နှယ့် ရနီတို့၊ ရဝါတို့ ၊ ပိတ်တုတို့ ဆိုတဲ့ စုန်းတွေက ကမ္မဇိဒ္ဓိတန်ခိုးရှိတယ်လို့ ပြောလိုက်တယ်။ဒီတော့ တိုက်အုပ်က သို့ပေသိဗျာ….လို့ စကားဆက်မယ် ပြင်ရသေးတယ်။ အရီးမမြတင်က သို့ပေသိမနေနဲ့ ကိုယ်တော် ဟိုဘက်က ကိုယ်တော့် တပည့်တွေဆီကြွ…။ညနေဘက် သောင်းရင်တို့သားအဖတဲဆီမှာ ဘမှန်အတွက် အမှတ်တရပွဲလုပ်မလို့စိုင်းပြင်းနေကြတယ်။ကားဆိပ်က အကောင်တွေကလည်း ပုလင်းတွေ ယူလာကြတယ်။ကျုပ်တို့ ပြောဆိုနေတာတွေက ဘာမှမဖြစ်လောက်ဘူး။ ကြွ ဟိုဘက်ကိုလို့ ပြောင်ပြောင်ချည်းနှင်လွှတ်တယ်။ဘုန်းကြီးလေးလည်း စကားမဆက်တော့ဘဲ ယောက်ျားတွေဝိုင်းဆီ ခေါင်းလှည့်လိုက်တယ်။ ယောက်ျားဝိုင်းထဲမှာတော့ လူစုံတယ်။ မောင်မူတို့ မောင်တာတို့ရော၊ ဆာသင်ကြီးတို့ အာ့စိန်ကြီးတို့ေ၇ာ။ သူလှမ်းကြည့်လိုက်တုန်း အဲဒီဝိုင်းက အသံတိုးသွားတယ်။ သဘောကတော့ သူ့ကို မကြားစေချင်လို့ပဲလို့ တွက်ကြည့်လိုက်မိတယ်။သင်းတို့တစ်တွေလည်း ပင်ပင်းကြရှာတယ်။ ငါ လုပ်စရာရှိတာတွေလည်း ပြီးပြီပဲ။တစ်လောကလုံးကိုတော့လည်း ငါ့ပခုံးနဲ့ ထမ်းမထားနိုင်ဘူးလို့တွေးမိပြီး ဆွမ်းစားကျောင်း အပြင်ဘက်ဆီ ပြန်လှည့်လိုက်မိတော့တယ်။ ဒီတုန်းမှာပဲ ဆရာတော်ကြီးရဲ့ ဥပေက္ခာပြုတန်ပြုရတာပဲဆိုတဲ့ အဆုံးအမက ခေါင်းထဲ ပြန်ဝင်လာတယ်။
          ဆွမ်းစားကျောင်းကနေ ထွက်လာတော့ တိုက်အုပ်ခမျာ ဘယ်သွားရမှန်းမသိဘူး။ ညောင်ကုလားပင်းအောက်ကို လှမ်းကြည့်လိုက်တော့ ကိုရင်ကြီးစံမောင်ကို တွေ့လိုက်ရတယ်။အဲဒီဆီမှာ ကိုရင်ကြီးစံမောင် ထိုင်နေတာ ဘယ်လောက်ကြာသွားပြီလဲ မသိဘူး။ ကိုရင်ကြီးစံမောင် ကျောင်းဝင်းကိုကျော်ပြီး အပြင်ဘက်ကို ကြည့်နေတယ်။တိုက်အုပ် တွေးကြည့်မိလိုက်ပြန်တယ်။ကိုရင်ကြီးစံမောင်မှာတော့ ဘာမှ ပူပင်စရာ တွေးစရာရှိပုံမရဘူး။ဥပေက္ခာပြုတယ် ဆိုပေသိ ပြုတတ်မှကိုး။ဥပေက္ခာပြုတယ်ဆိုတာက ခုနကလို ဂန္ဓကုဋီတိုက်ကလေးထဲသွား၊ အထဲက မင်းတုပ် ထိုးထားလိုက်ပြီး တစ်မှေးလောက် မှေးလိုက်ရတာမျိုးဆိုရင်တော့ ကောင်းမှာ။ မဟုတ်ရင်လည်း စမုန်စပါးများများနဲ့ ကွမ်းတစ်ယာ ထပ်ဝါးရရင် ကောင်းမှာလို့တွေးရင်း ကိုရင်ကြီးစံမောင် ထိုင်နေတဲ့ ညောင်ကုလားပင်အောက်ဆီ လျှောက်လာလိုက်မိတော့တယ်။။။။။။။


မြင့်သန်း
အမှတ်(၆၈)၊ နိုဝင်ဘာလ၊ ၂၀၁၁

Featured Post

ကဗျာအဖြစ် ရေးထားတဲ့ နိုင်ငံရေးနဲ့ နိုင်ငံရေးကဗျာ

လန်းပန်ဘက်ဆီကပြန်တော့ ဖတ်စရာတွေ တွေးစရာတွေ ပါလာတယ်။ အမှန်မှာတော့ အဲဒီမှာ တွေ့ခဲ့တဲ့ ဆရာကြီးရဲ့ကျေးဇူးပဲ။ သူနဲ့က အဲဒီကျမှ တွေ့ရသိရတာ။...