October 15, 2014

ရွာထဲရပ်ထဲမှာကတော့ဖြင့် (မြင့်သန်း)





တိုင်းပြည်ကြီးလွတ်လပ်ရေးရလာတာဆယ်နှစ်နီးပါးရှိလာပေတဲ့ ဒုံရင်းကတော့ ခြုံတွင်းမှာဒုံရင်းပဲ ဖြစ်နေတုန်း။ ကျုပ်တို့တိုင်းပြည်ကြီးအတော့်ကို ပြောင်းလဲသွားတာလို့ လူထူထူမှာပြောလေ့ရှိတာကတော့ ဆရာကြီးဦးလှအေမာင်ပဲ။ သူကတော့ ကျောင်းဆရာဟောင်းကြီးကို။ အရပ်ထဲမှာတော့ ပညာတတ်။ ဒီတော့လည်းသူ့ကိုဘယ်သူကမျှ အပြိုင်မပြောရဲကြဘူး။ သူ့ကိုပြိုင်ပြီးပြောရဲတာမရှိဘူးရယ်လို့တော့ မဟုတ်ဘူး။ ရှိတော့ရှိတယ်။ တာလမ်းဟိုဖက်ဆီကမူလတန်းကျောင်းကလေးမှာအခုကျောင်းအုပ်ဖြစ်နေတဲ့ ဆရာမြတို့၊ ကွန်မြူနစ်လူထွက်ဦးထွန်းခင်တို့လောက်ပဲ။ စာသင်တိုက်ကြီးမှာရပ်ကိစ္စရွာကိစ္စပြောကြဆိုကြတဲ့အတခါ အမြီးအမောက်မတည့်စရာကလေးတွေ ပေါ်လာလို့ ဆရာကြီးဦးလှမောင်နဲ့ ထိပ်တိုက်တိုးလို့ “နိုး”ပြောစရာများပေါ်လာရင်တော့ ဦးထွန်းခင်ကြီးကိုပဲအားကိုးကြရတယ်။ ဆရာမြကြီးကတော့ ရန်မများဘဲ အမှန်တရားကလေးနဲ့ပဲ နေချင်တာကြောင့် ဘယ်သူက ဘာပြောပြော ဟုတ်သာပေါ့ဗျာ လို့ပဲ ပြောတတ်တယ်။ လူငယ်ပိုင်းထဲကဆို တောင်ရွာက မောင်တာနဲ့ သူကြီးတူ မောင်မူပဲ။ လူငယ်ပိုင်းလို့ ဆိုရတာက ဦးလှမောင်တို့၊ ဦးထွန်းခင်တို့ထက် ငယ်လို့။ သူတို့ကတော့လည်း အရပ်ထဲက ကာလသားတွေအပေါ်မှာ၊ လူလတ်ပိုင်းတွေအပေါ်မှာ သြဇာရှိတယ်။ သို့ပေသိ ဦးလှမောင်ကြီးပြောတာဆိုတာနဲ့ သူတို့သိထားတာ လွဲနေရင်…ဟာဗျာ၊ ခင်ဗျာဟာက မဟုတ်သေးပါဘူး….ဆိုတာနဲ့စပြီး ရှေ့ဆက်ဖို့အတော်ခက်နေတတ်တယ်။ ခက်ဆို ရွယ်တူတန်းတူတွေမဟုတ်လို့ပဲ။ ရွယ်တူတန်းတူတွေဆိုရင်ဖြင့် မောင်မူက ထပြီးနားရင်းရိုက်မှာ။ မောင်မူက သုံးချက်လောက်ရိုက်ပြီးရင် မောင်တာကြီးက ဟကောင်တွေ မလုပ်ကြနဲ့ မလုပ်ကြနဲ့ဆိုပြီး ဝင်ဆွဲတတ်တယ်။ အဲဒီတော့ နားရင်းရိုက်ရတဲ့လူကလည်း ရိုက်လိုက်ရလို့ ကျေနပ်ပြီ။ အရိုက်ခံရတဲ့လူကလည်း ကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ်စေ အရိုက်ခံရပြီးပြီ။ ပြောစမှတ်ဖြစ် ကျန်ရစ်တာကတော့ မောင်တာကြီးရှိပေလို့ဆိုတာပဲ။ မောင်တာကတော့လည်း သူ့ထုံးစံအတိုင်း ပါးစပ်တဖြဲဖြဲ၊ တဟဲဟဲနဲ့ရယ်။ လောကကြီးကို ငြိမ်းချမ်းစေချင်တဲ့လူ။ ဒါကြောင့် အရီးမြတင်ကတော့ ပြောလေ့ရှိတယ်။ လောကကြီး ငြိမ်းချမ်း၊ မငြိမ်းချမ်းတော့မသိဘူး။ မောင်တာကတော့ ပြုံးပြရလွန်းလို့ ပါးညောင်းလောက်ပြီတဲ့။
          တကယ်တော့ ဦးလှမောင်ကို နိုင်တာက တိုက်အုပ်ပဲ။ စာသင်တိုက်ကြီးက ဆွမ်းစားကျောင်းဆီမှာ အစည်းအဝေးဘာညာလုပ်ကြလို့ စကားပြောကြတဲ့အခါ ဆိုင်ဆိုင်မဆိုင်ဆိုင် မင်းတို့ဟာကကွာ ကိုလိုနီမရှိတော့လို့၊ ဒီမိုကရေစီရနေကာမှ….ရယ်လို့ အစချီပြီး ဆရာကြီးဦးလှမောင်က ဝင်ပြောလေ့ရှိတတ်တယ်။ ဆိုင်ဆိုင် မဆိုင်ဆိုင်လို့ ပြောရတာက ဦးလှမောင်ကြီးက ဒီကလူတွေလို တောလိုက်အုံပါ နေတာမျိုးမဟုတ်ဘူး။ ပြောပြီးပါပကော။ သူက ပညာတတ်။ အငြိမ်းစားကျောင်းဆရာဆိုပေတဲ့ ကျောင်းဆရာကို ဂျောင်းကွာ လုပ်မရဘူး။ ပြောပြီးပါပကော။ သူက ကျောင်းဆရာပဲ။ သေတဲ့အထိဆိုတာတောင် မလုံလောက်သေးဘူး။ ကမ္ဘာကြီးတည်နေသရွေ့ တည်တဲ့ ကပ္ပဋ္ဌီတိလေးခုမှာတောင် နောက်ဆက်တွဲတစ်ခုအဖြစ်နဲ့ ကျောင်းဆရာ ဆိုတာကို ဖြည့်လို့ရရှု ဖြည့်ဖို့ကောင်းတယ်။ ကိုလိုနီ…ရယ်၊ ဒီမိုကရေစီ…ရယ် ဆိုတာကို အင်မတန်ခံတွင်းတွေ့တာ။ ဦးလှမောင်ကြီးက စကားဝိုင်းထဲ ဝင်ပြောတော့မယ်လို့ အပျိုးခင်းတယ်ဆိုတာနဲ့ တိုက်အုပ်ကလည်း တစ်ချီတည်းနဲ့ အရိုးအရင်းဖြစ်အောင် လုပ်တော့တာ။ ဒီမယ် ဆရာကြီး…။ မဟုတ်ရင် ဒီမယ် ကိုလှမောင်ကြီး… ရယ်လို့ ခေါ်လိုက်ရင်း ခင်ဗျားနဲ့ ကိုလိုနီတွေ၊ ဒီမိုကရေစီတွေ ခဏထားဦး။ ပြီးကာမှ ခင်ဗျားနဲ့ကျုပ် ဒီထက်အရေးကြီးတာ တိုင်ပင်ရဦးမယ်လို့ ပြောတတ်တယ်။ဒီတော့လည်း ဦးလှမောင်ကြီးက ငြိမ်သွားရော။ ငြိမ်ဆို လူထူထူထဲမှာ တိုက်အုပ်က ရပ်ကိစ္စရွာကိစ္စထက် အရေးကြီးတာကို တိုတိုးတိတ်တိတ် တိုင်ပင်ဦးမှာဆိုတော့လည်း သူက အတော့်ကို အရေးပါတဲ့ ပုဂ္ဂိုလ်ဖြစ်သွားပြန်တာကိုး။
          ဦးလှမောင်ကြီး ငြိမ်သွားတယ်ဆိုပေသိ ဆွမ်းစားကျောင်းနံရံမှီပြီး ထိုင်နေကြတဲ့ မောင်မူတို့၊ မောင်တာတို့၊ ဆရာမြကြီးတို့က အချင်းချင်းကြည့်ပြီး ပြုံးကြတယ်။ သူတို့ကတော့ တိုက်အုပ်ကို ကြောက်တာနဲ့ အစည်းအဝေးထဲ လာထိုင်နေကြရတာပဲ။ နောက်နားဆီကနေသူတို့ချင်း ခပ်တိုးတိုးနဲ့ ဟာဝါးပန်းရင်း မဂ်ဖိုလ်နိဗ္ဗာန် ရရာရကြောင်းကျင့်စဉ်ထဲ မပါတဲ့ ထိနမိဒ္ဓကမ္မဋ္ဌာန်းစီးဖြန်းနေကြတာ။ ပြုံးကြဆို တို့ကိုယ်တော်တော့ဖြင့် ကုဋီကျင်းအသစ်တူးစရာရှိသလား။ ကျောင်းနံရံရေနံသုတ်ဖို့ ရှိသလားပဲလို့ ချက်ချင်းတွေးလိုက်မိကြလို့။ လူထူထူမှာ ဦးလှမောင်ကြီးကို အဲသလိုမျိုး ပြောရင်း နောင်မှ အသာခေါ်ပြီး တိုက်အုပ်က ခိုင်းနေကျ။ ဦးလှမောင်ကြီးက ကြီးကြပ်ပြီး ကျောင်းသားကလေးတွေ၊ အရပ်ထဲက ကလေးတွေကို ခိုင်းရတယ်။ ဒါ တိုက်အုပ်ရဲ့ ပညာပဲ။ ဦးလှမောင်ကြီးကတော့လည်း အမှတ်မရှိဘူး။ သူ့အတွက်ကတော့ အရေးကြီးတာတွေတိုင်ပင်ရဦးမှာ ဆိုတာကိုက ကဏ္ဏသုခတစ်ရပ်ကိုး။ လူသူလေးပါးထဲမှာ သူကိုယ်သူ ငါဟာ အထင်ကရပါကလားရယ်လို့ မြင်တာကိုး။ ဒါကြောင့် မြို့ကနေ မကြာမကြာ လာတတ်တဲ့ ဆရာနှောင်းကြီးကတော့ ဦးလှမောင်ကြီးနဲ့ တိုးရင် အိုက်ကွန်းကြီးလို့ ခေါ်လေ့ရှိတယ်။ ဆရာနှောင်းကြီးအပြောကတော့ ခုခေတ်မြို့ပေါ်က ကလေးတွေက အိုက်ကွန်းကို အထင်ကရလို့ ဘာသာပြန်ဆိုပဲ။ ထားတော့ ဒါက တစ်ပိုင်း။
          ဆရာကြီးဦးလှမောင်ရဲ့ ကိုလိုနီတို့၊ ဒီမိုကရေစီတို့ဆိုတာတွေက အရပ်ထဲမှာ ဘယ်သူကမှတော့ သိပ်မသိကြဘူး။ သို့ပေသိ ကိုလိုနီဆိုတာတွေ မရှိတော့ကာမှာ ကိုလိုနီဘာသာစကားက အတော်ကလေး နေရာရလာတယ်။ တည့်တည့်ပြောရရင်တော့ ကိုလိုနီစကားကလေး တစ်ခွန်းနှစ်ခွန်းထည့်ပြောကာမှ လူရာဝင်သလိုဖြစ်နေတယ်။ အရပ်ထဲဆီမှာတော့ ဂေါ်ယာသံထွက်တယ်လို့ ခေါ်ကြတာပဲ။ တိုက်အုပ်တောင်မှပဲ ကျောင်းမှာ စာသင်သားတွေ အရပ်ပြန်လို့ အချိန်ပိုကလေးရနေတဲ့အခါမျိုးမှာ ဆရာကြီးဦးလှမောင်ဆီက ပြည်ဆရာကြီး ဦးဘေစာအုပ်ငှားပြီး ဘိုလိုအပြောကျင့်သတဲ့။ တိုက်အုပ်တင် ဘယ်ဟုတ်မလဲ။ တစ်သက်လုံးပါဠိပတ်သားနဲ့ ပြောလေ့ရှိတဲ့ ဓာတ်ဆရာဦးမှန်ဆီကတောင် ဂေါ်ယာသံကလေး ကြားလာရတယ်။ အရင်ကတော့ ဦးမှန်က ဝဋ်နာကံနာကလွဲတော့ ဖွဲနဲ့ဆန်ကွဲလောက်ပဲ ထင်တဲ့လူ။ ဦးမှန် မမှန်ရင် ကိုယ့်အိမ်ကို ပြန်မယ်လို့ ကြေငြာထားတဲ့လူ။ ဒီလိုလူမျိုးဆီကတောင် ဘိုသံထွက်လာနေတယ်။ ဦးမှန် ဖော်ရောင်းတဲ့ ကြက်သွန်ဖြူဆေးလုံးလေးတွေရဲ့ ကြော်ငြာဆောင်ပုဒ်တောင် ပြောင်းသွားတယ်။ အရင်ကတော့ ရန်ကုန်ဆီက သွေးဆေးတေဆေးကြော်ငြာသလို မအိုသေးတဲ့သူ အပျိုကလေးနဲ့ တူ ဆိုတာမျိုး။ မြန်မာသံစစ်စစ်ကလေး။ ခုတော့ ဦးမှန်က သူ့ဆေးကို ဂေါ်ယာသံကလေးထည့်ကြေငြာတယ်။ အများချစ်အောင်၊ ဂါးလစ်ဆောင် တဲ့။ ကြက်သွန်ဖြူကို ကြက်သွန်ဖြူမခေါ်တော့ဘဲ ဂါးလစ်တဲ့။ ဦးမှန် ဖော်ထားပြီး ရောင်းမထွက်တဲ့ ကြက်သွန်ဖြူ ဆေးလုံးများကလည်း ဂါးလစ်ဆိုကာမှပဲ အဝယ်လိုက်လာတာကိုး။ ကြက်သွန်ဖြူတောင် ဂေါ်ယာအသံထွက်လို့ ဂါးလစ်ဘဝရောက်ကာမှ အစွမ်းထက်လာလေတော့ အရပ်ထဲက ကလေးတွေ ဘိုလိုညှပ်ပြောတာက သိပ်အပြစ်ဆိုစရာမဟုတ်တော့ဘူး။ ဂေါ်ယာသံပေါက်တော့မှ လူတွေလည်း မြောက်လာကြသပေါ့။
          သို့ပေသိ ဒီလိုဂေါ်ယာသံပေါကလို့ လူတွေ မြောက်နေတာကို အရီးမြတင်ကတော့ ကြည့်မရဘူး။ နားထဲ မြင်ပြင်းကပ်နေပုံရတယ်။ လှမောင်ကြီးနဲ့ တွေ့ကာမှ ငါ ပြောဦးမယ်လို့ ပြောရင်း တေးထားတယ်။ သူ့စိတ်ထဲမှာတော့ ဦးလှမောင်ကြီး စနက်လို့ ထင်ထားတာ။ သူ့တူမ သန်းတင်မကတော့ အကျိုးအကြောင်း ပြောသေးတယ်။ သိပ်မတွင်ဘူး။ ညည်းအစိုးရစစ် ခုနစ်တန်းထိုင်ဖူးတာနဲ့ ငါ့ကို ဆရာလာမလုပ်နဲ့လို့ တစ်ခွန်းပြောတာနဲ့တင် သန်းတင်မလည်း ရှေ့မဆက်ရဲတော့ဘူး။ ဒါတင် ဘယ်ဟုတ်သေးလဲ။ ညည်းများ အစိုးရစစ်ခုနစ်တန်းအောင်ခဲ့ရင် ငါတော့ ဒီအရပ်နေလို့ဖြစ်မယ် မထင်တော့ဘူးလို့ ပြောတတ်သေးတာ။ ဒီတော့လည်း သန်းတင်မခများ ခုနစ်တန်းတက်တုန်းက ညားခဲ့ရတဲ့ ဂေါ်ယာစာလုံးအချို့ကိုတောင်ပြတ်စဲခန်းဖွင့်ထားရရှာတယ်။ တကယ်တော့ သန်းတင်မက အရီးမြတင်အပေါ်အတော်ကောင်းရှာတာ။ သူကလည်း အရီးလိုပဲ အိပ်ထောင်ရက်သားမပြုဘဲ အရီးဆီမှာ လာနေရင်း အရီးကို ပြုစုစောင့်ရှောက်နေတာပဲလို့ ပြောရမှာ။ သူ့အမေ ဒေါ်ကြီးမြခင်က မြောက်ဘက်ထဲဆီက။ သန်းတင်မအောက်က သားနှစ်ယောက်ရှိတယ်။ သူတို့နဲ့အတူနေတယ်။ သန်းတင်မက ငယ်ငယ်ကတည်းက အရီးမြတင်နဲ့ အတူနေလာတော့ အရီးက အမွေစား အမွေခံ မွေးစားထားတယ်။ ခုဆို အရီးမြတင်အချိုးမျိုးဖြစ်လာတယ် ပြောရမလားဘဲ။ ဟူိုတစ်လောဆီကတင် သန်းတင်မက မောင်မူနဲ့ မောင်တာကို ကြိမ်းနေတာ တွေ့လိုက်ရသေးတယ်။ တိုင်းပြည်ကြီး လွတ်လပ်ရေးရတယ် ဆိုကာမှ နင်တို့က တရုတ်မကြိုက်ရတာနဲ့ ၊ ကုလားမကြိုက်ရတာနဲ့။ နင်တို့က ဂေါ်ယာကို ပြန်ပြီး လွမ်းနေ၊ တမ်းနေကြရအောင်က ဂေါ်ယာတွေကို နင်တို့အဘများထင်နေလို့လားလို့ ပြောတာ။ မလိုအပ်တော့မှပဲ နင်တို့မှာ မျိုးချစ်စိတ်ဓာတ်ထက်သန်နေလိုက်ကြတာလို့လည်း ကောက်ချက်က ချလိုက်သေး။ သန်းတင်မက မောင်မူတို့ မောင်တာတို့နဲ့ ကျောင်းနေဖက်မို့ သင်းတို့က သူ့ပါးစပ်တစ်ပေါက်ကိုတော့အ ကြောက်သားရယ်။
          ဒီအကြောင်းကလေးတော့လည်း ထည့်ရှင်းဦးမှ။ ဖြစ်တာက ဒီလို။ ရေတိမ်ချောင်းဖျားဖက်ဆီမှာ တံတားထိပ်ကားဆိပ်က အာ့စိန်ကြီးတို့အမျိုး အာ့ကျူတို့က မြေတစ်ကွက်ရှိတယ်။ ကြာလှပြီ။ ခုတော့ သူတို့က ဘဲမွေးချင်တယ်။ ရေကို မြစ်ဖျားကနေ စက်နဲ့ စုတ်ပြီး ချောင်းဖျားဆီဖြည့်မှာတဲ့။ ရန်ကုန်ဆီက စင်ရော်ကုမ္ပဏီက ဆိုသလားပဲ။ ဂျပန်ပြည်က ရေစုပ်စက်တွေ သွင်းသတဲ့။ အဲဒါတွေနဲ့ရေစုပ်ပြီး လုပ်ကြမှာ။ တကယ်တော့ ရေတိမ်ချောင်းဖျားမှာက မိုးအခါလောက်ပဲ ရေရှိတာ.။ ခုလိုရေသွင်းလိုက်ရင် တစ်နှစ်ပတ်လုံးရေရှိနေတော့ အထက်ဖက်နားဆီကလူတွေ အတော်ဟန်ကျသွားမှာ။ သို့ပေသိ မောင်မူတို့ မောင်တာတို့က မကြိုက်ဘူး။ တစ်အချက် သူတို့ပူနေတာက ဧရာဝတီမြစ်ရေခန်းသွားမှာကိုပဲ။ မြစ်ထဲကရေကို စက်နဲ့ စုပ်ယူရင်း မြစ်ရေတွေ ကုန်သွားမှာ စိုးဆိုပဲ။ နှစ်အချက်ကတော့  ဧရာဝတီမြစ်ထဲ ရေနည်းသွားရာက ဧရာဝတီမြစ်ရေတွေ စီးဆင်းသွားတဲ့ ဘင်္ဂလားပင်လယ်အော်ပါ ရေကျသွားရင်ဖြင့်  ကျွန်းပေါ်လာ သောင်ထွန်းလာရင်တော့ အနောက်ဘက်ဆီက ဘင်္ဂါလီတွေ ပင်လယ်အော်ကို ဖြတ်ပီး ဒီဘက်ဆီကို ကုန်းကြောင်းလျှောက်လာရင် မခက်ဘူးလားတဲ့။ မောင်တာကြီးက အပြောကောင်းကောင်းနဲ့ ကျုပ်တို့အရပ်က သေးသေးကလေးပါဗျာ။ တရုတ်ကြီးနဲ့ ကုလားကြီးအကြားမှာ ညပ်နေတာပါ။ သူတို့ ချောင်းတစ်ချက် ဟတ်တာနဲ့ ကျုပ်တို့ ပြားချပ်သွားမှာပဲလို့လည်း ပြောရော အရပ်က လူတွေလည်း မျက်လုံးပြူးကြတော့တာ။ အာ့ကျူတို့လုပ်မယ့်အစီအစဉ် ပျက်ကရောပဲ။ ဒါတင် ဘာဟုတ်သေးလို့လဲ။ တောင်ရွာမှာ မောင်တာရှိပေလို့လို့ ပြောစရာတောင် ဖြစ်လာတယ်။ မောင်မူကိုတော့လည်း သိပ်မပြောရဲကြဘူး။ သူကြီးတူ မောင်မူမှာက သူ့ဦးလေးသူကြီးမင်း ပေးထားရစ်တဲ့ နှစ်လုံးပြူးကြီးတစ်လက် ရှိတယ်။ ဟုတ်ပါ့၊ ငြိမ်းချမ်းရေးရဖို့ဆိုတာက လက်နက်လိုတာပဲ။ ရန်မများဘဲ အမှန်တရားနဲ့ နီးအောင် လက်နက်ဆောင် အောင် ဆိုတဲ့ ခေတ်ကိုး။
          အဲဒီတုန်းက တာလမ်းဟိုဘက်ဆီက ကွန်မြူနစ်လူထွက် ဦးထွန်းခင်နဲ့ ဆရာမြကြီးတို့က သိပ်မကြိုက်လှဘူး။ သူတို့တွေက အလံနီကွန်မြူနစ်ဆိုသလား၊ ဆိုရှယ်နီဆိုသလား၊ အယူရှိတဲ့လူတွေတဲ့. တိုက်အုပ်တို့၊ ဆရာကြီးလှမောင်တို့ကတော့ သူတို့ကို ပြည်ဆရာကြီးဦးဘေ အသံထွက်နဲ့ မာ့ကဆစ်တွေလို့ ခေါ်တယ်။ မာ့ကဆစ်ဆိုကလည်း ဟိုးအနောက်ဘက်ဆီက…။အင်း။  ဖြတ်ပြောရရင်တော့ အနောက်ဘက်ဆိုပေသိ မဇ္ဈိမတိုင်းဆိုတာက ဒီနားကလေးက အနောက်ဘက်။ ခုတော့ ကုလားတွေနေတဲ့ ကုလားပြည်ပေါ့။ ခုပြောနေတဲ့ အနောက်ဘက်ဆိုတာက မဇ္ဈိမတိုင်းထက် အနောက်ဘက်ကျသေးတယ်။ ဂေါ်ယာတွေနေတဲ့အနောက်ဘက်။ အဲဒီဆီက ကုလား မာ့(ခ)ဆိုတဲ့ မုတ်ဆိတ်ဖွားဖွားနဲ့ ကုလားဖြူကြီးရဲ့ ဝါဒတဲ့။ ဦးထွန်းခင်တို့၊ ဆရာမြတို့က အဲဒါကြီးကို ကိုးကွယ်တာဆိုပဲ။ ရေတိမ်ချောင်းဖျားကိစ္စကို စာသင်တိုက်ကြီးက ဆွမ်းစားဆောင်မှာ  လူစုပြီး ပြောကြဆိုကြတော့ အတော့်ကို ပြောကြဆိုကြသေးတာ။ ဦးထွန်းခင်တို့ကတော့လူ့အကျိုးစီးပွားအတွက် ဆိုရှယ်လစ်နည်းလမ်းတကျ လုပ်ကြဖို့ဘာဘာညာညာတွေ ပြောပေသိ၊ မောင်မူတို့ မောင်တာတို့ကို မလှန်နိုင်ဘူး။ သူတို့က လူအင်အားကောင်းတယ်။ နောက်ဆုံးတော့ တိုက်အုပ်ကပဲ ဟိုလိုလိုဒီလိုလိုလုပ်ပြီး စကားဝိုင်းရပ်ပစ်လိုက်ရတယ်။ အဲသလို ဟိုလိုလိုဒီလိုလို လုပ်တာကိုတော့  တိုက်အုပ်က ပိုင်တယ်။ သို့ပေသိအရီးမြတင်ကြိမ်းတာကလေးတော့ ခံလိုက်ရတယ်။ ဝိုင်းသိမ်းလို့ ပြန်ကြမယ်လုပ်တော့ အရီးမြတင်က ဘုန်းကြီးကို တိုင်တည်ရင်း ပြောတယ်။ ကိုယ်တော် ကျုပ်ပြောဦးမယ်။ ခုဟာက အချိန်ကုန်တာ သက်သက်ပဲ။ထွန်းခင်တို့ ကျောင်းဆရာတို့ရော၊ ဟိုအကောင်တွေရော အတူတူပဲ။ နင်တို့မှာက အချိန်တွေပိုနေတော့ အရာရာကို ကဏ္ဍကောစကလေး လုပ်လိုက်ကြရမှ။ ကျီးစောင့် ကြက်နှင် လုပ်တာကိုပဲ ပွဲစည်အောင် လုပ်ချင်ကြတယ်။ ကိုယ်လည်း မလုပ်နိုင်ဘူး။ သူများလုပ်တော့လည်း ထော်လော်ကန့်လန့်ရယ်။ ငနှောင်းကြီးပြောပြလို့ ငါ ကြားဖူးတယ်။ ဧရာဝတီမြစ်ကြီးထဲ ရေဝင်ဖို့ဆိုတာက ကုလားပြည်ထဲက ဟိမဝန္တာတောင်ရိုးက ရေစီးလာတာတဲ့။ ဒီတော့ ကုလားတွေက ဟိုဘက်ဆီက ရေကို တားထားရင်ကော နင်တို့ ဘာလုပ်ကြမတုန်း။ ကုလားတွေကို သွားရှိခိုးကြမှာလား။ ရှိခိုးကြပေါ့။ ကုလားက ဘုရားဖြစ်တာပဲ။ ဒီနားလောက်လည်း ရောက်ကရော တိုက်အုပ်က မြတင်တော်တော်လို့ ပြောရင်း ထိုင်းရာက ထတယ်။ ဝင်တားရတယ်။ မတားလို့ မဖြစ်ဘူး။ အလယ်အလတ်လမ်းမှာ ရပ်နေရင်း သူ့ပါ ခလုတ်တိုက်ခံရဖို့ နီးလာပြီ။ မဖြစ်တော့ဘူး။ ရေတိမ်ချောင်ဖျားက ပေါက်ဖော်ကြီးတွေ ကိစ္စဟာ တဖြည်းဖြည်းနဲ့ ဘာဘူကြီးတွေဆီ ရောက်သွားပြီး နေရင်းထိုင်ရင်း သူပါ အဆစ်ပါရတော့မယ့် အနေအထား ရောက်လာတယ်။
          အဲဒီနေ့ကတည်းဆီက ကျောင်းတိုက်ကြီးဘက် အရီုးမြတင်မရောက်ဖြစ်ဘူး။ မနေ့ဆီကတော့ ဆွမ်းချိုင့်လာကောက်တဲ့ ကျောင်းသားကလေးတွေက နေ့လည်နေ့ခင်းဘက်အားတဲ့အခါ ကျောင်းဆီလှည့်ခဲ့ပါလို့ ဘုန်းကြီးက မှာတယ် လာပြောတာနဲ့ပဲ အရီးလည်း ကျောင်းတိုက်ဆီ ထွက်ခဲ့တာ။ ထွက်သာလာခဲ့ရတယ်။ ဒီလိုနေ့မျိုးဆိုရင် အရီးမြတင်အိမ်မှာ လူစုံတယ်။ နောက်နေ့က တောဖိတ်။ အရီးအိမ်မှာ မိန်းမတွေစုပြီး ချက်ကြပြုတ်ကြတယ်။ သူကြီးကတော်တချို့တောင် ပါသေးတယ်။ သူကြီးဦးနီမိန်းမကတော့ ညီအစ်မတစ်ဝမ်းကွဲမို့ အမြဲတမ်းလာနေကြ။ ဦးနီမိန်းမရောက်လာတာနဲ့ သန်းတင်မကို မှာစရာရှိတာမှာပြီး အရီးမြတင်လည်း ကျောင်းဖက် ထွက်လာခဲ့တယ်။ လှမောင်ကြီးများဖြတ်သွားဖြတ်လာတွေ့ခဲ့ရင် အိမ်ထဲ ခေါ်ထားစမ်းလို့လည်း မှာလိုက်သေးတယ်။ဖြစ်များဖြစ်ချင်တော့ ကနေ့ခါမှပဲ ဦးလှမောင်ကြီးကလည်း ကံစွပ်ကံညာတိုးလေမလားရယ်လို့ တွေးပြီး အရီးမြတင်အိမ်ရှေ့နားဆီက ဖြတ်သွားလိုက်မိပုံရတယ်။ ခါတိုင်းဆို အနောက်ဘက် တာကြီးတန်းပေါ်ကနေ မြောက်ဘက်ဆီ သွားနေကြ။ဒီတော့လည်း အရီးမြတင် အိမ်ဝိုင်ထဲက မကျည်းပင်ကြီးအောက် ထိုင်ကြတဲ့ သူကြီးဦးနီမိန်းမရယ်။ သန်းတင်မရယ်နဲ့ အရပ်ထဲက မိန်းမတွေ တချို့နဲ့ ဒက်ထိတိုးရော။ ဟဲ့ လှမောင်ကြီး ဝင်ခဲ့ဦးလေလို့ သူကြီးဦးနီမိန်းမက လှမ်းခေါ်လိုက်တာနဲ့ ဆရာကြီးဦးလှမောင်လည်း မငြင်းရဲဘူး။ မငြင်းရဲဆို ဦးလှမောင်ကြီး နောက်အိမ်ထောင်က သူကြီးကတော်ရဲ့ ယောက်ျားဖက်က တူမ။ ဦးလှမောင်ကြီး ကြောက်တာကလည်း အရပ်ထဲက မိန်းမိတွေပဲ။ သူတို့မှာက ဘာစည်းမှ မရှိဘူး။ ပြောစရာရှိ ပြောထည့်တတ်ကြတယ်။ မိန်းမများဟာ စွန်လည်ပျံ မျက်နှာချေလောက်သာ လိမ်းတတ်ကြတာ။။ ဒီကလွဲလို့ ဆင်ခြင်တုံတရာမရှိဘူးလို့ သူက လက်ခံထားတာ။ ဒီတော့လည်း မိန်းမတွေမှာ ဆင်ခြင်တုံတရာ ရှိရှိ မရှိရှိ သူကတော့ အတွယ်ခံရတော့မှာ သေချာတယ်လို့ တွေးထားမိပြီးသား။ ကောလီကျေမသွားရင်ဘဲ တော်လှပြီ။ ကံညှိုးလို့ ကိုးဖို့ရာဆိုတာကလည်း သူ့မှာ ဘာမှမရှိ။ ဒီတော့လည်း သန်းတင်မချကျွေးမယ့် ကြက်ဥကြော်ဖြစ်ဖြစ်၊ လက်ဖက်ဖြစ်ဖြစ်….။ တစ်ခုခုမျက်နှာထောက်ပြီး ဦးလှမောင်ကြီးလည်း အရီးမြတင်အိမ်ထဲ ဝင်လိုက်တော့တယ်။ ဝင်ဝင်ချင်း ဘယ်မှာတုန်း မြတင်လို့ မေးလိုက်မိတယ်။
          အဲဒီအချိန်မှာတော့ အရီးမြတင်က စာသင်တိုက်ဆီမှာ။ တိုက်အုပ်မှာလို့ သွားတွေ့တာ။ တွေ့ဆို ကျုပ်က ဟိုအကောင်တွေလို တစ်ရာ့ကိုးတစ်ရာတစ်ဆယ်တွေမဟုတ်ဘူး။ ပြောစရာရှိ လိုရင်းသာပြော ကိုယ်တော်လို့ ပြောတော့တာပဲ။ တိုက်အုပ်က အရီးမြတင်အကြောင်းသိနေတော့ အသာလေပြေထုးတယ်။ နောက်တော့မှ လိုရင်းပြောတယ်။ အကြောင်းရင်းကတော့ ရွာထိပ်က ကဝေမကိစ္စပဲ။ ရွာထိပ်က ကဝေမဆိုတာကလည်း အရပ်ထဲကခေါ်ကြတာ။ တချို့ကတော့လည်း အနောက်စုန်းလို့ခေါ်ကြတယ်. တကယ်တော့ တံတားထိပ်ကားဆိပ်ဆီကနေ ကျွတ်ဖာလေထိုးလုပ်တဲ့ အာဇစ်မောင်မြတို့ ညီအစ်ကိုတွေအထဲက အာဇစ်တစ်ကောင်ရဲ့မိန်းမ။ ဘယ်အာဇစ်မှန်းတော့မသိဘူး။ ယောက်ျားနဲ့ ကွဲပြီးတော့ ဟိုးဘက်က ဆယ့်တစ်ရွာနဲ့ ဒီဘက်က ကွင်းစပ်ကြားမှာ လာနေတယ်။ ဒီတော့ ရွာထိပ်လိုဖြစ်နေတယ်။ ဘယ်ကဘယ်လိုဖြစ်လို့ ကဝေမရယ်လို့ တွင်နေတာတော့ အသေအချာမသိဘူး။ သူက ဆေးကုသယောင်ယောင်၊ နတ်ကတော်ယောင်ယောင်၊ အထက်စုန်းယောင်ယောင်နဲ့။ ညဆို မီးစုန်းကစားတာ မြင်တဲ့လူက မြင်ဆိုပဲ။ ဒီကြားထဲ တပ်ထွက်တစ်ကောင်နှစ်ကောင်ကလည်း သူ့အနားမှာ။ ထောင်ထွက်တွေကလည်း ဝင်ထွက်သွားလာနေကြတာ။ ဒီအရင်ကတော့ ချောင်းဟိုဖက်ခြမ်းက သူကြီးငညွန့်သားနဲ့ သွားလာနေတာ။ ငညွန့်သားက သူကြီးဖြစ်နေမလားလို့။ သူကြီးလည်းမဖြစ်ရော အာဇစ်နဲ့ညားတော့တာပဲ။ ခုတိုက်အုပ်က အရီးမြတင်ကိုခေါ်ပြီးပြောတာ အဲဒီရွာထိပ်က ကဝေမကိစ္စပဲ။ ခင်ဗျားတို့ မိန်းမချင်း နည်းနည်းပါးပါး ပြောတန်တာကလေး ပြောရင်ကောင်းမယ်လို့ ဘုန်းကြီးက ပြောတယ်။ ကျုပ်လည်း ကြားပါတယ်။ ကျုပ်က အနေသာချည်းပါတော်။ သူ့ဘာသာ မီးစုန်းကစားကစား။ ကွင်းလုံးချွတ်ပြပြ ကျုပ်နဲ့ မဆိုင်ဘူး။ မောင်စိန့်အပိုင်ထဲကပဲ။ မောင်စိန်ခေါ်ပြောပါလားလို့ အရီးက ပြန်ပြောတယ်။ ဒီတော့မှ ဘုန်းကြီးက ခုဟာက ကျုပ်ကို သူကြီးက လာပြောလို့ လို့ ရှင်းပြတယ်။
          မောင်စိန်ဆိုတာက ဟိုဘက်ထဲက သူကြီးဦးစိန်ကို ပြောတာ။ အရပ်ကတော့ ကိုကြီးစိန်လို့ ခေါ်ကြတယ်။ သူက မျိုးရိုးသူကြီးက လာတာ။ မျိုးရိုးသူကြီးက လာတာလို့ ပြောရတာက အရင်က သူကြီးမျိုး။ သူကြီးဆိုတာကို လက်ဆင့်ကမ်းလာတာ။ ခုတော့ မျိုးရိုးသူကြီးတွေ ဖြုတ်ပြီး ရွေးသူကြီးတွေ ခန့်တယ်။ ရွေးသူကြီးခန့်တော့ အဲဒီဖက်က ဆယ့်တစ်ရွာမှာ မျိုးရိုးသူကြီး ကိုကြီးစိန်ပဲ သူကြီးဖြစ်လာတ.်။ လူကတော့ လူကောင်းပါ။ လေကတော့ ပျော့ပျော့ပဲ။ ကေတီကာတီတော့များတယ်။ ဒီတစ်ကြောက ဘုန်းကြီးမှန်သမျှကို ငယ်ဆရာပါဘုရားလို့ ပြောပြီး ဆရာတကာရင်းလုပ်ထားတာ။ ဒီတော့ ကိုကြီးစိန်က သူလုပ်ရမှာကို မလုပ်ပဲ ဘုန်းကြီးနဲ့ လှည့်တိုးပေးတာပဲ။ တိုက်အုပ်ကလည်း လိမ္မာပါးနပ်စွာနဲ့ အရီးမြတင်လက်ထဲ ထိုးထည့်တာ။ သို့ပေသိ အရီးမြတင်က နလပိန်းတုံးမှာ မဟုတ်ဘဲ ။ တစ်သက်လုံး ယောက်ျားသားနဲ့ယှဉ်ပြီး လုပ်ကိုင်လာတာ။ သူ့လက်ထောက်ဆိုတာကလည်း ခုနစ်တန်းအစိုးရစစ်ထိုင်လာဖူးတဲ့ သန်းတင်မရယ်။ ဒီတော့ ဘုန်းကြီးက လက်ပြောင်းပေးတဲ့ ဗြဟ္မာကြီးဦးခေါင်းကိုဖြင့် လွယ်လွယ်နဲ့ လက်ခံမှာ မဟုတ်ဘူး။ ကိုယ်တော်က ဘာဖြစ်လို့ ကိုယ့်တော့်ဘာသာခေါ်ပြီး မပြောရတာတုန်း။ ရပ်ကိစ္စဆို၊ ရွာကိစ္စဆို ကိုယ်တော်ပါနေတာချည်းပဲ မဟုတ်လားလို့ အရီးမြတင်က ပြောပြောင်ကြီးပြန်ပြီးမေးပြော ပြောတယ်.။ အမှန်မှာတော့ အရီးမြတင်က တိုက်အုပ်ကို အသာချောင်ပိတ်ပြီး ဆင်ခြေကန်ရင်း တုပ်ထားလိုက်တာ။ ကျုပ်တို့ ဘုန်းကြီးများဟာ လူ့ကိစ္စနဲ့ အဝေးကြီးပါလို့ ပြောရင်း တိုက်အုပ်က စကားခံလိုက်တယ်။ ပြီးတော့မှ သို့ပေသိ ရပ်နဲ့ရွာနဲ့ဖြစ်လာတော့လည်း မဖြစ်သင့်တာကလေးများ မဖြစ်ရအောင် အသာစောင့်ရှောက်ရတဲ့ သဘောပဲ။ လန်ဖိကျောက်သဘောရယ်ပါ။ ဆိုင်းဆရာများပြောသလို ဝိုင်းစိုပေသိ ငိုရတာမျိုးလည်း မဖြစ်သင့်ဘူးဆိုတာမျိုးပေါ့ဗျာလို့ ပြောရင်း ရှင်းပြတယ်။ အရီးမြတင်တော့ အင်းမလုပ် အဲမလုပ်ပဲ။ ဒီတော့ ဘုန်းကြီးက သူ့ခေါင်းကို သူ့လက်နဲ့ အသာပွတ်နေရင်းက ခင်ဗျားလည်း ကြားဖူးပါတယ်။ ကတုံးရှုပ်၊ ရွာပြုတ်ဆိုတာ။ ကျုပ်တို့အနေနဲ့ကလည်း မလုပ်သင့်တာ ဝင်ပြီးမလုပ်မိဖို့ အရေးကြီးတာပဲလို့ ပြောပြန်တယ်။ အရီးက ဘာမှပြန်မပြောတော့ဘဲ ကျုပ် ကြည့်ပါဦးမယ်။ အရပ်ထဲက မိန်းမတွေလည်း ကနေ့အိမ်မှာ ဆုံကြမှာမို့ သူတို့ကိုလည်း ပြောစမ်းကြည့်ဦးမယ်လို့ ပြောရင်း ဘုန်းကြီးကို ဦးချလိုက်တယ်။ ဘုန်ြးံကီး ပါးစပါက သာဓုအလုံးပေါင်းအတော်များများထွက်လာပြီး ထိုင်ရာက ထလိုက်တော့ အရီးမြတင်လည်း ဘုန်းကြီးကို ဝတ်ချပြီး ထိုင်ရာက ထလိုက်တယ်။ ဘုန်းကြီးက ပြောပြန်တယ်။ ဒကာမကြီး ခင်ဗျားကတော့ ရပ်ထဲ ရွာထဲမှာ ကိုယ့်သိက္ခာနဲ့ကိုယ်နေတာမို့ ဒီကိစ္စကို ခင်ဗျားသိထားရင် ကောင်းမယ်ထင်လို့ ကျုပ်ခေါ်ပြောတာပဲ။ ဘာလုပ်ရမယ် ညာလုပ်ရမယ်လို့ ကျုပ်ပြောတာ မဟုတ်ပါဘူးတဲ့။ ဒီတောလည်း အရီးမြတင်အဖို့ တင်ပါ့ဘုရားထက်ပိုပြီး ပြောစရာမရှိတော့ဘူး။ အထဲကတော့ ပြုံးနေမိတယ်။ တို့ကိုယ်တော်ကတော့ဖြင့် သူ့တပည့်ကျော် စာချဦးဝါသဝက ပဋိဘာနကဝိလို့ခေါ်တာလည်း ခေါ်လောက်တာပဲ လို့ တွေးလိုက်မိတယ်။
          ရွာလယ်ရပ်က လမ်းခွဲနားကလေးဆီရောက်တော့ အနောက်ဘက်ထဲဆီက လျှောက်လာကြတဲ့ ဦးလေးသောင်းကြီးတို့ ညီအစ်ကိုကို လှမ်းမြင်တာနဲ့ အရီးမြတင်က အသာရပ်စောင့်နေလိုက်တယ်။ သူတို့ညီအစ်ကိုတော့ အရီးက ငယ်နိုင်။ အနားရောက်လာကြတော့ ငနှောင်းနင်ဘယ်တုန်းက ရောက်သလဲလို့ အရီးက မေးတယ်။မနေ့မနက်ကပဲလို့ ဆရာနှောင်းကဖြေတယ်။ ဦးလေးသောင်းညီ ဆရာနှောင်းဆိုတာက မြို့ဆီမှာနေတာ အရင်က ပြောပြီးသားပဲ။မသိကြမှာစိုးလို့ ပြောလိုက်ရဦးမယ်။ မြို့မှာတော့ ဒေါက်တာနှောင်းတဲ့။ တန်းကုန်အောင် ပညာတတ်တာတဲ့။ ဆရာကြီးဦးလှမောင်တို့ အပြောအရတော့ ဒေါက်တာဆိုတာက ဒေါက်တိုင်က လာတာ။ ပညာအရာမှာ တန်းကုန်လို့ ပညာဒေါက်တိုင်ကြီးများလို ခိုင်ခန့်နေလို့တဲ့။ ဒေါက်တိုင်ကနေ ကာလရွေ့လျောသွားလို့ ဒေါက်တာဖြစ်သွားဆိုပဲ။ ဒါပေတဲ့ အရပ်ကတော့ ဆရာနှောင်းကြီးလို့ပဲ ခေါ်ကြတယ်။ တိုက်အုပ်နဲ့က သင်္ကန်းစီးဖက်။ တိုက်အုပ်ကို တဲ့တိုးပြောရဲတာ သူပဲ။ အရပ်ကို မကြာမကြာ ပြန်လာလေ့ရှိတယ်။ သူယူလာတဲ့ ရမ်တို့၊ ဝီစကီတို့ကို အရပ်ကလူငယ်တွေကို ပေးပြီး သူကတော့ သောင်းရင်တို့ ထန်းတဲမှာ ထိုင်လေ့ရှိတယ်။ အဲဒီနားဆီက ဆနွင်းဝါဆီကျန်နဲ့ ဆယ်မိ ကြော်တဲ့ ကြက်ကြော်များဆို အသေကြိုက်။ ဆရာနှောင်းကြီးကဆ က်ပြောတယ်.။ ညကတော့ နောင်ကြီးသောင်းအိမ်ပဲ အိပ်လိုက်တယ်။ ကနေ့တော့ ဗိုလ်ဥာဏ်ကျောင်းကို ပြောင်းမယ်တဲ့။ အရီးမြတင်က ပြုံးတယ်။ ပြီးမှ ဟုတ်တာပေါ့ဟယ်။ ငသောင်းကြီးက မိန်းမငယ်ငယ် ယူထားတော့ အဲဒီမှာ နင်နေလို့ ဘယ်ဖြစ်မှာလဲလို့ ပြောပြီး မဟုတ်ဘူးလား ငသောင်းလို့ ဦးလေးသောင်းကြီးကို မေးလိုက်တယ်။ ဟာ မြတင်ရာလို့ပဲ ဦးလေးသောင်းကြီး ပါးစပ်က ထွက်လာပြီး ဘာဆက်ပြောရမှန်းမသိတော့ဘူး။ မိန်းမငယ်ငယ်ယူလိုက်မိတဲ့ ကိစ္စဟာ ဘယ်သွားသွား ငါတော့ ပြေးမလွတ်ပါကလားလို့ ဦးလေးသောင်းကြီး စိတ်ဒုံးဒုံးချလိုက်ပုံရတယ်။ ကျုပ်ဘာမှမပြောဘူး။ မြတင်ပြောတာလို့ ဆရာနှောင်းကြီးက သူ့အစ်ကိုကို ကြည့်ရင်း ပြောပြီး ရယ်တယ်. အရီးမြတင်လည်း ရယ်တယ်.။
          ငါလည်း ဘုန်းကြီးနဲ့တွေ့ပြီး ပြန်လာတာလို့ ပြောရင်း အရီးမြတင်တို့ သုံးယောက်သား အရီးအိမ်ဖက်ကို လျှောက်လာကြတယ်။ ဦးလေးသောင်းကြီးတို့ ညီအစ်ကိုက အရီးအိမ်ဖက်ဆီကနေ ဖြတ်ပြီး သောင်းရင်တို့ ထန်းတဲဆီသွားကြမယ်ဆိုတာ သိလို့ ဘယ်သွားကြမယ်ဆိုတာကို မမေးတော့ဘူး။ ဘုန်းကြီးပြောတဲ့ ရွာထိပ်က ကဝေမအကြောင်း ပြောပြလိုက်မိတယ်။ ဆရာနှောင်းကြီးကတော့ သိပ်စိတ်ဝင်စားပုံမရဘူး။ ဦးလေးသောင်းကတော့ စိတ်ဝင်စားပုံရတယ်။ စိတ်ဝင်စားဆို သူကလည်း ဒီမှာနေတာကိုး။ အရီးပြောနေတာ ရပ်သွားတော့ ဟိုတစ်လောဆီက ဘုန်းကြီးကျောင်းဆီမှာ နင်ထပြီး ချဲလိုက်တာ ငါကြားလိုက်တယ်လို့ ဦးလေးသောင်းက ပြောတယ်..။ ချဲတယ်ရယ်လည်း မဟုတ်ပါဘူး။ တစ်ခါတစ်လေတော့ ငါ သည်းညည်းမခံချင်တော့ဘူး။ ငါ့စိတ်ထဲမှာ လူတွေဟာ ကိုယ်လုပ်ရမယ့် အလုပ်မလုပ်ဘဲ ထင်ရာတွေလျှောက် ခလောက်ဆန်ပြနေတာပဲလို့ မြင်တယ်။ လွတ်လပ်ရေးရတာဟာ လွတ်လပ်ရေးရတာပဲ.။ လှမောင်တို့ လူသိုက်က လွတ်လပ်ရေးရကာမှ ဒီ…မိုကရေစီ၊ ဟို….မိုကရေစီရယ်နဲ့ အလုပ်ရှုပ်ပြ။ မောင်မူတို့ မောင်တာတို့ကတော့ တရုတ်မုန်းဖို့၊ ကုလားမုန်းဖို့တွေ ပြောလာကြ။ ဟော အခုတော့ အနောက်စုန်းလိုလို၊ ကဝေလိုလိုက တစ်မှောင့်။ ငါတို့ ဘာတွေဖြစ်ကုန်ကြမှန်း မသိတော့ဘူးလို့ အရီးမြတင်က အရှည်ချည်း ပြန်ရှင်းပြတယ်။ သူ့စိတ်ထဲမှာလည်း အားလုံးဟာ ဇဝေဇဝါဖြစ်နေပုံရတယ်။ ဦးလေးသောင်းကတော့ စဉ်းစားနေပုံပဲ။ ဆရာနှောင်းကတော့ အရီးစကားဆုံးသွားတာနဲ့ ဟုတ်တယ် မြတင်လို့ ပြောတယ်။ လျှောက်လာကြရင်း အရီးမြတင်နဲ့ ဦးလေးသောင်းတို့က ဆရာနှောင်းကို လှည့်ကြည့်ကြတယ်။ တို့လူမျိုးဟာ ဧဝံမေသုတံတင် တစ်နေတဲ့ လူမျိုး။ ရှေ့ကို ဘယ်လိုဆက်ရမှန်းမသိကြဘူး။ မဟုတ်ရင် ဆက်ဖို့ ဝန်လေးနေကြတဲ့လူမျိးလို့ ဆရာနှောင်းကြီးက ထပ်ပြောတယ်။။ အရီးမြတင်ရော ဦးလေးသောင်းကြီးကပါ ဘာမှ ဝင်မပြော့ဘူး။ ဒီတော့ ဆရာနှောင်းကြီးက အရီးကို ဦးတည်ပြီးဆက်ပြောတယ်။
          ဒီလို မြတင်၊ ငါတို့ဟာ လူကို ကိုးကွယ်တဲ့အကျင့်ရှိတယ်။။ ငါတို့ဘုရားဟာ လူကနေ ကျင့်ကြံအားထုတ်လို့ ဘုရားဖြစ်တာ။ တစ်ခြားဘာသာတရားမှာလို့ ကောင်းကင်ဘုံက၊ ဘယ်ကညာက မဟုတ်ဘူး။ လူကနေဖြစ်တာ။ ဒီတော့ တို့က လူကို ကိုးကွယ်တာပဲ။ သိပ်တော်တဲ့လူး၊ မဟာပုရိသပဲ။ အဲဒီမှာတင် ရပ်နေတယ်။ ငါတို့ ကိုးကွယ်တဲ့ဘုရားက ကိုယ်တိုင်သိအောင် ကျင့်ကြံခိုင်းတယ်။ ထိုင်ပြီး ဆုတောင်းခိုင်နေတာမဟုတ်ဘူး။ ကာလာမမင်းတွေကို မင်းတို့ ပြောသံကြားရုံနဲ့၊ အစဉ်အဆက်စကားဆိုရုံနဲ့၊ ဒီလိုဖြစ်ဖူးတယ်ဆိုရုံနဲ့၊ စာပေကျမ်းဂန်ထဲ ဒီလိုတော့ ဆိုတာပဲဆိုရုံနဲ့ မယုံလေနဲ့လို့ မှာခဲ့သားပဲ။ ကိုယ်ကိုယ်တိုင် သိကာမှ ယုံလို့ မှာခဲ့ဖူးတာပဲ။ ဒါပေတဲ့ အများစုက အဲဒီအထိ မသွားတော့ဘူး။ ပြောရင်တော့ တို့လူမျိုးဟာ အချိန်ကုန်ခံပြီး စဉ်းစားကြည့်ချင်တဲ့ လူမျိုးမဟုတ်ဘူး။ ဘယ်သူဘယ်ဝါရယ်လို့ နာမည်တစ်လူံးရထားရင်  ယုံတယ်။ ခုကြည့် ကိုလိုနီ ခေတ်တုန်းက ထဘီရုပ်မှုနဲ့ ထိပ်တုံးခတ်ခံခဲ့ရတဲ့ကောင်တွေတောင် မျိုးချစ်ပုဂ္ဂိုလ်ရယ်လို့ ဖြစ်နေတယ်။ စာမေးပွဲမဖြေချင်လို့ တောခိုတဲ့ကောင်တွေဟာ လူတော်တွေဖြစ်လာတယ်။ ယုတ်စွအဆုံး နင်အခုနက ပြောတဲ့ ရွာထိပ်က ကဝေမတောင် သူတော်စင်လို့ ထင်လာကြတယ်။ တကယ်တော့ တို့လူမျိုးမှာ စနစ်တကျဆင်ခြင်တယ်ဆိုတာ မရှိဘူး။ လှမောင်ကြီးတို့ ပြောနေတဲ့ ဒီမိုကရေစီဆိုတာက ၉၆ ပါးပျောက်ဆေးမဟုတ်ဘူး။ ပွေးဆေးဝဲဆေးလိုပဲ။ ယားနာပျောက်ရုံပဲ့။ ဝမ်းချုပ်နေတဲ့လူရဲ့ဗိုက်မှာ လိမ်းပေးလို့တော့ ဝမ်းသွားမှာမဟုတ်ဘူး။ ဒါပဲ မြတင်၊ နင် သဘောမတွေ့တာ ငါနားလည်တယ်။ ဒါပေမယ့် နင်လည်း ဘာမှမတတ်နိုင်ဘူး။ တို့လူမျိုးတွေ မယောင်ရာဆီလူးလုပ်တာအပေါ်မှာ သာယာနေသမျှ နောင်အနှစ်တစ်ရာလည်း ဒီလိုပဲ နေမယ်။။ နိုင်ငံရေးသမားတွေကတော့ နိုင်ငံရေးဟာ လုပ်စားစရာ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်လာမှာပဲ။ ဒီတော့လည်း တို့တိုင်းပြည်လွတ်လပ်ရေးရလာတာဟာ၊ ဒီမိုကရေစီရလာတယ်ဆိုတာဟာ ဗိုလ်ချုပ်ပြောတဲ့နိုင်ငံဖြစ်လာဖို့ ပိုနီးစပ်နေသလိုပဲ။
          ဆရာနှောင်းကြီးက တောက်လျှောက်ပြောပစ်လိုက်တော့တာပဲ။ ဆရာနှောင်းကြီး ပြောပြီးသွားတော့ အရီးမြတင်နဲ့ ဦးလေးသောင်းကြီးတို့က ဘာမှ ဝင်မပြောကြဘူး။ သူတို့ဘာသာ ဆက်ပြီး တွေးနေကြပုံရတယ်။ အရီးမြတင်တို့ သုံးယောက်သားကလည်း အရီးအိမ်ဝိုင်းဖက်ဆီ ရောက်လာတယ်။ အိမ်ရှေ့ဆီက သစ်ပင်ရိပ်အောက်မှာ မိန်းမတွေ တစ်သိုက်နဲ့ဆရာကြီးလှမောင်ကို လှမ်းတွေ့လိုက်ြ့ရတော့ လှမောင်ကြီးပါလားလို့ ဦးလေးသောင်းပါးစပ်က ထွက်သွားတယ်။ အတော်ပဲ ငါလည်း ပြောချင်နေတာနဲ့လို့ အရီးပါးစပ်က ချက်ချင်းလိုထွက်လာတယ်။ မြတင်လို့ ဆရာနှောင်းက ခေါ်လိုက်လို့ အရီးက လှမ်းကြည့်လိုက်တော့ ဆရာနှောာင်းက မချိပြုံးပြုံးရင်း ခေါင်းခါပြတယ်။ အရီးမြတင်ကတော့ သဘောပေါက်သွားပုံရတယ်။ အရီးရော၊ ဦးလေးသောင်းကြီးကပါ ခေါင်းတညိတ်ညိတ် လုပ်နြေ့တယ်။ အဲဒီတုန်းက ဆရာနှောင်းကြီးက ဟေ့ လှမောင်ကြီး မိန်းမတွေကြားမှာ ဘာလုပ်နေတာတုန်းလို့ ဝိုင်းအပြင်ကနေ လှမ်းအော်လိုက်တယ်။ ဦးလှမောင်ကြီးလည်း လန့်သွားပုံရတယ်။ အပြင်ဖက် လှမ်းကြည့်လိုက်ရင် လှမ်းကြည့်လိုက်ရင် ငနှောာင်းကြီးပါလားလို့ တစ်ယောက်ယောက်ကို ပြောသလိုမျိုးနဲ့ ပြောပြီး သူကြီးဦးနီကတော်နဲ့ သန်းတင်မကို ကြည့်လိုက်ရင်း သွားဦးမှဟလို့ ပြောလိုက်တယ်။ ပြီးတော့ ကွပ်ပျစ်ပေါ်က အသာဆင်း။ ညှပ်ဖိနပ် မီးတိုကို စွပ်ပြီး၊ ဝိုင်းထိပ်ဆီထွက်လာတယ်။ အရီးမြတင်တို့နားရေက်ြတာ့ အေးအေးဆေးဆေးမှ လာခဲ့ဦးမယ် မြတင်လို့ ပြောတယ်..။ အရီးကတော့ ပြုံးနေရင်း ဆရာနှောင်းတို့ ညီအစ်ကိုကို ကြည့်နေတယ်။ ဘာမျှပြန်မေပြောဘူး။ မင်း ဘယ်တုန်းက ရောက်တုန်းလို့ ဦးလှမောင်က ဆရာနှောင်းကို မေးပေတဲ့ ဆရာနှောင်းက ပြန်မဖြေဘူး။ လာစမ်းပါကွာ၊ သောင်းရင်တို့ဖက်ဆီ သွားမလို့၊ လိုက်ခဲ့လို့ပဲ ပြောပြီး သွားဦးမယ်လို့ မြတင်လို့ အရီးမြတင်ကို လှမ်းပြောလိုက်တယ်။ ဦးလှမောင်ခမျာ ဆရာနှောင်းကြီး ရောက်လာပေလို့ပဲ။ သူကြီးဦးနီကတော်ရယ်၊ သန်းတင်မရယ်၊ အရပ်ထဲက မိန်းမတွေရယ်က သူ့ကို တလှည့်စီ ဝိုင်းတွယ်နေကြတာ  လှိမ့်ခံနေရတာ အတော်တောင် ကြာသွားပြီ။ ထလည်း မပြန်ရဲရှာဘူး။ ခုကာမှ ဆရာနှောင်းကြီးရောက်လာပေလို့ပဲ။ သူ့စိတ်ထဲမှာတော့ ဇာတ်ပွဲထဲမှာ မိုးလင်းပိုင်းကျရင် ဇာတ်ပေါင်းကောင်းရအောင် သေသူတွေ ပြန်ရှင်လာဖို့ သိကြားရုပ် ပေါ်လာသလိုပဲ။ သူ့စိတ်ထဲမှာတော့ ဆရာနှောင်းဟာ သိကြားမင်းကြီးပဲ။    
(ရွာထဲရပ်ထဲက ဝတ္ထုတိုများမှ)
မြင့်သန်း
စုံနံ့သာမဂ္ဂဇင်း၊ သြဂတ်လ၊ ၂၀၁၄

July 18, 2014

ဂျောန်ဘယ်ရီမင် နဲ့ အိပ်မက်တေး (မြင့်သန်း)

ဂျောန်ဘယ်ရီမန် John Berryman ကို ကျွန်တော်ဖတ်တယ်။ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ကျော်ကျော်လောက်က သိပ်မငြိဘူး။ မငြိရတာက ကဗျာဆိုတာဖတ်(ကြည့်)ရတယ်ဆိုတဲ့ အသိလောက်ပဲ ရှိခဲ့လို့။ ဖတ်ကြည့်တယ်ဆိုတော့လည်း ဖတ်ကြည့်တာပဲ။ လွယ်လွယ်ပြောရရင် ကဗျာက ဘာကိုဆိုလိုတယ်။ ကဗျာရေးတဲ့လူက ဘာကို ဆိုချင်တာပဲ၊ ဆိုတာတွေကို ရှာမတွေ့ဘူး။ ကဗျာဖတ်တယ်ဆိုတာ စာလုံးတွေကို လိုက်ဖတ်ကြည့်တာပဲဆိုတဲ့ အမြင်မျိုးတော့ လက်ခံသင့်တယ်လို့လည်း မထင်ဘူး။ Uncreative ဆိုတာကို နားလည်လွဲလာကြတဲ့အခါ ကဗျာဟာ ဖန်တီးတာမဟုတ်ဘူးလို့ အနက်ယူတဲ့လူငယ်တွေ ပေါ်လာတယ်။ ဖန်တီးစာမဟုတ်ဘူးဆိုရင် ကဗျာဟာ ဖန်တီးစာမဟုတ်ဘူးရယ်လို့ဖြစ်အောင် ဖန်တီးထားတာတစ်ခုပဲ။ လူ့အသိ၊ သိမှု၊ သိနားလည်မှုရဲ့အားထုတ်မှုမပါရင် ကဗျာမှမဟုတ်ဘူး။ အိမ်သာနံရံမှာရေးဖို့ စာတစ်ကြောင်းတောင် မဖြစ်ဘူး။ ခုနောက်ပိုင်းပြောလာကြတဲ့ အနက်ဟာ စာလုံး၊စကားးလုံးရဲ့ နောက်မှာ ဆိုတာကိုသာကြည့်၊၊ ကဗျာဆိုတာ စာလုံး၊ စကားလုံးတွေ ထင်ရာစီချထားတာမဟုတ်ဘူး။ ဘာသာခြားစာလုံး၊ စကားလုံးတွေကို ကိုယ့်ဘာသာစကားထဲမှာ အတင်းမွေးစား၊ ကိုယ့်ဘာသာစာနဲ့ ပြန်ရေး Transliteration၊ တကယ်တော့ ကဗျာဆိုတာက ကဗျာဖတ်သူတွေကို ရည်ရွယ်ချက်တစ်ခုအနေနဲ့ သဘောထားပြီး ထွေပြားခိုင်းထားတာမဟုတ်ဘူး။ ပါမောက္ခဟာဟစ်ရှ်ရေးသလို ဘယ်လိုစနစ်၊ နည်းပညာအခံနဲ့ ရေးရး ဖတ်သူဆီရောက်မလာတဲ့ ကဗျာဟာ တစ်နေရာရာမှာ ပျောက်နေလို့ပဲ။ဘယ်ရီမန် ကဗျာတွေဟာ ကဗျာရေးသူရဲ့ ပါဝင်ပတ်သတ် (ရ)ခဲ့တဲ့ ကာလ၊ ဒေသ၊ ကျွမ်းကျင်သူဖြစ်ခဲ့လေတော့၊ စာလုံးရွေးချယ်သုံးစွဲပုံတွေက ကောင်းတယ်။ ဘယ်ရီမင်ရဲ့ ကဗျာတွေနဲ့အတူ ကျောထောက်နောက်ခံအကြောင်းတွေ၊ သူတို့ကဗျာတွေအကြောင်း ပညာရှင်တွေ၊ နားလည်တဲ့လူတွေ ပြောကြတာတွေကို ကြိုးစားပြီး နားထောင်မိတယ်။

တနေ့တော့ တက္ကသိုလ်တစ်ခုက ကထိကမလေးပြောတဲ့ ဘိ ကဗျာအကြောင်း နားထောင်ပြီး သူပြောတဲ့အထဲမှာ ပါတဲ့ ဂျောန်ဘယ်ရီမန်အကြောင်း မေးကြည့်မိတယ်။ သူကလည်း ဘယ်ရီမင်ကဗျာတွေမှာ ကျောထောက်နောက်ခံအကြောင်းတွေ သိရင် ပိုကောင်းတယ်လို့ ပြောရမှာပဲ။ အထူးသဖြင့် ဘယ်ရီမင်ရဲ့ ပထမပိုင်းကဗျာတိုတွေ၊ အဲဒီနောက်ရေးတဲ့ ကဗျာရှည်နဲ့ နောက်ပိုင်းရေးတဲ့ ကဗျာတွဲတွေဟာ ပုံစံအရ၊ အကြောင်းအရာအရမတူဘူးတဲ့။ ဒီအချက်ကတော့ လက်ခံရမှာပဲ။ ဘာသာစကားမတူ၊ လူမျိုးနဲ့ ယဉ်ကျေးမှုအခြေခံမတူသူတွေအကြားမှာ ဘာသာစကားအခြေခံနားလည်ပုံက ကွာတယ်။ စာဖတ်တတ်တိုင်း ကဗျာတစ်ပုဒ်ကို ဖတ်လို့တော့ဖြစ်တယ်။ ကဗျာက ဘာကို ဆိုလိုတယ်ဆိုတာကိုတော့ သိချင်မှ သိမယ်။ လွယ်လွယ်ဥပမာပြောရရင် မောင်နွယ်ထွဋ်ရဲ့  တိုက်ကားလည်းမရ/ ဆိုက်ကားခ ရှိတဲ့အခါ/ ဟင်္သာတပေတရာ/ ပျော်စရာပါ  ဆိုတာကိုသာကြည့်။ ကျွန်တော်တို့ မြန်မာတွေအတွက်တော့ ပြဿနာမရှိဘူး.။ ကဗျာရေးတဲ့လူက ပြထားတာတွေကို ကျွန်တော်တို့ သိမှတ်နားလည်ခံစားနိုင်တဲ့ အထဲကို ကျေကျေနပ်နပ်ကြီးနဲ့ ပျော်ဝင်သွားတယ်။ ဒါပေတဲ့ ဘာသာစကားမတူတဲ့ လူမျိုးခြားတစ်ယောက်က မြန်မာဘာသာစကားကို ဖတ်တတ်၊ ရေးတတ်ရုံနဲ့ ဖတ်ကြည့်ရင်တော့ တိုက်၊ ကား နဲ့ ဆိုက်ကားခ ယှဉ်ပြထားတာဟာ အလကားပဲ။ ဒိပြင် အကြောင်းမသင့်ရင် ဟင်္သာတ၊ ပေတရာဟာ One Hundred Feed ဖြစ်သွားနိုင်သေးတယ်။(၁)(တခါက ကျွန်တော်ရေးခဲ့ဖူးတယ်။ တကယ့်ဖြစ်ရပ်။ မြန်မာစကား/စာတတ်တဲ့ လူမျိုးခြားတစ်ယောက်က …ကြက်ညီနောင် ရေမှာမျော..ဆိုတာကို …two chicken brothers floating in the water လို့ ရေးတာကို ဖတ်ခဲ့ရဖူးပါတယ်။ မကြာခင်ကတင် ဖတ်ရတဲ့ သန်းစိုးနိုင်ဆိုသူ ရေးတဲ့အထဲမှာ Spit at each other ကို …အပြန်အလှန်တံတွေးဖြင့် ထွေးကြပုံ…လို့ အနက်ပေါက်ပုံမျိုးဖြစ်မယ်။) ဒီတော့ ဘာသာစကား၊ ဘာသာစာမတူတဲ့ အရေးအသားတစ်ခုကို ဖတ်ကြည့်တဲ့အခါ သိရုံက မခက်ပေတဲ့ သိမှတ်နားလည် ခံစားနိုင်တဲ့ အပိုင်းကျ ခက်နေတတ်တယ်။(ဘယ်ရီမင်ကဗျာထဲက အချက်တစ်ခု နောက်နားမှာ ထပ်ညွှန်းပါ့မယ်။ တသားတည်မကျဘူး။ ကဗျာကတော့ အခက်ဆုံးပဲ နေမယ်။ သဘာဝတရားအခြေခံ အဖွဲ့အစပ်တွေက၊ နေ့စဉ်ဘဝအခြေခံအဖွဲ့အစပ်တွေထက်ပိုပြီး သိမှတ်ခံစားနားလည်လွယ်တယ်။ အကြောင်းကတော့ သဘာဝတရားနဲ့ ပတ်သတ်တဲ့ သိမှုဟာ ပိုပြီး ယေဘုယျဆန်သဘောဆောင်နေလို့ပဲ။

ဒီလိုနဲ့ ဂျောန်ဘယ်ရီမင်ကို ပြန်ဖတ်ဖြစ်တယ်။ ဒီလိုတော့လည်း သိပ်မဆိုးလှဘူး။ သူရဲ့ အိပ်မက်တေးတွေ Dream Songs ကိုဖတ်လို့ သဘောတွေ့လာတယ်။ ၇၇ အိပ်မက်တေး ဆိုတဲ့ ကဗျာစာအုပ် (77 Dream Songs) က ၁၉၆၄ မှာ ထွက်တယ်။ ကဗျာအတွက် ပူလစ်ဇာဆုရတယ်။ အိပ်မက်တေးတွေကို သဘောတွေ့လာတယ်လို့ ဆိုတာကလည်း သူ့နောက်ကြောင်းကလေးတွေ သိထားရလို့ပဲ။ သိပ်ကြီးကြီးကျယ်ကျယ်တော့မဟုတ်ဘူး။ ကဗျာထဲက ဟင်နရီ Henry ဆိုတဲ့ဇတ်ကောင်အကြောင်း၊ ဟင်နရီကို မသိရင် အိပ်မက်တေးတွေ ဘယ်လိုမှ အရာထင်မလာနိုင်ပါဘူး။ ပထမဆုံး ကဗျာမှာ ဘယ်ရီမင်ဟာ ဟင်နရီကို ပုံဖော်ထားတယ်။

          စိတ်ထွက်နေတဲ့ ဟင်နရီက တနေ့လုံးကို ရှောင်နေတယ်၊
          ညှိမရတဲ့ ဟင်နရီ စိတ်ကောက်နေတာ။
          ငါကတော့ သူ့သဘောသိတယ်။ ခြေရာကောက်ကြည့်လိုက်တယ်…
လို့ ရေးပြီး စ ထားတယ်။ နောက် ဒုတိယအပိုဒ်မှာ….
          ကမ္ဘာကြီးတစ်ခုလုံးဟာ ဂွမ်းကပ်ကြီးလိုပဲ
          တခါတုန်းကတော့ ဟင်နရီဘက်မှာ။
          နောက်တော့ ခွဲခွာစရာတစ်ခု ဖြစ်လာတယ်…
လို့ရေးပြီး ဟင်နရီရဲ့ အနေအထားပြောင်းသွားရတာကို ဖော်တယ်။ အရင်ကတော့ ဂွမ်းကပ်ကြီးလို၊ နွေးထွေးနေတာ၊ နောက်တော့ လမ်းခွဲကြရတယ်။ ကမ္ဘာကြီးက သူ့ဘက်မှာမဟုတ်တော့ဘူး။ ဒီတော့…
          အခု သူက ကမ္ဘာကြီးမှာ ဘယ်လိုဖြစ်နေတာ ဘယ်လိုဖြစ်လာမှာကို
          အရှည်အကျယ် သိစရာတွေ ပြောပြတော့မှာ….(၂)
((၂) မြန်မာဘာသားစကားအခြေခံနဲ့လွယ်လွယ် ထိ နိုင်တဲ့စာလုံးတွေသုံးပြီး မြန်မာလိုပြန်ရေးထားတာပါ။ ဥပမာ အင်္ဂလိပ်လို hid tha day လို့ရေးတာကို မြန်မာလို လုံးချင်းပြန်ရေးရရင် နေ့တစ်နေ့ကို ဝှက်ထားတယ်လို့ရေးရမှာပဲ။ဒါပေမယ့် သူဆိုလိုတာက ဟင်နရီက ရှောင်နေတာ။ တကယ်ရေးထားပုံက…Henry hid the day လို့ Hid နဲ့ the day ကြားမှာ ခြားထားသေးတယ်။ သူတို့ဘာသာစကား တည်ဆောက်ပုံအရ အရသာရှိတယ်။ ကျွန်တော်တို့ဘာသာစကားမှာ ဘယ်လိုမှ အရသာမရှိဘူး။အတင်းအဓမ္မပုံတူကူးချရင်တော့ ဘာသာစကားအခြေခံနဲ့ မျောက်ပြဆန်တောင်းမှုတစ်မျိုးပဲဖြစ်မယ်။ ဘာသာစကားဟာ ပြည်ကြီးဒါလီလို ကြုံရာနဲ့ဝင်အိပ်တာမျိုး မလုပ်ဘူး။) လို့ရေးထားတယ်။ ဟင်နရီဟာ ဘယ်လိုလူ၊ ဘာဖြစ်တယ်ဆိုတာကို ပျိုးထားတယ်။ ဟင်နရီရဲ့ ရုပ်အခြေခံအနေအထား (…ရှောင်နေတယ်) နဲ့ စိတ်အခြေခံအနေအထား (…စိတ်ကောက်နေတယ်) ကိုပြထားတယ်။ ဟင်နရီရဲ့ အနေအထားပတ်ဝန်းကျင်မှာ ဖြတ်ပျက်နေတာတွေ။ ရေးထားတာတွေကို သေသေချာချာဖတ်ကြည့်ရင် ဘဝကို မှတ်တမ်းတင်ထားသလိုပဲ။ ဟင်နရီဟာ ကဗျာရေးတဲ့လူရဲ့အသံ၊ ဇာတ်ကြောင်းပြောနေတဲ့လူက ဦးတည်ရည်ညွှန်းပြောနေရတဲ့လူပဲ။

ဘယ်ရီမင်နဲ့ အပြန်အလှန်စကားပြော ဆွေးနွေးချက်တစ်ခုမှာ (Haroard Adoocate ထဲမှာ ) ဘယ်ရီမင်က ပြောတယ်။ ဟင်နရီက ကျွန်တော်နဲ့ တူတယ်။ ကျွန်တော်ကလည်း ဟင်နရီနဲ့တူတယ်။ ဒါပေတဲ့ တစ်ဘက်ကနေ ပြောရရှုတော့ ကျွန်တော်ဟာ ဟင်နရီမဟုတ်ဘူး။ သိကြတဲ့အတိုင်းပဲ၊ ကျွန်တော်က အမြတ်တော်ကြေးပေးရတယ်။ ဟင်နရီက မပေးရဘူး။…တဲ့။ တကယ်တော့ ဆိုလိုချငတာက ဟင်နရီဟာ စာပေအရ (ကဗျာအဖွဲ့အစပ်အရ) တည်ဆောက်ထားတဲ့ ဂျောန်ဘယ်ရီမင်ပဲ။ ကဗျာနဲ့ တည်ဆောက်ဖော်ထုတ်ပြထားတဲ့ ဟင်နရီက မျက်နှာအမည်းနဲ့ အမေရိကန်လူမျိုး(လူဖြူ)။ ဘဝမှာ ဘယ်လိုမှပြန်မရနိုင်တော့တဲ့ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ထားရတဲ့ လူ။ ဒါပေတဲ့လည်း ဘယ်လို ဆုံးရှုံးမှုရယ်လို့ ဘယ်ရီမင်က ဖော်ပြမထားခဲ့ဘူး။ လူမဲ လို့ မရေးဘဲ မျက်နှာအမဲနဲ့လူ လို့ ရေးထားတာကိုကလည်း အကြောင်းတော့ ရှိတယ်။ သူတို့ဆီမှာ (အထူးသဖြင့် အမေရိကမှာ) လူဖြူက လူမဲအသွင်ဆောင်ပြီး သရုပ်ဆောင်တာ အသုံးတော်ခံတာရှိတယ်။ တနည်းအားဖြင့်တော့ လူမဲတွေရဲ့ စရိုက်ကို ယူပြီး လူဖြူက လူမဲအသွင်ဆောင်ပြီး ဖော်ထုတ်တာ။ တချို့ကတော့ အင်္ဂလိပ်စကားနဲ့ Stage negro လို့ ခေါ်ကြပါတယ်။ ဟင်နရီဟာ အရပ်တကာလှည့်သီဆိုနေတဲ့ သီချင်းသည် minstreal သဘောပဲ။ ဒိပြင် ဟင်နရီဟာ အမျိုးမျိုးပြောင်းနေတယ်။ ဟင်နရီဟာ တစ်သမတ်တည်းဖြစ်နေတဲ့ အနေအထားမှာမဟုတ်ဘူး။ ဟင်နရီဟောက်စ်..Henry house၊ ဟင်နရီဟန်ကိုဗစ်ခ်ျ Henry Hankovitc၊ ဆာဟင်နရီ Sir Henry …စသဖြင့် အမျိုးမျိုးပဲ။ ဒိပြင် ဟင်နရီဟာ လူသတ္တဝါ အဖြစ်နဲ့ချည်းမဟုတ်ဘူး။ ကြောင်၊ သမင်၊ ဟယ်လီကော်ပတာစတဲ့သတ္တဝါ/ အရာဝတ္ထုတွေအသွင်ကိုလည်း ဆောင်ပြီး ကဗျာထဲမှာ ပေါ်လာတယ်။ဒီတော့ အဲဒီလိုမျိုး အချက်အလက်ကလေးတွေကို သိထားရင်ဖြင့် ဘယ်ရီမင်ရဲ့ ကဗျာတွေဟာ ပိုပြီး ပုံပေါ်လာပါတယ်။

အိပ်မက်တေးကဗျာတွေထဲမှာ မစ်စတာဘုန်း(စ)Mr.Bones ဆိုတဲ့ ဇာတ်ကောင်တစ်ကောင်လည်း ပေါ်လာတတ်တယ်။ သူက အမေရိကန် လူမဲတွေပြောလေ့ရှိတဲ့ အသံထွက် အသုံးအနှုန်းတွေနဲ့ ပြောတယ်။ ဘယ်ရီမင်က  အဲဒီအသံထွက် အသုံးနှုန်းတွေ သုံးပြီး မစ်စတာဘုန်း(စ)ကို ဖော်လေ့ရှိတယ်။ သူကလည်း ကဗျာရေးတဲ့ လူကိုယ်စားဝင်ပြောပေးနေတဲ့ ဇာတ်ကောင်တစ်ခုပဲ။ အနောက်တိုင်းကဗျာ ဖန်တီးစာ…စတဲ့အရေးအသားတွေထဲ ရေးတဲ့လူက သူ့ကိုယ်စား (အခြားအသံတစ်ခု)ထည့်ပြီး ဖန်တီးတတ်တာကတော့ မဆန်းဘူး။ အိပ်မက်တေး နံပါတ်(၂)မှာ ကတည်းက စပြီး မစ်စတာဘုန်း(စ)ကို ဆာဘုန်း(စ)ရယ်လို့ ရည်ညွှန်းပြီး ဖော်လာခဲ့တယ်။ အိပ်မက်တေး ၇၆ (ဒီကဗျာက ဟင်နရီရဲ့ ဝန်ခံချက် လို့လည်း တွင်တယ်။)မှာတော့ ဟင်နရီက မစ်စတာဘုန်း(စ)ကို တိုင်တည်ပြီးပြောတယ်။ ဥပမာ…
          လောလောဆယ် ကျုပ်မှာ သိပ်ဆိုးဆိုးရွားရွားတွေ မဖြစ်ဘူး။
          ဘယ်လိုရှင်းပြရမှာတုံး၊ ကျုပ်ရှင်းပြမယ် မစ်စတာဘုန်း(စ)ရယ်…
လို့ စခဲ့တယ်။ အဲ့ဒီလိုပဲ အဆုံးမှာလည်း မစ်စတာဘုန်း(စ)ကို ဦးတည်ပြောရင်း ဆုံးတယ်။
          …အခုတော့၊
          ခင်ဗျားရဲ့ ဘယ်ခြေကို ကျုပ်ရဲ့ ညာခြေနားထား
          ပခုံးချင်းညှိ အဲသလိုမျိုးကလေး
          လက်ချင်းယှဉ်လို့ သာယာတဲ့ ပင်လယ်နဘေးဆီမှာ
          သီချင်းကလေးအသာညည်းရင်းပေါ့၊ မစ်စတာဘုန်း(စ)ရာ။
          ----ဘယ်သူမှလာတာ ကျုပ်မတွေ့တော့၊ ကျုပ်ပဲ သွားလိုက်တော့တယ်။
ဘယ်ရီမင်ရဲ့ အလိုအရတော့ မစ်စတာဘုန်း(စ)ဟာ အနောက်တိုင်းစာပေထဲမှာ ဂန္တဝင်မြောက်တဲ့ စဗာန်တေး Cervantes ရဲ့ ဒေါန်ကေဟိုတေး Don Quixote ဝတ္ထုထဲကလို။ အဓိကဇာတ်ကောင်ကို အထောက်အပို့ပေးနိုင်တဲ့ အပြိုင်ဇာတ်ကောင် စန်ချိုပန်စာ Sancho Panza ကို ဖန်တီးထားသလိုပဲ။ ဒါကြောင့်ပဲ အိပ်မက်တေးတွေထဲမှာ မစ်စတာဘုန်း(စ)က ဟင်နရီပြောဆိုနေတုန်း ကြားဖြတ်ပြောတာမျိုး။ ဆင်ခြင်နည်းလမ်းတကျ ထောက်ပြထားတာမျိုး ပါတယ်။ ဘုန်း(စ)ရယ်လို့ ဖန်တီးဖို့ တခြားစိတ်ကူးကတော့ ၁၉၃၀ ခုနှစ်က ထုတ်တဲ့ Tambo and Bones ဆိုတဲ့ စာအုပ်က ရတာပဲ။

သိမထားရင် ကဗျာရဲ့ဆိုလိုရင်းမဟုတ်လို့ အရပ်ပြောနဲ့ပြောရရင် အရသာမပေါ်ဘူးလို့ ပြောရတဲ့အချက်ကို (ထပ်ပြီး) အထောက်အထားဖြစ်အောင် အိပ်မက်တေး ၄၇ ကို ပြချင်ပါတယ်။ အိပ်မက်တေး ၄၇ ဟာ April Fools Day, or, St.Mary of Egypt လို့လည်း ဆင့်ပွားနာမည်ပေးထားတယ်။ ဒီ April Fools Day ဆိုတာဟာ ရင်းရင်းမြစ်မြစ် ဘာကိုဆိုလိုတယ်ဆိုတာကို မသိတာ၊ အကြမ်းထည်တော့ သိပြီးကြပြီးဖြစ်မယ်။ ဒီအပိုင်းတော့ မရှင်းတော့ဘူး။ ဒါပေတဲ့ အီဂျစ်က စိန့်မေရီ St.Mary of Egypt ဆိုတာကတော့ အကြမ်းဖျဉ်းသိဖို့လိုမယ်။ မသိခဲ့ရင် ရန်ကုန်မြို့က အလံပြဘုရားလမ်းထောင့်က စိန့်မေရီဘုရားကျောင်းလိုမျိုး မြင်မိကောင်း မြင်မိကြမယ်။ ဘယ်ရီမင်ရဲ့ အိပ်မက်တေး ၄၇ လည်း ဘာမျှအဓိပ္ပါယ်မရှိဖြစ်သွားမယ်။ ဒီ-ကဗျာ-မျိုးဟာ အဓိပ္ပါယ်မရှိအောင် ရေးထားတာမျိုးမဟုတ်လေတော့ ကဗျာဆိုတာ အဓိပ္ပါယ်ရှိဖို့ မလိုဘူးရယ်လို့ ကြွေးကြော်ပြီး ဖန်တီးထားတဲ့ ကဗျာမျိုးထဲမှာ မပါဘူး။ အီဂျစ်က စိန့်မေရီဆိုတာက နှစ်ပေါင်းများစွာက အီဂျစ်ပြည်က သဘင်သည်မ၊ ပြည့်တန်ဆာမ တစ်ယောက်။ ငွေကြေးထက် တဏှာရာဂမှာ တက်မက်မှုလွန်ကဲတယ်။ ဂျေရုစလင်ကို ဘုရားဖူးသွားတာတောင် ဘုရားဖူးခရီးသည်တွေကို ရာဂနဲ့ ဖျားယောင်းမွေ့လျော်ခဲ့တယ်။ ဂျေရုစလင်က  ဘုရားကျောင်းကို ရောက်တဲ့အခါမှ သူ့ကို ဘုရားကျောင်းထဲကို အဝင်မခံဘူး။ အဝင်မခံတာက လူပုဂ္ဂိုလ်မဟုတ်ဘူး။ ပြောပြနိုင်စွမ်းမရှိတဲ့ အင်အား၊ စွမ်းအားတွေက ခုခံထားတာ။ သူ့ရဲ့ မကောင်းမှုအညစ်အကြေးတွေကို လက်မခံတဲ့ သဘောပဲ။ ဒီမှာတင် မိခင်တော်မြတ်မေရီကို အာရုံပြုပြီး ဆုတောင်းတယ်။ ဒီတော့ ညွှန်ကြားချက်ကို ကြားလာရတယ်။ သူ့ကို ဂျော်ဒန်မြစ်ရဲ့တဘက်ဆီက သဲကန္တာရထဲကိုသွားပြီး လေးဆယ်ခုနစ်နှစ်ကြာအောင် တကိုယ်တည်း အဝတ်မပါဘဲနေရမယ်။ အဲဒီနောက်မှ သူတော်စင် ဇိုစိမာ့(စ)နဲ့ သွားရောက်တွေ့ဆုံရမယ်ဆိုတဲ့ ညွှန်ကြားချက်ရလာတယ်။ ဒါက အီဂျစ်က စိန့်မေရီအကြောင်း။ အီဂျစ်က စိန့်မေရီအတွက် ကျင်းပတဲ့ဘာသာရေးဆိုင်ရာ ဝတ်ပြုကိုးကွယ်မှုရက်က ဧပြီလနှစ်ရက်နေ့။ ဒါပေတဲ့ ဘယ်ရီမင်က သူ့ကဗျာထဲမှာ ဧပြီလတစ်ရက်နေ့ကို ပြောင်းလိုက်တယ်။ သူ့ကဗျာထဲက မေရီဟာ အီဂျစ်က စိန့်မေရီမဟုတ်ဘူး။ ဟင်နရီရဲ့မေရီပဲ။ မြို့ပြင်ကိုထွက်၊ လူနေရပ်ကွက်တွေကို ဖြတ် ရဲရဲတင်းတင်း ငါ့ရဲ့ သဲကန္တာရဆီ စွန့်ပြီး ဝင်လာခဲ့လို့ ဘယ်ရီမင်က ရေးထားတယ.်။ တနည်းအားဖြင့်တော့ ဘယ်ရီမင်က ယနေ့ကာလအတွင်းက လူ(ပြောမယ်ဆိုရင်တော့ မော်ဒန်လူသား)ရဲ့ သမိုင်းအခြေခံဖြစ်ပျက်နေရခြင်းနဲ့ နေ့စဉ်ဘဝအတွေ့အကြုံတို့ကြားက ပဋိပက္ခဖြစ်နေရတဲ့အနေအထားပဲ။ ဒီနေရာမှာ အဓိကဆိုချင်တာက ဘယ်ဘာသာစကားနဲ့ရေးထားတဲ့ ကဗျာပဲဖြစ်ဖြစ် စာလုံးတွေရဲ့နောက်က အနက်ကို သိဖို့တော့ လိုတယ်ထင်တာပဲ။ မသိခဲ့ရင်တော့ ကဗျာရေးသူရဲ့ အားထုတ်မှုဟာ ကဗျာဖတ်သူဆီ ရောက်မလာတော့ဘဲ အဝေးကို ထွက်သွားတဲ့ အနေအထားဖြစ်သွားမယ်။

ဒီလိုအချက်ကလေးတွေ သိထားရရင်ပဲ ဘယ်ရီမင်ရဲ့ ကဗျာ(ဘယ်ရီမင်မှ မဟုတ်ဘူး။ တခြားလူတွေ ရေးတာတွေမှာလည်း)ဖတ်တဲ့အခါတွေမှာ ပိုပြီးပီပီပြင်ပြင်ဖြစ်လာတယ်။ (ရှေ့မှာညွှန်းခဲ့တဲ့ေ မာင်နွယ်ထွဋ် ကဗျာလိုပဲ။) ဒါပေတဲ့ ဘယ်ရီမင်ရဲ့ ကဗျာတွေအကြောင်းကို မြန်မာလိုပြန်ပြီးတင်ပြရာမှာ ရေးဟန်ကိုတော့ ထည့်ပြီး ပြောနိုင်မှာမဟုတ်ဘူး။ ကာရန်၊ ဟန်..က သူတို့ပုံစံပြောရမယ်ဆိုရင်တော့ စာကြောင်းရေးအခြေခံနဲ့ စတန်ဇာ သတ်ပြောရမှာပဲ။ အင်္ဂလိပ်လို စတန်ဇာ Stanza (ယုဒဿန်အသံထွက်သလို မြန်မာမှုအသံထွက်နဲ့ ရေးရရင်ဖြင့် စတနဇ လို့ေ၇းရလေမလားပဲ။ အကောင်းဆုံးကတော့ သူ့အသံထွက်အရင်းကို မြန်မာစာနဲ့ ပြန်ရေးတာ အကောင်းဆုံးပဲ ဖြစ်မယ်။) ဟာ အစ်တာလျံကလာတာ။ လိုရင်းအနက်ကတော့ ရပ်တဲ့နေရာ ပဲ ကဗျာအဖြစ်ရေးသာားးတဲ့ စာကြောင်းရေပေါ်မူတည်ပြီး သတ်မှတ်ခေါ်ဆိုတာတစ်ခုပဲ။ လေးကြောင်းတတွဲ စတန်ဇာကတော့ ပုံမှန်ပဲ တဆယ့်နှစ်ကြောင်းထက် ပိုတာကတော့လည်း ရေးရိုးရေးစဉ်မဟုတ်ဘူး။ ဘယ်ရီမင်က ခြောက်ကြောင်း ရှစ်ကြောင်း သုံးပိုဒ်လောက်ရေးလေ့ရှိတယ်။ ဒီအပိုင်းနဲ့ ဝေါဟာရရွေးချယ်လပုံကို ကျွန်တော်တို့ ဘာမှ ဆွေးနွေးနိုင်မယ် မထင်ဘူး။ ဂွတ်မောနင်းကို ကောင်းသောမနက်ခင်းပါလို့ မြန်မာလို ရှာကြံဘာသာပြန်လိုက်ရတာကလွဲလို့ တကယ့်မြန်မာ့လူ့အဖွဲ့အစည်းထဲမှာ ဘယ်လိုမှ အချိန်မစီးတဲ့ အသုံးအနှုန်းမတည့်တဲ့ အသုံးအနှုန်းတစ်ခု ဖြစ်နေသလိုမျိုးပဲ ဖြစ်လာမယ်။( မကောင်းတဲ့ နံနက်ခင်း ဆိုတာက ဘယ်လိုဟာမျိုးတုန်းလို့ နယ်ဘက်ကျေးဘက်က စာဖတ်အားကောင်းတဲ့ လူတစ်ယောက်က မေးတာခံရဖူးတယ်။) ကွန်စက်(ပ)Concept ဆိုတာကို ဘာသာစကားအခြေခံသိမှု ဖလှယ်ပုံအရရှင်းမပြနိုင်ဘဲ အင်္ဂလိပ်စာနဲ့ ရေးထားတဲ့ စာလုံးတွေ ဖျာခင်းပြီး ကွန်စက်(ပ)ကျူအလ်အတ် Conceptual Art ကို ရှင်းပြနေကြတာမျိုးပဲ ဖြစ်မယ်။

ဒါပေတဲ့အကြောင်းအရာအားဖြင့်တော့ ကျွန်တော်တို့ ပြောနိုင်တယ်။ စာလုံး၊ စကားလုံး အသုံးကောင်းတယ်။ လေ( အသံ၊ Toneကို ဆိုလိုတာ) ကောင်းတယ်။ သူ့ကဗျာတွေက သူ့အမြင်၊ သူ့အကြောင့်၊ သူ့ကို နားလည်လက်ခံထားတဲ့အကြောင်၊ ဒိပြင် သူ့ကိုယ်သူနဲ့ သူ့အရေးအသားတွေအပေါ် ဝေဖန်ထားတာတွေပါတယ်။ ဒီတော့လည်း အနောက်ဘက်မှာ ကဗျာတွေကို မျိုးတူစုပြတဲ့ Confessional Poetry ကဗျာမျိုးလို့ ခေါ်ရလိမ့်မယ်။ မြန်မာလို လွယ်လွယ်ပြောရရင်တော့ ဝန်ခံကဗျာပဲ။ ကဗျာရေးသူက သူ့အမြင်ကိုချည်း ဖော်ထုတ်တာမဟုတ်ဘူး။ သူ့ကိုယ်သူကိုပါ သူ့အမြင်နဲ့ ကြည့်မြင်ပြီး ဖွင့်ဟဝန်ခံတာပဲ။ တနည်းတော့ အဆိုပြုတယ်လို့ ပြောရလိမ့်မယ်။ ဒီနေရာမှာ အဆိုပြုတယ် ဆိုတာကို ကဗျာအရေးအသားအရ ပေးတယ် ဆိုတာမျိုးနဲ့ မရောစေချင်ဘူး။ တချို့ ကဗျာအရေးအသားတွေမှာ ကဗျာရေးတဲ့ လူက ကဗျာဖတ်တဲ့လူကို ရစေချင်တာရှိတယ်။ ဒီတော့ ကဗျာရဲ့ စာကြောင်းတွေနဲ့ ပေးတယ်။ ပေးတာဟာ တင်ပြတာပဲ။ အဆိုပြုတာ မဟုတ်ဘူး။ သူတို့ကဗျာဆရာတွေနဲ့ နမူနာပြရရှု ဝေလျာမ်ကားလို့(စ)ဝေလျာမ်(စ)ရဲ့ ကဗျာတချို့က ပေးတာ။ ဘယ်ရီမင်လို့ အဆိုပြုမထားဘူး။ အကြမ်းထည်ဥပမာပေးရရင် ဝေလျာမ်(စ)ရဲ့ Picture from Brueghel ကဗျာတွေထဲက ကိုယ်တိုင်ရေးပုံတူကား Self Portrait ကဗျာထဲက တစ်ကြောင်းနှစ်ကြောင်း မြန်မာလို ပြန်ရေးပြချင်တယ်။ ဝေလျာမ်(စ) က…
          ဆောင်ရဲ့အနီရောင်ဦးထုပ်ထဲက အပြာရောင်
          မျက်လုံးတွေ ပြုံးနေကြရင်း
          ခေါင်းနဲ့ပခုံးတွေဆိုရုံပဲ
          ကင်းဗတ်စပေါ်မှာ စုံပြုံလို့
          လက်ပိုက်ထား…
အဲဒီလိုမျိုး ကဗျာဖတ်တဲ့လူကို ပေးထားတာ။ ကဗျာဖတ်တဲ့လူက အဲဒီအတိုင်း လက်ခံရယူဖို့၊ လက်ခံရယူဖို့ ဆိုရာမှာ ဆက်ပြီးအနက်ဖော်စရာမလိုပဲ လိုက်သွားဖို့ (နောက်ထပ် နမူနာအဖြစ် ဖတ်ကြည့်ချင်ရင် ဝေလျာမ်(စ)ရဲ့ To a Poor Old Woman ကိုရှာဖွေဖတ်ကြည့်ကြစေချင်တယ်။ An Early Martyr ထဲမှာ ပါတယ်။ ၁၉၃၅ ခုနှစ်က ထုတ်တာ) ဝေလျာမ်(စ)ရဲ့ အရေးပုံစံကိုက လိုက်ပါသွားဖို့ပဲ။ ဒါပေတဲ့ ဘယ်ရီမင်က ရှုခင်းတစ်ခုကိုရေးတော့….
          အညိုရောင်ထနေတဲ့ဆောင်းရဲ့ တောင်ကုန်းဆီကနေ
          တုတ်ရှည်ကြီးတွေနဲ့ အမဲလိုက်ခွေးတွေနဲ့ လူသုံးယောက်ဆင်းလာလေရဲ့
          စီရီတန်းနေတဲ့ သစ်ပင်တွေအကြားကနေဖြတ်
          ကောက်ရိုးခြောက်တွေ မီးရှို့ထားတဲ့နားဆီက လူရိပ်ငါးခုကိုကျော်လို့
          အေးစက်ငြိမ်သက်နေတဲ့ သူတို့မြို့ကလေးဆီပြန်လာခဲ့ကြတယ်…
လို့ရေးထားတယ်။ ဒီကဗျာက သူ့ရဲ့ ဆောင်းရှုခင်း Winter Landscape လို့ နာမည်ပေးထားတဲ့ ကဗျာက။ သူက ဝေလျာမ်(စ)ရေးသလို ဖတ်တဲ့လူက လိုက်လာဖို့ မလိုဘူး။ တချီတည်းနဲ့ အပြီးပြောထားလိုက်တာ။ အပြီးပြောထားလိုက်တဲ့အတွက် အနက်ယူတတ်ဖို့လိုလာတယ်။ ဒီတော့ သူတို့ကဗျာရေးပုံတွေမှာ ရေးတဲ့လူက ဘယ်လိုအနေအထားနဲ့ ပြောတယ်ဆိုတာက မတူကြဘူး။

အိပ်မက်တေး တွေဟာ ဘယ်ရီမင်ရဲ့ ဖန်တီးစာပဲ။ ၁၉၆၂ ခုနှစ်မှာ သူနဲ့ အတူတူနေနေတဲ့ ကဗျာဆရာ မယ်ရဒစ် William Meredith က ဘယ်ရီမင်ရေးပုံကို ရေးပြခဲ့ဖူးတယ်။ ဘယ်ရီမင်က တစ်ညလုံးရွတ်လိုက် ရေးလိုက် ဖတ်လိုက်၊ ဘာဘွန်(အမေရိကန်ဝီစကီ)သောက်လိုက်၊ ဆေးလိပ်သောက်လိုက်နဲ့၊ တခါတလေ မနက်လေးနာရီလောက်ထိ သူ့ဘာသာ ကဗျာရွတ်နေတာကို ကြားနေရတယ်တဲ့။ ကနဦးတုန်းကတော့ ဘယ်ရီမင်မှာ ဒီကဗျာတွေကို စုစည်းတည်ဆောက်ရမယ်ဆိုတဲ့ အစီအစဉ်(အတွေးပဲဆိုပါတော့) မရှိခဲ့ဘူး။ သူရေးထားတာတွေက သူ့ဘဝထဲက ထွက်လာတဲ့ အတွေ့အကြုံတွေ၊ မကျေနပ်တာ၊ ဒေါသထွက်စရာ၊ အားလုံးပဲ အဲဒီအချိန်က သူကိုယ်တိုင်လည်း ဦးတည်ရာမဲ့နေသလို သူ့ကဗျာတွေကလည်း ဦးတည်ချက်တစ်ခု ရှိမနေခဲ့ဘူး။ ဒါပေတဲ့ကစဉ့်ကလျားဖြစ်နေတဲ့ သူ့ကဗျာတွေကို သူ့ဘာသာ ပြန်တည်းပေးတယ်။ ဒီလိုနဲ့ပဲ ၁၉၆၄ ခုနှစ်မှာ ၇၇ အိပ်မက်တေးဆိုတဲ့ သူ့ကဗျာစာအုပ်ထွက်လာတယ်။ အိပ်မက်တေး  ကဗျာတွေအပြည့်အစုံကတော့ နောက်ပိုင်းထုတ်တဲ့ သူ့ရဲ့ His toy, His dream, His Rest ဆိုတာထဲမှာ ပါတယ်.။  ကဗျာတွေဟာ ကာလအပိုင်းအခြားကန့်သတ်ပြီး စီစဉ်ပုံနှိပ်ထားတာမျိုးတော့မဟုတ်ဘူး။ အနောက်နိုင်ငံရေးပုံစံထဲက Media res ဆိုတဲ့ ပုံစံမျိုးနဲ့ စာအုပ်ကို စထားတယ်။ အဲဒါက ဖန်တီးစာအရေးအသားတွေမှာ စ-လယ်-ဆုံး သုံးပါး ညီညွတ်မှုစနစ်ကို မသုံးတော့ဘဲ အလယ်ကနေ(ကြားတနေရာရာကနေ) စတဲ့ဖန်တီးမှုအပြုအမူပဲ။ အိပ်မက်တေးတွေကို ရေးတာ ဆယ့်တစ်နှစ်ကြာတယ်လို့ သိရပေမယ့် အဲဒီလိုရေးလာနိုင်ဖို့ ဘယ်လောက်ကြာအောင် အားထုတ်ခဲ့ရတယ်ဆိုတာကိုတော့ ပြောနိုင်ကြမှမဟုတ်ဘူး။ ဒီလိုပဲ ကဗျာစာအုပ်ဖြစ်လာတော့ စာအုပ်ထဲမှာ ဖော်ပြထားတဲ့ ပထမပိုင်းနဲ့ နောက်ဆုံးအပိုင်းကြားမှာ ကာလအားဖြင့် ဘယ်လောက်ခြားခဲ့တယ်ဆိုတာကို မပြောနိုင်ကြဘူး။

အိပ်မက်တေးထဲက ကဗျာတချို့မှာ ထူးခြားတဲ့အပိုင်းတစ်ခုလို့ ကျွန်တော်မြင်မိတာက (ကျွန်တော့်အမြင်သက်သက်ဖြစ်လို့ မှားချင်လည်း မှားမယ်) ကဗျာတွေရဲ့အဆုံးသတ်ဟာ ရသအမြင်(ရသဖြစ်ပေါ်စေမှုတစ်စုံတစ်ရာ)အတွက် ရပ်တန့်ပစ်လိုက်သလိုပါပဲ။တနည်းပြောရရင် ဖန်တီးစာအရးအသားမှာ ရေးသားထားတဲ့ အရေးအသားကို ချုပ်လိုက်ချင်လို့ပဲ၊နောက်ထပ်ဖန်တီးမယ့်အရေးအသားတခုခုမှာ သီခြားတစ်ခုခုကိုပြောချင်လို့ပဲဖြစ်ဖြစ် အရေးအသားကို တန့် ထားလိုက်တာရှိတယ်။ အင်္ဂလိပ်လို ခပ်လွယ်လွယ်ပြောရရင်တော့ Statis ပဲ။ အရေးအသားဟာ ဆက်ပြီးမဖွံ့ဖြိုးတော့ဘူး။ ဒီနေရာမှာ ရပ်ထားတာနဲ့ ပြီးသွားတာကို ကွဲပြားစေချင်တယ်။ ကဗျာတစ်ပုဒ်ဟာ ပြီးသွားတာရှိသလို ရပ်ထားတာလည်း ရှိတယ်။ ရပ်ထားတာမှာ ရသသဘောမှာအခြေခံတဲ့ ဆင်ခြေတစ်စုံတရာ (Reasons for aesthetics လို့ လွယ်လွယ်ခေါ်နိုင်ပါတယ်) ကြောင့် ရပ်တာ။ လက်ညောင်းလို့ ရေးနေတာကို ရပ်ပစ်တာမျိုးမဟုတ်ဘူး။ လွယ်လွယ်နမူနာ ပြရရင် ကဗျာလောက စုစည်းမှု-၁ မှာ ပါတဲ့ နေမျိုးရဲ့ နေ့လည်ခင်း ကဗျာအတွဲကို ကြည့်စေချင်တယ်။ နေ့လယ်ခင်းကဗျာ အတွဲရှစ်ပုဒ်ဟာ ဘယ်ရီမင်ရဲ့ အိပ်မက်တေး ကဗျာတွေလို စည်းရိုးမဲ့ဖွဲ့စည်းထားတဲ့ အခြေခံမျိုးမဟုတ်တာက လွဲလို့တော့ ဖန်တီးတည်ဆောက်ထားပုံက ခပ်ဆင်ဆင်ပဲ (ခပ်ဆင်ဆင်ပဲလို့ပြောရတာက ကျွန်တော့်အမြင်ပဲ။ လက်လှမ်းမီတဲ့ပေတံတွေနဲ့ တိုင်းတော့ ကြည့်တာပဲ။ ကိုယ်တိုင်က ဘာမှမဟုတ်လေတော့ အတူတူပဲလို့ အာမဝန္တေခံ မပြောနိုင်ဘူး) နေ့လည်ခင်းကဗျာတွေက နေ့လယ်ခင်းလို့ သတ်မှတ်ထားတဲ့ ကာလတရားရဲ့ စည်းရိုးအတွင်းကချည်းပဲ ကဗျာရှစ်ပုဒ်နဲ့ နေ့လည်ခင်းကို အထွေးတစ်ခုအဖြစ်တည်ဆောက်ထားတာ။ ဒီတော့ အလုံးစုံဟာ တစ်ခုတည်းသော သီးခြားသဘောဆောင်မှုအတွင်းမှာပဲ ကဗျာတွေရဲ့ နောက်ဆုံးစာကြောင်းတချို့ကို ပြပါရစေ။…
          နေ့လည်ခင်း(၁)          …အလင်းရောင်ပူပူထဲမှာ
                                      တရွေ့ရွေ့တိုးဝင်းသွား
                                      ကျီးကန်းတွေ။
          နေ့လည်ခင်း(၂)          …လေထုထဲက အထိအတွေ့ကို မှတ်တမ်းရေးစဉ်
                                      ဗာဒံပင် သစ်ရွက်လေတိုးသံကြားမိ။
အဲဒီလိုမျိုးတွေ။ အရေးအသားရဲ့ ဖွံ့ဖြိုးမှုဟာတန့်နေတယ်။ ရှေ့မတိုးတော့ဘူး။ ဒါပေတဲ့ ပြီးမသွားဘူး။ ပြီးမသွားသေးတဲ့အတွက် နေ့လည်ခင်း(၁)မှာပါခဲ့တဲ့ နေရောင်ခြည်ဟာ ဗာဒံရွက်ပေါ်မှာ ဆိုတာအထဲက ဗာဒံရွက်ဟာ နောက်ပိုင်းမှာ ပြန်ပေါ်လာတတ်တယ်။ ဘယ်ရီမင်ရဲ့ အိပ်မက်တေးတွေမှာလည်း အဲဒီလိုပဲ အဓိကပြောချင်တာ ကဗျာကို အဆုံးသတ်တာနဲ့ တန့်ထားလိုက်တာ မတူညီပုံပါ။ ဒါပေတဲ့ အိပ်မက်တေး ၃၈၅ ရဲ့ နောက်မှာတော့ နောက်ထပ် အိပ်မက်တေးမရှိနိုင်တော့ဘူးဆိုတာ သိသာတယ်။ ပေါ်လွင်နေတယ်။ ကဗျာဟာ ပြီးဆုံးသွားတဲ့ ကဗျာဖြစ်နေလို့ပဲ။ ပြီးသွား ပြတ်သွားတယ်။ ဒါပေတဲ့ အိပ်မက်တေး ၃၈၅ မှာ ပြီးဖို့ အိပ်မက်တေး ၃၈၁ ကတည်းက ပျိုးလာခဲ့တယ်။ အိပ်မက်တေးကဗျာတွေကို တောက်လျှောက်ဖတ်လာခဲ့ရင် အပြီးသတ်တော့မယ်ဆိုတာ ရိပ်မိနိုင်တယ်။ ကဗျာထဲမှာ ဟင်နရီက တဖြည်းဖြည်း ဒေါသထွက်ပြီး ကြေကွဲစရာဖြစ်လာတယ်။ (အနောက်တိုင်းရသပညာမှာပြောလေ့ရှိတဲ့ Cathasis ဖြစ်လာတယ်) နောက်ဆုံးကဗျာမှာတော့ ကဗျာတစ်ခုလုံးငြိမ်သွားတယ်။ ကဗျာထဲမှာ ဆောင်းဦးကို ရောက်လာတယ်။ သမီးလေးလည်း ကြီးလာပြီ။ အိပ်မက်တေး ၃၈၅ ရဲ့ အစပိုဒ်နဲ့ အဆုံးပိုဒ်ကို မြည်းကြည့်စေချင်တယ်။

          အိပ်မက်တေး ၃၈၅
          ငါ့သမီးကလေး လေးလာပြီ။ ပေါ့ပါးတဲ့ သစ်ရွက်တွေက လေလွင့်လို့         
          နေရာတကာမှာ ကြက်ဆင်တွေအများကြီးသေကြရတော့မယ်
          တခြားကြက်ငှက်တွေရောပဲ၊ အတောင်တွေရောပဲ။
          ဘယ်တုန်းကမှ သင်းတို့ ထမပျံကြဘူး။ သင်းတို့ကကော ပျံချင်လို့လား။
          ငါက သိဖို့ကောင်းတယ်။ ဟိုအဝေးတစ်နေရာမှာ တခါတုန်းက အဲဒါမျိုးတွေကို
          ငါသိခဲ့ဖူးသား။
          ငါ့အိမ်က သစ်သားနဲ့ဆောက်ထားတာ၊ အတော်ကလေးကောင်းတယ်
          ငါတို့လိုမဟုတ်ဘူး၊ ငါ့အိမ်က ဟင်နရီ အိမ်ထက်အိုတယ်
          အတော်ကလေးအိုတာ။
          တကယ်လို့သာ အရာဝတ္ထုတွေနဲ့ ဝိညာဉ်တွေရဲ့အကြားမှာ အလယ်အလတ်တစ်နေရာရှိခဲ့ရင်
          မဟုတ်လည်း တကယ်လို့ ကောင်းကင်ပြင်ကြီးဟာ ပင်လယ်နဲ့တူခဲ့တယ်ဆိုရင်
          ငါကတော့ ဒေါသတကြီးနဲ့ ဝေဖန်နေမှာမဟုတ်တော့ဘူး။

လမ်းသင့်နေလို့ ရှင်းပြချင်တာကလေးတစ်ခုရှိတယ်။ ဒီကဗျာဟာ ဖတ်ကြည့်လို့ နားမလည်စရာမရှိဘူး။ ဒါပေတဲ့ သူတို့ကဗျာဆရာတွေ ရေးရာမှာ ပြ ထားတာကလေးတွေကို သိရင် ကောင်းတယ်။ သူတို့ရဲ့ နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်းဟာ သူ့အဓိပ္ပါယ်နဲ့သူပဲ။ နွေဦးဟာ အစ၊ ဆောင်းဟာအဆုံး၊ အဲဒီသဘောမျိုးနဲ့ သုံးကြတယ်။ ဒီကဗျာဟာ ဆောင်းရောက်တော့မ.်။ သစ်ရွက်တွေ ကြွေနေပြီလို့ပြပြီး စထားတယ်။ ဆောင်းမှာ ခရစ်စမတ်ပွဲတော်၊ ခရစ်စမတ်ပွဲတော်မှာ ကြက်ဆင်တွေ သတ်ပြီး စားတဲ့အလေ့ရှိတယ်။ ကြက်ဆင်တွေက သတ်စားဖို့ကို မွေးထားတာ။ ကြက်ဆင်တွေဟာ ကြက်ငှက်စာရင်းဝင်ပေတဲ့ ပျံနိုင်ကြတာမဟုတ်ဘူး။ ဒါကြောင့် ဘယ်ရီမင်က မေးထားတယ်။ သင်းတို့ကတော့ ပျံချင်လို့လားတဲ့။ ဖတ်တဲ့လူတွေအနေနဲ့ ဆင်ခြင်ကြည့်ဖို့ အဆုံးမှာ ဟင်နရီထွက်ခဲ့ရတဲ့ ဒေါသတွေ မကျေမနပ်နဲ့ ဝေဖန်ခဲ့တာတွေဟာ အကြောင်းရှိတယ်လို့ ပြပြီး အဆုံးသတ်လိုက်တယ်။ အဓိကအချက်ကတော့ လူမှန်ရင် အစွန်းတစွန်းမှာနေရတာချည်းပဲ။ နေချင်ချင် မနေချင်ချင် လူရဲ့ဖြစ်နေခြင်းကိုက တစွန်းစွန်းမှာချည်းပဲ။ ဖြစ်နေခြင်းနဲ့ ဖြစ်သင့်ခြင်းကို ခွဲပြလိုက်တာပဲ။ ရှေ့တိုးစရာကိုမရှိဘူးဆိုတဲ့အနေအထား။ ဘယ်လိုပုံစံအခြေခံပြီး ရေးရေး ဘယ်ဘာသာစကားနဲ့ ရေးရေး အဲဒီလို ရေးပြီး ပိတ်ပစ်လိုက်ရတာမျိုးတွေ ရှိတယ်။ မိုးဝေးရဲ့ သမ္မတကြီးနဲ့ သုံးလေးမှတ်တိုင် မှာလည်း နောက်ဆုံး စာကြောင်းနှစ်ကြောင်းဟာ ရှေ့မဆက်တော့ဘူးရယ်လို့ ရပ်ပစ်လိုက်တဲ့အနေအထားပဲ။ …မှုန်ဝါးခဲ့တယ်။          ။ ကနေ ပြီးဆုံး/ပျောက်ဆုံးသွားတော့တာပဲ။

          အိပ်မက်တေးတွေထဲမှာ အိပ်မက်တေး ၁၄ ကို လူတော်တော်များများက စွဲခဲ့တယ်။ ကျွန်တော်လည်း အတော့်ကို ငြိခဲ့တယ်။ ဒါကြောင့် မြန်မာလို ပြန်ရေးကြည့်မိတယ်။ တချို့အပိုင်းမှာ မြန်မာတို့ရဲ့ သိမှတ်ခံစားနိုင်မှုထဲဝင်နိုင်အောင် အားထုတ်ကြည့်တယ်။ ဖြစ်ချင်မှလည်း ဖြစ်မယ်။ ဒီလို….

အိပ်မက်တေး ၁၄
          ဘဝ။ မိတ်ဆွေအပေါင်းအသင်း၊ ငြီးငွေ့စရာကြီးပဲ၊ မဟုတ်ဘူးလို့တော့ ငါတို့ မပြောသင့်ဘူး
          တကယ်တော့ ကောင်းကင်က လင်းလက်ပြိုးပြက်၊ မဟာသမုဒ္ဒရာက တသတမ်းတ၊
          ငါတို့ကိုယ်တိုင်က လင်းလက်တမ်းတ
          ဒိပြင် ကလေးဘဝက ငါ့အမေက ပြောခဲ့ဖူးတာ
          (အကြိမ်ကြိမ်) ငြီးငွေ့လှချည်ရဲ့လို့ ထုတ်ပြောရတယ်ဆိုရင်ဖြင့်
          မင်းရဲ့အတွင်းမှာ
          ဝမ်းစာမရှိလို့ဘဲ ခုနေ သတ္ထုချပြီးပြောရရင် ငါ့မှာ
          ဘာဝမ်းစာမှမရှိလို့ဘဲ အကြောင်းကတော့ ငါက အလွန်ငြီးငွေ့နေတာ။
`        လူတွေက ငါ့ကို ငြီးငွေ့လာစေတယ်
          စာပေက ငြီးငွေ့စရာ အထူးသဖြင့် စာကြီးပေကြီးဆိုတာတွေ။
          သူ့စိတ်ပျက်စရာ စောဒကတက်စရာတွေနဲ့အတူ ဟင်နရီကလည်း ငြီးငွေ့စရာ
          အက်ချီးလီ(စ)ဆိုးသလိုပဲ
          လူတွေရယ် မျှော်လင့်ချက်မရှိတဲ့ အနုပညာရယ်ကို ချစ်တဲ့သူတွေက ငါ့ကို ငြီးငွေ့လာစေတယ်။
          ငြိမ်းအေးတဲ့တောင်ကုန်းကလေးတွေနဲ့ ဂျင်၊ ကြည့်ရတာ ငြီးငွေ့စရာ
တနည်းနည်းနဲ့ ခွေးတကောင်က သူ့ဘာသာ သူ့အမြီးကို
အတော်ကလေးလှမ်းတဲ့ တောင်တွေဆီ၊
မဟုတ်ရင် ပင်လယ်ဆီ၊ ကောင်းကင်ဆီသယ်သွားလေတော့
ကျန်ရစ်ခဲ့တာက ငါ၊ အမြီးနှံ့လို့။

မြန်မာလိုပြန်ရေးရာမှာ ပြောစရာရှိတာကလေးတွေ ပါတယ်။ အဲဒါက စာလုံး၊ စကားလုံး ဖလှယ်တဲ့အပိုင်း။ ဘယ်ရီမင်ဆိုလိုတာကို ပေါ်စေချင်တယ်။ Resource ကို ဝမ်းစာလို့ပဲ စာလုံးဖလှယ်လိုက်တယ်။ နောက်တစ်ခုကတော့ Wag ပဲ။ ဒီအင်္ဂလိပ်ဘာသာစာလုံးဟာ ပျော်ရွှင်တာကိုဆိုလိုတယ်။ တချိန်တည်းမှာပဲ အမြီးနှံ့တာကို ပြောတာပဲ။ အမြီးနှံ့နေတယ်ဆိုတာကိုက ပျော်လို့ပဲ။ ဒီတော့လည်း အမြီးနှံ့နေတယ်လို့ပဲ ရေးလိုက်တော့တယ်။ နောက်တစ်ခုက အက်ချီးလီး(စ) ဆိုးသလိုပဲ ဆိုတာ။ အက်ချီးလီး(စ)က ရှေးဟောင်းဂရိဒဏ္ဍာရီသမိုင်းထဲက ရန်များချင်တဲ့လူ။ ကိုယ်ကျိုးကြည့်တဲ့လူ။ အဲဒီအချက်တွေကိုကြည့်ပြီး ရေးထားတာ။ ဂျင်ဆိုတာ ယမကာတစ်မျိုး။ ဘယ်ရီမင် အတော်ကြိုက်တဲ့ စာရင်းထဲမှာ ပါတယ်။
ဘယ်ရီမင်ရဲ့ အိပ်မက်တေးကဗျာတွေကို ဖတ်ပြီး နားလည်တယ်၊ နားမလည်ဘူး ဆိုတဲ့အပိုင်း ရောက်လာခဲ့ရင်ဖြင့် အဲဒီကဗျာတွေထဲမှာ သူရေးခဲ့တာလိုပဲ။ ပြန်ပြီး ကိုးရလိမ့်မယ်။ အိပ်မက်တေး ၃၆၆ မှာ ခု လိုရေးထားတယ်။
          ဒီတေးတွေဟာ နားလည်ပြီး ရေးထားတာမဟုတ်ဘူးဆိုတာ မင်းနားလည်ရဲ့လား။
          ဒါတွေက ခြောက်လှန့်ဖို့ ဖြေသိမ့်ပေးဖို့….။
တဲ့။ ဒါကတော့လည်း အမှန်ပဲ။ ကဗျာတွေ၊ (ဘယ်ရီမင် ကဗျာမှမဟုတ်ဘူး။ ကဗျာဆိုတဲ့ ယေဘုယျနာမ်တစ်ခုအဖြစ် သုံးနှုန်းထားတဲ့ ဘောင်အထဲက ကဗျာတွေ)ကို နာလည်ခြင်း၊ နားမလည်ခြင်းအပိုင်း ထည့်ပြီးစဉ်းစားရင် သူရေးထားသလိုပဲ၊ အနေအထားတမျိုးပြောင်းသွားမယ်။ ဘယ်ရီမင်ရဲ့ တချို့ကဗျာတွေဟာ ခုချိန်ထိအနက်မပေါ်သေးတာတွေလည်း ရှိနေသေးတယ်။ အနောက်နိုင်ငံတက္ကသိုလ်ကြီးတစ်ခုက အင်္ဂလိပ်စာပါမောက္ခတစ်ယောက်က ပြောဖူးတယ်။ ဘယ်ရီမင်ရဲ့ ကဗျာတချို့အတွက် ဒဗင်ချီကုတ်(ဒ) Da Vinci Code လိုမျိုး ဘယ်ရီမင်ကုတ်(ဒ) Berryman Code လိုသတဲ့။ ဒါကလည်း ဖြစ်လောက်တယ်။ သူရေးထားသလို ခြောက်လှန့်တာ၊ ဖြေသိမ့်ပေးတာ ဆိုတာကို လက်ခံရယူနိုင်ဖို့ဆိုတာကိုက သူရေးထားတာကိုတော့ အနက်သိရလိမ့်မယ်။ အိပ်မက်တေးလို့ နာမည်ပေးထားတဲ့ ဘယ်ရီမင်ရဲ့ ကဗျာတထွေးလုံးဟာ အပျင်းပြေဖတ်စရာ ကဗျာတွေတော့လည်း မဟုတ်ဘူး။ နိုင်ငံရေး၊ လူမှုရေးစတဲ့ အကြောင်းအရာတွေနဲ့လည်း ဆက်စပ်နေတာတွေပါတယ်။ သရော်ချက်တွေလည်း ပါတယ်။ ဒါပေတဲ့ ရှေ့မှာပြောခဲ့သလိုပဲ ကဗျာကို ငြိဖို့ ကဗျာမှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေကို သိဖို့ကတော့ လိုတာပဲ။

အချိန်ရတဲ့အခါ ရေးပါဦးမယ်။

မြင့်သန်း
ကဗျာ့အသံ အစီအစဉ်(၃)

(အရင်ကလည်း ဒီအကြောင်းနဲ့ပတ်သတ်လို့ ကျွန်တော်ရေးခဲ့ဖူးသေးတယ်။ အယ်လင်ဂျင်း(စ)ဘာ့ရဲ့ ကဗျာနဲ့ပတ်သတ်လို့ သူ့ကဗျာ ကိုယ့်အတွေး၊ သူ့အရေး ကိုယ့်အသိ ဆိုတဲ့ အရေးအသားနဲ့ ဝေါလေ့(စ)စတီဗင်(စ)ရဲ့ Peter Quince at the Clavier အကြောင်း ရေးထားတာ ရှိတယ်။ စိတ်ဝင်စားရင်ဖြင့် ရှာဖွေဖတ်ကြည့်ကြပါ။ )

June 24, 2014

လမလို ည (မြင့်သန်း)



ကျစ်လုံးရယ်၊ ဖြူလေးရယ်၊ သာမောင်ရယ်၊ ဂျိုကြီးရယ်၊ ကျွန်တော်ရယ် လသာတဲ့ညဆို မြစ်စပ်ကို သွားကြတယ်။ မဟုတ်လည်း ဘုန်းကြီးကျောင်းနောက်ဖက်က ချောင်းစပ်ကိုသွားကြတယ်။ ဘာရယ်မဟုတ်ဘူး။ ညဖက်ထမင်းစားပြီးတော့ ဘာမှလည်း လုပ်စရာမရှိဘူး။ တစ်ခါတလေတော့ ကျစ်လုံးနဲ့ ဂျိုကြီးက ငါးမျှားတယ်။ သူတို့ ငါးမျှားနေရင် ကျွန်တော်တို့က ကမ်းစပ်မှာ ပက်လက်လှန်လှဲရင်း စကားပြောကြတယ်။ ပြောတာကတော့ အစုံပဲ။ ကမ္ဘာကြီးက ဘာလို့ လုံးနေရတာလဲ။ လေးထောင့်ဖြစ်ရင်ကော လည်နေဦးမှာလား။ ဦးဘိုးထွန်းကြီးက ဘာလို့ ချမ်းသာရတာတုန်း။ ငယ်ငယ်က မြို့မှာ ကျောင်းသွားတက်ဖူးလို့လား။ စကားပြောတယ်ဆိုတာထက် မေးခွန်းထုတ်နေကြတာများတယ်။ အစားကြိုက်တဲ့ သာမောင်ကတော့ ဘုန်းကြီးပွဲကျကလေးကို စမြုံ့ပြန်တယ်။

တစ်ခါတလေ တိုက်အုပ်က ဟကောင်တွေ လာစားကြချေလို့ ခေါ်ကျွေးတာမျိုးကို ဒီကောင်က မျှော်နေတာ။ အစားကောင်းကောင်း စားရအောင် ငါလည်း ဗိုလ်ဥာဏ်လို တိုက်အုပ်ဖြစ်အောင် လုပ်မှပဲလို့ ပြောလေ့ရှိတယ်။ အဲဒီကျရင် ကျွန်တော်တို့ သူ့ကို ဟားကြရော။ ဖြူလေးက ဟကောင် သာမောင် ဗိုလ်ဥာဏ်က စာတတ်တယ်ဟ။ မင်းလို လေးတန်းမှာ လေးနှစ်နေရတာ မဟုတ်ဘူးလို့ ပြောလေ့ရှိတယ်။ သာမောင်က ဘယ်ခံမလဲ ငါ လေးတန်းမှာ နှစ်နှစ်ပါကွာ။ နှစ်နှစ်နေရတာ ငါ့အပြစ်ချည်းပဲ မဟုတ်ဘူး။ လေးတန်းကို အစိုးရစစ်လုပ်ပစ်လိုက်လို့ လုပ်ပစ်တဲ့လူတွေ အပြစ်လည်း ပါသတဲ့။ ဒီကောင်က အဲဒီလို။ လေးတန်းမှာသာ နှစ်နှစ်နေခဲ့တာ။ ဥာဏ်နီဥာဏ်နက်ကတော့ အများသား။ ဘယ်သူက အစိုးရစစ်လုပ်ပစ်လိုက်တုန်းလို့ ကျွန်တော်က သူ့ကို မေးကြည့်ဖူးတယ်။ သူ့အပြောကတော့ အစိုးရက လုပ်ပစ်တာတဲ့ အဲဒါကလည်း သူ့ကို သူတို့ဆရာကြီး ဆရာမြကြီးက ပြောပြတာတဲ့။ အစိုးရဆိုတာက လုပ်ချင်တာ အကုန်လုပ်လို့ရတယ်။ အစိုးရတယ်ဆိုလို့ အစိုးရလို့ ခေါ်တယ။ ဒါကတော့ ဟုတ်မယ်မထင်ဘူးလို့ ကျွန်တော်က ပြောတော့ သာမောင်က မေးတယ်။ ဘာလို့လဲတဲ့။ အစိုးရကသာ တကယ်အစိုးရရင်ဘာလို့ လေးတန်းကို အစိုးရစစ်လုပ်နေရမှာလဲ။ အချိန်ကုန်က ကုန်သနဲ့။ အစိုးရနေမှတော့ အားလုံး လေးတန်းအောင်စေလို့ လုပ်လိုက်လည်း ပြီးတာပဲ။ ဘာလို့ အစိုးရက စစ်လားဆေးလားလုပ်နေရမှာလဲလို့။ သာမောင်က ကျွန်တော် ဖြေတာကို သိပ်သဘောကျတယ်။ ငါ ဆရာမြကြီးနဲ့ ပေါင်းပြီး လူတိုင်းအလိုလို လေးတန်းအောင်သင့်ကြောင်း အစိုးရဆီ စာရေးဦးမယ်လို့ပြောတယ်။ ဘယ်တော့ရယ်တော့ မသိဘူး။

တစ်ခါတလေ ကျွန်တော်တို့ မြစ်ဖက်ကိုလာရင်း ကျမ်းစာသင်ကျောင်းဝင်းထဲက ဖြတ်လာတဲ့ အခါ တရားဟောဆရာကိုမြဟန်ကြီးနဲ့ တွေ့တတ်တယ်။ အမှန်တော့ ဦးမြဟန်ပေါ့။ အားလုံးက ကိုမြဟန်ကြီးလို့ ခေါ်တော့နှုတ်ကျိုးနေကြတယ်။ ကျွန်တော်တို့ကလည်း ကိုမြဟန်ကြီးပဲ ခေါ်ကြတော့တယ်။ ကိုမြဟန်ကြီးကတော့ ဘယ်လိုခေါ်ခေါ် ပြုံးပြုံးပဲ။ ဘယ်လိုခေါ်ခေါ် သိပ်ဗွေမယူဘူး။ သူက ကလန်ကလားကြီးရယ်။ စာဖြူဆိုသလား။ စာနီဆိုသလားပဲ။ ကျောင်းဆရာကြီး ဦးအေးမောင်တို့ လူသိုက်က အဲလိုခေါ်တယ်။ ကျွန်တော်တို့ကတော့ ဘယ်သိမှာလဲ။ ကြားဖူးတာက ပေါင်မှာ စာနက်၊ ချက်မှာ စာဖြူ မလုပ်ဘဲနဲ့ ကြွယ်မယ့်သူ ဆိုတာ။ မဟုတ်ကာမှ လွဲကရော။ ကိုမြဟန်ကြီးချက်မှာ စာဖြူရှိလို့ ဖြစ်မယ်။ သူက ဘာမျှမလုပ်ဘဲ တနင်္ဂနွေနေ့မနက်တိုင်းဆိုရင်း သူ့တရားကျောင်းဆိုသလား။ ကျမ်းစာသင်တိုက် ဆိုသလားထဲမှာ တရားဟောသတဲ့။ အဲဒါပဲ သူလုပ်တာ ။ တရားဟောတယ်ဆိုတာက ဘာမျှ ချွေးထွက်အောင် လုပ်ရတာမှ မဟုတ်ဘဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့တတွေက သူ့ကို ခင်တယ်။ သူနဲ့တွေ့ရင် ကောင်ကလေးတွေ လာကြ။ ဘီစကွတ်မုန့်လာစားကြချေလို့ ခေါ်ကျွေးတတ်တယ်။ ကောင်းတော့ အတော်ကောင်းတာ်။. ဘိန်းမုန့်လို ခေါက်မုန့် မုန့်ပျားသလက်တို့လိုမျိုး မဟုတ်ဘူး။ ပိုပြီးအရသာရှိတယ်။ တချို့ဘီစကွတ်က ဆိတ်နို့နဲ့ လုပ်တာဆိုပဲ.။စားမယ့်သာ စားတယ်။ သာမောင်က မေးသေးတယ်။။ ကိုမြဟန်ကြီး၊ ခင်ဗျား ဘီစကွတ်ဆိုတာတွေက ဆွမ်းတော်ကျတွေလားတဲ့။ ဆွမ်းတော်ကျ နတ်တင်၊ ကံသေး ကံမှိန်တဲ့ဗျ။ ကျွန်တော်က အဲဒါမျိုးမစားဘူး။ ဘုန်းနိမ့်တတ်သတဲ့ ။ ပန်းပဲမောင်တင့်တယ်တောင် အဲဒါနဲ့ ခံသွားရတာလို့ ကျုပ်ကြားဖူးသေးတယ်လို့ ပြောသေးတာ။ ကိုမြဟန်ကြီးကတော့ ရယ်တယ်။ ငါ့ကို လက်ဆောင်ပေးထားတာတွေပါကွာလို့ ပြောကာမှ သာမောင်က စားတယ်။

ကျွန်တော်က သာမောင့်ကို ပြောရသေးတယ်။ အလကားရတဲ့ နွား သွားဖြဲမကြည့်ရဘူးဆိုတာ မင်းမကြားဖူးဘူးလားလို့။ ဒီကောင်က ဘာပြန်ဖြေတယ် မှတ်လဲ။ ကြားတော့ ကြားဖူးသတဲ့။ ဘာလို့ သွားဖြဲမကြည့်ရတာတုန်း။ သွားက နွားမှာ ဘာများ အသုံးကျလို့တုန်းဟလို့ ပြန်မေးတယ်။ ဒီလောက်အထိတော့ ကျွန်တော်လည်း ဘယ်သိမှာတုန်း။ လူကြီးတွေပြောတာပဲ ကြားဖူးတာ။ လူကြီးတွေက ဖြဲကြည့်တတ်ပုံရတယ်။ ဖြဲမကြည့်ရတဲ့ အပိုင်းတော့ ဘယ်သူကမှ ရှင်းမပြဘဲ။ တစ်ခါတလေတော့ ကိုမြဟန်ကြီးရဲ့ ကျမ်းစာသင်ကျောင်းဆိုတာကလေးမှာ ပွဲတွေ လမ်းတွေ လုပ်တယ်။ အဲဒီအခါမျိုးကျရင် သင်တိုင်းကြီးဝတ်ပြီး ဒေါက်ချာတွေ ဘာတွေဆောင်းတာ။ လက်ထဲက တောင်ဝှေးထိပ်ကောက်ကြီးလည်း ကိုင်သေးတာ။ ကျွန်တော်တို့က အပြင်နားကနေ ချောင်းကြည့်ကြရတယ်.။ သူတို့တွေလိုမှ မရွတ်တတ်ဘဲ။ ရွတ်ဖတ်ပြီးရင် သူတို့ လူတွေက အာမင်းဆိုတာ ရွတ်ကြတယ်။ အာမင်းဆိုတာ ဘာလဲလို့ ဦးအေးမောင်ကို မေးကြည့်တော့ ။ အာတယ်ဆိုတာက လေများတာပဲ။ မင်းဆိုတာက လူလို့ ပြောတယ်။ မြဟန်ကြီး ပြောတာဆိုတာ သဘောကျကြလို့ လေများတဲ့လူလို့ သူတို့အယူအရ ဂုဏ်ပြုကြတာတဲ့။ ဟုတ်လောက်တယ်။ ဆရာကြီးဦးအေးမောင်နဲ့ သူ့ညီ ဦးလှမောင်ဆိုတာက ပြည်ဆရာကြီး ဦးဘေစာအုပ်နဲ့ အင်္ဂလိပ်စာကို ကမ်းကုန်အောင် တတ်တာလို့ ပြောကြတာ ကြားဖူးတယ်။ ဝေလမင်းသားတိုင်းခန်းလှည့်လည်လာတုန်းက သူတို့နှစ်ယောက်စလုံး နှာစေးချောင်းဆိုးဖြစ်နေလို့ သွားမတွေ့လိုက်ရတာဆိုပဲ.။ ရွတ်ဖတ်လို့ ပြီးလို့ ပြန်ကြတဲ့အခါ ကိုမြဟန်ကြီးက ကျမ်းစာသင်ကျောင်းထိပ်ကနေ မတ်တပ်ရပ်ပြီး လူတိုင်းကို လက်ဆွဲ နှုတ်ဆက်လေ့ရှိတယ်။ လူကုန်သွားလို့ ရစ်သီရစ်သီလုပ်နေတဲ့ ကျွန်တော်တို့ကို တွေ့ရင် ကောင်လေးတွေ လာကြ.။ ဒီနေ့ ကိတ်မုန့်စားရမယ်လို့ ပြောပြီး ကျွန်တော်တို့ကို ခေါ်ကျွေးလေ့ရှိတယ်။ အဲဒါကလည်း သူ့မိန်းမကြီး ထွက်မလာခင် စားကြရတာ။ သူ့မိန်းမကြီးက ကျွန်တော်တို့ကို တွေ့တယ်ဆိုတာနဲ့ သေနာကောင်ကလေးတွေဒီမှာ ဘာလာလုပ်နေကြတာလို့ ကြိမ်းတော့တာပဲ.။ ကျစ်လုံးများဆိုရင် ကိုမြဟန်ကြီးမိန်းမကို ကြောက်လိုက်တာများ ဖင်တုန်းနေတာပဲ။ ဟိုဖက်က ဆယ်ရွာသူကြီးသားဝင်းဖေဆိုရင် သူခိုးမှတ်လို့ဆိုပြီး ဂုတ်ကဆွဲ။ အိမ်ထဲမှာ သော့ခတ်ထားတာတဲ့။ ရွာထဲက မိန်းမတွေကတော့ သူ့ကို ရွာသူလိုလို အနောက်စုန်းလိုလို ပြောကြတယ်။ ဟုတ်မဟုတ်တော့မသိဘူး။ အသံပြဲကြီးနဲ့ အော်တတ်တာကတော့ အမှန်ပဲ။ သူ့လင်ကိုတောင် အော်ဟယ်ဟစ်ဟယ် လုပ်တဲ့ မိန်းမကြီး။

အဲဒီနေ့ညနေဖက်ကတော့ ကျွန်တော်တို့တစ်သိုက် ဘာလုပ်ကြရမှန်းမသိဘူး။ ဂျိုကြီးကေ ပြာတယ်။ ဘုန်းကြီးကျောင်းနောက်ဖက်က ချောင်းစပ်သွားကြရအောင်တဲ့.။ လမိုက်ညဆိုတော့ ငါးမျှားလို့ကောင်းသတဲ့။ ဒီကောင်က ငါးမျှားကောင်းတယ်။ ငါးရရင် ချောင်းစပ်တင် မီးဖုတ်စားကြတာ။ ငါးမျှားမှာဖြင့် မြစ်ဖက်ကို သွားချေရအောင်လို့ ဖြူလေးက ပြောတယ်။ ဒီကောင်က အတွေးအခေါ်ရှိတယ်။ သာမောင်လို မဟုတ်ဘူး။ ဒီတော့ သာမောင်က ဘာလို့လဲလို့ မေးတယ်။ ဟကောင် ငတုန်းရယ်လို့ ဖြူလေးက ခေါ်လိုက်ရင်း ပြောတယ်။ ချောင်းဆိုတာ ရေနည်းတယ်။ ရေနည်းရင် ငါးနည်းတယ်။ ဒီလောက် မင်းမတွေးတတ်ဘူးလား။ လူပြိန်းတွေးမှ မင်းမတွေးတတ်ဘူးလားလို့ ပြောတယ်။ ဒီတော့ သာမောင်က ဘယ်ခံမလဲ။ လူပြိန်းတွေ မတွေးတတ်ဘူး။ ငါက လူပြိန်းမဟုတ်ဘူး။ မင်းလိုအလကားကောင်တွေသာ လူပြိန်းလိုတွေးသာလို့ ပြန်ပက်တယ်။ ဖြူလေးက ပြန်ပြောမယ်လုပ်တုန်း ကျစ်လုံးက ဖြတ်မေးတယ်။ လူပြိန်းဆိုတာ ဘယ်လိုလူမျိုးလဲတဲ့။ သာမောင်က ဖြူလေးကို လက်ညိုးထိုးလိုက်ရင်းအဲဒီလိုကောင်မျိုးကို လူပြိန်းလို့ ခေါ်တယ်။ တွေးဆို အလကားပဲတင်း တွေးသလိုတွေးတယ်။ ရေနည်းရင် ငါးနည်းမယ်တဲ့။ အဲသလိုအလွယ်တွေးတဲ့လူဟာ လူပြိန်းပဲ။ ငါ အဲဒီထဲ မပါဘူးလို့ ပြောတယ်။ မင်းက မင်းကိုမင်း လူတော်လို့များ ထင်နေသလားလို့ ကျစ်လုံးက ထပ်ပြီးမေးပြန်တယ်။ ငါ့ကိုယ်ငါ ဘာမှမထင်ဘူး။ တော်တာ၊ မတော်တာလည်း အရေးမကြီးဘူး။ ဒါပေမယ့် လူပြိန်းဆိုတာတွေအထဲတော့ ငါမပါချင်ဘူး။လူပြိန်းလိုတွေးရင်တော့ လူပြိန်းထဲက နေမှာပဲလို့ သာမောင်က ပြန်တွယ်တယ်။ ဒီကောင်က အဲသလိုမျိုး။ သူပြောတာလည်း ဟုတ်တုတ်တုတ်ရယ်။

ကျွန်တော်ကပဲ တော်ကြကွာလို့ ပြောပြီး တားလိုက်ရတယ်။ မြစ်ဘက်ပဲ သွားကြရအောင်၊။ လမိုက်ညဆိုတော့ သောင်ခုံပေါ်မှာ အိပ်လို့ကောင်းသကွလို့ ပြောလိုက်တယ်။ ဖြူလေးက လသာသာမှ သောင်ခုံပေါ်လှဲရင်း စိတ်ကူးယဉ်လို့ ကောင်းတာကွလို့ ဝင်ပြောတယ်။  ဒီတော့ သာမောင်က ဖြတ်ပြောပြန်တယ်။ တွေ့လား၊ စိတ်ကူးယဉ်လို့ ကောင်းသတဲ့လို့ပြောတာ။ စိတ်ကူးယဉ်တယ်ဆိုတာ လူပြိန်းတွေ လုပ်တာ။။ လူတွေတွေကမှ ငါ့လိုတွေးတတ်တာတဲ့။ ဟကောင် တော်ပြီလို့ ကျွန်တော်က မာန်လိုက်ရသေးတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ မြစ်ဘက်ကို ထွက်လာကြတယ်။ ဖြတ်လမ်းက သွားမလို့ပဲ။ သာမောင်က ချောင်းရိုးအတိုင်း လိုက်ကြရအောင်ကွာလို့ ဆိုတာနဲ့ ဗိုလ်ဥာဏ်ကျောင်းဖက်ဆီ ထွက်လာကြတယ်။ ကျောင်းဝင်းရဲ့နောက်ဖက်ဆီမှာ ချောင်းကလေးရှိတယ်။ ချောင်းရိုးအတိုင်းလိုက်သွားရင် မြစ်စပ်ရောက်တာပဲ။ ဗိုလ်ဥာဏ်နဲ့ တိုးချင်တောင် တိုးနေဦးမှာလို့ ကျစ်လုံးရဲ့ သတိပေးသံ ထွက်လာတယ်. ဗိုလ်ဥာဏ်ကခုလိုအချိန်ဆို ကျောင်းဝင်းအပြင်ဖက် ထွက်ပြီး စင်္ကြန်ရေလျှာက်ပြီးရင် ချောင်းစပ်ဖျားထိပ်က ကမူကလေးပေါ်မှာ အတော်ကြာအောင် ထိုင်နေတတ်သေးတယ်။ ဗိုလ်ဥာဏ်က စင်္ကြန်လျှောက်ရင်း နှစ်ဆယ့်လေးပစ္စည်းချတတ်တယ်တဲ့လို့ တချို့က ပြောသကွလို့ ကျစ်လုံးက ထပ်ပြောတယ်။ ဘာပစ္စည်းတွေလဲလို့ သာမောင်က လှည့်မေးတယ်။ စကားနည်းတဲ့ ဂျိုကြီးက ငါ ကြားဖူးတာပြောမယ်နော်။ ဟုတ်မဟုတ်တော့ မသိဘူးလို့ စကားခံလိုက်ပြီး ခေါက်ဆွဲဆိုင်က အာ့စိန်ကြီးက ဗိုလ်ဥာဏ် နှစ်ဆယ့်လေးပစ္စည်းချတာ ပြောပြဖူးတယ်။ ဟေ့လူ ပစ်မယ်နော်၊ အားရပါးရပစ်မယ်နော် လို့ ရွတ်တာတဲ့။ အဲဒီအသံကြားတာနဲ့ ဂျပိုးသူခိုးတွေ လစ်ရောတဲ့။ သာမောင်ကတော့ အဟုတ်များ ထင်သလားမသိဘူး။ ကျွန်တော်တို့ကတော့ ဝါးကနဲ့အသံထွက်အောင် ရယ်လိုက်မိတယ်။

ခင်ရိုးကလေးကို ကျော်ပြီး ကွေ့တက်လိုက်တာနဲ့ ဘုန်းကြီးနဲ့ တန်းတိုးတော့တာပဲ။ မြစ်ဆုံတုံးကြီးပေါ်မှာထိုင်ရင်း မြစ်ဖက် ကြည့်နေတယ်။ မြစ်ထဲဆီမှာတော့ လှေကလေးတွေဆီက မီးရောင်တချို့တွေ့နေရတယ်။ ကောင်ကလေးတွေ ဘယ်တုန်းလို့ ဘုန်းကြီးကေ မးပြီး ကျွန်တော်တို့က မဖြေရသေးခင်ပဲ သူ့ဘာသာပဲ ထပ်မေးတယ်။ မြစ်စပ်ဆီလားတဲ့။ မှောင်ကြီးမည်းကြီးထဲကွာ လို့ ဘာမှန်းသေသေချာချာ အဓိပ္ပါယ်မပေါက်တဲ့ စကားထပ်ပြောတယ်။ တင်ပါ့လို့ ကျွန်တော်တို့က ဖြေလိုက်တယ်။ သာမောင်ကတော့ လေးတန်းမှာသာ တစ်နေတာ။ စကားကတော့ သွက်တယ်။ ဘုန်းကြီးက နည်းနည်းကလေးလင်းလာအောင် ဖန်ဆင်းပေးပါလားတဲ့။။ ဘုန်းကြီးဆီက ဟဲဟဲဆိုတဲ့ ရယ်သံထွက်လာတယ်။ ကျွန်တော်တို့လည်း ဘုန်းကြီး ရှေ့နားဆီထိုင်ပြီး ဦးချလိုက်ကြတယ်။ ဒီတော့ ဘုန်းကြီးက ပြောတယ်။ လင်းတယ် မှောင်တယ်ဆိုတာ ငါက ဖန်ဆင်းလို့မရဘူးဟတဲ့။ ငါက ဘုန်းကြီး၊ မျက်လှည့်ဆရာမဟုတ်ဘူးလို့ ထပ်ပြောတယ်။ ဘုန်းကြီးမှာ ဘာတန်ခိုးမှမရှိဘူးလားလို့ သာမောင်က ထပ်မေးပြန်တယ်။ ငါ့မှာ ဘာတန်ခိုးရှိရမှာတုန်း သာမောင်ရယ်လို့ ဗိုလ်ဥာဏ်က ပြန်မေးတယ်။။ ဗိုလ်ဥာဏ်က ကျွန်တော်တို့ လူသိုက်အပေါ် စိတ်ရှည်တယ်။ အဖေတို့ပြောတာ ကြားဖူးတယ်။ဘုန်းကြီးက သူကြီးတွေ ဆယ်အိမ်ခေါင်းတွေကို သာ ကြိမ်းတာ။ သူ့တပည့်တွေအပေါ်ဆိုရင် သိပ်ကောင်းတာပဲတဲ့။ ကျွန်တော်တို့လည်း ဘုန်းကြီးခိုင်းရင် မငြင်းကြဘူး။ ဘုန်းကြီးပြောတာကိုာမောင်ကတော့ သိပ်သဘောမကျဘူး။ မကျဆို သာမောင်ဆိုတဲ့ အကောင်မှာ အမြဲတမ်းမေးစရာရှိတယ်။ ဒါကြောင့် မသိ-မေး၊ မစင်-ဆေးဆိုတဲ့ စကားကို ကျစ်လုးက ပြင်ပြီးပြောလေ့ရှိတယ်။ မသိ-မေး၊ မစင်-သာမောင်စားတဲ့။ သာမောင်က မကြိုက်လို့ ဆဲလည်း ဆဲဆဲပဲ။ ကျစ်လုံးကိုတော့ သူမနိုင်ဘူး။

ဘုန်းကြီး၊ တကယ်ပဲ ဘုန်းကြီးမှာ ဘာတန်းခိုးမှမရှိဘူးလားလို့ ကျစ်လုံးက ဝင်မေးတယ်။ ဘုန်းကြီးဆီက ဟဲဟဲဆိုတဲ့ ရယ်သံကအလျင်ထွက်လာတယ်။ ငါ ပြောပြီးပါပကော။ ဘုန်းကြီးဆိုတာက မျက်လှည့်ဆရာလို ပျောက်စေဆရာလိုမျိုးမဟုတ်ဘူး။ ငါတို့က သံသရာက လွတ်မြောက်ရာလွတ်မြောက်ကြောင်း လုပ်နေတာ။ လွတ်မြောက်ချင်တဲ့သူတွေကိုလည်း လမ်းညွှန်နိုင် ညွှန်ကြတာ။ ဒါပေမယ့် လွတ်မြောက်ချင်တဲ့လူကတော့ သူ့ဘာသာ ကျင့်ရတယ်။ ငါတို့ဘုန်းကြီးများက ဝင်ပြီး ကျင့်မပေးနိုင်ဘူးလို့ ပြောတယ်။ ကျွန်တော်တို့လူသိုက် ဘာမှ ပြန်မပြောကြဘူး။ ဂျိုကြီးကတော့ သွားကြစို့ဆိုတဲ့ သဘောနဲ့ ကျွန်တော့်ကို တံတောင်နဲ့ အသာတွက်တယ်။ အဲဒီတုန်း ဗိုလ်ဥာဏ်က ထပ်ပြောပြန်တယ်။ သာမောင် တစ်ကောင် စာမေးပွဲအောင်ဖို့ ငါက စာကျက်ပေးလို့မရဘူး။ သူ့ဘာသာ စာကျက်ရမှာ။ သောက်ရေအိုးရေဖြည့်ပေးရုံနဲ့ ကျောင်းမှာ ရေနံဝိုင်းသုတ်ပေးရုံနဲ့လည်း စာမေးပွဲ မအောင်ဘူး။ ငါကလည်း အောင်အောင် လုပ်ပေးလို့မရဘူး။ ငါတို့ ဘုရားကိုယ်တော်မြတ်ကြီးတောင် သူ့ဘာသာ ကျင့်ကြံအားထုတ်သွားရတာတဲ့။ လူတစ်ယောက် အသက်ရှင်နေတာ သူ့အတွက်ပဲ။ သူ့ဘာသာအသက်ရှင်ဖို့ သူ့ဘာသာ အသက်ရှူရတာတဲ့။ နောက်တော့ ဘုန်းကြီးလည်း ထိုင်ရာက ထတယ်။ အေးအေး။ သွားကြတော့၊ မှောင်ကြီးမည်းကြီးထဲ မြွေပါးကင်းပါးသတိထားကြလို့ ပြောတယ်။ အဲဒီတုန်းက သာမောင်က ဘုန်းကြီးရာ၊ ဟုတ်ဟုတ်မဟုတ်ဟုတ် တန်ခိုးကြီးအောင်တော့ လုပ်စမ်းပါ။ ဒါမှ မှောင်တာကလေး လင်းအောင် လုပ်နိုင်မှာလို့ ပြောပြန်တယ်။ ဘုန်းကြီးက ကျောင်းဘက် သွားတော့မယ်လို့ ခြေလှမ်းပြင်နေရာက ဟကောင် သာမောင်လို့ ခေါ်လိုက်ပြီး ငါ ပြောပြီးပါပကော။ ငါတို့ ဘုန်းကြီးများဟာ တန်ခိုးကြီးအောင် ကျင့်ကြံနေတာမဟုတ်ဘူး။ လွတ်မြောက်ရာလွတ်မြောက်ကြောင်း ကျင့်ကြံနေတာ။ တို့များက ကိုယ့်တရားကလေးနဲ့ ကိုယ်နေပေတဲ့ ရပ်နဲ့ ရွာနဲ့မကင်းတော့ ငါတို့နိုင်တာကလေးပဲ လုပ်ကြရတယ်။ ပြေနိုင်တာကလေးတွေ ဖြေပေးရတယ်။ ကြေနိုင်တာကလေးတွေ ချေပေးရတယ် ဆိုရုံပဲ။ မီးညွန့်ကို ချိုးပေးရတာ၊ တိုးပေးရတာမဟုတ်ဘူး။ လူလူချင်း ရန်မများဖို့ အမှန်တရားလေးတွေ ပြပေးရတယ်ဆိုရုံပဲလို့ အရှည်ကြီှးပြောတယ်။ ပြီးတော့ ငါတို့ဘုရားကိုယ်တော်မြတ်ကြီးဟာ ပျောက်စေဆရာမဟုတ်ဘူး။ ကိုယ်တိုင်ကိုယ်ကျ ကျင့်ကြံရတာလို့ ပြောပြီး ကျောင်းဖက်ဆီလှည့်လိုက်တယ်။ ကျွန်တော်တို့လည်း ထိုင်ရာက ထလိုက်ကြတယ်။ ဘုန်းကြီးက ခြေလှမ်းစလှမ်းပြီး ရပ်လိုက်တယ်။ ကျွန်တော်တို့ဖက်ကြည့်ရင်း ပြုံးနေရာက မင်းတို့ အားတဲ့အခါ မြဟန်ကြီးဆီ သွားမေး။ သူတို့ဘုရားသခင်က အရာရာကို ဖန်ဆင်းတာ။ လင်းတာမှောင်တာလည်း သူဖန်ဆင်းတာပဲ။ ဒီတော့ မြဟန်ကြီးဆီမှာ လင်းအောင်မှောင်အောင် လုပ်တဲ့ နည်းရှိလိမ့်မယ်လို့ ပြောပြီး ကျောင်းဖက်ဆီ လျှောက်ထွက်သွားရော။

ကျွန်တော်တို့လည်း မြစ်ဖက်ဆီ ထွက်လာခဲ့ကြတယ်။ အဲဒီညက အတော်မှောင်တာ။ တကယ်တော့ မိုးချုပ်လှသေးတာ မဟုတ်ဘူး။ တိမ်ရှိနေလို့။ ကောင်းကင်မှာ ဘာမှကို မတွေ့ရဘူး။ ဖြူလေးက ပြောတယ်။ တို့ မီးဖိုကြရအောင်တဲ့။ ဘယ်မလဲ မီးခြစ်လို့ ကျွန်တော်က မေးတော့ လှေတွေထဲမှာ မီးခြစ်ညှပ်ထားရစ်တတ်တယ်လို့  သူက ပြန်ဖြေတယ်။ ဒါပေမယ့် မြစ်စပ်မှာ လှေတစ်စင်းပဲ ရှိတယ်။ ဝမ်းပေါက်လို့ မှောက်ထားတဲ့လေ။ စပ်ကြောင်းကို ကြိုးပြန်ထည့်ပြီး ပွေးညက်နဲ့ ဖာမယ်လို့ မှောက်ထားတဲ့လှေ။ ကျွန်တော်က လှေကို လက်ညှိုးထိုးပြလိုက်ပြီး အဲဒီလှေထဲမှာတော့ ဘာမှရှိမှာမဟုတ်ဘူးလို့ ပြောလိုက်တယ်။ အေ ဆိုတဲ့အသံ ဖြူလေးဆီက ထွက်လာတ.်။ စိတ်ပျက်သွားပုံရတယ်။ လာပါကွာ၊ မှောင်လည်း မှောင်တဲ့အလျောက်ပဲလို့ ကျွန်တော်က ပြောလိုက်မိတယ်။ နောက်တော့ ဂျိုကြီးနဲ့ ကျစ်လုံးက ခုလို မှောင်ထဲမှာ တက်ရေရှိနေတုန်း လက်ထွန်ပစ်သင့်မပစ်သင့် ငြင်းနေကြတာကို ကျွန်တော်တို့ ရပ်ပြီး နားထောင်နေမိကြတယ်။ ဂျိုကြီးကတော့ ငါးမျှားနေရတာကို ကြိုက်တဲ့လူမျိုး။ သူ့မှာ နိုင်လွန်ကြိုးမျိုးစုံရှိတယ်။ နောက်တော့ ကျစ်လုံးက ဝါးတံရှာပြီး ဝါးတံမှာ ကြိုးတပ်မျှားမယ်။ ဂျိုကြီးကတော့ ရေစပ်စပ်ကျောက်ကမူလေးပေါ်ကနေ လက်ထွန်ပဲ ပစ်မယ်လို့ သဘောတူသွားကြတယ်။ ဒီတော့ သာမောင်က  တစ်ခွန်းဝင်ပြောတယ်။ အစကတည်းက ကိုယ်ကြိုက်တာ ကိုယ်လုပ်လို့ သဘောတူထားရင် ခုလို အချိန်ကုန်ခံငြင်းနေစရာမလိုဘူးတဲ့။ ဒီကောင်ပြောတာ ဟုတ်ကောင်းဟုတ်မယ်။ လေးတန်းကို တစ်နှစ်တည်းနဲ့ မအောင်ခဲ့တဲ့ကောင်က ပြောတာဆိုတော့လည်း သိပ်လက်မခံချင်ကြဘူး။ ငါ့လခွေးတဲ့မှပဲလို့ ကျွန်တော် သာမောင့်ကို လှည်ကြည့်ပြီး ငေါက်လိုက်မိတယ်။ဘာလို့ အဲဒီ ငေါက်မိမှန်းတော့ အသေအချာမသိဘူး။ ငေါက်လိုက်ရရင် ပေါ့သွားတာတော့ အမှန်ပဲ။လူတွေကို ငေါက်ရတာ အရသာတော့ အရှိသား။ သာမောင်က အူကြောင်ကြောင်နဲ့ ကျွန်တော့်ကို ကြည့်နေတယ်။ ကျွန်တော်က လှည့်ထွက်လာတော့ သူ့ဆီက မကြားတကြားနဲ့ ပြောလိုက်သံကြားရတယ်။ သေချင်းဆိုး။ လူမှန်ရင် ငေါက်စရာတွေချည်းပဲလို့ ထင်နေတဲ့အကောင်တဲ့။ ငေါက်တယ်ဆိုတာကလည်း အငေါက်ခံတဲ့လူ ရှိဦးမှ။ လူတိုင်းတော့ သွားပြီး ငေါက်လို့ရတာမဟုတ်ဘူး။

ဂျိုကြီးတို့ ငါးမျှားနေကြတုန်း။ ကျွန်တော်တို့ သောင်စပ်မှာထိုင်ပြီး တောပြောတောင်ပြောပြောနေကြရင်း ဖြူလေးက မှောင်လွန်းတယ်ကွာလို့ ပြောတယ်။ ဒီကောင်က သူရဲဘောနည်းတယ်။ မှောင်ရင်ကြောက်တယ်။ လူထူထူထဲရောက်ရင် အသံမထွက်ဘူး။ ဒါပေမယ့် အင်မတန် ကပေါက်တိကပေါက်ချာပြောတတ်တဲ့အကောင်။ တစ်ကြိမ်မကပြောလာတော့ သာမောင်က နားကလောလာပုံရတယ်။  မှောင်တော့ မင်းက ဘာလုပ်ချင်တုန်း။ဗိုလ်ဥာဏ်က ပြောသားပဲ။ လင်းတာမှောင်တာ ဘယ်သူမှ တတ်နိုင်တာမဟုတ်ဘူးရယ်လို့ သာမောင်က ပြောတယ်။ ဖြူလေးက ချက်ချင်းတော့ ဘာမှပြန်မပြောဘူး။ အတော်ကလေးကြာမှာ ကိုမြဟန်ကြီးဆီသွားရအောင်လို့ ပြောတော့ ကျွန်တော်က ဘာလုပ်ဖို့လဲ။ ကိုမြဟန်ကြီးခြံထဲက ကြက်ခိုးမလို့လားလို့ မေးလိုက်တယ်။ ဖြူလေးလား ကြက်ခိုးရဲမှာ။ ကျွန်တော်သိသားပဲ။ ဒီကောင်က ဘယ်သူက သင်ပေးလိုက်မှန်းတော့ မသိဘူး။ အစာစားတာတောင် အဆိပ်ခတ်မခံရအောင်ဆိုပြီး သံဗ္ဗုဒ္ဓေရွတ်ပြီးမှ စားတဲ့အကောင်။ သူက ချက်ချင်းပဲ ပြန်ပြောတယ်။ ဗိုလ်ဥာဏ်ကပြောသားပဲ။  မင်းတို့ ကိုမြဟန်ကြီးဆီ သွားမေးလို့။ ဘုန်းကြီးက အလကားတော့ မပြောဖူးကွ။ တို့ကို မသိမသာအကြံပေးသွားတာ ဖြစ်မယ်လို့ ပြောတယ်။ ကောင်းစသားလို့ သာမောင်က ပြောတယ်။ ဘာလို့တုန်းလို့ပဲ ကျွန်တော်က မေးလိုက်မိပြန်တယ်။ ဒီမှာ မှောင်ချည်းထဲထိုင်နေကြရတာထက်စာရင် ကိုမြဟန်ကြီးနဲ့ သွားပြီး လေပစ်ရတာက နိပ်ဦးမှာလို့ သာမောင်က ပြောတယ်။ ဟုတ်တော့ဟုတ်တယ်။ ကိုမြဟန်ကြီးနဲ့ သွားစကားပြောရတာ ရယ်ဖို့လည်း ကောင်းတယ်။ ဆရာကြီးဦးအေးမောင်တို့ပြောတဲ့ လေများတဲ့လူဆိုတာက အရည်အချင်းတစ်ခုပဲ။ လေများတယ်ဆိုတာကလည်း အကြောင်းစုံ သိဦးမှ။ ဒါဖြင့် သွားစို့လို့ ကျွန်တော်က ပြောရင်း ထလိုက်တယ်။ ဂျိုကြီးတို့ကိုလည်း လှမ်းအော်ပြီး ငါတို့ စုန်းတောက်တာ သွားကြည့်မယ်လို့ ပြောလိုက်တော့ သူတို့က ဟားတယ်။ ဖြူလေးကတော့ ခုကာမှ ကိုမြဟန်ကြီးမိန်းမကို သတိရသွားပုံရတော့ တို့သွားလို့ ဖြစ်ပါ့မလားလို့ မရဲတရဲနဲ့ မေးတယ်။ ခြေလှမ်းတုန့်သွားတယ်။ ဒီတော့ သာမောင်က ပြောတယ်။ ဟကောင် မင်းပဲ စတာ။ ခုသွားမယ် လုပ်ကာမှ မပြောင်းနဲ့။ တစ်ခုခုဆို ဆုံးဖြတ်ချက်ချတယ်ဆိုတာ အီးပေါက်သလိုပဲ။ အီးမှာ အီးမွှေးမရှိဘူး။ နံတော့ နံမှာချည်ဲး။ နည်းနည်းနံတာနဲ့ များများနံတာပဲ ကွာမယ်တဲ့။ တွေ့လား။ သာမောင်ဆိုတဲ့အကောင်ဟာ လေးတန်းမှာ နှစ်ခြင်းမပေါက်ပေလို့။

ကိုမြဟန်ကြီးတို့ ဝင်းနားဆီရောက်တာနဲ့ အိမ်ရှေ့ဆီက ကွက်လပ်မှာ လက်ဆွဲမီးအိမ်ဘေးနားဆီချပြီး ထိုင်နေတဲ့ ကိုမြဟန်ကြီးကို တွေ့ရတယ်။ ညဖက်ဆိုရင် သူက အဲဒီလိုထိုင်တတ်တယ်။ သူ့အိမ်ရှေ့က တလင်းစပ်မှာ သစ်သားကုလားထိုင်ကြီးတစ်လုံးရှိတယ်။ ဘုန်းကြီးကျောင်းက အလကားရတဲ့ သစ်တိုသစ်စတွေနဲ့ လက်သမားဆရာ ကိုအောင်စိန်လုပ်ပေးထားတဲ့ ပက်လက်ကုလားထိုင်လို တစ်ယောက်ထိုင် ခုံကြီးတစ်ခုံးရှိတယ်။ ကိုမြဟန်ကြီးက အဲဒီမှာ အကြမ်းအိုးတစ်လုံးနဲ့ထိုင်ပြီး ဇိမ်ခံလေ့ရှိတာ။ ဇိမ်ခံတယ်လို့ ပြောရတာက သူ့အကြမ်းအိုးထဲမှာ မွန်းရှိုင်းဆိုတဲ့ အဖန်ရည်ထည့်သောက်ပြီး ဇိမ်ခံတတ်လို့ပဲ။ တခါတုန်းက တစ်ညဖက် သူ့ဆီ လာကြတော့ ကျစ်လုံးက မေးဖူးတယ်။ ကိုမြဟန်ကြီး ခင်ဗျားသောက်တဲ့ အကြမ်းရည်က အခိုးမထွက်ပါလာလို့ ဆိုတော့ ဒါက မွန်းရှိုင်းလို့ခေါ်တယ်လို့ သူဖြေတယ်။ မွန်းရှိုင်းဆိုတာ ဘာလို့တုန်းဆိုတော့ ၊ မွန်းဆိုတာ လ၊ ရှိုင်းဆိုတာ သာတာ၊ မွန်းရှိုင်းဆိုတာက လရိပ်ကလေးနဲ့ အရသာခံသောက်တဲ့ အဖန်ရည်ပဲတဲ့။ ဒီညတော့ဖြင့်  ဘာလမှ မရှိဘဲ။ လက်ဆွဲမီးအိမ်အလင်းရောင်နဲ့ အရသာခံနေပုံရတယ်။ အဝေးကတည်းက ကျွန်တော်တို့က မြင်ပေတဲ့ သူကတော့ ကျွန်တော်တို့ အတော်ကလေးနီးကာမှ မြင်ပုံရတယ်။ ကောင်လေးတွေ မိုးချုပ်ပါပကောဟ လို့ လှမ်းပြောတယ်။ ဟုတ်တယ်ဗျို့၊ ခင်ဗျားကို မေးစရာရှိလို့လို့ သာမောင်က အလျင်ဖြေတယ်။ ထိုင်ကြလေကွာလို့ သူက ပြောပေတဲ့ မထိုင်တော့ဘူးဗျာ လို့ ကျွန်တော်ကပဲ ပြောလိုက်တယ်။ လသာသာ ညတွေမှာ ကိုမြဟန်ကြီးဆီ လာပြီး ကျွန်တော်တို့ ပုံနားထောင်တတ်ကြတယ်။ သူက ပုံပြောလည်း ကောင်းတယ်။ ဒီညတော့ မင်းတို့ကို ကျွေးစရာမရှိဘူးလို့ သူကပြောတယ်။ ကျွန်တော်တို့လည်း မဆာပါဘူးလို့ ဖြူလေးက ဖြေပြီး ကျွန်တော်တို့ မြစ်စပ်က လာတာ။ သိပ်မှောင်တာပဲ။ ခင်ဗျားက လင်းအောင် လုပ်မပေးနိုင်ဘူးလား။ ဗိုလ်ဥာဏ်က ပြောတယ်။ ခင်ဗျားတို့ ဘုရားက ဖန်ဆင်းပေးနိုင်တယ်ဆို လို့ ဖြူလေးက တန်းပြီး ပြောချလိုက်တယ်။ ဟေလို့ ကိုမြဟန်ကြီးဆီက အသံထွက်လာတယ်။ ကုလားထိုင်နောက်ကျောကို မှီထိုင်နေရာက ရှေ့ဖက်ကို ငိုက်လိုက်တယ်။

ဟဲဟဲလို့ သူ့ထုံးစံအတိုင်း ရယ်လိုက်တယ်။ မင်းတို့ ဘုန်းကြီးကတော့ အတော်နောက်တတ်တာပဲလို့ ပြောပြီး ဒီလိုလုပ်ကွာလို့ သူက ပြောတယ်။ ကျွန်တော်တို့လည်း သူ့ဆီက စကားကို မျှော်နေမိတယ်။ ဟောဟိုက တဲကြီးမြင်လားလို့ သူ့ဝင်းအစပ်က တဲကြီးကို လက်ညှိုးညွှန်ပြတယ်။ အဲဒီတဲကြီးထဲမှာ လိုရမယ်ရ ငါစုထားတဲ့ လကလေး နှစ်လုံးရှိတယ်။ ခပ်သေးသေးတစ်ခုံးက မင်းတို့ လူသိုက်အတွက် အတော်ပဲ။ ငါ့ပုဆိုးအဟောင်နဲ့ အုပ်ထားတယ်။ အောက်မှာ ကြိုးတပ်ထားတယ်။ မိုးပျံပူဖောင်းလိုပဲ။ အသာဆွဲသွားရုံပဲ။ မြစ်စပ်ရောက်တော့မှာ ပုဆိုးဟောင်းကို ဖယ်လိုက်။ လအတိုင်း လင်းလာလိမ့်မယ်လို့ ပြောတယ်။ ဟုတ်ကဲ့လားလို့ သာမောင်က မေးတယ်။ ဟုတ်ပါတယ်ကွာလို့ ကိုမြဟန်ကြီးက ဖြေပြီး အဲဒီတဲကြီးထဲဝင်ရင်တော့ သတိထား။ ငါ တိရစ္တာန်ကလေးတွေလည်း စုထားတယ်။ အထီးအမ အစုံလိုက်ပဲလို့ ဆက်ပြောတယ်။ ဘာလုပ်ဖို့တုန်းလို့ ဖြူလေးက မေးတော့ ကမ္ဘာကြီးရေလျှံတဲ့အခါ မျိုးဆက်ပြတ်မသွားအောင် လှေနဲ့တင်ပြီးသွားဖို့ပဲလို့ ကိုမြဟန်ကြီးက ဖြေတော့ ဘယ်မှာတုန်းဗျ ခင်ဗျားလှေ လို့ သာမောင်က မေးပြန်တယ်။ လက်သမား ကိုအောင်စိန်အားတဲ့အခါ စပ်ပေးမယ်တဲ့လို့ ဖြေပြီး ကိုင်း သွားယူချေ။ ပြီးရင် အထဲမှာ ပြန်ထားလိုက် ဟုတ်ပြီလားလို့ ကိုမြဟန်ကြီးက ပြောရင်း လသာသာမှာ အရသာခံရတဲ့ အရည်ကလေးတစ်ကြိုက်သောက်လိုက်တယ်။

တဲကြီးထဲမှာ သူပြောတဲ့အတိုင်းပဲ။ တိရစ္ဆာန်အဖိုအမတစ်တွဲစီရှိတယ်။ တဲကြီးထောင့်စွန်းမှာ လနှစ်လုံး။ မိုးပျံပူဖောင်းလိုပဲ။ အောက်ကနေ ကြိုးနဲ့ ချည်ထားတယ်။ အငယ်က စကောဝိုင်းလောက်ပဲ ရှိတယ်။ ကျွန်တော်တို့လည်း အဲဒီလ ခပ်သေးသေးကိုယူပြီး မြစ်ဘက်ကို ပြန်ထွက်လာခဲ့ကြတယ်။ သာမောင်ကတော့ လကို ချည်ထားတဲ့ ကြိုးစကိုကိုင်းရင်း မြောက်ကြွမြောက်ကြွ ဖြစ်နေပုံရတယ်။ မြစ်စပ်ရောက်တော့ လပေါ်အုပ်ထားတဲ့ ပုဆိုးဟောင်းကို ဖယ်ချလိုက်တယ်။ သိပ်လင်းလွန်းတာနဲ့ ပုဆိုးဟောင်းနဲ့ တစ်ဝက်လောက်အုပ်ထားလိုက်တယ်။ ကျွန်တော်တို့လည်း လရောင်အောက်က မြစ်အစပ်မှာ အသာလှဲရင်း လေပစ်ကြတယ်။ ဖြူလေးကတော့ အလင်းရောင်နဲ့မို့ သတ္တိရှိလာပုံရတယ်။ ဒါပေမယ့် လရောင်က နေရာလွဲနေသလား၊ အခါလွဲနေသလားတော့ မသိဘူး။ တစ်မျိုးကြီးပဲ။ မျက်စိတောင် ကြိမ်းလာတယ်။ ခဏကြာတော့ ဂျိုကြီးတို့နှစ်ယောက်သား ရောက်လာကြတယ်။ မင်းတို့ဟာက ဘာလဲလို့ ကျစ်လုံးက မေးတယ်။ လ လေကွာ။ ကိုမြဟန်ကြီးဆီက ငါတို့သွားပြီး ငှားလာတာလို့ ဖြူလေးက ဂုဏ်ယူတဲ့အသံနဲ့ ဖြေတယ်။ မနိပ်ပါဘူးကွာလို့ ဂျိုကြီးဆီက စိတ်ပျက်သံထွက်လာတာနဲ့ ဘယ်က မနိပ်တာလဲ။ ငါးလား၊ လ လား။ မင်းက ဘာပြောချင်တာတုန်းလို့ ကျွန်တော်က ဖြတ်မေးလိုက်တယ်။ အားလုံးပဲလို့ သူက ပြန်ဖြေတယ်။ မင်းဟာက မဟုတ်သေးပါဘူး.။ အကုန်လုံးမနိပ်ဘူးရယ်လို့တော့လည်း မဟုတ်နိုင်ဘူးလို့ ကျွန်တော်က ပြောလိုက်တယ်။ ဂျိုကြီးက ဘာမှထပ်မပြောတော့ သူ့လက်ထဲက ငါးမျှားကြိုးတွေ ပစ်ချလိုက်ပြီး ကျွန်တော့်ဘေးနားမှာ ထိုင်ချလိုက်တယ်။ သာမောင့် နံဘေးဆီမှာ ကျစ်လုံးက ထိုင်ချလိုက်ရင်း မင်းတို့ဟာကြီး ပြန်ပို့လိုက်စမ်းပါကွာလို့ ပြောတယ်။ ဘာလို့တုန်းဟာလို့ ကျွန်တော်က မေးလိုက်မိပြန်တယ်။ ညပဲကွာ။ မှောင်တဲ့အခါ မှောင်မှာပဲ။ ညဆိုတာ မှောင်ဖို့ပဲ။ မင်းတို့ လ အတုကြီးနဲ့ အလုပ်မဖြစ်ပါဘူးတဲ့။

ကိုင်း ဒီလိုဖြင့် ပြန်ပို့လိုက်မယ်။ ပြီးရင် တစ်လက်စတည်း ရွာဖက်ဆီပြန်ကြမယ်လို့ ကျွန်တော်က ပြောလိုက်တယ်။ အားလုံးလည်း ထကြတယ်။ ဂျိုကြီးကတော့ နေဦး၊ ငါ့ကြိုးတွေ ဝှက်ချေဦးမယ်ဆိုပြီး ကျောက်တုံးကြီးနောက်နားဆီမှာ သဲကျင်းယက်နေတယ်။ ပြီးတော့ ကျွန်တော်တို့အားလုံး ကိုမြဟန်ကြီးဘက်ဆီ ပြန်လာခဲ့ကြတယ်။ လျှောက်လာကြရင်း ဖြူလေးက ပြောလိုက်တယ်။ ကိုမြဟန်ကြီးက တိရစ္ဆာန်ကလေးတွေလည်း အဖိုအမတစ်တွဲစီ စုထားတာကွ။ ကမ္ဘာပျက် မိုးကြီးရွာရင် ဆိုသလားပဲ။ လှေနဲ့တင်ပြီးသွားမှာ။ ကမ္ဘာပေါ်မှာ မျိုးဆက်တွေ ပြတ်မသွားရအောင်တဲ့။ ဟုတ်လားလို့ ဂျိုကြီးနဲ့ ကျစ်လုံးဆီက အသံတစ်ပြိုင်တည်းထွက်လာတယ်။ ဟုတ်တယ်။ ငါတို့တစ်တွေ တွေ့ခဲ့တယ်လို့ ဖြူလေးက ပြန်ဖြေတယ်။ လကလေးကို ကြိုးနဲ့ကိုင်ပြီး ရှေ့နားကလျှောက်နေတဲ့ သာမောင်က လှေကိုတော့ လက်သမားဆရာ ကိုအောင်စိန်ကြီးက စပ်ပေးမှာတဲ့လို့ လှည့်ပြောတယ်။ ဟုတ်သေးပါဘူးလို့ ကျစ်လုံးက ပြောပြန်တယ်။ ဒီကောင်က ကျွန်တော်တို့ထဲမှာ ပညာရှိ။ တွေးတတ်တယ်။ ဘာမဟုတ်သေးတာလဲလို့ ကျွန်တော်က လှမ်းမေးလိုက်တယ်။ သူတို့ဘုရားက ဖန်ဆင်းနိုင်တယ်လို့ ဗိုလ်ဥာဏ်က ပြောသားပဲ။ ဖန်ဆင်းနိုင်မှတော့  ဖန်ဆင်းခိုင်းပေါ့ကွာ။ ဘာဖြစ်လို့ သူက စိတ်ပူပြီး စုဆောင်းနေရတာလဲ။ ဗိုလ်ဥာဏ်တို့လို မဖန်ဆင်းနိုင်တဲ့ ဘုရားကိုးကွယ်မိလို့ ကြက်သရေခန်းထားပြီး ပစ္စည်းစုတယ်ဆိုရင် ဟုတ်တုတ်တုတ်ရယ်လို့ ကျစ်လုံးက ဖြေတယ်။ တွေ့တယ်မဟုတ်လား။ ဒီကောင့် အတွေးအခေါ်။ ဒီလိုတော့လည်း အဟုတ်သားရယ်။ သူ ပြောတာတွေကို ကျွန်တော် တွေးကြည့်နေမိတယ်။ တို့ဗိုလ်ဥာဏ်က လွတ်မြောက်ချင်တာ။ လွတ်မြောက်ချင်နေမှာတော့ ဘာတွေ စုဆောင်းနေရဦးမှာလဲ။ ဘာလို့တခြားလူတွေအတွက် ပူနေရဦးမှာလဲတဲ့။ ဒီလိုတော့လည်း အဟုတ်သားရယ်။ ဒါပေမယ့် ဒီကောင်က လေးတန်းကို နှစ်ချင်းပေါက် မအောင်ခဲ့တဲ့အကောင်။ ဟကောင်၊ ငါတို့လို ခုနစ်တန်းရောက်ကမှ အဲဒါမျိုးတွေ ပြောလို့။ ကျွန်တော်က လှမ်းပြောလိုက်တော့ အားလုံးက ရယ်ကြတယ်။ သေချင်းဆိုး။ လာ၊ လာချည့်သေးလို့ သာမောင့်ဆီက အသံထပ်ကြားလိုက်ရတယ်။

ကိုမြဟန်ကြီးတို့ဝင်းထဲရောက်တော့ သာမောင်က ခေါင်းဆောင်ပြီး တဲကြီးဆီ သွားကြတယ်။ ကျစ်လုံးတို့တဲထဲက တိရစ္ဆာန်ကလေးတွေကို ကြည့်ချင်လို့ ဆိုပြီး လိုက်သွားကြတယ်။ ကျွန်တော်နဲ့ ဖြူလေးကတော့ ကိုမြဟန်ကြီးထိုင်တဲ့နေရာဆီ ထွက်လာခဲ့ကြတယ်။ ကိုမြဟန်ကြီးထွန်းထားတဲ့ လက်ဆွဲမီးအိမ်ကလေးကတော့ ခပ်မှိန်မှိန်ရယ်။ ဆီနည်းနေပြီထင်တယ်။ ကိုမြဟန်ကြီးကတော့ လသာသာမှာ သောက်တဲ့ အဖန်ရည်ကလေးအရှိန်နဲ့ ကုလားထိုင်ကြီးပေါ်မှာ အိပ်မောကျနေတယ်။ ဟောက်တောင်နေတယ်။ အိပ်မက်တွေဘာတွေ မက်နေပုံပဲ။ ကိုမြဟန်ကြီးရဲ့ အိပ်မက်ထဲမှာတော့ ကျွန်တော်တို့တောင် ပါဦးမှာ။ ရွာထဲက ကောင်လေးတစ်သိုက် သူ့ဆီလာပြီး လကလေးတစ်လုံးပေးစမ်းပါလို့ ပြောကြတယ်ရယ်လို့။ သူကလည်း တဲကြီးထဲမှာ သူစုထားတာ ရှိတယ်ရယ်လို့ ပြောလိုက်မှာပဲ။ အိပ်မက်က အတော်ရှည်ရှည်မက်နေဦးမှာ။ တကယ်တော့ အိပ်မက်ထဲမှာတင် ကျွန်တော်တို့နေကြဖို့ကောင်းတာ။ အိပ်မက်ထဲမှာ အလင်းအမှောင်က တစ်မျိုးတည်းပဲ။ အပြင်ဖက်မှာကတော့ မှောင်တယ်။        ။

မြင့်သန်း
စုံနံ့သာ မဂ္ဂဇင်း (အတွဲ ၁၊ အမှတ် ၆)
ဇွန်၊ ၂၀၁၄



Featured Post

ကဗျာအဖြစ် ရေးထားတဲ့ နိုင်ငံရေးနဲ့ နိုင်ငံရေးကဗျာ

လန်းပန်ဘက်ဆီကပြန်တော့ ဖတ်စရာတွေ တွေးစရာတွေ ပါလာတယ်။ အမှန်မှာတော့ အဲဒီမှာ တွေ့ခဲ့တဲ့ ဆရာကြီးရဲ့ကျေးဇူးပဲ။ သူနဲ့က အဲဒီကျမှ တွေ့ရသိရတာ။...