လွမ်းသလေ..မောင်ကြီး (မြင့်သန်း)



ခုရက်ပိုင်းကလေးတွေမှာ မိုးကမရွာပေတဲ့ အုံ့တုံ့တုံ့နဲ့ရယ်။ ဒီတော့လည်း နေက
မပွင့်လှဘူး။ကိုယ်တို့ဆီမှာတော့ တောရိပ်တောင်ရိပ်နဲ့ဆိုတော့ မှောင်တောင်တောင်ပေါ့။ဒီတော့လည်း သိပ်နေလို့ထိုင်လို့ မကောင်းလှဘူး။နေထိုင်မကောင်းလှဘူးလို့ ဆိုပေသိ နှာစေးချောင်းဆိုး ဖြစ်တာမျိုး မဟုတ်ဘူး၊ စိတ်ထဲက မကြည်တာ။ တကယ်တော့ ကိုယ်တို့အရွယ်မျိုးမှာက နေထိုင်ကောင်းတယ်၊ မကောင်းဘူးဆိုတာက အတော်ပြောရခက်လှတဲ့အရွယ်။ နေထိုင်ကောင်းပါတယ် ဘာမှမဖြစ်ပါဘူး ဆိုရင်တောင် ကိုယ်ခန္ဓာထဲဆီက ဟိုနားက နာတာတာ၊ ဒီနားက ကိုက်တိုက်တိုက်မို့ ပါးစပ်က ကျွတ်ကျွတ် ကျွတ်ကျွတ်နဲ့ ကျွတ်ထိုးနေရတာသာ ကြည့်တော့။ ခေါ်ချင်ရင်တော့ ကိုယ်တို့အရွယ်ကို ကျွတ်ကျွတ်အရွယ်လို့ ခေါ်ရတော့မှာပဲ။ ခုတော့ ဒီကျွတ်ကျွတ်ကိစ္စက အကျင့်လိုတောင်ဖြစ်နေပြီ။ အိပ်ရာထဲ အိပ်နေရင်းက ဟိုဘက်ဒီဘက်လှည့်ရင်တောင် ကျွတ်ကျွတ်လို့ ပါးစပ်ကမြည်နေတတ်တယ်။ အသက်နဲ့ ဒီရုပ်ဒီခန္ဓာတို့ ပေါင်းသင်းနေကြတာကိုက နေ့စဉ်ဘဝကြီးထဲမှာ အပိုဆုရထားတဲ့ ဒုက္ခတစ်ခုများလားလို့တောင် တွေးမိတယ်။ ဒီတော့လည်း ရှေးစာတစ်ခုထဲက စာကြောင်းကလေး တစ်ကြောင်း နှစ်ကြောင်းကို သတိရမိပြန်တယ်။ “ရုပ်ခန္ဓာ အကောင်ပုတ်ကိုလ၊ စက်ဆုပ်လို့ ငြိမတွယ်၊ ပြတ်မယ်ပါ့ ခင်ကလေး…..” ဆိုတာ။ သို့ပေသိ လင်မယားသာ ပြတ်စဲလို့ လွယ်တာ။ ခုဟာက သိပ်လွယ်လှတာမဟုတ်ဘူး။

ဒီကနေ့မနက်ကတော့ ကျောင်းဆရာ ကိုဘမြင့်တစ်ယောက် ကိုယ့်ဆီပေါက်လာတယ်။ ဟိုတစ်ပတ်လောက်ဆီက ဂေါက့်ါင်းမှာ တွေ့တော့ အစ်ကိုကြီးအိမ်က စာအုပ်ဗီရိုလာဖွဦးမယ်လို့ သူကပြောထားတယ်။ သူက ကိုယ်တို့ထက်ငယ်တယ်။ ကျောင်းဆရာလို့ ညွှန်းကြပေသိ တိုင်းပညာဝန်ကနေ အနားယူလာတာထင်တယ်။ ဟိုဘက်ထဲဆီမှာနေတယ်။ ကိုယ့်အိမ်လာရင်တော့ ဂေါက်ကွင်းထဲက ဖြတ်လာလေ့ရှိတယ်။ ကိုယ်တို့ဆီမှာက ဘမြင့်နှစ်ယောက်ဖြစ်နေတော့ ဖိုးကိုရှိစဉ်က  ဘမြင့်ချင်းကွဲအောင်လို့ဆိုပြီး သူ့ကို ကျောင်းဆရာဘမြင့်လို့ခေါ်တယ်။ တခြားဘမြင့်ကတော့ အပ္ပနားဘမြင့်လို့ခေါ်တယ်။ ပြောတော့ ပြောရဦးမယ်။ အပ္ပနားဘမြင့်ကို အရင်ကတော့ ကုလားဘမြင့်လို့ ခေါ်ကြတယ်။ အမှန်မှာတော့အဲဒီဘမြင့်က ကုလားတော့ မဟုတ်ဘူး။ အသားက အတော်ညိုတာ။ အသားညိုတာကို စွဲပြီး ကုလားဘမြင့်လို့ ခေါ်တာပဲ။ တစ်နေ့တော့ ဂေါက်ကလပ်မှာ ဖိုးစောထွန်းက ပြောတယ်။ ကုလားရယ် တရုတ်ရယ် ဘာရယ်ညာရယ် ခုလို နာမည်ရှေ့ဆီမှာ တပ်ခေါ်တာ ဝိသေသပြုထားတာကတော့ ရိုင်းတယ်ကွာ။ လူမျိုးရေးအခြေခံအရ ခွဲခြားရာရောက်တယ်လို့ ပြောတော့ ဖိုးကိုက ဒီလိုဖြင့် ပြောင်းခေါ်တာပေါ့လို့ ပြောတယ်။။ ဘယ်လိုပြောင်းခေါ်ကြမလဲလို့ တစ်ယောက်က မေးတော့ ဖိုးကိုက ကောက်ကာငင်ကာပဲ ပြန်ဖြေတယ်။ အပ္ပနားဘမြင့်ပေါ့ကွာတဲ့။ ဖိုးစောထွန်းကတော့ မင်းဟာက အတော့်ကို ပြောင်းလဲသွားတာကိုးလို့ ရိသေးတယ်။ နောက်ဆုံးတော့ ကုလားဘမြင့်ကနေ အပ္ပနားဘမြင့်လို့ဖြစ်ပြီး ခုထိ တွင်နေတော့တာပဲ။

မနေ့ညဘက်ဆီကတော့ ကျောင်းဆရာကိုဘမြင့်က ဖုန်းဆက်ပြီး ကိုယ့်အိမ်ကို မနက်ဖြန်မနက် လာမယ်လို့ ပြောတယ်။ စောစောက ကြိုမပြောတော့ ကိုယ့်မှာက ဂေါက်ရိုက်ဖို့ ချိန်းထားပြီးသားဖြစ်နေတယ်။ တခြားလူတွေနဲ့ ချိန်းထားရင်တော့ ပြောဆိုပြီး ဖျက်လို့ရတယ်။ ဖိုးစောထွန်းတို့နဲ့ကျတော့ မလွယ်ဘူး။ ရိုက်မယ်လို့ ပြောထားပြီး ပျက်ခဲ့ရင် ပျက်တဲ့လူက ကျွေးရမွေးရတယ်။ ဒါက အကြောင်းမဟုတ်ဘူး။ ကျွေးလိုက်မွေးလိုက်လို့ ကိစ္စပြတ်တယ်။ မပြတ်တာက တွေ့တိုင်းကြုံတိုင်း ဖိုးစောထွန်းရဲ့ ဆုံးမစကားကို နားထောင်နေရတဲ့ ကိစ္စပဲ။ ဒီမယ် ဘမောင်ရဲ့၊ တိုင်းကြီးပြည်ကြီးသားဆိုတာက အတ်တိကတ်ရှိရတယ် ဆိုတာက တစ်မျိုး၊ ဒီမယ်လေ ဘမောင်ရဲ့ မင်းလည်း ဝန်ထမ်းက လာတာ။ လူ့ယဉ်ကျေးမှုလည်း သိတန်သလောက် သိပါတယ်။ လူဆိုတာ ပရိုတိုကော နားလည်ရတယ်ကွ ဆိုတာက တစ်မျိုး၊ အမျိုးမျိုးပါပ။ ခုခေတ်ကလေးတွေ ပြောနေကြတဲ့ ဂျပန်ဝက်အူဆိုတာလိုမျိုး။ ဂျပန်ဝက်အူဆိုတာက အရစ်ရှည်တော့ ရစ်နေတာ ကြာသပေါ့။  အဲဒီရန် ကြောက်တာနဲ့ ကိုဘမြင့်ကို အကျိုးအကြောင်း ပြောပြတော့ ဒီလိုဖြင့် ကျွန်တော် နေ့ခင်းဘက်လောက်ဆီမှ လာမယ်လို့ ပြောတယ်။ ဒီတော့ ကိုယ့်ခေါင်းထဲမှာ အကြံတစ်ခုရတာနဲ့ပဲ သူ့ကို ပြောလိုက်မိတယ်။ ဒီလိုလုပ်ကွာ၊ မင်းလာမယ်လို့ စိတ်ကူးထားတဲ့အတိုင်း မနက်ဘက်သာ လာခဲ့။ ငါကတော့ စတိ သဘောမျိုးနဲ့ ကိုးကျင်းတော့ သွားရိုက်လိုက်မယ်။ ထမင်းစားချိန်လောက် ပြီးမှာပဲ။ဒီတော့ မင်းလည်း ငါ့အိမ်မှာ ထမင်းစား။ မင်းမှာ တခြားထွေထွေထူးထူး လုပ်စရာမရှိရင် နေ့ခင်းဘက် ထိုင်ပြီးစကားပြောကြရအောင် ။ ငါ့မှာလည်း အလကားရထားတဲ့ ဝီစကီတွေရှိတယ်။ ဒီတော့ ကိုဘမြင့်က မငြင်းဘူး။ ကိုယ်က ထပ်ပြောရပြန်တယ်။ မင်းလုပ်နိုင်ရင်တော့ကွာ ငါ့စာအုပ်ဗီရိုထဲက စာအုပ်တွေ နည်းနည်း ပြန်စီပေးခဲ့စမ်းပါ။ ကြုံသလို ပြန်ထည့်ထားတာတွေများလှပြီဆိုတော့ သူက လုပ်ပေးမယ်တဲ့။ ဒီလိုနဲ့ မုန့်စားရင်း လှည်းစီး၊ ငါးနှစ်ကောင်ဖမ်း စီမံကိန်း အောင်မြင်သွားတယ်။

မနက်ဘက် ဂေါက်ကွင်းက ပြန်လို့ အိမ်ရောက်တော့ ကိုဘမြင့်က စာအုပ်တွေ အတော်စီလို့ ပြီးနေပြီ။ ကျွန်တော်ကတော့ ဒျူဝီစနစ်တွေ ဘာတွေ မတတ်ဘူး။အမျိုးအစားလိုက် ခွဲပြီးစီထားတယ်လို့ ပြောသေးတယ်။ကိုယ့်အတွက်ကတော့ ဘယ်လိုစီစီ စီပေးတာကိုပဲ ကျေးဇူးတင်လှပြီ။ ဒါနဲ့ပဲ ကိုယ်တို့ နေ့ခင်းထမင်းစားကြတယ်။ ပြီးတော့ သူက စာအုပ်တွေ ပြီးအောင် စီလိုက်ဦးမယ်လို့ ပြောတာနဲ့ ကိုယ်လည်း အိပ်ရာပေါ်ခဏသွားလှဲနေလိုက်တယ်။ ကိုယ်တို့အရွယ်က နားဖို့လိုလာတဲ့ အရွယ်ကိုး။ အထူးသဖြင့်တော့ ခြေဆုပ်လက်နယ် မရှိတော့ ကိုယ့်ဘာသာပဲ နားတတ်ဖို့ လိုသပေါ့။ အင်း။…. ကိုယ်တို့စကားများ ပြောရတာ အရသာရှိပါ့။ ခြေဆုပ်လက်နယ်တဲ့။ ကိုယ်လည်း အိပ်ရာပေါ်မှာ ဟိုလှည့်ဒီလှည့်။ ကျွတ်ကျွတ်သံ ညည်းလိုက်။ ခြင်ထောင်အမိုးကို ကြည့်လိုက်။ နံရံပေါ်က ပြက္ခဒိန်ဆီက စေတီကြီးတစ်ဆူရှေ့မှာ ရပ်နေတဲ့ ကောင်မကလေးပုံကြည့်လိုက်နဲ့ အိပ်ပျော်သွားတယ်။ ဘယ်လောက် ကြာသွားမှန်းတောင် မသိဘူး။ ဖိုးစောထွန်း ကားရပ်သံကြားမှ နိုးလာတယ်။ မနက်ဆီက ဂေါက်သီးရိုက်ကြရင်း ကျောင်းဆရာ ကိုဘမြင့်တစ်ယောက် ကိုယ့်ဆီ လာမယ့်အကြောင်း ပြောလိုက်တော့ သူက ဒီလိုဖြင့် ငါလည်း လာမယ်လေကွာ။ ရာသီဥတုက မှုန်တုံတုံနဲ့ ပျင်းစရာကောင်းတယ်လို့ ပြောတယ်။ ကိုယ်ကိုယ်တိုင်ကလည်း ခင်ပျင်းပျင်းမို့ လာလေလို့ပဲ ပြောလိုက်တယ်။ သူကလည်း လာရင် ဝိုင်ကောင်းကောင်း၊ ဝီစကီကောင်းကောင်းကလေး ပါလာတတ်တယ်။ ဒီလိုနဲ့ပဲ သုံးနာရီခွဲလောက်မှာ ကိုယ်တို့ သုံးယောက်သား နောက်ဖေးဘက်ဆီက  ဝရန်တာပေါ်မှာ ထိုင်ရင်း စကားတွေ ပြောဖြစ်သသွားကြတယ်။  ဖိုးစောထွန်းယူလာတဲ့ ဆာဗေညော်ဗလွန့်တစ်လုံးနဲ့ စကြတယ်။ အရင်ကတော့ ဖိုးစောထွန်းက ဝိုင်အနီ အတော်သောက်တာ။ ကာဗနေး ဆာဗစ်ညော်ကောင်းကောင်း သောက်လေ့ရှိတယ်။ ခုတော့ ဝိုင်အနီက သူ့ခြေမက ဂေါက်နဲ့ သိပ်မတည့်လှဘူးဆိုပြီး ဝိုင်အဖြူဘက်ပြောင်းတယ်။ ကိုယ်ကတော့ သိပ်မရွေးလှဘူး။ အရောင်မရှိ၊ အနံ့မရှိ၊ အရသာမရှိ ဆိုတဲ့ ဂုဏ်ထူးများပိုင်ရှင် ရေကိုသာ မကြိုက်တာ။ သောက်မှတော့လည်း အရောင်ကလေး အနံ့ကလေး အရသာကလေး ရှိမှ ကောင်းမှာပေါ့။ ယုတ်စွအဆုံး ရေနွေးကြမ်းလေးပဲ ဖြစ်ဖြစ် မဟုတ်ပေဘူးဘူးလား။

ဖိုးစောထွန်းက ကိုယ်တို့နဲ့ အတူ ဝရန်တာပေါ်က စားပွဲမှာ မထိုင်ဘဲ စားပွဲဘေးနားဆီက ပက်လက်ကုလားထိုင်မှာ ထိုင်တယ်။ ထိုင်ရင်း အုံ့တုံ့တုံ့ မိုးကောင်ကင်အောက်မှာ ဟိုးအနောက်ဘက် ခပ်လှမ်းလှမ်းဆီက  တောင်ရိုးကို ငေးနေတယ်။  ကိုယ်နဲ့ ကိုဘမြင့်က ဖိုးစပ်ကြီး စီစဉ်ပေးတဲ့ နို့ခဲကြော်ကို ကာဗနေး ဆာဗစ်ညော်နဲ့မြည်းနေတုန်း ဖိုးစောထွန်းက ကိုယ်တို့ကို မကြည့်ဘဲ ရာသီဥတုကြီးက လွမ်းစရာကြီးကွာလို့ ပြောတယ်။ ကိုယ့်အတွက်တော့ သူ့ကို တွယ်စရာ အကွက်ဝင်လာတယ်။ ခင်ဗျားက လွမ်းစရာတွေ များတာကိုးလို့ ပြောပြီး ကိုဘမြင့်ကို လှည့်ကြည့်ရင်း …ကိုဘမြင့် မင်းမသိရင်သာ နေမယ်။ မင်းအစ်ကိုကြီး ဖိုးစောထွန်းက တို့တိုင်းပြည်လွတ်လပ်ရေးရပြီးစက တစ်ရွာတစ်ကျီတည်ရေးစီမံကိန်းမှာ ဥက္ကဋ္ဌလုပ်လာခဲ့တဲ့ လူကွ။ သူ့မှာ လွမ်းစရာတွေ အပုံချည်း ရှိတယ်လို့ ပြောလိုက်တယ်။ ကိုဘမြင့်က အမြည်းစားနေရင်း ရယ်လိုက်မိလို့ သီးတောင် သွားသေးရဲ့။ ဖိုးစောထွန်းက ပက်လက်ကုလားထိုင်ကို နောက်မှီပြီး ထိုင်နေရာက ကိုယ်ကို မတ်လိုက်ပြီး ကိုယ်တို့ဘက်ကို လှည့်ရင်း မချိပြုံး ပြုံးလိုက်တယ်။ ပြီးတော့ ဘမောင် မင်းဘာသာ လွမ်းစရာမရှိတာက မင်းဒုက္ခ။ ငါ့ကို ရိမနေနဲ့လို့ အရင်ပြောပြီးမှာ ဘမောင်တို့ လင်မယားမှာ ဘာအတွယ်အတာမှ မရှိကြဘူး။ ကြည့် ခုဆို မိန်းမက တရားတိုက်မှာ သွားနေတယ်။ သူက ဒီမှာ သူနေချင်သလို နေတယ်။ နောက် သူနဲ့ ပေါင်းတဲ့ လူတွေနဲ့ တိုးရင် ခံစားချက် မရှိတဲ့ လူတွေ၊ မလွမ်းတတ်တဲ့ လူတွေ အကြောင်းတွေကို မင်းပိုပြီး သိလာမယ်လို့ ပြောပါလေရော။ ဘယ်သူတွေများတုန်းလို့ ကိုဘမြင့်က ဖြတ်မေးတယ်။ ကိုရင်မောင်တင်တို့ ညီအစ်ကိုတွေပေါ့လို့ ဖိုးစောထွန်းက ဖြေပြီး ခုတော့ မရှိကြတော့ဘူးလို့ ဖြည့်ပြောလိုက်တယ်။ ကိုဘမြင့်က အစ်ကိုကြီးပြောတဲ့ ကိုရင်မောင်တင့်သားဆိုတာတော့ ဒီကိုလာရင်း တစ်ကြိမ်နှစ်ကြိမ်လောက် ဆုံခဲ့ရဖူးတယ်လို့ ပြန်ပြောတော့ ဖိုးစောထွန်းက မဆိုင်းမတွဘဲ ဒီအကောင်က ပိုဆိုးသေးလို့ ဝင်ပြောပြန်တယ်။

ဒီတော့လည်း ကိုယ်က မနေနိုင်ဘူး။ ခင်ဗျား အားလုံးကို ရောပြီး ဝါးလုံးရှည်နဲ့ သိမ်းကျုံးမရိုက်စမ်းပါနဲ့လို့ ဝင်ပြောရတယ်။ ဖိုးစောထွန်းက ခေါင်းအသာညိတ်ပြီး အေးအားလုံး အတူတူပဲလို့  ငါမပြောပါဘူးလို့ ပြန်ပြောတယ်။ ပြီးတော့မှ သူတို့ သားအဖတစ်တွေအကြောင်း ဘမြင့်ကို မင်း နည်းနည်း ပြောပြလိုက်စမ်းပါလို့ ထပ်ပြောတယ်။ ကိုဘမြင့် ကိုယ်တိုင်ကလည်း လိုလိုလားလား နားထောင်ချင်ပုံရတာနဲ့ ကိုယ်က ကိုရင်မောင်တင်တို့အကြောင်း ပြောပြလိုက်ရတယ်။ ကိုရင်မောင်တင်နဲ့ မောင်သုခကြီးက ဖအေတူ မအေကွဲ ညီအစ်ကိုတွေ။ စီးပွားရေလာဘ်မြင်တယ်.။ မလွမ်းတတ်ဘူး။မောင်သုခကြီး ပြောပုံနဲ့ ပြောရရင် လောကကြီးမှာ ဘာများလွမ်းစရာရှိလို့တုန်း သူကလည်း ပြီးပြီးပျောက်ပျောက် ကိုယ်ကလည်း ပြီးပြီးပျောက်ပျောက်တဲ့။ ဒီလိုတော့လည်း ဟုတ်သားပဲလို့ ပြောရမှာပဲ။ ကိုရင်မောင်တင်ကကျပြန်တော့ လွမ်းတာ လူ့အတွက် အချိန်ကုန်တယ်တဲ့။  လုပ်စရာကိုင်စရာမရှိတဲ့ လူတွေသာ အကြောင်းရှာပြီး လွမ်းတတ်တာတဲ့။ ဒါကလည်း အဟုတ်သားလို့ ကိုယ်ထင်တယ်။ ခုဖိုးစောထွန်းကိုပဲကြည့်လေ။ ဘာမှ လုပ်စရာမရှိတော့ ပက်လက်ကုလားထိုင်ပေါ်ထိုင် တောင်ရိုးကိုကြည့်ပြီး လွမ်းစရာရယ်လို့ တွေးမိတာ။  သူ့မှာ ဘာမှ လုပ်စရာမှမရှိဘဲ။အဲ…ကိုရင်မောင်တင့်သား ကျပြန်တော့ လွမ်းတယ်ဆိုတာ ဆင်ခြင်တုံတရားရဲ့ အပြင်ဘက်က တဲ့။ ဆင်ခြင်တုံတရားရဲ့ အပြင်ဘက်က မှန်သမျှဟာ လူရဲ့ အကျိုးစီးပွားကို ယုတ်စေတာချည်းပဲတဲ့။ သူက ပညာတတ်။ သူ့အဖေက မင်းပညာသာ တတ်အောင်သင်ဆိုပြီး လွှတ်ထားတာ။ လက်မှတ်ထိုးတတ်ရုံလောက် စာတတ်တဲ့ ကောင်တွေတောင် မီလျှံနာဖြစ်တဲ့ ခေတ်မှာ သင်းက ဘာမှ မဖြစ်ဘူး။ ထားတော့။ ဒီကောင့်အကြောင်း။ သူကသာ မလွမ်းတတ်တာ။ သူ့ဘိုးအေကြီး လွမ်းတတ်ပုံကဖြင့် မှတ်တမ်းတင်လောက်ပါရဲ့။ ခုဖိုးစောထွန်းက တကယ်တမ်း ပြောစေချင်တာ သူ့ဘိုးအေကြီးအကြောင်း။

ဒီလို၊ မောင်သုခကြီးတို့ အဖေက မြို့အုပ်မင်း။ ရှေးကပေါ့ဗျာ။ မြို့အုပ်မင်း ဦးဖိုးသာဆိုတာပဲ။ မြင်ကွန်းမြင်းခုန်တိုင်တို့ဘက်က ပါတဲ့လူ။ ခုခေတ် နိုင်ငံရေးစကားနဲ့ ပြောရရင် လစ်ဘရယ်အောက်လွတ်(ခ)ရှိတဲ့ သူတွေပေါ့။ အရေးနိမ့်တော့ အောက်ပြည်အောက်ရွာကို ပြေးကြရတယ်။ အောက်ပြည် အောက်ရွာသူ မယ်ဆင့်နဲ့ အိမ်ထောင်ကျပြီး သားသမီးတွေ ရတယ်။ မြို့အုပ်ကျ ဆိုပေတဲ့လည်း အိမ်ကြီးရခိုင်နဲ့တော့ နေနိုင်သေးတာ။ မြို့အုပ်မင်းက သားသမီးတွေသာ ရတယ်။ လွမ်းတာကတော့ အတော်ကို လွမ်းတတ်တာ ဆိုပဲ။ မိုးဦးကျလေဦးကျ တောင်ကညို ပြိုတော့မယ် ဆိုတဲ့အခါမျိုးမှာ မြို့အုပ်မင်းက အိမ်အပေါ်ထပ်က ဝရန်တာပေါ်က ခုခေတ် ပက်လက်ကုလားထိုင်လိုမျိုး ကျောမှီနဲ့ လက်တင်တန်းပါတဲ့ သစ်သားကုလားထိုင်ကြီးမှာ သွားထိုင်လေ့ ရှိသတဲ့။ ကုလားထိုင်ကြီးကလည်း မြောက်ဘက်ကို လှည့်ထားတာဆိုပဲ။ မြောက်ဘက်ဆိုတော့ အောက်ရွာကနေဆို အညာဘက်ပေါ့ဗျာ။ အဲဒီကုလားထိုင်ကြီးမှာ ထိုင်ရင်း အညာမှာ ကျန်ရစ်ခဲ့တဲ့ ငယ်ရည်းစားကိုလွမ်းပြီး မျက်ရည်ကျသတဲ့။ အဲဒီလိုအခါမျိုးကျရင် မြို့အုပ်မင်းကတော် ဒေါ်ဆင့်က သားတွေသမီးတွေကို ဟဲ့ ကလေးတွေ မင်းတို့အဖေ ငယ်ရည်းစားကို လွမ်းနေတာမို့ အိမ်ပေါ်မှာ ပြေးလား လွှားလား မလုပ်ကြနဲ့။ အိမ်အောက်ဆင်းကစားကြလို့ ဆိုသတဲ့။ ကြည့်စမ်းဗျာ ဘယ်လောက် နားလည်မှုရှိလိုက်တဲ့ မိန်းမမျိုးလဲလို့။ ခုခေတ်မိန်းမတွေနဲ့ မကွာလား။ မြို့အုပ်မင်းက သေသာ သေသွားရော။ မိုးညိုပြီဆိုတိုင်း ထိုင်ပြီး မျက်ရည်ကျတာတဲ့။ ကိုင်း…ကိုဘမြင့် ဘာပြောချင်သေးတုန်း။ အဲဒီလို အလွမ်းဓာတ်ခံနဲ့ လူဆီက ဆင်းသက်လာတဲ့ လူတွေမှာ ဘာဖြစ်လို့ အလွမ်းဓာတ်က ရိုးတိုးရိပ်တိတ်လောက်မျှ မပါနိုင်ကြတာလဲလို့ ကိုယ်က မေးရင်း စကား အဆုံးသတ်လိုက်ရတယ်။ ဖိုးစောထွန်းကလည်း ကိုယ်ပြောတာကို ထောက်ခံတဲ့ သဘောမျိုးနဲ့ ဘာမှမပြောဘဲ ခေါင်းကိုသာ ညိတ်နေတယ်။ ကိုဘမြင့်ကတော့ အရည်ကုန်နေတဲ့ ဝိုင်ပုလင်းအလွတ်ကိုပဲ ကြည့်နေတယ်။

ဝီစကီပုလင်းကို ကိုဘမြင့်ရှေ့တွန်းပို့လိုက်တော့ သူက ပုလင်းဖွင့်ပြီး ဖန်ခွက်တွေအထဲ ထည့်ပေးတယ်။ ထည့်နေရင်းက လွမ်းတယ်ဆိုတာကလည်း ရေခံမြေခံကလေး လိုမယ်ထင်တယ် အစ်ကိုကြီးလို့ပြောပြီး ကိုယ့်ကို ကြည့်လိုက်တယ်။ ကိုယ့်အနေနဲ့ကတော့ မပြောတတ်ဘူးလို့ပဲ ပြောရမှာပဲ။ တစ်ခါမှ လွမ်းတယ်ဆိုတာကို စနစ်တကျ တွေးမကြည့်ဖူးဘူး။ကိုယ့်ဘာသာ တွေးနေတုန်း ဖိုးစောထွန်းက ပြောစမ်းပါဦးက ဘမြင့်ရလို့ လှမ်းပြောတယ်။ဒီတော့ ဘမြင့်က ပြောတယ်။ကျွန်တော် အင်္ဂလန်မှာသွားပြီး ပညာသင်ရတုန်းက အကြောင်းကလေးတစ်ခု ပြောပါရစေ။ တစ်နေ့တော့ ကျွန်တော်တို့ ကျောင်းသား ငါးယောက် ခြောက်ယောက်လောက် ကျောင်းအားရက်မှာ လန်ဒန်ရဲ့ မြောက်ဘက်အရပ်တွေဆီ လျှောက်လည်ကြတယ်။ ဘိုင်ရွန်တို့ ကဗျာဆရာတွေနေခဲ့တဲ့ အရပ်ကို လျှောက်ကြည့်ကြတယ်။ ကြည့်ရင်း ဘိုင်ရွန်နေခဲ့တယ်ဆိုတဲ့ အိမ်ကြီးတစ်ခုကို ရောက်တော့ အာဖရိက ကျောင်းသားတစ်ယောက်က ကောက်ချက်ချတယ်။ ဒါကြောင့်မို့လည်း သူတို့ အလွမ်းစာကောင်းကောင်း ရေးနိုင်ကြတာပဲတဲ့။ ကျွန်တော်က နားမရှင်းဘူး။ ဒါနဲ့ပဲ မင်းဘာကိုဆိုလိုတာလဲ လို့ မေးလိုက်တော့  သူက ပြောတယ်။ သူတို့ရာသီဥတု၊ သူတို့ပတ်ဝန်းကျင်၊ သူတို့အနေအထားလိုမျိုး တို့မှာ မရှိဘူး။ဒီတော့ တို့အနေနဲ့ လွမ်းတယ်ဆိုရင်တောင် သူတို့ လွမ်းသလိုမျိုး မလွမ်းနိုင်ဘူး။ လွမ်းတာချင်းတူရင် သူတို့လို မနွဲ့နိုင်ဘူး။ ခပ်ကြမ်းကြမ်းအလွမ်းပဲ ရနိုင်မယ်တဲ့။ ကျွန်တော်လည်း သူပြောတဲ့ စကားအရ သူတို့အရေးအသားတွေကို ဖတ်ကြည့်တော့ အမှန်ပဲ။ နောက်တစ်ချက်က ကျွန်တော်တို့ဆရာကြီး ဦးဟုတ်ထိန်ပြောဖူးတယ်။ တရုတ်လွမ်းသလို ကုလားမလွမ်းဘူး။ ကုလားလွမ်းသလို တရုတ်မလွမ်းဘူးဆိုတာကလည်း ဟုတ်တော့ ဟုတ်တာပဲ။ ကိုဘမြင့်က အတော်ကလေး စိတ်ပါလက်ပါနဲ့ ပြောပြီး ဝီစကီဖန်ခွက်ထဲကို ရေခဲနှစ်တုံးထည့်ပြီး ရေခဲကို လက်ညှိုးနဲ့ အသာမွှေနေတယ်။ ဖိုးစောထွန်းကတော့ ဖန်ခွန်ကို ထွက်ပြေးမှာ စိုးလို့ လက်နှစ်ဖက်နဲ့ဆုပ်ပြီး ရင်ဘတ်ပေါ်မှာ ကပ်ထားရင်း တောင်ရိုးဘက်ကြည့်နေတယ်။ ကိုယ်ကတော့ ဘာတွေတွေးမိမှန်းတောင် မသိတော့ဘူး။

ကိုယ့်အတွေးထဲမှာတော့ မကြာခင်က အိမ်ကိုခဏပြန်လာတဲ့ ကျောင်းအစ်မကြီးနဲ့ ကိုယ်စကားပြောခဲ့ရတာကလေးတွေ ပေါ်လာတယ်။ တစ်နေ့မနက်တော့ သူနဲ့ ကိုယ်နဲ့ မနက်စာစားပြီးကြလို့ ဒီနေရာကလေးမှာ ထိုင်ပြီး စကားပြောဖြစ်ကြတယ်။ အဲဒီတုန်း ဘာကြောင့်မှန်းတော့ မသိဘူး။ သူ့ကို ပြောလိုက်မိတယ်။ တစ်ခါတစ်လေတော့ အိမ်မှာ မင်းမရှိတဲ့အတွက် တစ်ခုခုလစ်ဟာနေသလိုပဲ။လွမ်းတယ်လို့ပဲ ခေါ်ရမှာလားမသိဘူးလို့။ ဒီတော့ သူက ကိုယ့်ကို သေချာကြည့်နေရင်းက ပြုံးလိုက်ပြီး ကိုဘမောင် ရှင် သူငယ်တော့ မပြန်လောက်သေးဘူးထင်တယ်လို့ ပြောတယ်။ ကိုယ်ကတော့ ပြုံးနေလိုက်တယ်။ သူကလည်း ပြုံးနေရင်းနဲ့ ရှင်နဲ့ ကျွန်မတို့ အကြောင်းပါလို့ သားသမီးတွေ မြေးတွေသာ ရခဲ့တယ်။ တစ်ခါမှ ရှင့်ဆီက လွမ်းတယ်ဆိုတာ ကျွန်မမကြားဖူးဘူးလို့ ပြောတယ်။ သူ့စကားဆုံးတာနဲ့ ကိုယ်ကပဲ ဖြတ်မေးလိုက်မိတယ်။ မင်းကကော မလွမ်းဖူးဘူးလားလို့။ သူက ပြုံးနေတာပဲ။ ပြီးမှ မိဘကပေးစားလို့ ရှင်နဲ့ ကျွန်မနဲ့ ညားတာ။ အစကတည်းက လွမ်းဖို့အချိန်မရှိခဲ့ကြဘူး။ နောက်တော့ ရှင်ပြောင်းရာ ကျွန်မ လိုက်နေရတာပဲ။ ရှင်နဲ့ ကျွန်မအကြားမှာ လွမ်းလောက်တဲ့ အကွာအဝေးအတိုင်းအတာမှ မရှိခဲ့ကြဘဲ။ ဒီတော့လည်း ရှင်နဲ့ ကျွန်မအကြေားမှာ လွမ်းတယ်ဆိုတာက မရှိခဲ့တဲ့ သဘောပဲလို့ သူက ဖြေတယ်။ ကိုယ်ကတော့ သိပ်နားမရှင်းဘူး။ တစ်သက်လုံး တစ်ခါကမှ တွေးမကြည့်ခဲ့တာတွေက တွေးကြည့်စရာ ဖြစ်လာတော့တယ်။ ဒီတော့ ကိုယ်က ခုနေပြောရတာတော့ ရယ်စရာလို့ ဖြစ်ကောင်း ဖြစ်နေမှာပဲလို့ စကားကလေး ခံလိုက်ပြီး မင်းနဲ့ ငါ့အကြားမှာ ချစ်တယ်ဆိုတာကော ရှိခဲ့သလားလို့ မေးလိုက်မိတယ်။ ဘာလို့မှန်းတောင် မသိဘူး။ သူက အတော်ကြာအောင် ပြုံးနေတယ်။ ကိုယ်မြင်ခဲ့ဖူးတဲ့ သူ့ရဲ့ အပြုံးတွေထဲမှာတော့ အတော်သာယာဖို့ကောင်းတဲ့ အပြုံးပဲ။ပြီးတော့မှ သူက ပြောတယ်။ ရှင်နဲ့ ကျွန်မအကြားမှာ ချစ်တယ်ဆိုတာ ရှိခဲ့လေသလား မရှိဘူးလားဆိုတာတော့ မသိဘူးရှင်။ သားသမီးတွေကတော့ မိုးပေါ်က ကျလာတာ မဟုတ်တာ သေချာတယ်တဲ့။ ကိုယ်လည်း အတော်ကြာအောင် သူ့ကို ဘာမှ ပြန်မပြောနိုင်ဘူး။ နောက်မှ ထပ်ပြီး မေးကြည့်မိပြန်တယ်။ မင်း အခု ချောင်မှာ သွားနေတဲ့ အခါမျိုးမှာ တစ်ခါတစ်လေများ ငါ့ကို မလွမ်းဘူးလားလို့မေးတော့ သူက လွမ်းတယ်တော့လည်း မဟုတ်ဘူး။ တစ်ခါတစ်လေတော့ ရှင်ဘယ်လိုများစားသောက်နေတယ်။ ရှင့်ဘာသာ အဆင်ပြေပါ့မလားရယ်လို့တော့ တွေးမိတတ်တယ်။ ဒါပေတဲ့လည်း ဒီအတွေးတွေ အပူတွေ မရှိချင်လို့ ဒီမှာလာ တရားအားထုတ်နေတာ ပါကလားရယ်လို့ သတိကလေး ပြန်ထည့်ရတာပေါ့။ ဒီအတွေးတွေရှိနေရင် ဒီသံသရာက ဘယ်မှာ လွယ်လွယ်နဲ့ ကျွတ်မှာလွတ်မှာလဲလို့ သူက ပြောတယ်။

ကိုယ်ကတော့ ဖြစ်နိုင်ရင် ပြောလိုက်ချင်တယ်။ ဘာလို့ ဒီသံသရာကြီးထဲက ထွက်သွားချင်ရတာလဲ။ သံသရာဆိုတာ ပျော်စရာကြီးပဲ။ သံသရာကြီးထဲမှာကျမှ လွမ်းတာတို့၊ ချစ်တာတို့၊ မုန်းတာတို့တွေ ရှိတာ။ ဘာမှမရှိတဲ့ နေရာမှာတော့ဖြင့်လည်း အသက်ရှင်မနေချင်ပါဘူး။အဲဒီတုန်းက မိန်းမတွေဟာ ယောက်ျားတွေလို လွမ်းတတ်ပုံမရဘူးလို့တောင် တွေးနေလိုက်မိတယ်။ အင်း…အန်အက်(စ)တန်ဗလှစ်(ရှ) သီဝရီပေါ့ဗျာ။ မဟုတ်ရင် လူတွေဟာ မျောက်တွေနဲ့ နီးစပ်တယ်ဆိုတာထက် လူတွေဟာ ဆင်တွေ ကြံ့တွေနဲ့ ပိုနီးစပ်နေမလားလို့ တွေးကြည့်မိတယ်။ ကိုယ်ဖတ်လိုက်မိတာ တစ်ခုထဲမှာ  ဆင်တွေ ကြံ့တွေဟာ အသက်အရွယ်အိုမင်းလာတာနဲ့အမျှ အထီးတွေက ပိုပြီး နူးညံ့သိမ်မွေ့လာပြီး အမတွေက ပိုပြီး ကြမ်းတမ်းလာသတဲ့။ ဖြစ်နိုင်တာပဲ။ အိမ်က ကျောင်းအစ်မကိုပဲကြည့်။ ခုကာမှ သံသရာက လွတ်မြောက်ချင်တာတို့ ဘာလို့ ပြောလာတယ်။ ဆင်မကြီးတွေ ကြံ့မကြီးတွေလို ခက်ထန်လာပုံရတယ်။ ခံစားချက်နည်းလာပုံရတယ်။ ကိုယ်တို့ယောက်ျားသားတွေနဲ့ ကွာလာတာပဲ။ ကိုယ်တို့ယောက်ျားသားတွေအထဲမှာလည်းလောကကြီးကို စိတ်ကုန်နေတာတို့၊ ဘယ်သူကမှ အာမခံပြီး မပြောနိုင်တဲ့ နောက်ဘဝတို့၊ ကောင်းရာမွန်ရာတို့ကို ရှာကြံတွေးနေတဲ့ ခပ်ညံ့ညံ့ယောက်ျားတွေလည်း ရှိမှာပါ။ ကိုယ်တော့ ဒီစာရင်းထဲ မပါချင်ဘူး။ မလွမ်းတတ်လို့သာ နေရော့မယ်။ လွမ်းစရာရှိရင်တော့ လွမ်းချင်တာပဲ။ မျက်လုံးနှစ်လုံးက ရှိနေသေးတော့ လှတာကလေးတွေ ကြည့်ချင်တာပဲ။ ဒါမှလည်း သဘာဝကျမှာပေါ့။ လောကကြီးဟာ မသာအိမ်မှ မဟုတ်တာ။ သာယာလှပတဲ့ လောကကြီးလို့ ခေါ်တာသာကြည့်။ဒီသာယာလှပတဲ့ လောကကြီးထဲမှာ နေရင်းက ကိုယ့်ကိုယ်ကို မသာမယာ၊ မလှမပအောင် အတင်းကြိုးစားနေလို့တော့လည်း ဘယ်ဟုတ်ပါ့မလဲ။ မကြည့်ချင်မမြင်ချင်တဲ့ အနိဋ္ဌာရုံတွေကို ရှာကြံကြည့်နေလို့ ဘယ်ဖြစ်ပါ့မတုန်း။ အသက်ဆိုတာ တစ်ခါ ရှင်ရတာပါဗျာ။ ရှင်တုန်းကလေးမှာ ဒုက္ခကို လိုက်ရှာပြီး ဝယ်နေလို့တော့လည်း ဘယ်ဖြစ်မှာလဲ။ စားဖို့သောက်ဖို့ နေဖို့ထိုင်ဖို့ မပူပင်ရဘဲ အချိန်တန် ထမင်းပွဲရှေ့ရောက်နေနေရတဲ့ လူတွေက သံသရာကြီးဟာ မကောင်းဘူးလို့ ပြောနေကြတာကတော့ သိပ်တရားလှတယ်လို့ ကိုယ် မထင်ဘူး။

အဲဒီညကတော့ ကျောင်းဆရာ ကိုဘမြင့်နဲ့ ဖိုးစောထွန်းတို့ ပြန်သွားပြီးတဲ့နောက် ကိုယ့်ဘာသာ ထိုင်နေရင်း ဆက်စဉ်းစားနေမိတယ်။ စဉ်းစားတယ် ဆိုတော့လည်း စဉ်းစားစရာက အပုံချည်း။ နယ်ကျယ်ကုန်တာပေါ့။ ဖိုးကိုရှိစဉ်ကတော့ ပြောလေ့ရှိတယ်။ မင်းတို့ ဝန်ထမ်းတွေဟာ ဝန်မထမ်းရပြန်တော့လည်း ရှာကြံတွေးရင်း ဝန်ထမ်းလေ့ရှိသတဲ့.။ ဟုတ်တုတ်တုတ်ရယ်။ အတွေးက စီးပိုးထားတာကိုး။ အတော်ကြာတော့ ဖိုးစပ်ကြီးတစ်ယောက် ဝရန်တာပေါ်တက်လာပြီး ပန်းကန်ခွက်ယောက်တွေ သိမ်းတယ်။ ကိုယ်ကလည်း ပျင်းပျင်းရှိသေးတာနဲ့ လာကွာ ဖိုးစပ် တစ်ခွက်တစ်ဖလားလောက် သောက်ချေဦးလို့ ခေါ်တော့….သူက တစ်ခွက်လောက်ပဲ ဆရာကြီး။ ကျွန်တော်လည်း ရမ်ချထားတယ်လို့ ပြောပြီး ဝင်ထိုင်တယ်။ သူက ကိုယ်နဲ့ နေလာတာ ကြာပြီ။ ကိုယ် မင်းကြီးဘဝကတည်းကပဲ။ အကြောင်းသိလို့ ပြောရမယ်။ ဝီစကီတစ်ငုံလောက် သောက်လိုက်ပြီး ခုတလော ဆရာကြီးကြည့်ရတာ တစ်မျိုးပဲ။ တရားတိုက်ကို အမေပြန်သွားကတည်းက ဆရာကြီးလည်း လွမ်းကျန်ရစ်ပုံရတယ်လို့ ပြောတယ်။ ကိုယ်က ပြောတတ်ဘူးကွလို့ ပြန်ပြောလိုက်တော့ ဖိုးစပ်ကြီးက ရယ်တယ်။ လွမ်းနေရင်တော့လည်း မပျင်းရတော့ဘူးပေါ့လို့ သူက ထပ်ပြောပြန်တယ်။ ဒါပေတဲ့ ဆက်တွေးစရာအကြောင်းက မရှိပြန်ဘူး။ နောက်တော့ ကိုယ်တို့ဆရာတပည့်နှစ်ယောက်သား ရှေးရှေးကအကြောင်းတွေ တောပြောတောင်ပြော ပြောပြီး စားမြုံ့ပြန်နေမိကြတယ်။ အတော်ကြာသွားတော့ ကိုယ်လည်း နားချင်လာတာနဲ့ပဲ ငါတော့ သွားလှဲတော့မယ်ကွာလို့ပြောပြီး ထိုင်ရာက ထတော့ ဖိုးစပ်ကြီးလည်း ထိုင်ရာက ထပြီး ပန်းကန်ပြားတွေ ခွက်တွေသိမ်းတယ်။ သိမ်းနေရင်း သူ့ဘာသာ ပါးစပ်ဆိုင်းကလေးတီးပြီး သီချင်းငြီးနေတယ်။ လွမ်းသလေ မောင်ကြီး ယိုးလားယီး။ လွမ်းပါသလေလေ  လွမ်းပါသလေလေ မောင်ကြီး…တဲ့တဲ့ တူနယ်ဗြောင်….တဲ့။

အိပ်ရာပေါ်မှာ လှဲလိုက်တော့ ကိုယ်ထဲက နာတယ်ပြုတယ်မရှိသေးဘဲ ပါးစပ်က ကျွတ်ကျွတ်ရယ်လို့ အသံထွက်သွားတယ်။ ဘာလို့မှန်းတော့ မသိဘူး။နောက်တော့ ညနေဆီက ပြောခဲ့ကြတဲ့အထဲက အလွမ်းအကြောင်းက ခေါင်းထဲဝင်လာပြန်ရော. လွမ်းတာကကော မသိလိုက်ဘဲ ကျွတ်ကျွတ်ရယ်လို့ အသံထွက်သွားတာမျိုးပဲလား။ ခုနကတင် ဖိုးစပ်ကြီး ငြီးနေတဲ့ လွမ်းသလေ မောင်ကြီး၊ ယိုးလားယီးဆိုတဲ့ အသံလည်း နားထဲက မထွက်ပြန်ဘူး။ လွမ်းတာနဲ့ ယိုးလားယီးနဲ့ အကြားမှာ ဘာက ဘယ်လို ဆက်နေမှန်းမသိဘူး။ဒီအကြောင်းကိုတော့ နောင်ကာမှ ကိုရင်မောင်တင့်သားရဲ့ မိတ်ဆွေ ပြည်ဘက်ဆီက ကျောင်းဆရာကြီးများ ဒီဘက်လာတဲ့အခါ မေးစမ်းကြည့်ရဦးတော့မှာပဲ။ ဘာလို့ ယိုးလားယီးရတယ်ဆိုတာ။ လွမ်းတယ်ဆိုတာက ယိုးလားယီးပဲလား ဆိုတာ။ သူက ရှေးသီချင်းတွေ၊ ဆိုင်းအကြောင်းတွေ အတော်ပိုင်တယ်။ ကျွတ်ကျွတ်လို့ ညည်းတတ်တဲ့ အရွယ်လည်းရောက်ပြီ။ လွမ်းတတ် မလွမ်းတတ်တော့ မသိဘူး။   ။

(ရောရောယောင်ယောင် မောင်ဘမောင် ဝတ္ထုတိုများမှ)

မြင့်သန်း

ချင်းတွင်း မဂ္ဂဇင်း၊ အမှတ်(၆၆)၊စက်တင်ဘာလ၊ ၂၀၁၁

Popular posts from this blog

ပိုမိုညံ့ဖျင်းသော စိတ်ကူးထည်တို့ဖြင့် ဆက်လက်ရှင်သန်နေနိုင်ရန် အားထုတ်မှု (မြင့်သန်း)

အိပ်ဆေး သောက်၍ အိပ်မပျော်နိုင်သော ရောင်စုံညများ

ဝတ္ထုတို မတိုရသည့် အကြောင်း (မြင့်သန်း)