ဘာသာစကားရဲ့ ကိစ္စ (မြင့်သန်း)


အမှာ
          ဧပြီလထုတ် စတိုင်သစ်မဂ္ဂဇင်းပါ ဆူဒိုနင်၏ “ဘာသာစကားသည် ယာဉ်၊ သင်ယူခြင်းမူ အရွယ်မဟူ” ဟူသော အရေးအသားနှင့်ပတ်သတ်သော ဆွေးနွေးချက် တစ်ရပ်ဖြစ်ပါသည်။ ကျွန်တော်သည် ဘာသာစကားများနှင့် ပတ်သတ်၍ မည်သည့်ပညာရပ်ဆိုင်ရာအဆောက်အအုံမှ လက်မှတ်၊ လုပ်ပိုင်ခွင့် ရထားဖူးသူ မဟုတ်သဖြင့်၊ လမ်းပေါ်က လူတစ်ယောက်၊ (လူပြိန်းတစ်ဦး) အနေဖြင့် ဆွေးနွေးပါရစေ။
          ရှေးဦးစွာ ကျွန်တော့်အနေဖြင့် ဆူဒိုနင်၏ အရေးအသားကို လက်ခံ၍ ငြင်းဆိုရခြင်းသာ ဖြစ်ပါသည်။ အဓိကဆွေးနွေးလိုသည်မှာ “သူမ” ဟူသော အသုံးအနှုန်းမှာ အတော်ထောင့်သည်ဟူသော ယတိပြတ်အဆိုကိုဖြစ်ပါသည်။ ထိုထောင့်ခြင်းကို ခြေတည်၍ နွယ်ငင်ဆက်စပ်လျက်ရှိသော ဆူဒိုနင်၏အမြင်အချို့ကိုလည်း ဆွေးနွေးပါရစေ။ ရှေးဦးစွာ “သူမ” ဟူသောအသုံးအနှုန်းအကြောင်း ဆွေးနွေးပါရစေ။

          ကျွန်တော့်အနေဖြင့် “သူမ”ဟူသော စာလုံး၊ စကားလုံးမှာ လိုအပ်စွာ ပေါ်ပေါက်လာရသော အသုံးအနှုန်းတစ်ရပ်ဟု မြင်ပါသည်။ အထူးသဖြင့် “အရေးအသား” အတွင်းလိုအပ်မှုတစ်ခုကို ဖြည့်စွက်လိုက်ရခြင်းဟု မြင်ပါသည်။ ကျွန်တော်၏ ကိုယ်တွေ့အဖြစ်အပျက်တစ်ခုကို နမူနာပြပါရစေ။ တစ်ခါက အင်္ဂလိပ်စာဖြင့် ရေးသားထားသော အကြောင်းတစ်ခုကို ကျွန်တော်က မြန်မာဘာသာသို့ ပြန်ပေးရန် တာဝန်ကျလာပါသည်။အကြောင်းအရာမှာ အလွန်အရေးကြီးသော ကိစ္စတစ်ခုမှ အသေးစိတ်များ ဖြစ်သည်. သို့ရာတွင် ထိုအခါက ထိုအကြောင်းအရာသည် ကျွန်တော့်အတွက် အရေးမကြီး။ဘာသာစကားအသုံးအနှုန်းဖလှယ်ခြင်းကသာ ပြဿနာဖြစ်နေသည်။ ထိုစာကြောင်းအချို့ကို အကြမ်းဖျင်း ကျွန်တော်ပြပါရစေ။
          They were there. She and her sister stood next to each other, he is, about, six feet away from her. She moved slowly toward where he was standing.

          ဤတွင်ပြဿနာမှာ “သူမ”ဟူသော အသုံးအနှုန်းကို မသုံးရဟု ကွပ်ညှပ်ထားသော ကာလဖြစ်နေခြင်းဖြစ်သည်။ ဒုတိယစာကြောင်းမှ စ၍ “သူမ”ဟူသော စကားလုံးမသုံးဘဲ ကျွန်တော် ဘာသာပြန်ပြပါရစေ။
          သူနှင့် သူမတို့နှစ်ဦးသား ဘေးချင်းကပ်၍ ရပ်နေကြသည်။ သူက ခြောက်ပေခန့်အကွာတွင် ရပ်နေသည်။ သူက သူ့နေရာတွင် ရပ်နေစဉ် သူက သူရှိရာဘက်သို့ ဖြည်းဖြည်းချင်းတိုးသွားခဲ့သည်။

ဤဘာသာပြန်တွင် တိကျစွာဖော်ပြရမည့်အကြောင်းတစ်ခုတွင် ဘာမျှ တိတိကျကျမပါကြောင်း တွေ့ရပါလိမ့်မည်။ မည်သူ၏ရွေ့လျားမှုမှာ မည်သည့်ဘက်သို့ဖြစ်ကြောင်း မသိသာ။ ထို့ပြင် ထိုအနေအထားအတွင်း ရောက်ရှိနေသော “အစ်မ” ဖြစ်သူမှာ မည်သူ၏အစ်မဖြစ်ကြောင်း မသိနိုင်။ သို့ဖြစ်၍ ထိုစဉ်က ကျွန်တော်နှင့် ကျွန်တော်၏ ညွှန်ကြားရေးမှူးတို့နှစ်ဦးသာ “သူမ”မသုံးပဲ အဓိပ္ပါယ်ရှိရှိ ဘာသာပြန်နိုင်ရန် အားထုတ်ကြသော်လည်း မအောင်မြင်။ ထိုအခါ မိတ်ဆွေတစ်ဦးကို အကူအညီတောင်းရပါသည်။ သူသည် သမိုင်းဘာသာရပ်ဖြင့် ဘွဲ့ရထားသော်လည်း ဘာသာစကားအသုံးအနှုန်းများတွင် အလွန်တော်ပါသည်။ အထူးသဖြင့် အန္တရာယ်ရှောင်နိုင်သော အသုံးအနှုန်းမျိုးကို သူ ကြံစည်တတ်ပါသည်။
          အဆုံးတွင် သူအကြံပေးသည့်အတိုင်း ရေးလိုက်ရပါသည်။ ၄င်းမှာ-
          သူ(မ)နှင့် သူ(မ)အစ်မတို့နှစ်ဦးသား ဘေးချင်းကပ်၍ ရပ်နေကြသည်။ သူက ခြောက်ပေခန့်အကွာတွင် ရပ်နေသည်။ သူက သူ့အတွက် သတ်မှတ်ထားသည့် နေရာတွင် ရပ်နေစဥိ သူ(မ)က သူရှိရာဘက်သို့ ဖြည်းဖြည်းချင်း တိုးသွားခဲ့သည်။

        ဤကိစ္စမှာ ပြေလည်သလောက် ရှိသွားသော်လည်းး မပြီးနိုင်သေးပါ။ ညွှန်ကြားရေးမှူးမှာ ရှားရှားပါးပါး ဂျာနယ်လစ်ဇင်ဖြင့် မဟာဝိဇ္ဇာရထားသူဖြစ်ရာ ဘာသာစကားအသုံးအနှုန်း၏ သမမျှတမှု(Balancing of usage) အကြောင်း ပြောလာပါသည်။ ဆိုလိုသည်မှာ သူမ ဟူသောအသုံးအနှုန်းကို အသုံးရသဖြင့် သူ၏နောက်တွင် ကွင်းစကွင်းပိတ်ဖြင့် “မ”ကို ထည့်သည်ရှိသော် အထီးဖြစ်သော “သူ”တွင်လည်း “အထီး”ဖြစ်ကြောင်း ကွင်းစကွင်းပိတ်ဖြင့် ထည့်မှသာ (ထပ်၍ရေးပါရစေ၊ ထည့်မှသာ) သင့်လျှော်မည်ဟု ဆိုသည်။ ထို့ထက်ပို၍သော် “မ”တစ်လုံးတည်း ထည့်မည့်အစား “အ”ကိုပါထည့်၍ အထီး-အမ ပြုရန်ဖြစ်သည်။ အားလုံးသဘောတူသော ဝိနည်းလွတ်ဘာသာပြန်မှာ ဤသို့ဖြစ်သွားတော့သည်။
          သူ(အမ)နှင့် သူ(အမ)အစ်မတို့နှစ်ဦးသား ဘေးချင်းကပ်၍ ရပ်နေကြသည်။ သူ(အထီး)က ခြောက်ပေခန့်အကွာတွင် ရပ်နေသည်။ သူ(အထီး)က သူ့အတွက် သတ်မှတ်ထားသည့် နေရာတွင် ရပ်နေစဥိ သူ(အမ)က သူ(အထီး)ရှိရာဘက်သို့ ဖြည်းဖြည်းချင်း တိုးသွားခဲ့သည်။

        ဤသို့ဖြင့် “သူမ”မသုံးရဟူသော ပြဋ္ဌာန်းချက်အောက်တွင် ကျွန်တော်တို့သည် အလွန်ရုပ်ဆိုးလှသော ဘာသာပြန်တစ်ခုကို ပြန်ဆိုခဲ့ရပါသည်။ ထိုဘာသာပြန်မှာ စာမျက်နှာ ဆယ်ရွက်ခန့်ရှိရာ ဖတ်ရှုသူများလည်း အတော်ပင် မျက်စိနောက်ခဲ့ကြရပါလိမ့်မည်။  ထိုသို့ မျက်စိနောက်ရခြင်းတွင် အခြေခံကာ ပေါ်ပေါက်လာသော ရလဒ်တစ်ခုမှာ He ကို သူ၊ She ကို “သူမ” ဟု သုံးပါဟု တရားဝင်မဟုတ်သော ခွင့်ပြုချက်ရခဲ့ကြပါသည်။ ယခုသော် လွယ်လွယ်ကူကူ သုံးခွင့်ရသဖြင့် အလွန်ဝမ်းမြောက်ဖွယ်တစ်ရပ်ဟု ကျွန်တော် မြင်မိသည်။

          ဆူဒိုနင် ရေးသည့်အတိုင်း အပြောစကား “အတွင်း”ထောင့်ကောင်း ထောင့်နေပါမည်။ ဘာသာစကားအခြေခံ အရေးအသားအားဖြင့် ဆက်ဆံမှုအတွင်း၌မူ “သူမ”သည် တိကျသော ပုံရုပ်ကို ပေးနိုင်သဖြင့် လိုအပ်မှုဟု ကျွန်တော်မြင်ပါသည်။ ရှေးက “သူမ”မသုံးခဲ့ဟု ဆိုသော် လက်ခံပါမည်။ ဤတွင် မသိကျိုးကျွန်ပြု၍ လျှော့ပေါ့စဉ်းစားရန် မသင့်သော အချက်မှာ  လူယောက်ျား (အထီး)ကို သာအခြေခံထား၍ တည်ဆောက်ထားသော ဘာသာစကားနှင့် အသုံးအနှုန်းများအကြောင်းဖြစ်ပါသည်။ ထိုသို့သီးခြားပြုလက်ခံသုံးစွဲသော  လူ့အဖွဲ့အစည်းများတွင်ပင် လူ(အထီး)ကိုသာ ဗဟိုပြု သို့မဟုတ် ရည်ရွယ်သုံးနှုန်းမှုများ ရှိနေခဲ့ပါသည်။ ခပ်လွယ်လွယ်ဆိုသော် Androcentric ဟု ဆိုရပါမည်။ Patriarchal ဟု ခေါ်လိုသော်ခေါ်ပါ။ Women are linguistically marginalized သဘောဖြစ်နေသည်ကို တွေ့ရပါသည်။ အထီးနှင့် အမ မတူညီမှု (The  difference) ကို လက်ခံသော် ယနေ့ခေတ်အခါများတွင် ထိုမတူညီမှု၏ “ရှိမှု”ကို လက်ခံ၍ “သူမ”ဟူသော အသုံးအနှုန်းကို (သုံးစွဲသည် ဖြစ်စေ၊ မသုံးစွဲကြသည်ဖြစ်စေ) လက်ခံရပါတော့မည်။ သူမကို လက်ခံ၍ သူထီးကိုလည်း လက်ခံရမည်ဟု ဆိုသော် ထိုအမြင် သို့မဟုတ် ဆင်ခြင်ပုံမှာ သိမ်လှသည်ဟုသာ ဆိုရပါမည်။

          ဆူဒိုနင် ရေးသကဲ့သို့ အသံအခြေခံဘာသာစကား အသုံးအစွဲအတွင်း “သူမ”ဟူသော အသုံးအနှုန်းမှာ ထောင့်သည်ဟူသော အဆိုကို လက်ခံရသော်လည်း ဘာသာစကား အသုံးအနှုန်းတိုင်းလည်း (သို့မဟုတ်) ရေးသားတင်ပြမှုကို အခြေခံထားသော ဘာသာစကားအခြေခံ ဆက်သွယ်ရေးအရ အသိပညာဖလှယ်ရာတွင် (အခြားတစ်နည်း၊ လက်ပြောင်းလက်လွှဲ လုပ်ရာတွင်) အသံကြောင်း ထောင့်ခြင်း မထောင့်ခြင်းသည် ပဓာနကျသော အကြောင်းတစ်ရပ်မဟုတ်ပါ။ လက်ပြောင်းလက်လွှဲပြုစဉ် သိစရာအကြောင်းအပေါ်နားလည်မှု တိမ်းချွတ်မသွားရေးသည်သာ အဓိက ဖြစ်ပါသည်။ စာတစ်ကြောင်း နမူနာပြပါရစေ။
          ယောက်ျားတစ်ဦးသည် မြေကြီးပေါ်တွင် ရပ်တည်၍ ကောင်းစွာ သွေးအပ်သဖြင့် မြမြထက်သော ဓားလက်နက်ကို ကိုင်ချီပြီးလျှင် ကြီးစွာသော ဝါးရုံကြီးကို ဖြေရှင်း ခုတ်ထွင် သုတ်သင်သကဲ့သို့ ထို့အတူ သီလတည်းဟူသော မြေ၌ ကောင်းစွာ မတ်မတ်ရပ်တည်၍ ဝိပဿနာ ပညာလက်နက်ဓားသန်လျက်ကို ဝီရိယတည်းဟူသောအားဖြင့် မြဲမြဲစွဲစွဲကိုင်စွဲ၍ အလုံးစုံသော ကိစ္စကို ဆောင်ရွက်သော….
(မူရင်းစာလုံးပေါင်းများအတိုင်း)

ဤအရေးအသားမှာ ဘုရားသုံးဆူတောင် ဆရာတော် အရှင်နန္ဒမာပြန်ဆိုသော ဝိသုဒ္ဓိမဂ် ပထမတွဲ၊ မြန်မာနိုင်ငံဗုဒ္ဓသာသနာအဖွဲ့ (သာသနာနှစ် ၂၅၀၉၊ ကောဇာနှစ် ၁၃၂၇) မူမှဖြစ်သည်။ ဤအရေးအသားမှာ မထောင့်ဘူးဟု ငြင်း၍ မရနိုင်သော အရေးအသားမျိုးဖြစ်ကောင်းဖြစ်မည် မှန်သော်လည်း၊ အနက်ရင်းမှ သွေဖည်မသွားရန် အားထုတ်ထားသော ဘာသာပြန်ဖြစ်သည်ကို မငြင်းနိုင်ပါ။ အခြားတစ်ချက်မှာ ဤနေရာတွင် ဘာသာစကား သို့မဟုတ် စာသည် အသံအခြေခံ ကူးလူးဆက်ဆံမှုအတွက်သာ အသုံးပြုထားသည်မဟုတ်ပါ။ စာလုံးများအားဖြင့် ရေးသားသော အရေးအသားအဖြစ်ပြီး သိမှုသည် အသံကြောင့် ခိုင်ခန့်စေသည်မဟုတ်ဘဲ၊ အမြင်ဖြင့် အနက်ဖော်ခွင့်ပေးထားသော သိမှုဖလှယ်ခြင်းသာ ဖြစ်သည်။ သို့ဖြစ်၍ ဤအရေးအသားကို ဖတ်သူ၏ သိမှုအတွင်း “ထောင့်သည်” ဟူသော သိမှုဖြစ်လာခဲ့သည်ရှိလာခဲ့သော်၊ ထိုအချက်သည် စာအရေးအသားဖြင့် အသိတစ်စုံတစ်ရာကို လက်ပြောင်းလက်လွှဲလုပ်သော အပြုအမူအတွင်း မထောင်းမတာ အရာမထင်ချေ။

          အခြားအရေးအသားတစ်ခုကို ကြည့်စေချင်ပြန်သေးသည်။ ၄င်းမှာ ပါဠိဆရာကြီး ဦးခင်စိုး (သာသနဓဇ သီရိပဝရ ဓမ္မာစရိယ)က မူရင်းစကားကို မတိမ်းပါစေဘဲ သုတ်သင်စီစဉ်တင်ပြထားသော ယောအတွင်းဝန်မင်းကြီး၏ ကာယာနုပဿနာကျမ်း (ဟံသာဝတီ၊ ၁၉၇၁ မူ)ပါ၊ စာတစ်ကြောင်းကို ထပ်မံကြည့်စေချင်ပါသည်။
        လူတို့ အိပ်သောအခါလည်း မျက်စိပျက်စီးစေရန် တစ်စုံတစ်ရာသော ဝတ္ထုမဝင်ရအောင် မျက်တောင်သည် ဖုံးအုပ်လျက် တည်၏။ (မူရင်းစာလုံးပေါင်းများအတိုင်း)

ဆိုလိုရင်း ပေါ်လွင်စေရန် ထပ်မံ၍ ဥပမာတစ်ခုပြပါရစေ။ ဤအရေးအသားမှာ ကျောက်စာဝန် သီရိပျံချီဦးမြ၏ အရေးအသားမှဖြစ်သည်။
          ယခုထုတ်ဖော်ပြောဆိုရေးသားခဲ့သော အလယ်တွင် ကြာပွင့်ကြီးပေါ်တွင် မင်းထိုင် ထိုင်လျက်နေသော ပုံသည် အခြားမဟုတ် အထက်တစ်နေရာတွင် ဖော်ပြခဲ့ပြီးဖြစ်သော အဝလောကိတေသရ ပုံဖြစ်သည်။ (မူရင်း စာလုံးပေါင်းများအတိုင်း)

ဤတွင်လည်း အသံထွက်ကို အခြေခံသော် ထောင့်ခြင့် နှောင့်ခြင်းရှိသော်လည်း သိမှုဖော်ထုတ်ရာတွင်မူ ပြက်သိကာမျှ အနှောက်အယှက်မဖြစ်ချေ။ သို့ဖြစ်ရကား ချောချောပြေပြေရေးခြင်းသည် စာရေးသား ဖော်ထုတ်မှုအပြုအမူအတွင်း လိုအပ်သည့်နေရာတွင်သာ လိုအပ်ပြီး “နေရာတကာတွင်” ဟူသော ကန့်သတ်မှု ဝိသေသပြုကာ ယေဘုယျသဘောကို အခြေခံ၍ ရေးသားပြောဆိုရန်မှာမှု မသင့်လှ။ ထို့ပြင် “ဖတ်၍မချော”ဟူသော အသုံးအနှုန်းကို အနက်တစ်စုံတစ်ရာ မပေးနိုင်ဘဲဖြစ်စေ၊ မည်သူ့အတွက် ဖတ်၍ မချောသည်ကို ယတိပြတ် ကန့်သတ်မပြနိုင်ဘဲ ဝါးလုံးရှည်နှင့် ရမ်းရန်မှာ မသင့်ဟု ထင်ပါသည်။

          ရံဖန်ရံခါ သဒ္ဒါစည်းမျဉ်းများကို လိုအပ်သည်ထပ် ပို၍ လိုက်နာ၍ ဖြစ်စေ၊ သဒ္ဒါစည်းကမ်းများကို မသိကျိုးကျွန်ပြုရန် အားထုတ်ကြသည်ဖြစ်စေ ဝါကျတည်ဆောက်ပုံများမှာ အသံအခြေခံဖတ်ရှုခြင်းအတွင်း ဆီလျော်မှု နည်းပါးနေတတ်ပါသည်။ ဤသည်မှာ ဝါကျတိုင်းတွင် ဖြစ်နိုင်သော အနေအထားပါနေပါသည်။ သို့ရာတွင် အပြစ်တစ်ခုဟု ကန့်သတ်ခြင်း မဖြစ်နိုင်ပါ။ မည်သည့်အကြောင်းအရာအတွက် ရည်ရွယ်၍ ရေးသားထားသော အရေးအသာဖြစ်ကြောင်းလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်လှပါသည်။ ဖန်တီးမှုအရေးအသားများတွင် ရေးသားပုံအသစ်များ ပေါ်ပေါက်နေသည်မှာ ဘာသာစကားအသီးသီးတွင် ရှိနေပါသည်။ မြန်မာစာအရေးအသား ဘောင်တွင်လည်း မရှိဟု ယတိပြတ်ဆိုရန် မလွယ်ပါ။ ဂျွိုက်(စ)၏ နာမည်ကျော် ဖင်နဂန်ဝိတ်(ခ)ထဲမှ စာတစ်ကြောင်းကို ကြည့်ပါ။
The fall (bababadajfksdfjadfg’agasdghasgksdkfhdasgfgdfgksdgfsdgffasdfdsfsdfsdfdsfa!) of a once wallstrait oldparr is retaled earlyin bed…
ဤသည်ကို မကျေနပ်သေးသော် လီပလက်စတဲ အရေးအသားတစ်ခု ပြပါရစေ။
          The aborigines lost.
          The history of the world, you said.
          A man of practicality,
          Accustomed to death:

ဤအရေးအသားသည် ရှေးရိုးစဉ်များရေးထားသည် မဟုတ်ပါ။ဆူးမော့(စ)၏ နာမည်ကျော် X Dress ကဗျာ အဆုံးပိုင်းကို ကြည့်ပါ။.
          Wo/man to wo/man, wo/man to man, a woman’s man,
          A man’s woman,
          Man to wo/man, man to man& back again.

ဤအရေးအသားများမှာ ဘာသာစကားသက်သက်ကို အခြေခံရေးသားထားခြင်းများမဟုတ်ပါ။ ဖန်တီးတင်ပြသူ၏ ဖန်တီးရာရပ်ဝန်းနှင့် ရင်းနှီးကျွမ်းဝင်မှုများနှင့်လည်း ပတ်သတ်နေပါသေးသည်။ ဘာသာစကားတစ်ခုမှ တစ်ခုသို့ လွှဲပြောင်းပေးနိုင်ရန် ဝေးစွ၊ ဘာသာစကား တစ်ခုတည်း၏ ပရဝုဏ်အတွင်း၌ပင်လျှင် သိမှုအပြောင်းအလွဲလုပ်ပြရန် ခက်ခဲပါသည်။ ဆူဒိုနင်ရေးသော တိုက်ရိုက်ဘာသာပြန်၍ မရ ဟူသော အချက်ပင် အထောက်အကူပြုပါသည်။ ကချော်ကချွတ် ဟု ယိုးစွပ်သော် ငါက ဘွဲ့လက်မှတ်တွေ အများကြီးရှိလို့ ဒီလိုရေးတဲ့ မင်းတို့ကို (-)ပဲထင်တယ်ဟု ပြောသလို ဖြစ်နေပါသည်။

          အချို့သော အရေးအသားများတွင် သုံးစွဲလာသော Elliptical Narrative သဘောကို ဆူဒိုနင် အနေဖြင့် သိပြီးဖြစ်မည်ဟု ယုံပါသည်။ အလားတူပင် Amalgamation of Literary high culture and pop culture ကိုလည်း သိပြီးဖြစ်မည်ဟု ယုံကြည်ပါသည်။ လူပြိန်းတစ်ယောက်အနေဖြင့် ကျွန်တော့်အမြင်တစ်ခုကို ရေးပြပါရစေ။ ယနေ့ လူငယ်ပိုင်းက အားထုတ်ရေးသားလာသော ဖန်တီးမှုအပိုင်းတွင် ထိုသဘောများတွေ့ရတတ်သည်ဟု ကျွန်တော် မြင်ပါသည်။ သူတို့၏ အားထုတ်မှုကို အသိအမှတ်ပြုသင့်ပါသည်။ တစ်ချိန်တည်းမှာပင် ထင်ရာလျှောက်လုပ်တာ ပို့စ်မော်ဒန်ဟု ထင်နေသူတို့၏ အရေးအသားများ၊ ဖတ်ချင်သလိုဖတ်၍ နားလည်ချင်သလို နားလည်ထားသော ပညာရှိများ၏ အရေးအသားများ၊ ကဗျာတစ်ပုဒ်ဖြစ်အောင် မရေးနိုင်သဖြင့် စကားပြေကဗျာဟု အတင်းကင်ပွန်းတပ်နေကြသူများလည်း ရှိနေကြပါမည်။ ဆူဒိုနင်ရေးလိုသော ကချော်ကချွတ် အရေးအသားများလည်း ရှိနေပါလိမ့်မည်။ သို့ရာတွင် ငါ့တွင် ဘွဲ့လက်မှတ်တွေ အများကြီးရှိလို့ ငါ ဖတ်ကြည့်လို့ မချောတာနဲ့ မင်းတို့ အားလုံး ငတုံးတွေပဲဟု ဝါးလုံးရှည်ကြီးဖြင့် ရမ်းရန်မှာမူ မသင့်ဟု ထင်ပါသည်။ သို့မဟုတ် “ဖတ်၍ မချောခြင်းသည် အရေးအသားညံ့ဖျင်းမှု၏ အဓိကဖြစ်သည်” ဟု အဆိုကို တည်ဆောက်ပြနိုင်ရန် ခိုင်ခိုင်မာမာဖြင့် စာအခန့်တစ်ပုဒ်မျှ ရေးပြစေချင်ပါသည်။

          ဤသည်မှာ လမ်းပေါ်က လူတစ်ယောက်အဖြစ် ကျွန်တော် နားလည်သမျှသာ ဖြစ်ပါသည်။ မှားသော် ပြင်ပေးကြပါ။

မြင့်သန်း
စာဖတ်သူရဲ့ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားတဲ့ စာပေအမြင် (ဆောင်းပါးများ)
နှစ်ကာလများစာအုပ်တိုက်။ ဖေဖော်ဝါရီ ၂၀၁၄


Popular posts from this blog

အိပ်ဆေး သောက်၍ အိပ်မပျော်နိုင်သော ရောင်စုံညများ

ဝတ္ထုတို မတိုရသည့် အကြောင်း (မြင့်သန်း)

ပိုမိုညံ့ဖျင်းသော စိတ်ကူးထည်တို့ဖြင့် ဆက်လက်ရှင်သန်နေနိုင်ရန် အားထုတ်မှု (မြင့်သန်း)