May 11, 2014

ဝတ္ထုတို မတိုရသည့် အကြောင်း (မြင့်သန်း)



စင်စစ် ဝတ္ထုတို ဟူသော အရေး အသားတွင် “တို” ဟု ၀ိသေသ ပြုထားခြင်းမှာ ဝတ္ထုရှည် မဟုတ်သည် ကို သက်သေခံထားသော အချက် တစ်ခုမျှ သာဖြစ်ပါသည်။ စာလုံးအရေအတွက် နည်းသဖြင့် သို့မဟုတ် စာကြောင်း အရေအတွက် နည်းသဖြင့် သို့တည်း မဟုတ် အသုံးပြု ရေးသား၊ ဖော် ထုတ် ရေးသားထားသော ဘာသာ စကား၏ အတိုင်းအတာ အရေအတွက်မှာ ဝတ္ထုရှည်ဟု သတ်မှတ် ခေါ်ဆိုပြီး လက်ခံ ထားသော အရေး အသား အရေအတွက် ထက် နည်းသဖြင့် ထိုထိုသော အရေး အသားမျိုးကို ဝတ္ထုတိုဟု ခေါ်ဆို သတ်မှတ်ထားခြင်း မဟုတ် ပါ။

“တို” ခြင်းမှာ ဝတ္ထုတို၏ ဂုဏ်ရည် တစ်ခုဟု ဆိုလိုသော် (တစ်နည်း အားဖြင့်) ဆိုနိုင်မည် ဖြစ်သော်လည်း “လိုအပ်မှု” တစ်ခု မဟုတ်ပါ။ မရှိမဖြစ် ဟူသော ဂုဏ်ရည် တစ်ရပ်မဟုတ်ပါ။ မြန်မာဘာသာ စကား အခြေခံဖြင့် ဝတ္ထုတို ရေးသား ဖော်ထုတ်မှု ပရိဝုဏ် အတွင်း ထိုအချက်ကို အနက် ယူလွဲမှားစွာဖြင့် လက်ခံခဲ့ ကြခြင်းများ ရှိခဲ့ဖူး ပါသည်။

“ဝတ္ထုတို ဆို တိုရမယ်” ဟူသော အမြင်၊ အယူအဆ၊ မှတ်ယူ လက်ခံထား မှုတို့မှာ စင်စစ်လူသည် ခြေနှစ် ချောင်းရှိပြီး တိရစ္ဆာန်တို့မှာ ခြေလေး ချောင်းရှိကြ သည်ဟု အနက် ပေးပုံမျိုး ဖြစ်သည်။ အထူးသဖြင့် ပို့စ်မော်ဒန် ကာလနှင့် မော်ဒန် ကာလ၏ အရေးအသားများကို ထည့်သွင်း စဉ်းစား လာလျှင် ဤသို့သာ ဖြစ်ရမည် ဟူသော အမြင်၊ အယူ အဆ၊ လက်ခံ မှတ်ယူမှု စသည် များမှာ မရှိသင့်တော့ပေ။ ဝတ္ထုတို ရေးသားခြင်းမှာ ဖန်တီးမှု သို့မဟုတ် ဖန်တီး သောအပြု အမူတစ်ရပ်ဖြစ် လေရာ ဖန်တီးမှုတိုင်းသည် ကန့်သတ်ထားသော ဘောင်တစ် ခုတည်း၏ အတွင်း၌ ရပ်တန့်၍ မနေနိုင်။

မြန်မာ နိုင်ငံတွင် စာပေကို ပညာ တစ်ရပ်အဖြစ် လေ့လာသော အလေ့ အကျင့် နည်းပါး ခဲ့ပါသည်။ ထိုအလေ့ အကျင့်၊ အလေ့ အထကြောင့် စာရေးသမား အချို့တို့၏ ပြောစကား ရပ်တွင် အခြေ တည်ထား သည့် ပုဂိ္ဂုလ်က နားလည်နိုင် မှုအတိုင်း အတာတွင် တည်ထားသော (စာပေနှင့် ပတ်သက်သော သို့မဟုတ် စပ်လျဉ်း နေသော) အမြင်တင် ပြချက်များ (သာမန် အမြင်များ)ကို ပညာရပ် ဆိုင်ရာ စနစ်တစ်စုံတစ်ရာတွင် အခြေခံကာ ရှုမြင်ထား ခြင်းဟု မြင်မှတ် ထားတတ် ကြသည်။ ထို့ပြင် ပညာရပ် အဖြစ်လေ့ လာပြီး နိဂုံးရ ယူထားသော အဆိုများ၊ အဆိုတစ်ရပ် အဖြစ်(ကဲ့သို့) လက်ခံ လိုက်မိခဲ့ ခြင်းများ ရှိခဲ့လေသည်။

စင်စစ် စာရေး သမားများ၊ စာရေး သူများ အများစုမှာ စာရေး သမားများ၊ စာရေးသူများ သာဖြစ်ကြ ပါသည်။ စာအရေး အသားကို အခြေခံကာ“ရေးသား ဖော်ထုတ် တင်ပြမှု” ကို ပညာရပ် တစ်ခု (သို့မဟုတ် ပညာရပ်များ) အဖြစ် လေ့လာသောပညာရှင် နည်းပါးခဲ့ ပါသည်။ ပညာ ရပ်ဆိုင်ရာ အဆောက် အအုံများ တွင်လည်း ထိုသို့သော လေ့လာ မှုမျိုးကို အားပေး အားမြှောက် ပြုခြင်း နည်းခဲ့ ပါသည်။ ထိုအချက်တွင်တည်ကာ စာရေး သမားများ၊ စာရေးသူ များအနက် နာမည် တစ်လုံး ရလာသူ အချို့က သူတို့၏ ဥာဏ်ရည် ဥာဏ်သွေး ရှိသမျှသော အတိုင်း အတာ ကလေးဖြင့် သူတို့၏ အထင်၊ သူတို့၏ အမြင်ကို စကြ၀ဠာ လုံးဆိုင်ရာ ယေဘုယျ စံသဖွယ် ပြုကာ ပြောဆိုရေးသားခဲ့ကြ လေတော့သည်။

စာဖတ်သူ အများစု ကိုယ်တိုင်မှာ လည်း ပြန်လည် စိစစ်လေ့ လာကြည့် လောက်သော အချိန်၊ အကြောင်း အရာ၊ အသိပညာမရှိခဲ့ လေရာ မြစ်ထဲက ကိုင်းနှင့် ကျွန်းမှာ မြေပေါ်က ကိုင်းပင် ကြီးနှင့် ကျွန်းပင်ကြီး ဘဝသို့ ရောက်သွား သည်ကဲ့သို့ ဖြစ်သွားကြရ ပါတော့သည်။ ဝတ္ထုတို ကိစ္စကို မဆက်မီ အကြောင်း ဆိုက်နေ သဖြင့် ဆိုခဲ့သော အချက် ( လွဲမှားစွာ နားလည် လက်ခံ ထားသော ပုဂ္ဂလိကအမြင်များ ) နှင့် ဆက်စပ် နေသည့် အချက် တစ်ခုနှစ် ခုကို နမူနာ ပြပါရစေ။ စာပေဝေ ဖန်ရေးနှင့် ဆိုင်သော အချက်တချို့ ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဆိုရှယ်လစ် ခေတ်ကာလ အတွင်းက သော် ယောင်ယောင် မာ့စ် ၀ါဒီများ အလွန့် အလွန် ထွန်းကား ခဲ့ပါ သည်။ ထိုကာလတွင် မြန်မာစာပေ လောက အတွင်း၌ ဆိုရှယ်လစ် ယောင်ယောင်များ ပေါ်လာ ပါတော့သည်။ ဆိုရှယ်လစ် စာတိုပေစများဖတ်ဖူး သော စာရေး ဆရာတို့က မာ့စ်ဝါဒကို ကိုယ့် အထင်နှင့် ပေးစားကာ သွေးသား တော်စပ်လိုက် ကြသူများ လာ သကဲ့သို့ “ပြည်သူ” ဟူသော စာလုံး၊ စကားလုံးကို တွင်တွင် သုံးကာ တိုက်ခန်း ရရန်ကြိုးပမ်းသော စာရေးဆရာ၊ ကဗျာဆရာ များလည်း ပေါ်ခဲ့ပါသည်။ ဤကိစ္စမှာ တိုက်ရိုက် မသက်ဆိုင် သဖြင့် ထားရစ်ခဲ့ ပါရစေ။ ဤတွင် တင်ပြလိုသည်မှာ မြန်မာ ဘာသာစာ အခြေခံကာ စာပေအဖြစ် ရေးသား ဖော်ထုတ် တင်ပြမှု အတွင်း စာပေဝေဖန် ရေးနှင့် ပတ်သက်သော မှန်းဆ အယူ အဆများတွင် အခြေခံသည့် အမြင်အချို့ အကြောင်း ဖြစ်သည်။ ရှေးဦးစွာ စာပေတွင် နိုင်ငံရေး စံရှိရမည် ဟူသော အယူအဆ ကိုကြည့်စေ ချင်သည်။

ပြဿနာမှာ မည်သူ၏ နိုင်ငံရေးစံ ဖြစ်ပါသနည်း ဟူသော မေးခွန်း ဖြစ်သည်။ ထို့ပြင် မည်သည်ကို နိုင်ငံရေး စံဟု ခေါ်ပါသနည်း ဆိုသည်ကို ထည့်သွင်း စဉ်းစား ရန်ရှိ နေပြန်သည်။ ဥက္ကဋ္ဌကြီး မော်ပြောသော ပန်းပေါင်း တစ်ရာ ပွင့်ဖို့ ကိစ္စလော၊ သို့မဟုတ် (ထိုစဉ်က) ပုဂံစာအုပ်တိုက်၏ ဆောင်ပုဒ် ဖြစ်သော “အလုပ်သမား၊ လယ်သမားနဲ့ နိုင်ငံတော်” ဆိုသည်ကို ဆိုလိုပါ သလော။

သို့တည်း မဟုတ် အင်္ဂလန်တွင် ဒိန်ခဲစားပြီး လုပ်လုပ် စားစား အလုပ်သမား ဘ၀ကို နားလည် ကြည့်သော ကားလ်မာ့စ်၏ အမြင်လော။ စဉ်းစား ကြည့်စရာ များ ဖြစ်ပါသည်။ စင်စစ် တစ်စိတ် တစ်ပိုင်းမှာ ဆိုဗီယက် ပြည်ထောင် စုတွင် နိုင်ငံရေး အခြေခံဖြင့် သုံးနှုန်းသော Partynost, Ideynost နှင့် Narodonost ကို ဥက္ကဋ္ဌကြီး မော်၏ ယန်အန် ဆွေးနွေးပွဲ တွင် ပြောကြား ခဲ့သော အချက် များကို ရောချကာ ကိုယ်ထင် သလို ( ပုဂ္ဂလိက သိမှတ် နားလည်မှု အတိုင်းအတာ တစ်ခုတည်းဖြင့်) နားလည် ထားလိုက်ခြင်းသာ ဖြစ်သည်။ သို့ဖြစ်လေရာ အဓိက ပြဿနာ မှာ ကာလ၊ ဒေသနှင့် ပယောဂ တို့ကို တစ်ပြေး ညီလက်ခံ မှတ်ယူ ထားလိုက်ခြင်း ဖြစ်သည်။

သိမှုအခြေခံကာ ဆက်လက် ပြုမူလုပ် ကိုင်ခြင်းများတွင် အနည်းဆုံး ကာလနှင့် ဒေသကို ထည့်သွင်း မစဉ်းစားဘဲ မဖြစ်နိုင်။ ထိုသို့ ထည့်သွင်း မစဉ်းစားခြင်းမှာ ခေတ်အဆက် ဆက် (ယနေ့ တိုင်ဟု ဆိုကောင်း ဆိုရမည်) လွဲမှားစွာ လက်ခံ ထားသော မြန်မာ လူ့အဖွဲ့ အစည်းအတွင်းမှ အမြင် ဖြစ်သည်။ ဥက္ကဋ္ဌ ကြီးမော်က ယန်အန် ဆွေးနွေး ပွဲတွင် ပြောကြား ခဲ့ သောကြောင့် မြန်မာစာပေတွင် ဥက္ကဋ္ဌကြီး မော်ပြော သော နိုင်ငံရေးစံ လိုသည်ဟု အကြောင်း ပြ၍မရ။ ဥက္ကဋ္ဌကြီး မော်ပြောသော အချိန်နှင့် အနေ အထားမှာ ကျွန်တော် တို့နှင့်မတူ။

ဥက္ကဋ္ဌကြီး မော်က ပဒေသရာဇ် စနစ်၊ အရှင်းရှင် စနစ်နှင့် ကူမင် တန်တို့ကို တိုက်ခဲ့ ရသည်။ ကျွန်တော် တို့၏ ဆိုရှယ်လစ်စနစ်ထူ ထောင်ရေးတွင် တိုက်စရာ များများ စားစား ရှိလှသည် မဟုတ်။ လူးဝစ် လမ်း (ယနေ့အခေါ် ဆိပ်ကမ်း သာလမ်း)ထိပ်မှ ကွမ်းယာ ကုလား မောင်မြကို အရှင်းရှင် စာရင်းသွင်းကာ ကွမ်းယာဆိုင်ကို ပြည်သူပိုင် သိမ်းသော ခေတ်သာ ဖြစ်သည်။ အရင်းရှင် ဟုပြောပ လောက်အောင် မရှိသော အရပ်၊ အာဏာ သိမ်းပြီးသား စော်ဘွားများ အပေါ်ထပ်ကာ အာဏာ သိမ်းလိုက် ခြင်းမျှသာ ဖြစ်သည်။

ပဒေသရာဇ် ဆိုသည်မှာ မရှိတော့သည့်ကာလ သန်းပေါင်း များစွာသော တရုတ်ပြည်သူတို့၏ အကျိုးစီးပွားကို ရည်၍ “မော်” ကဲ့သို့ ခရီးရှည်ချီတက်ခဲ့ ကြသည် မဟုတ်။ ခေါင်းဆောင် ပိုင်းက အချိန်မှန်မှန် ဂေါက်သီးရိုက် နေကြစဉ်၊ သဲယား ၀ဲယားနှင့် ပြောသော နယ်ဘက် ကျေးဘက်မှ ကျောင်းဆရာ ကလေး များကို လက်ပူတိုက် ပေးပြီး မြို့ကြီး ပြကြီးက တက္ကသိုလ် များတွင် “သဘောတရား ရေးရာ” လက်ချာ ပေးခိုင်း ထားသော ကာလ (ထို ဆရာကလေး များကလည်း ဘရောက်ဒါ ဆိုသည်မှာ ဘယ်ကမှန်း မသိ။) မော်တို့၊ ကျိုတို့၊ ကျူတေး တို့ ကြိုးပမ်းမှုနှင့် အနေ အထားချင်း မတူ။ လူတို့၏ ဖြစ်နေခြင်းတည်းဟူသော သိနားလည်မှု မတူညီမှု တွင် ခိုင်မာသော ဆင်ခြေတစ်စုံတစ်ရာ မရှိဘဲ နိုင်ငံရေး စံရှိရမည်ဟု အတင်း အဓမ္မပြော ဆိုခဲ့သည်မှာ ဘေးလူ အထင်ကြီး အောင် ဖြီးပြ နေကြ ခြင်း သက်သက်သာ ဖြစ်ခဲ့လေသည်။

ဒဂုန် တာရာကို ချဲ၊ ဗန်းမော်တင်အောင်ကို ဆဲသည်ကို စာပေဝေ ဖန်ရေးဟု ထင်ထားသည့် အနေအထား သာဖြစ်သည်။ မပို။ စာမတတ်လို့အရပ်ကို လင်တော် ရသည်ဆိုသော သူများ လောက်သာ လက်ခံ နိုင်မည့် ဖြီးလုံးမျိုး ဖောင်းပွ ခဲ့သော ကာလသာ ဖြစ်သည်။

စပ်လျဉ်း နေ၍ အခြားအချက် တစ်ခုကိုလည်း ထောက်ပြ ပါရစေ။ (ဤအချက်မှာ ဆောင်းပါး တစ်ခုတွင် ရေးခဲ့ ဖူး သေးသည်။)။ Theme ကို ဝေဖန်သည် ဟူသော အမြင် ဖြစ်သည်။ ထိုအမြင်ကို တခုတ် တရပြောခဲ့၊ ရေးခဲ့ကြ သေးသည်။ သို့ရာတွင် မည်သူ ကမျှ၊ မည်သို့၊ မည်သို့ဖြင့် Theme ကို ဝေဖန်ရ သည်ဟု မရှင်းခဲ့။ မရှင်းခဲ့ ကြသည်မှာ စင်စစ်Theme ကို မကြိုက်သဖြင့် ဖန်တီးရေး သားဖော် ထုတ်တင် ပြထားခြင်း တစ်စုံ တစ်ရာကို အဆုံးအဖြတ် မပြုနိုင် သောကြောင့် ဖြစ်သည်။

Theme ကို မကြိုက်ရန်မှာ ကျောထောက် နောက်ခံ “မူ” တစ်ခုခု ရှိနေနှင့် ရန်လိုသည်။ ထိုမူမှာ ဖန်တီးစာ အရေး အသား၏ နယ်နိမိတ်အပြင်မှသာ ဖြစ်ပေမည်။ အကြောင်းမှာ Theme ဆိုသည်မှာ Subject of the work မဟုတ်ချေ။ Story ကို ဆိုလိုသည် မဟုတ်။ ၀တ္ထုတစ်ပုဒ်တွင် ဒုက္ခ အကြောင်း (အဆိုး ဝေဒနာ၏ ဆက်လက် တည်ရှိနေမှု အကြောင်း) ရေးထား သည် ဆိုပါစို့။ ထိုရေးသား ထားခြင်းမှာ “အကြောင်း” ဖြစ်သည်။ ရေးသားထား ခြင်း၏ အကြောင်း၊ အရေး အသား အတွင်းက အကြောင်း၊ စာရေးသူက အရေးအသားအားဖြင့် ဖော်ထုတ် တင်ပြသော အကြောင်းသာ ဖြစ်သည်။

စာရေးသူက ရေးလိုသည့် အကြောင်းမှာ ထိုထိုသော ဒုက္ခများကို ရင်ဆိုင်ရန်၊ ခံနိုင်ရည် ရှိရန်၊ ကျော်လွှား နိုင်ရန် ဖြစ်သည်။ ထိုအမြင်ကို ပေါ်အောင် ရေးထားသော အရေး အသားမှာTheme ဖြစ်သည်။ ခပ်လွယ်လွယ် ဆိုသော် အကြောင်း တစ်စုံတစ်ရာအကြောင်း ရေးသား ထားခြင်းသည် Theme မဟုတ်။ အကြောင်း အရာကို ဖော်ထားသော အရေး အသား ကသာTheme ဖြစ်နေသည်။ Theme ကို အခြေခံကာ စာပေ ဝေဖန် ရေးပြုနိုင် ပါသည်။ သို့ရာတွင် ပညာရပ် ဆိုင်ရာ စည်းကမ်း နည်းလမ်း များကို အခြေခံရ ပါလိမ့် မည်။ ပညာရပ် အခြေခံ အဆိုများ အများကြီး ကိုးရပါ လိမ့်မည်။

ကဇော် ဆိုင်တွင်၊ ဈေးရပ် ကွက်ထဲတွင် လက်တန်း ငြင်းသကဲ့သို့ ပြောဆို ရေးသားရန်မှာ မဖြစ်နိုင်။ လွယ်လွယ် ဆိုရသော် အနည်းဆုံးTheme ကို Motif နှင့် ခွဲပြတတ် ဖို့လိုနေပေ သေးသည်။ သို့တိုင် Motif တိုင်းမှာ Lead Motif မဖြစ်နိုင် သည်ကိုလည်း နားလည်ဖို့ လိုနေပေ ဦးမည်။ ဆိုရှယ်လစ် ခေတ်ကာလ အတွင်းကသော် ပြည်သူ့ ဘ၀ကို ထင်ဟပ် မပြနိုင်သဖြင့် Theme ကို မကြိုက် ဟူသော လေကို ဖမ်း၍ ၀ါးတန်း ချည်ပြသော ဖြီးသံများ ကြားခဲ့ဖူးသေးသည်။ Theme သည်ပြည်သူ့ဘ၀ကို ထင်ဟပ် ပြနိုင်ခြင်း၊ မပြနိုင်ခြင်း နှင့်မဆိုင်။Theme ကို အခြေခံထားပြီး ဝေဖန်တိကပြုသော် အရေးအသားအတွင်းမှာ ဆီလျော်အပ်စပ်မှုရှိခြင်း၊ မရှိခြင်း၌တည်လို က တည်နိုင်သည်။

သို့ရာတွင် Theme ကို မကြိုက်ဘူး ဟူသော ဝေဖန်ချက်မျိုးကို မပြုနိုင်။ မပြုနိုင် ရသည်မှာ စာရေးသူက သူ၏ လုပ်ပိုင်ခွင့် အရ လုပ်ဆောင်ထားသော အပြုအမူ အတွင်းမှ ပေါ်ပေါက်လာခဲ့သော ထုတ်ကုန် (ပစ္စည်း တစ်စုံတစ်ရာ) သာ ဖြစ်နေသော ကြောင့်ပင်။ ဝေဖန်ရေး သမား၏ ကြိုက်ခြင်း၊ မကြိုက်ခြင်း၊ သဘောတူခြင်း၊ မတူခြင်းတို့မှာ ဖန်တီးတည် ဆောက်ပြီးသား လက်ရာ တစ်စုံတစ်ရာ အပေါ် အဆုံးအဖြတ်မပေးနိုင်။ သို့ရာတွင် မြန်မာ စာပေရေးသား ဖော်ထုတ်မှု နယ်ပယ် အတွင်း ထိုထိုသော အဖြီး ဝေဖန် ရေးများ ရှိခဲ့သည်။ အဖြီး အတိုင်း ဆက်လက် လက်ခံခဲ့ ကြသူများ လည်း ရှိခဲ့လေ သည်။

ဤတွင် ဝတ္ထုတို အကြောင်း ဆီသို့ ပြန်သွား ပါရစေ။
ဝတ္ထုတိုဆို တိုမှဟူသော အမြင်ကို မြန်မာ နိုင်ငံ၏ စာပေ ဖန်တီးမှု နယ်ပယ် အတွင်း ၆၀ ခုနှစ်ကာလ များ၏ နှောင်းပိုင်း နှင့် ၇၀ ခုနှစ်ကာလများအတွင်း ကြားလာ ခဲ့ရသည်။ ထိုအမြင်မှာ အလွန်တိမ်သော အမြင်သာ ဖြစ်ပါသည်။ စား၍ ရသည့် အကြွင်းကို ၉ နုတ်လိုက်ရာမှ သုညချည်း ကျန်သော နိဂုံး မျိုးဆွဲ ယူထား ခြင်းသာ ဖြစ်ပါသည်။ အကယ်၍ “တိုခြင်း” သည် ၀တ္ထုတို၏ ဂုဏ်ရည် တစ်ရပ်ဟု လက်ခံ လိုသော် ၀တ္ထုတို၏ ဂုဏ်ရည် များစွာအနက် တစ်ခုဟူ၍ကား လက်ခံနိုင် ပေမည်။ ဆိုလိုသည်မှာ တိုခြင်းသည် ၀တ္ထုတို ဖြစ်ခြင်း အတွက် တစ်ခုတည်း သို့မဟုတ် အလုံးစုံသော သဘောဖြင့် လက်ခံ ထားရမည့် ဂုဏ်ရည် မဟုတ်ပါ။

တိုခြင်းတည်း ဟူသော ၀ိသေသ ပြုထားမှု၊ ပြုထားခြင်း ကို ခေတ္တမျှ အသာဘေး ဖယ်ထားပြီး “၀တ္ထု” ဆိုသည်ကို လေ့လာကြည့် ကြစေချင်သည်။ ၀တ္ထုဆို သည်မှာ ဘာလဲဟု မေးသော် အလွယ်ဆုံး အဖြေတစ်ခုမှာ “အသံ” သာ ဖြစ်ပါသည်။ ထွက်ပေါ် လာသော ထီးထီးကျန် အသံတစ်ခုသာ ဖြစ်ပါသည်။ ထိုအမြင်၊ အယူအဆ၊ သဘော ထားမှာ ခေတ်ကာလ အမျိုးမျိုး ပြောင်းလဲ လာခြင်းအတွင်း ၀တ္ထု ဟူသော အကြောင်း အရာကို ဆွေးနွေးကြ လေတိုင်း မငြင်းဆိုနိုင် သေးသော အချက် တစ်ခုသာ ဖြစ်နေပါ သည်။ ပါးစပ်ပြော မဟုတ်ဘဲ၊ ဘာသာစကား တစ်စုံ တစ်ခုကို သုံးစွဲကာ ရေးသားကြ ခြင်းတွင်ပင် ရေးသူ၏ ဖန်တီးထား မှုက ထွက်လာ သောအသံ တစ်ခုသာ ဖြစ်ပါသည်။

ထိုအသံမှာ ရေးသား သူ၏ အသံသာ ဖြစ်သည်ဟု မဆိုလို။ ရေးသားသူ၏ အသံဖြစ် နိုင်သကဲ့သို့ ရေးသားသူက ဖန်တီးထား သူတို့၏ အသံများလည်း ဖြစ်နိုင် ပါသည်။ သို့ဖြစ်ရကား ၀တ္ထုသည် ဘာသာ စကားတစ်စုံ တစ်ခုတွင် အခြေခံကာ သီကုံး ပြောဆို ရေးသားခြင်း စနစ်အတွင်းမှ အမြင့်ဆုံး စနစ် တစ်ခုဟူ၍ပင် ဆိုနိုင်ပါသည်။ ၀တ္ထုသည် ပုံပြောသော အလေ့မှ ထွက်ပေါ် လာခြင်းဖြစ် သည်ဟု ပညာရှင် များက ဆိုကြပါသည်။ သို့သော် ၀တ္ထုရေး သားခြင်း သည် ပုံပြော ခြင်းကဲ့သို့ စီကာပတ် ကုံးပြော ဆိုရေးသား ရမည် ဟူ၍ကား နားလည်လက်ခံကြခြင်း မရှိစေချင်ပါ။

ရှေးက သော် ပုံနား ထောင်ချင်လို့ ၀တ္ထုဖတ် သည်ဟူသော အယူအဆ မျိုးရှိခဲ့ကြသည်။ ( ဤတွင် စပ်လျဉ်း၍ ရေးသား ရသော် ဒေါက်တာထင်အောင်ကဲ့ သို့သော ပုဂိ္ဂုလ် ကြီး၌ပင် ထိုအမြင် မျိုးရှိခဲ့ ပါသည်။ အထောက် အထား ပြရန် ကား ကျွန်တော့် ထံတွင် မရှိပါ။ ရှာဖွေနိုင်ရင် ၁၉၄၉ ခုနှစ်ထုတ် မြန်မာ့အလင်း သတင်းစာ များတွင် ရှာဖွေ ကြည့်စေ ချင်သည်။ အဖေရှိ စဉ်က သူသိမ်း ထားသော မြန်မာ့ အလင်း သတင်းစာ ဖိုင်တွဲကြီး များထဲမှ ဖတ်ရ ခြင်းဖြစ် သည်။ ၁၉၄၉ ကိုသာ မှတ်မိ နေရခြင်းမှာ ကျွန်တော့်ကို မွေးသော နှစ်ဖြစ်သော ကြောင့်ဖြစ်ပါ၏)။

သို့ရာတွင် ထိုစဉ် ထိုအခါက ဒေါက်တာ ထင်အောင်က “ပုံ”ကို အင်္ဂလိပ်လို “ပလော့” ဟူ၍ ယူသည်ကို လည်းမှတ်သား မိပါသည်။ ထိုအယူအဆမှာ လက်ခံရန် မလွယ်လှပါ။ သို့ရာတွင် ကျွန်တော့် အနေဖြင့် မငြင်းရဲပါ။ (မငြင်းရဲ သည်မှာ မြန်မာ လူမျိုးများသည် အမှန် တရားထက် လူပုဂိ္ဂုလ် ကိုးကွယ်မှု များသော ကြောင့် ဖြစ်ပါသည်။ ဥပမာ ဒေါက်တာ ထင် အောင်အပါအ၀င် ဒဂုန်တာရာ၊ ဒေါက်တာသန်းထွန်း၊ အောင်ဆန်း စုကြည် စသည် စသည် ပုဂိ္ဂုလ် များမှာ မှားနိုင်ခွင့် ရှိသော လူသား များပင် ဖြစ်လင့်ကစား အမှား မရှိသူများဟု နောက်လိုက် နောက်ပါ တပည့် လက်သားများ နှင့်အတူ လူအတော် များများ လက်ခံ ထားသည်ကို သတိထားမိ ပါသည်။

ထို့ပြင် အမှန်တရား အကြောင်း ပြောဆို ရေးသား ခြင်းမှာ (အထူးသဖြင့် မြန်မာပြည် တွင်) လူမုန်း များသော ကိစ္စတစ်ရပ်သာ ဖြစ်ပါသည်။ အယ်ရစ် စတော်တလ်ကို ဂရိတွင် မွေးခဲ့သည်မှာ ကောင်းလှသည်၊ သြ။)ပလော့ ဆိုသည်မှာ Plot ကို ရည်ညွှန်း ဆိုလိုသည် မှန်သော် ကျွန်တော့် အနေဖြင့် စာဖတ်သူများ သဘောပေါက် စေရန် အင်္ဂလိပ်လို စာတစ်ကြောင်း ရေးပြရ ပါစေ။ Story is the raw material from which plot is constructed ဖြစ်ပါသည်။ ကျွန်တော့် အထင် မဟုတ်ပါ။ ပညာရှင်များ လက်ကိုင် ထားကြရသောThe Bedford Glossary of Critical and Literary Terms စာမျက်နှာ ၂၈၆ တွင် ရေးထား သည့်အတိုင်း ဖြစ်ပါသည်။

ဝတ္ထုတိုတွင် သုံးနှုန်း ထားသော “တို”မှာ အကန့် အသတ် တစ်ခုကို ဝိသေသ ပြုထားသော စာလုံး၊ စကားလုံး တစ်ခုဖြစ် သည်မှာ မှန်ပါသည်။ ထိုကြောင့် ၀တ္ထုတို ထက်ရှည်သော ဝတ္ထု မျိုးတွင် “ရှည်” ဟူသော စာလုံး၊ စကားလုံးကို တွဲစပ်ကာ ၀တ္ထု ရှည်ဟု ခေါ်ကြပါသည်။ အချို့က Nouvelle ကို ဝတ္ထုလတ် ဟုအဆန်း ထွင်ကာခေါ် သည်ကို တွေ့ခဲ့ရ ဖူးပါသည်။ သို့ရာတွင် အတိုနှင့် အရှည် အကြားတွင် မတိုမရှည် ဟူသော အသုံး အနှုန်း ရှိပါသည်။ “အလတ်”ဟူသော အသုံးအနှုန်း ကို အတို၊ အရှည်ကို ဖော်ပြနိုင် စွမ်းသော အသုံးအနှုန်း တစ်ရပ် အဖြစ်မသုံးနှုန်းကြပါ။

ဤတွင်သော် ဝတ္ထုတို အကြောင်းကို သာ ဦးတည် ဆွေးနွေးလို သဖြင့် အလတ်ဖြစ် နေသော ဝတ္ထု အကြောင်း ကို ချန်လှပ် ထားခဲ့ပါမည်။ အတို ဆိုသည်မှာ မရှည်သော ကြောင့် မရှည်သော ဝတ္ထုကို ဝတ္ထုတိုဟု ခေါ်ဆို သည်မှာ တရား ပါသည်။ ဘာသာ စကား ၌ တည်သော ယုတိ္တစနစ်အရ စိစစ်လျှင်လည်း မှန်ကန် သောနိဂုံး တစ်ခု ဖြစ်ပါသည်။ သို့ရာတွင် ဝတ္ထုတိုဟု မျိုးတူစု ပြုကာ ကန့်သတ် သတ်မှတ် ခေါ်ဆိုထားသော အရေးအသား များမှာ တိုသော ကြောင့် ဝတ္ထုတို ဟုခေါ်ကြသည် မဟုတ်ပါ။

အကြောင်း တစ်ရပ်မှာ တိုသည်ဟု စာမျက်နှာ သို့မဟုတ် စာလုံး အရေအတွက် တွင် တည်ကာ သတ်မှတ် ထားသော ဝတ္ထုတိုများ ထက်တိုသော ၀တ္ထု အရေး အသားများနှင့် သာမန် အားဖြင့် ဝတ္ထုရှည် ဟု သတ်မှတ် ခေါ်ဝေါ်သော ဝတ္ထုရှည် ထက်တိုသော သို့မဟုတ် ပိုမို ရှည်လျားသော (အခြား တစ်နည်း စာလုံး အရေ အတွက် နည်းသော၊ များသော) ဝတ္ထုအရေး အသားများ ရှိနေကြပါသည် ၄င်းတို့ကို မည်သို့သတ်မှတ်မည် ဆိုသည်မှာ ပြဿနာ တစ်ရပ်ဖြစ် လာပါလိမ့်မည်။ သို့ဖြစ်ရကား ထည့်သွင်းစဉ်း စားရမည့် အချက်များစွာ ရှိနေပါသည်။ (ဤတွင် ဝတ္ထုတိုကို “ပညာရပ် တစ်ခုအဖြစ် လေ့လာမှု အတွင်းမှ”ဟု ကန့်သတ် ပြောဆိုခြင်း ဟူ၍လည်း သဘောပေါက် ထားကြစေချင်ပါသည်။)။

သို့ဖြစ်ရာ အင်္ဂလိပ် ဘာသာ စကားအဖြစ် ပြောဆိုသော A short Story is a story that is short ဟူသော စကားမှာ ပညာရပ်ဆိုင်ရာနယ်ပယ် အတွင်း လက်မခံနိုင် သောစကားသာ ဖြစ်ပါသည်။ အပြောင် အပြက်ပြုကာ ပြောဆိုကြခြင်း သာဖြစ်ပါသည်။ ထိုစကားမှာ ရှေးက စာရေးဆရာကြီးပိုး (Edgar Allen Poe) ပြောခဲ့သော စကားတွင် အခြေခံကာ ပြောဆိုခဲ့ ကြခြင်းဖြစ် မည်ဟု အချို့က ဆိုသည်။ အကြောင်းမှာ ပိုးက ၀တ္ထုတို ဆိုသည်မှာ တစ်ထိုင်တည်း နှင့် အပြီးဖတ် နိုင်သော အရေးအသား မျိုးဟု ပြောခဲ့ သောကြောင့် ဖြစ်သည်။ သို့ရာတွင် သတင်းစာထဲမှ သတင်းတစ်ပုဒ်၊ မင်္ဂလာဆောင် ဖိတ်စာ၊ လက်ကမ်း ကြော်ငြာ၊ သာမန် ကဗျာတစ်ပုဒ်...စသည် တို့ကိုလည်း တစ်ထိုင် တည်းနှင့် အပြီးဖတ်နိုင် ကြပါသည်။ ၄င်းတို့မှာ ဝတ္ထုတို တစ်ပုဒ် မဖြစ်လာကြ။

ဝတ္ထုတိုကို ပညာရပ် တစ်ခုအဖြစ် လေ့လာ ခဲ့ကြသော ပညာရှင် များအနက် မေ (Charles May) ဆိုသူ တစ်ဦး ၏ အမြင်ကို အကျဉ်းမျှရှင်းပြချင် ပါသည်။ မေ၏ လေ့လာမှုမှာ ဆယ်စုနှစ် တစ်ခုမျှမက ကြာခဲ့ပါသည်။ သူ၏ လေ့လာချက်မှာ အခြားသော ပညာရှင်များ နှင့်ယှဉ်သော် သဘောထား ကြီးကြီးဖြင့် လေ့လာ မှုပြုခဲ့သူဟု ကျွန်တော် မြင်ပါသည်။

ပြောင်မြောက် လှသည် ဟူ၍ကား ကျွန်တော် မဆိုလို။ သူ့အမြင်မှာ ဝတ္ထုတို၏ သီးခြား သဘောဆောင် နေသော တည်ဆောက် ထားပုံနှင့် ထူးခြား နေသောTheme (ဤတွင် Theme ဟူ၍သာ သုံးစွဲလိုက် ရသည်မှာ မြန်မာ ပြန်ရာတွင် အနက်လွှဲ နိုင်သော ကြောင့် ဖြစ်ပါသည်။)တို့ကို ဆက်နွှယ်ကာ လေ့လာ ခဲ့ခြင်းဖြင့် ရရှိလာ သောအမြင် ဖြစ်သည်။

သူ၏ အမြင် အရသော် ဝတ္ထုတို တိုရသည်မှာ အခိုက် အတန့် အတွင်း (အဖြစ်) ရယူခဲ့သော အတွေ့ အကြုံ၌ တည်သော ကြောင့်ဖြစ်သည်။ ထိုအတွေ့ အကြုံသည် ဝတ္ထုတို တစ်ပုဒ် ဖန်တီးရန် အတွက် သင့်လျော် သည်ဟူ၍ ဖြစ်လေသည်။ သူက ညွှန်းဆို လိုသည်မှာ အခိုက်အတန့်အတွင်း အလျင် အမြန် ပေါ်ပေါက် ခဲ့သော ဒဏ္ဍာရီ ဆန်လှသော အမြင်မျိုး ဖြစ်သည်။

ဒဏ္ဍာရီ ဆန်လှသော အမြင်ဟု ဆိုသဖြင့် ဒဏ္ဍာရီ ဆန်ဆန် အမြင်ဟု နားလည် မလွဲကြ စေချင်ပါ။ စိတ်ကူးထဲ ကသက်သက် ပေါ်ပေါက်လာခြင်းများဟု မမြင်ကြ စေချင်ပါ။ သူဆိုလိုသော ဒဏ္ဍာရီ ဆန်လှသော အမြင်များမှာ နေ့စဉ်ဘ၀၏ တကယ့်အဖြစ် အပျက်များကို အမှုမဲ့အမှတ်မဲ့ ရှုမြင် သိရှိထားရ ခြင်းအတွင်း ၌ ဘ၀၏ ဆန်းပြား လှသော ဖြစ်ပျက် နေမှုများ ကြောင့် သိမြင် လက်ခံလိုက် ရမိသည့် တစ်စုံတစ်ရာ(များ)သာ ဖြစ်ပေသည် (ဂျိုက်(စ) (James Joyce)၏ စကားအရ ပြောရလျှင် အက်ပီ ဖနီ(Epiphany) သာ ဖြစ်ပေ တော့သည်)။ နားမရှုပ်ကြစေ ချင်ပါ။

ကျွန်တော် တို့၏ နေ့စဉ်ဘ၀ အတွင်း၌ သာမန် အနေအထား များအတွင်း တွေ့ကြုံ မြင်ကြား သိရှိထားခြင်း များအတွင်းက ပေါ်ထွက်လာသော အကြောင်း ကလေး များ။ ဥပမာ ဝတ္ထုရေးဖို့ ကောင်းသကွာ ဟု မိမိဘာသာ လက်ခံ ရယူလာခြင်း အကြောင်းများ ဖြစ်သည်။ ၈၀ ခုနှစ် ကာလများ အတွင်းက ခင်မြဇင် ရေးသော “နှင်း၏နိဂုံး” ဟု နာမည် ပေးထားသည့် ဝတ္ထု တိုကို ဖတ်ကြည့်ကြ စေချင်သည်။

ပထမအပိုဒ် နှင့် နောက်ဆုံး အပိုဒ်မှာ နောက်ဆုံး စာနှစ်ကြောင်းမှာ အတူတူ ပင်ဖြစ်သည်။ ထိုအပိုဒ် နှစ်ခုက ဇာတ်ကောင် “ဝင်း” ၏ တကယ့်ဘ၀၏ တစ်နေရာ မှဖြစ်ပြီး ကျန်အပိုဒ် များမှာ ပြန်ပေါ် လာသော အကြောင်းများ ဖြစ်လေသည်။ ထို့ထက် ပို၍သော် ထိုအပိုဒ် နှစ်ခုသည် ဝတ္ထုတို များတွင် တွေ့ရ တတ်သောTheme သဘောကို ပြသထားသော အပြဖြစ် နေခြင်းပင်။ ဝတ္ထုတို များသည် ဝတ္ထုရှည်များ တွင်ကဲ့သို့ Theme ကို သယ်မသွား။ ရှေ့သို့ချီတက် မသွားစေခဲ့။ တွန်းမပို့။ “ပြ” ထားတတ် ကြသည်။

မေ၏ အမြင်အရ ဝတ္ထုတို များကို တည်ဆောက် ထားပုံမှာ နော်ဗလ် Novel (မြန်မာ ပြည်တွင် ဝတ္ထုရှည်ဟု ခပ်လွယ်လွယ် သတ်မှတ် ခေါ်ဆိုထား သည်များ။) ကဲ့သို့ တကယ် ဖြစ်ပျက်နေ သောနေ့စဉ် ဘ၀ကို သာမန်ရှုမြင် လက်ခံကာ ဖန်တီးရေးသား ထားပုံမျိုး မဟုတ်ဟူ သော သဘော သက်ရောက် နေပေတော့ သည်။ သို့ရာတွင် မေ၏ အမြင်၌ ဘ၀င် မကျစရာ ရှိနေသော အချက်မှာ ဝတ္ထုရှည်များအားလုံးသည် တကယ့် နေ့စဉ် ဘ၀နှင့် တစ်သားတည်း ကျသော ( မြန်မာ စကားတွင် သရုပ်မှန် သည်ဟု အချို့က ခေါ်ဆိုကြသော) အရေးအသား များချည်းသာ မဟုတ်ခြင်း ဖြစ်သည်။

တစ်ချိန် တည်းမှာပင် လက်ခံနိုင် သောအချက်မှာ ဝတ္ထုတို ဆိုသည်မှာ တိုသော ကြောင့်ဟု အနက် မယူခြင်းပင် ဖြစ်သည်။ ပညာရှင် ဘာဂဲ(စ) (Anthony Burgess) ၏ အမြင်၌လည်း ဝတ္ထုတို၏ စရိုက် လက္ခဏာမှာ တိုခြင်း၊ ရှည်ခြင်း ကြောင့်ဟု မမြင်။ ဝတ္ထုတို၏ စရိုက်လက္ခဏာမှာ “ဖော်ထုတ် တင်ပြခြင်း” ဟု ဆိုသည်။ ဝတ္ထုရှည် များတွင် ကဲ့သို့ ပြဿနာ တစ်စုံ တစ်ရာကို ရှင်းနေခြင်း မဟုတ်။ ဤတွင်လည်း အားလုံးဟု ယေဘုယျ ပြုရန် မလွယ်လှ သော်လည်း အများစုမှာ ထိုသဘော နှင်နှင်ဖြစ် သည်ဟု ကျွန်တော် မြင်သည်။

မြန်မာ စာပေတွင် သော် ( စိတ်ဝင်စား သူများ ယှဉ်တွဲ ဖတ်ရှုကြည့် နိုင်ရန် အတွက် နမူနာ ပေးရသော်) မောင်ထင်၏ ကိုဒေါင်း ဝတ္ထုတိုများနှင့် ကျော်အောင်၏ အရေးကြီးပြီ သွေးစည်း ကြစို့ကို ယှဉ်တွဲ ဖတ်ကြည့် ကြစေချင် ပါသည်။ သဘောပေါက် လောက်ပါ သည်။ တစ်ချိန်တည်းမှာပင် ခင်မြဇင်၏ “နှင်း၏ နိဂုံး”ကို လည်း ပြန်လည် ကြည့်စေ ချင်သည်။ “ဝတ္ထုတို ၏ စရိုက် လက္ခဏာမှာ “ဖော်ထုတ် တင်ပြခြင်း” ဟုဆိုသည်”ကိုလည်း သဘော ပေါက်လာ ပါလိမ့်မည်။

ဝတ္ထုတို မှာ ပုံပြောခြင်း အလေ့မှ ဆင်းသက် လာသည် ဆိုသော အမြင်မှာ ငြင်းဆိုရန် ခက်သည်မှာ မှန်၏။ သို့ရာတွင် ပုံ-ဝတ္ထုဟု ခေါ်ဆိုသည့် မျိုးတူစု (အမျိုးအစား) အောက်တွင် ထည့်ထား ရန်မှာ မဖြစ်နိုင် တော့ချေ။ ရှေးကသော် ဝတ္ထုတိုသည် ပုံပြင်များ ကဲ့သို့ ပုံမှန်အပိတ်၊ အဖွင့်ရှိခဲ့ကြ သည်။ စာစီစာကုံး ရေးသည်ကို ကျောင်းတွင် ဆရာက ညွှန်ကြား သည့်အတိုင်း အစ-အလယ်-အဆုံး သုံးပါးသော ဖြစ်စဉ် အတွင်း ဆီလျော် အပ်စပ် မှုများ လိုအပ် သည်။ မော်ဒန်နှင့် ပို့စ်မော်ဒန် ကာလများသို့ ရောက်လာ သည်တွင် ကန့်သတ်မှု အများစုမှာ ကျိုးပေါက်သွားခဲ့ ကြရသည်။

သို့ဖြစ်ရကား ဝတ္ထုတိုကို ဤသို့ ရေးပြီး၊ ဤသို့အဆုံး သတ်ရမည် ဆိုသော ကိစ္စ (ဤသို့ဖွင့်ကာ ဤသို့ ပိတ်ရမည် ဆိုသော “စံ” တစ်စုံတစ်ရာ)မှာ ထည့်သွင်း စဉ်းစားရန် မလိုသော အကြောင်း တစ်ရပ်သာ ဖြစ်သွား တော့သည်။ အပိတ်ချည်း သာ မဟုတ်။ အပိတ်သည် “ဤသို့...” ဖြစ်ရမည်ဟူသော အနေအထားတွင် မရှိတော့လျှင် အဖွင့်သည်လည်း “ဤသို့...” ဖြစ်ရမည် ဟူသော ကန့်သတ်ချက် အောက်တွင် ရပ်တည်ကာ မနေနိုင်တော့။

တစ်နည်း စဉ်းစားကြည့် မည်ဆိုသော် ဝတ္ထုတိုဟု သတ်မှတ် ခေါ်ဆိုထား သော အရေးအသား တစ်စုံ တစ်ရာသည် အဖွင့်-အပိတ်၌တည်ထားသော အတိုင်း အတာ အရှည်အကျယ် တွင်တည်၍ သတ်မှတ် ခေါ်ဆိုရန် မဖြစ်နိုင်တော့။ သို့တိုင် ဝတ္ထုတို အများစု၏ အပိတ် (အဆုံးသတ်) များမှာ အဖွင့်(အစ) ကို ထိန်းထား နိုင်ကြောင်း တွေ့ရသည်ဟု ပညာရှင် များက မြင်ကြသည်။

ထိန်းထားနိုင် သည်ဟုဆိုခြင်းမှာ ဝတ္ထုတို၏ အဆုံးများသည် အစများကို လက်ခံခြင်း၊ ငြင်းဆို ခြင်းပြုနိုင် သည်သာမက မသိကျိုး ကျွန်ပြုခြင်းများကိုလည်း ပြုနိုင်သည် ဟူသော သဘောဖြစ်သည် (ရှေ့တွင် ညွှန်းခဲ့သော ခင်မြဇင်၏ ဝတ္ထုတိုကိုပင် ဖတ်ရှုကြည့် စေချင်သည်။)။ ထိုအမြင်ကြောင့် ဝတ္ထုတို ဆိုသည်မှာ တိုချင်တိုင်း တို၍ မဖြစ်နိုင်သော သဘောကို ဆောင်နေပြန် ပေသည်။ ရံဖန်ရံခါ အလွန်တို သော ဝတ္ထုတိုဆိုသည် များကို တွေ့ရတတ် သည် (ပုံနှိပ်စာ မျက်နှာတစ် မျက်နှာမှ ငါးမျက်နှာ အကြားရှိသော ဝတ္ထုတို များ။)။

ထိုဝတ္ထုတို တို့၏ ပြဿနာမှာ ခရီးဆုံးဘူတာ မရောက်မီ မလှမ်း မကမ်းတွင် ရပ်နေသော ရထား တစ်စီးကဲ့သို့ ဖြစ်နေ တတ်ခြင်းပင် ဖြစ်သည်။ ရထားကို မြင်နေရ သော်လည်း မည်သည့် ဆီသို့မျှ မဆက်ဘဲ ရပ်နေသော ရထားသာ ဖြစ်နေ တတ်သည်။ ဘူတာကို မြင်နေရ သော်လည်း ဘူတာဆီ သို့မရောက်။ တစ်နည်း ဆိုရသော် ဖန်တီး မှုအခြေခံ ဝတ္ထုအရေး အသားများ သည် ရထားကဲ့သို့ ဘူတာဆီ သို့ရောက်ရန် လည်း လိုပေ သေးသည်။ တိုခြင်း၊ ရှည်ခြင်းထက် ဘူတာကို ရောက်ရန် လိုသည်။ မော်ဒန်၊ ပို့စ်မော်ဒန် ကာလတွင် အဓိပ္ပာယ် မရှိသော ဖန်တီးမှုအခြေခံ ဝတ္ထုတိုများ ပေါ်လာခဲ့သည်။ ထိုဝတ္ထုတို များသည်ပင် ဘူတာသို့ ရောက်ရန်ကား လိုအပ် နေသေးသည်။ တိုချင်တိုင်း တို၍မရ။

ဤနေရာ တွင်လည်း သတိထား သင့်သော အချက် တစ်ခုရှိ ပါသည်။ အနောက်တိုင်း စာပေတွင် ရှိသော Parable အမျိုးအစားအရေးအသား မျိုးကို ဝတ္ထုတိုနှင့် တစ်မျိုး တစ်စား တည်းဟု မမြင်မိကြရန် ဖြစ်သည်။ Parable တို့မှာ (လွယ်လွယ် ရှင်းရသော်) ဆုံးမစကားသဘောမျိုး ဖြစ်သည်။ ဝတ္ထုတို တစ်ပုဒ်သဖွယ် ရေးသား ထားသော်လည်း ရည်ရွယ်ရင်းမှာ ကိုယ်ကျင့် တရားပိုင်း ဆိုင်ရာ၊ ဘာသာရေးဆိုင်ရာများကို အခြေခံ ထားသော ဆုံးမ (ပညာပေး) ထားချက်များ ဖြစ်သည်။ ဝတ္ထုတို သည် ဆုံးမစာ မဟုတ်။နိဗ္ဗာန် ရောက်ရာ ရောက်ကြောင်း သို့မဟုတ် ပြည်သူ့ နီတိတစ်ပုဒ် မဟုတ်ချေ။ ကာ(ဖ)ကာ (Franz Kafka) ၏ ဝတ္ထုတိုနှင့် အခြားသောအရေး အသားများတွင် Parable များကို ဖတ်ခဲ့ ရဖူးသည်။

ဝတ္ထုတို ဆိုလျှင် “တို” ရမည်ဟူသော အယူအဆမှာ မြန်မာနိုင်ငံ၏ ဖန်တီးစာ ရေးသားဖော်ထုတ် မှုအတွင်း “ရှိ” ခဲ့ရသည် မှာ ရှေးက ရှိခဲ့သော မဂ္ဂဇင်းများမှ အယ်ဒီတာ များ၏ ပုဂ္ဂလိက ဆန္ဒ၌ တည်သော မျိုးတူစုပြုမှု သည်လည်း အကြောင်း တစ်ခု ဖြစ်သည်။ ၄င်းတို့က မဂ္ဂဇင်းအတိုင်းအတာ (စာရွက်ရေ) တွင်တည်ကာ မျိုးတူစု ပြုခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုချင်သည်။ ထိုစဉ်ကသော် မဂ္ဂဇင်းများ တွင် ဝတ္ထုတို သုံးလေးပုဒ်နှင့် ၀တ္ထုရှည် တစ်ပုဒ် သို့မဟုတ် အခန်းဆက် (လဆက်) ၀တ္ထုရှည် တစ်ပုဒ် ထည့်သွင်း ဖော်ပြလေ့ ရှိကြသည်။ တိုသော (စာလုံးရေ နည်းသော၊ စာမျက်နှာ အရေအတွက် နည်းသော) အရေး အသားမှာ ဝတ္ထုတို ဖြစ်သွားပြီး ရှည်သော (စာလုံးရေ များသော၊ စာမျက်နှာ အရေအတွက် များသော) အရေး အသားမှာ ဝတ္ထုရှည် ဖြစ်သွားရ တော့သည်။

အယ်ဒီတာ ချုပ်တို့က သူတို့၏ လုပ်ပိုင် ခွင့်များ အတွင်းမှ သူတို့၏ သဘော ဆန္ဒအတိုင်း ဤသည်မှာ ဝတ္ထုတို ဖြစ်ပြီး ဤသည်မှာ ဝတ္ထုရှည် ဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ကြ သည်။ အရေးအသား ၏ ပုံစံဟန်၊ ၀ါကျ တည်ဆောက်ပုံ၊ ဖော်ထုတ် တင်ပြပုံ... စသည် စသည်များကို အခြေခံကာ ဆုံးဖြတ်ခဲ့ကြ သည်မဟုတ်။ ထိုစဉ်ကသော် ဖတ်သူဘက် ကိုထည့်ကာ စဉ်းစားလေ့ လည်းမရှိ။ အနောက်တိုင်း စာပေတွင် သော် ၀တ္ထုတိုဟု သတ်မှတ် ခေါ်ဆိုထားသော အရေး အသားများတွင် စာမျက် နှာ ၅၀ မှ ၈၀ ခန့် အထိရှိ သော အရေးအသား များကိုလည်း တွေ့ရတတ်သည်။ ပုံနှိပ်စာ မျက်နှာ ဆယ်မျက်နှာ ၀န်းကျင် ရှိသော ၀တ္ထုတိုဆို သည်များမှာ ပုံမှန်ကဲ့သို့ ဖြစ်နေသည်။

သို့ဖြစ်ရကား ၀တ္ထု တိုဆိုသည်မှာ စာလုံးအရေ အတွက် နည်းခြင်း၊ စာမျက်နှာ အရေအတွက် နည်းခြင်း စသည့် အကြောင်း အချက်တွင်အခြေခံ ထားကာ သတ်မှတ် ခေါ်ဆိုကြခြင်း မဟုတ်သည် မှာ သေချာသည်။ ထိုအမြင်မှာ တစ်ခေတ်တစ်ခါက မြန်မာစာပေ ရေးသား ဖော်ထုတ် မှုနယ်ပယ် အတွင်း ပညာအရာ နွမ်းနယ် စွာဖြင့် အနက်ယူ လွဲမှားကာ နားလည် လက်ခံခဲ့ သောအမြင်သာ ဖြစ်ပေသည်။ ထိုစဉ်က လွဲမှားစွာ မြင်ခဲ့ ကြသော အမြင် များတွင် “စာရေးတတ် ဖတ်တတ်ရင် စာပေဝေဖန်ရေးလုပ် လို့ရတယ်” ဟု ထင်ရာကြိတ် ဘရိတ် မပါ ဆိုခဲ့သော အမြင် မျိုးလည်း ပါခဲ့သည်။
(ဆက်လက် ဆွေးနွေး ပါဦးမည်)

မြင့်သန်း

(ရွှေအမြုတေ မဂ္ဂဇင်း မေလ ၂၀၁၃)

May 10, 2014

နေ့စဉ်ဘဝ၊ သန့်စင်တဲ့ အတွေးနဲ့…(မြင့်သန်း)



ဆရာတာရဲ့ ချင်းတွင်းအမှတ် ၆၉ ထဲမှာ ဟိုမရောက်ဒီမရောက် ရေးထားတဲ့ စာတစ်ပုဒ် ဖတ်လိုက်ရတယ်။(ခုနေတော့ ချင်းတွင်းခမျာ အသက်ငင်သလို ဖြစ်သွားရာက သတိပြန်လည်လို့ ဝမ်းသာရပါတယ်။ ဘာသာရေးရော၊ နိုင်ငံရေးရော၊ ဘုရားစာ တရားစာရော ရောမွှေထားတဲ့ စာတစ်ပုဒ်။ ဘာမှန်းတော့ အသေအချာမပြောတတ်ဘူး။ မေတ္တာပို့တာလား၊ ဆရာလုပ်ပြချင်တာလား တစ်ခုခုတော့ တစ်ခုခုပဲ။ အဲဒီမှာ “ဆိုရှယ်လစ်စနစ်က မှီခိုလိုစိတ်ကို ပေါက်ပွားစေပြီး စစ်အုပ်ချုပ်ရေးက အရာရာကို ကြောက်တတ်သော စိတ်ကို အမြစ်တွယ်စေသည်” လို့ ရေးထားတယ်။ ဘာကို အဆိုအဖြစ်တည်ပြီး ဘယ်လို နိဂုံးဆွဲယူထားမှန်းတော့ မသိဘူး။ ဒီလိုဆိုရတာက အကြောင်းရှိတယ်။ သက်ဝင်ယုံကြည်မှု တစ်စုံတစ်ရာရှိတဲ့ လူတိုင်းမှာ မှီခိုလိုစိတ်ဆိုတာက ရှိနေကြတာချည်းပဲ။ ဘုရားရှိခိုးတယ် ပုတီးစိပ်တယ်ဆိုတာကိုက မှီခိုစိတ်ရှိနေလို့လုပ်တာ။

          ဒီတော့ ဆိုရှယ်လစ်ခေတ်မှ မဟုတ်ဘူး။ ဘယ်ခေတ် ဘယ်နေရာ ဘယ်ဒေသမှာပဲ ဖြစ်ဖြစ် မှီခိုစိတ်ရှိတဲ့ လူတွေဟာ ရှိနေမှာပဲ။ စနစ်တကျဆင်ခြင်မှုနည်းပါးတယ်၊ ပွင့်လင်းသိတတ်စွမ်း နွမ်းပါးတယ်။ အစဉ်အလာသိမှုအထဲမှာ ချာလည်လည်ဖြစ်နေတယ်ဆိုတဲ့ လူတွေဟာ ပိုပြီး မှီခိုစိတ်ရှိကြတယ်။ ဒီလိုခပ်ညံ့ညံ့လူတွေဟာ ခေတ်တိုင်း ကာလတိုင်းမှာ ရှိနေကြမှာပဲ။ ဒါဟာ ခေတ်ကို အပြစ်ဆိုစရာ အကြောင်းတစ်ခု မဟုတ်ဘူး။

          တကယ်တော့ ဆိုရှယ်လစ်ခေတ်ဟာ မြန်မာနိုင်ငံရဲ့ ရွေ့လျားပြောင်းလဲနေတဲ့ အစဉ်ထဲမှာ လိုအပ်စွာ ပေါ်ပေါက်လာတဲ့ အနေအထားတစ်ခုပဲ။ မြန်မာသမိုင်းထဲမှာ တစ်နေရာ ရှိနေခဲ့တာကို ဘယ်လိုပဲ မသိကျိုးကျွံပြုပြု ရှိနေခဲ့ခြင်းကို ဖယ်ချန် ပလပ်ထားလို့ မရနိုင်ဘူး။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်တွေ အားလုံးကို စစ်တပ်က အာဏာမသိမ်းခဲ့ရင် မနေ့တစ်နေ့ကထိ မြန်မာနိုင်ငံကို စစ်တပ်က အုပ်ချုပ်ခဲ့တယ်ဆိုတာဟာ ရှိမလာနိုင်၊ ဖြစ်မလာနိုင်ခဲ့လို့ ပေါ်ပေါက်ရပ်တည်နေခြင်းဟာ ဖြစ်မလာနိုင်ဘူး။ (ဒီအချက်နဲ့ ပတ်သတ်လို့ အရပ်သူ အရပ်သားတွေက ကျေးဇူးမတင်တောင် စစ်ဘက်က လူတွေက ဗိုလ်ချုပ်ကြီးနေဝင်းကိုတော့ (ရှာကြံပဲ ဖြစ်ဖြစ်) ကျေးဇူးတင်ကြဖို့ကောင်းတယ်။ လက်သည်မပေါ်ဘဲ မွေးခဲ့ရတယ်ဆိုရင်တောင် အဖေဆိုတာက ရှိနေသေးတယ်ဆိုတဲ့ စကားလိုပဲ။ သမိုင်းရဲ့ ရှိနေခြင်းဟာ ရှိနေခြင်းတစ်ခုပဲ။အဲဒီအရင်ကို ပြန်ကြည့်ဦး မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့ ပထမဆယ်နှစ်သာသာဟာ တက်မပါ ပဲ့မပါနဲ့ ပင်လယ်ထဲမှာရေစုံမျောနေတဲ့ လှေလိုပဲ။ ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းမသိဘူး။ ပြည်တော်သာ စီမံကိန်းတို့ လက်နက်နဲ့ ဒီမိုကရေစီ လဲတာတို့ လူတစ်ယောက် တိုက်တစ်လုံး၊ ကားတစ်စီး။ ငွေငါးရာဆိုတာ တို့တစ်တွေဟာ နောက်ဆုံးတော့ ဦးနုရဲ့ လိုဏ်ဂူကြီးအောက်မှာ ပျောက်သွားတာပဲ။ ပါလီမန်မှာက “အမတ်မင်း ဦးဘယ်သူဟာ အိပ်ငိုက်နေပါတယ်”  ဆိုတာလောက်ကပဲ ကြီးကြီးကျယ်ကျယ် ပြောစရာရှိတာမို့ ရေဒီယိုက အသံလွှင့်ရတယ်။ တိုင်းသူ ပြည်သားတွေမှာ ဘာမှန်းကို နားမလည်နိုင်လောက်တဲ့ အနေအထားမှာ။ လကိုကြည့်ပြီး ထမင်းဆီဆမ်းရွှေလင်ပန်း တောင်းနေကြသလိုမျိုး။ ပြည်သူတွေက ဘိန်းငိုက်နေကြသလိုမျိုး။

          ဒီနောက် မြန်မာနိုင်ငံဟာ ဗြုန်းဆို ဆိုရှယ်လစ်ခေတ်ထဲဆိုတာထဲ ရောက်သွားတယ်။ တစ်နည်းဆိုရရင် ပြည်သူတွေ လန့်နိုးလာကြရတယ်။ လယ်သမား စပါးစိုက်နေသမျှ တစ်တိုင်းပြည်လုံး ဗိုက်ဝနေမယ်ဆိုတဲ့ အိပ်မက်က လန့်နိုးလာကြရတယ်။ ဆန်ထွက်တဲ့ အရပ်မှာ ထမင်းငတ်ကြရတယ်။ လကိုကြည့်ပြီး ထမင်းဆီဆန်း ရွှေလင်ပန်းနဲ့ တောင်းနေလို့တော့ဖြင့် မဖြစ်ချေတော့ဘူးလို့ သိလာကြရတယ်။ တကယ်တော့ ဆိုရှယ်လစ်ခေတ်ဟာ ငိုက်နေတဲ့ ပြည်သူတွေကို နှိုးလိုက်တာပဲ။ နှိုးလိုက်ရုံတင်မကဘူးး။ ကိုယ်ပိုင်အုပ်ချုပ်ရေးမှာ ရောယိမ်းလိုက် ဘသားယိမ်းလိုက်ဆိုတာလောက်နဲ့ မပြီးဘူးဆိုတာ အသိပေးလိုက်တာပဲ။ စနစ်အနေနဲ့ ဆိုရှယ်လစ်စနစ်ဟာ စနစ်ကောင်း။ ဒါပေမဲ့ အရပ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှာ မကျွမ်းကျင်တာ(အရပ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးနဲ့ စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးရဲ့ ကွားခြားမှုကို မမြင်ခဲ့တာ။ မဟုတ်ရင် မမြင်ချင်ယောင်ဆောင်ခဲ့ကြတာ။) ဆိုရှယ်လစ်ဝါဒ ကွန်မြူနစ်ဝါဒတွေကို ရေရေရာရာ မသိတဲ့ ရဲဘော်ရဲဘက်ဟောင်းတွေကို အကြံပေးခန့်၊ လိုအပ်တာထက် ပိုပြီး ယုံကြည်အားကိုးတာနဲ့ ဆိုရှယ်လစ်စနစ်ကို ထူထောင်ဖို့အတွက် ဆီလျော်အပ်စပ်မှု အမှန်တရားသဘောမှာ အခြေမခံဘဲ တိုက်ရိုက် ပုံတူကူး(အသွင်ပြောင်း)ဖို့ လုပ်တာတွေမှာ မှားခဲ့ကြတာ။ Industrialization လို့ခေါ်တဲ့ စက်မှုနည်းပညာအခြေခံနိုင်ငံတော် ပြောင်းဖို့ လုပ်ရာမှာ ဆယ်ဗင်းပွိုင့် အိတ်သရီးတို့၊ ဆယ်ဗင်းပွိုင့် အိတ်ဖိုးတို့ဘက် စိတ်သန်သွားတော့ စက်မှုလယ်ယာဟာ ပြောပလောက်အောင် မကြီးထွားခဲ့ရဘူး။ တခြားအမှားတွေလည်း ရှိခဲ့မှာပါ။ ကျွန်တော်ဆိုလိုတာက စနစ်အပိုင်း။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မတိုင်ခင်အထိတော့ မြန်မာနိုင်ငံရဲ့ မြို့ပြပြည်ရွာထူထောင်ရေးအတွက် ပေါ်ပေါက်ခဲ့တဲ့ စနစ်တွေအထဲမှာ ဆိုရှယ်လစ်စနစ်ဟာ စနစ်ကောင်းတစ်ခု။ အားကောင်းတဲ့ စနစ်တစ်ခု။ လိုအပ်တာထက် ပိုသွားတဲ့ ရဲဘော်ရဲဘက်စိတ်နဲ့ တောပြန်တွေကို လိုအပ်တာထက်ပိုပြီး အားကိုးရင်း အကြံပေးခန့်လိုက်ရာက “မလုပ်တတ်မကိုင်တတ် စနစ်” ကနေ “မလုပ်နိုင် မကိုင်နိုင်စနစ် အဖြစ် ပြောင်းသွားခဲ့ပြီး လိစ္ဆဝီပြည်ပျက်ကိန်းမျိုးနဲ့ ကြုံရတော့တာပဲ။ နိုင်ငံရေးစနစ်တိုင်းမှာ Flaw ဆိုတာ ရှိတာချည်းပဲ။

          နောက်တစ်ချက်က “ စစ်အုပ်ချုပ်ရေးက အရာရာကို ကြောက်စိတ်ကို အမြစ်တွယ်စေသည်” လို့ဆိုတဲ့အချက်။ ဒီအမြင်ကလည်း တိမ်တယ်ထင်တယ်။ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံရဲ့ နိုင်ငံရေးစနစ်မှာဖြစ်ဖြစ် မာကီယာဗယ်လီရဲ့ နိုင်တာဟာ တရားတာပဲ ဆိုတဲ့ အမြင်ဟာရှိနေသေးတာပဲ။ ဒီမိုကရေစီခေါ်ခေါ် ဘာခေါ်ခေါ် ခေါ်ချင်ရာခေါ်၊ နိုင်တဲ့လူ(နဲ့ သူရဲ့ အဖွဲ့အစည်း)က လုပ်ချင်ရာ လုပ်နိုင်တာပဲ။ ကန့်သတ်မှု ထိန်းချုပ်မှုဆိုတာက တိုင်းပြည်တစ်ပြည်ရရဲ့ အုပ်ချုပ်ရေးအပိုင်းမှာ ရှိနေရမှာပဲ။စစ်အုပ်ချုပ်ရေးမှ ဘာမှ မဟုတ်ဘူး။ ကြောက်တာက ကြောက်တဲ့ လူရဲ့ ကိစ္စ.။ ကြောက်တယ်ဆိုတာ ဆင်ခြင်တုံတရားရဲ့ အပမှာ။ လူတိုင်းမှာ ရှိတတ်တာပဲ။ သွားနှုတ်ရမှာ အကြောက်ဆုံးလူတွေဟာ စစ်သူကြီးတွေပဲဆိုတဲ့ စကားတောင် ရှိတယ်။ ကြောက်တာက စစ်အုပ်ချုပ်ရေးနဲ့ မဆိုင်ဘူး။ ကာလဒေသ ပယောဂမှာတည်တဲ့ အုပ်ချုပ်ရေးစနစ်နဲ့ လူ့အဖွဲ့အစည်းအကြားက သဟဇာတဖြစ်မှု မဖြစ်မှုနဲ့ ဆိုင်တယ်။ သဟဇာတဖြစ်မှုဟာ ဆင်ခြေမှာ အခြေခံတယ်။ စိတ်လှုပ်ရှားမှုမှာ အခြေမခံဘူး။ ချင်းတွင်းထဲက အဲဒီဆောင်းပါး တစ်နေရာမှာ ။ “ မြန်မာနိုင်ငံရဲ့ လွပ်လပ်ရေးရပြီး ပထမ ဆယ်နှစ်သာသာဟာ၊….အသက်ဝင်၏။ လွတ်လပ်၏။ ဒုက္ခထင်ရှားရှိသော်လည်း ရှင်သန်ပုံက မြန်မာတို့စရိုက်နဲ့ ကိုက်ညီသည်မို့ ကျောက်တုံက ပွင့်သောပန်းများပင် ရှိခဲ့ဖူး၏ လို့ ရေးထားတယ်။ ဘယ်နေရာမှာ အသက်ဝင်နေခဲ့မှန်းတော့ မသိဘူး။ (ဆောင်းပါးရေးတဲ့ လူက ဦးနုရဲ့ ပါလီမန်ဒီမိုကရေစီခေတ်ကို တကယ်ပဲ ကြုံခဲ့ဖူးသလား။ လေသံဖမ်းတရားနာတာပဲလား။ အဲဒီခေတ်က ရန်ကုန်မြို့တော်ဆိုတာ ဘယ်နားဆီမှာ ရှိမှန်းတောင် သိရဲ့လားမသိဘူး။ တည့်တည့်ရေးရရင်တော့ ဖြီးရေးနေမှန်းတော့ သိသာတယ်။) ကျောက်တုံးက ပွင့်တဲ့ပန်းဆိုတာဟာ  တကယ်တော့ ဘာသာစကားအရ နားထောင်လို့ကောင်းရင် ကောင်းမယ်။ တကယ့်ဘဝနဲ့ ယှဉ်ပြောရတဲ့ နိုင်ငံရေးမှာ အသုံးမတည့်တာမျိုးပဲ။ ကနေ့ခေတ်ကာလမှာ ဘာမျိုးဆက် ညာမျိုးဆက်ဆိုပြီး အခွင့်အရေး ဝင်ယူနေကြတာမျိုးပဲ။  ဘာသာစကားကို အသုံးချပြီး ဝမ်းရေးထူထောင်ခြင်း တစ်မျိုးပဲ။

          အဲဒီခေတ်ဟာ တကယ် Static လို့ ခေါ်ရမယ့်အချိန်။ ပြည်တွင်းမှာ သူပုန်သကန်မြူးနိုင်တဲ့ကာလ။ အဲဒါကိုအသက်ဝင်တယ်ဆိုရင်တော့ ဟုတ်ပါ့။ ရန်ကုန်မြို့ကထွက်လို့ မှော်ဘီကို ဆင်းလာပြီး ဗုံးခွဲတဲ့ကာလ။ နယ်ဆိုတာကို မပြောနဲ့ဦး။ ရန်ကုန်မြို့မှာ သူခိုးကြမ်းပိုး အစုံရှိတယ်။ နေဝင်ဖြိုးဖျမှာ ရန်ကုန်မြို့ကနေ ထွက်လာလို့ ကန်ဘဲ့လမ်းဆုံလောက်ရောက်ရင် အလုခံရနိုင်တယ်။ ရန်ကုန်မြို့ပေါ်က ဝန်မင်းများက တိုင်းသူ ပြည်သားကိစ္စ လှည့်မကြည့်နိုင်သေးဘူး။ သူတို့အချင်းချင်း ရာဇပလ္လင် ဖင်မြဲဖို့တိုက်နေရတယ်။ ဒီကြားထဲ နိုင်ငံရေးအရမွေးပြီး မြှောက်စားထားတဲ့ ရဟန်းပျိုတို့ သံဃာပါတီ ဗမာပြည်တို့ ဆိုတာတွေက လုပ်ချင်ရာလုပ်တာ။ သူတို့က တစ်မှောင့်။ ထေရဝါဒဆိုတာနဲ့ မဆိုင်သလေ ငံပြာရည်ပဲ။ ကိုလိုနီစနစ်ရဲ့ လက်ကျန်အပြုအမူတွေ ဆက်လက် ရှင်သန်နေသေးတယ်။ ပြောင်းလဲမှုဆိုတာ ယတိပြတ်မလုပ်ဆောင်နိုင်တဲ့ မလုပ်ဆောင်ရဲတဲ့ကာလ။ ပါလီမန်ဒီမိုကရေစီဆိုတာတိုင်းမှာ လူမုန်းမခံရဲလို့ ရဲရဲချည်း မလုပ်ရဲတဲ့ အလေ့ရှိတယ်။ ပါလီမန်ဒီမိုကရေစီစနစ်အတွင်းမှာ အာဏာရသူတိုင်းဟာ မြို့မေတ္တာခံယူမယ် သားပါခင်ဗျာ့ဆိုတဲ့ ခံယူမှုမျိုးရှိနေခဲ့ကြတယ်။ ဆက်ပြီး တင်ကူးအားထုတ်ချက်ပါ။ အာဏာဆက်လက်တည်မြဲရေးအတွက် ဒီမိုကရေစီစနစ်တိုင်းမှာ လိုတာက အပြောလှ အပြကောင်း ဆိုတာပဲ။ အပြောလှ အပြကောင်းဆိုတာဟာ မျက်လှည့်ဆရာတွေဆီက လာတာပဲ။ တကယ်တော့ နိုင်ငံရေးကို လုပ်ငန်းတစ်ရပ်အနေနဲ့ လုပ်တာ Politics as profession မှာ ဒါပဲလိုတာ။ ဒါက ပါလီမန်ဒီမိုကရေစီစနစ်တိုင်းမှာ တွေ့ရတဲ့ ညံ့ဖျင်းမှု။ ဒီတော့ လွတ်လပ်ရေးရပြီး ပထမ ဆယ်နှစ်သာသာနဲ့ လိုက်လျောညီထွေတဲ့ ဥပမာစကားဟာ စုန်ရေနဲ့ မျောသွားတဲ့ နွားချေးခြောက်လိုပဲ။ ဘာမှ အရာမရောက်ဘူး။ ကမ်းတင်ကာမှ မြေသြဇာဖြစ်မှာ.။

          တကယ်တော့ လူတွေဟာ အားကိုရှာရင်းက ကိုးကွယ်အားထားမှုပေါ်ပေါက်လာတယ်လို့ ဆိုကြတယ်။ အဲဒီကနေ ဝတ်ပြုကိုးကွယ်မှု။ နောက်တော့ ဘာသာရေးရယ်လို့ ဖြစ်လာသတဲ့.။ ဒီကနေ့ကာလမှာတော့ ဘာသာရေးဆိုတာ လေ့လာစရာ အကြောင်းတစ်ရပ်။ ဆက်လက်နှီးနှောသင့်တဲ့ ကိစ္စတစ်ခု။  နေ့စဉ်ဘဝ ဆက်လက်ရှင်သန်နေရေးအတွက် အသက်မွေးဝမ်းကျောင်းပြုလို့ရတဲ့ပညာရပ်တစ်ခုပဲ။ စနစ်တကျတွေးခေါ်နိုင်တာရဲ့ လမ်းဆုံးတစ်နေရာက ယုတ္တိနည်းလမ်းတကျဖြစ်မှုမပါတော့ဘဲ စိတ်ဖြေသိမ့်ကြည့်နေစရာ နေရာတစ်ခုပဲ။ ကျွန်တော့်အတွေ့အကြုံတစ်ခု ရေးပါရစေ။ တစ်နေ့တော့ ကျွန်တော်နဲ့ ကျွန်တော့်မိတ်ဆွေတို့ နှစ်ယောက်သား ရှေးတရုတ်ဘုရားကျောင်းကြီး တစ်ခုထဲမှာထိုင်ပြီး ကျောင်းတော်ကြီးထဲမှာ လာသူသွားသူတွေကို ကြည့်နေကြရင်း ကျွန်တော့်ပါးစပ်က ဘာသာရေးဆိုတာကို ဘယ်လိုအနက်ပေးင် ကောင်းမလဲလို့ ထွက်သွားတယ်။ ကျွန်တော့်မိတ်ဆွေက အတော်ကလေးကြာအောင် ဘာမှ ပြန်မပြောဘူး။ အဲဒီတုန်းမှာပဲ မိန်းမတစ်သိုက်ဖြတ်သွားကြတယ်။ ဒီတော့ ကျွန်တော့်မိတ်ဆွေက ပြောတယ်။ “အနက်ပေးတာမျိုးတော့ မဟုတ်ဘူးကွာ။ အနေအထားချင်း ယှဉ်ပြောသလို ပြောရရင်တော့ ရေမွှေးနံ့လိုပေါ့ တဲ့။ သူပြောတာက သိပ်မဆိုးလှဘူးထင်တယ်။

          ရေမွှေးဆိုတာက အနံ့အမျိုးမျိုးရှိတယ်။ မွှေးတော့ မွှေးတာချည်းပဲ။ မွှေးပုံမတူဘူး။ သုံးတဲ့ လူတွေလည်း မတူကြဘူး။ အကြိုက်မတူလို့ သုံးတဲ့လူ မတူတာပဲ။ ဈေးကြီးတိုင်းလည်း လူတိုင်းမကြိုက်ဘူး။ တချို့ကတော့ ရေမွှေးအနံ့ရတာနဲ့ ချေတော့တာပဲ။. မခံနိုင်ဘူး။ ဒီတော့လည်း ယှဉ်ပြောတဲ့ အနေအထားအရတော့ ဟုတ်တုတ်တုတ်ပဲ။ ဒိပြင် ပိုပြီး သဘောကျဖို့ကောင်းတဲ့အချက်ကတော့ လူတိုင်းဟာ ရေမွှေးမသုံးကြဘူး။ ရေမွှေးဟာ သုံးချင်တဲ့လူတွေ သုံးဖို့ သက်သက်ပဲ။ ဘာသာရေးလည်း ဒီသဘောပဲ။ သုံးချင်တဲ့လူတွေ သုံးဖို့ပဲ။ ရေမွှေးလိုပဲ၊ ထုတ်တဲ့ ကုမ္ပဏီမတူဘူး။ အနံ့မတူဘူး။ သုံးတဲ့လူက သူ့သဘော ဘဝင်ကျလို့ သုံးတာ။ “ငါ၏….” ဆိုတဲ့ အကျိုးစီးပွားကို တွက်ဆမကြည့်ဘဲ ဘယ်သူမျှ ရေမွှေးမဆွတ်သလို ဘယ်သူကမှလည်း ဘာသာရေးတစ်ခုကို လက်ခံထားမှာမဟုတ်ဘူး။ အနည်းဆုံး.. “ ငါ” ဒုက္ခမရောက်အောင်၊ ငါ အန္တရာယ်မများအောင်၊ ငါ စိတ်ချမ်းသာရအောင်” ဆိုတဲ့ ပေါ်လွင်နေတဲ့ သိစိတ်နဲ့ဖြစ်ဖြစ် တိမ်မြှုပ်နေတဲ့ အသိစိတ်တစ်စုံတစ်ရာနဲ့ဖြစ်ဖြစ် အခြေခံပြီး လက်ခံထားကြတာပဲ။ ဘာသာရေးရဲ့ ရှိနေခြင်းကြောင့် တစ်သီးပုဂ္ဂလ လူတစ်ဦးချင်းစီရဲ့စိတ်ကျေနပ်မှု၊ ဆင်ခြင်နည်းလမ်းတကျမဟုတ်ပေတဲ့ သီးခြား လူတစ်ဦးချင်းစီရဲ့ စိတ်ထဲမှာ သာယာမှုတစ်ခုခုတော့ ပေးနိုင်တယ်။ တကယ်တော့ ယဉ်ကျေးမှုအခြေခံဘာသာရေးနဲ့ ဘာသာရေးအခြေခံ ယဉ်ကျေးမှုက ကွဲသေးတာကိုး။ခုခေတ်မှာက နေ့စဉ်ဘဝထဲမှာ ဖြစ်ပေါ်နေတဲ့ ယဉ်ကျေးမှုပုံစံမှာ အခြေတည်ထားတဲ့ ဘာသာရေးကို လုပ်နေကြတာ။ လွယ်လွယ်နမူနာပြောရရင် မော်ဒယ်ကလေး မင်းသမီးကလေးတွေ လုပ်ချင်ရာလုပ်ပြီး အနံ့ကလေးထွက်လာရင် ဘာသာရေးစကားတွေ အများကြီးပြောလာကြတာမျိုး။ သီလရှင်ဝတ်ပြ၊ လူရိုသေရှင်ရိုသေ ပြန်ဖြစ်လာအောင် လုပ်ရတာမျိုး။ လူရေးလူရာဝင်အောင် လူကြီးသူမနဲ့ သိရအောင်ဈ ဂျာနယ်မဂ္ဂဇင်းထဲပါအောင်…စတဲ့ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ပိုက်ဆံတကယ်တမ်းမလိုလှတဲ့ နေရာမှာ ထပ်တလဲလဲ သွားလှူနေကြတာမျိုး။ ဒါတွေက နေ့စဉ်ဘဝရဲ့ ယဉ်ကျေးမှုပုံစံအရ လုပ်ဆောင်နေကြတဲ့ ဘာသာရေး အခြေခံအပြုအမူတွေပဲ။

         မိရိုးဖလာလက်ခံတယ်ဆိုတာမျိုးကျတော့ တစ်မျိုး။ ဆင်ခြင်တုံတရားမပါတဲ့ သိမှုတစ်မျိုးလိုပဲ။ ဆာဂျင်မေဂျာကြီးက တန်းစီ၊ ညာညှိ၊ သတိဆိုတာနဲ့ ဘာမှပြန်မမေးတော့ဘဲ လိုက်လုပ်ကြရတာမျိုး။ ဘာမှအနှစ်မရှိဘူး။ လက်ခံထားတဲ့ အသိတစ်ခုသဘောနဲ့ ယှဉ်ကြည့်ရင် လူကြားထဲ အီးပေါက်တာ ရှက်စရာကောင်းတယ်ဆိုတဲ့သိမှုသဘောပဲ ဘာမှမပိုဘူး။ တကယ်တော့ လူတစ်ယောက် လူမျိုးတစ်မျိုး၊ မြို့ပြပြည်ရွာတစ်ခုရဲ့ တိုးတက်ရေးမှာ ဘာသာရေးဟာ ရှိနှင့်နေတဲ့ တစ်စုံတစ်ရာပဲ။ ရှိနှင့်နေတဲ့ တစ်စုံတစ်ရာတိုင်းမှာ ဆင်ခြင်တုံတရားနဲ့ တိုင်းထွာဆုံးဖြတ်လို့ မရနိုင်တာတွေ အပုံချည်းပဲ။ ဥပမာ-က အရပ်ဒေသမှာနေတဲ့ ငဖြူဟာ သူ့မိဘက -ခ-ဘာသာရေးအမြင်ကို လက်ခံတဲ့အတွက် သူကလည်း -ခ- ဘာသာရေးအမြင်ကိုပဲ လက်ခံတယ်။ ဆိုတာက ဖြစ်-ပျက်နေတဲ့ဖြစ်စဉ်အတွင်းက ရွေ့လျားပြောင်းလဲမှု တစ်ခုပဲ။ ဆင်ခြင်တုံတရားနဲ့မဆိုင်ဘူး။ တစ်ဖက်ကနေ ပြန်ပြောရင်တော့ ဆင်ခြင်တုံတရားကို အသုံးချခဲ့ရင် ငဖြူဟာ သူ့မိဘလက်ခံထားတဲ့အတိုင်း လက်ခံချင်မှလက်ခံမယ်။ လက်ခံတယ် လက်မခံဘူးဆိုတာ လူရဲ့ သီးခြားသိမှု၊ ဥာဏ်ရည်ဥာဏ်သွေး၊ သိမှတ်ခံစားနိုင်တဲ့ အတိုင်းအတာတွေနဲ့လည်း ဆိုင်တယ်။ ဒီပြင် လူတစ်ဦးတစ်ယောက်ဟာ ဆင်ခြင်တုံတရားကို အခြေခံတဲ့ သူရဲ့ သိမှု၊ သိနိုင်မှုဘောင်အတွင်းက လွတ်လပ်စွာရွေးချယ်ခွင့်ရှိနေတာပဲ။ မွေးရာပါအခွင့်အရေးပဲ။ ဘောလုံးပွဲကို ကြိုက်တဲ့လူရှိပေတဲ့ ဘောလုံးပွဲ မကြိုက်တဲ့လူကို မကြိုက်ရတန်ကောရယ်လို့ အပြစ်တင်နေလို့ မရဘူး။ တင်နေစရာလည်း မလိုဘူး။ တင်လည်း အလကားပဲ နေမယ်။ ဝတ်ပြုကိုးကွယ်မှုအခြေခံတဲ့ ဘာသာရေးတွေမှာတော့ လူတွေဟာ အားကိုးတယ် သက်ဝင်ယုံကြည်တာရယ်ကို အခြေခံကြတယ်။ အကျင့်မှာအခြေခံတဲ့ ဘာသာရေးအတွေးအခေါ်မျိုးမှာတော့ အကျင့် ဟာ အခရာပဲ။ ဆုတောင်းနေလို့ ရွတ်ဖတ်သရဇ္ဇျယ်နေလို့တော့ လွတ်မြောက်မှာ မဟုတ်ဘူး။ ဒါပေတဲ့ အကျင့်ပိုင်းက လျော့ပါးလာကြလေတော့ အကျင့်မှာ တည်ထားတဲ့ ဘာသာရေးအတွေးအခေါ်တွေဟာ ဝတ်ပြုကိုးကွယ်မှုအသွင်ကိုပဲ ဆောင်လာကြတော့တယ်။ဒီတော့လည်း ဘာသာရေးအတွေးအခေါ်တွေဟာ အခြေခံရှုမြင်ပုံချင်း မတူကြတာမှန်ပေတဲ့ ဒီဘာသာရေးအတွေးအခေါ်တွေကို လက်ခံကျင့်သုံးလာကြတဲ့ လူတွေရဲ့ လက်ထဲမှာ တစ်မျိုးတည်းလို ဖြစ်လာတော့ ကွဲပြားဖို့ ချဲကြစို့ဆိုတာမျိုးတွေ ဖြစ်လာတယ်။ သာမန်လူတစ်ယောက် နေ့စဉ်ဘဝထဲမှာ မလိုအပ်တဲ့ အာဃာတပွားများဖို့ မလိုအပ်တဲ့ သိမှတ်ချက်တစ်ခု ပေါ်သွားတော့တာပဲ။ ကိုယ့်စိတ်ကျေနပ်မှုကို အရင်းတည်ပြီး လုပ်တဲ့ကိစ္စတစ်ခုဟာ တစ်ခြားလူရဲ့ စိတ်ကျေနပ်မှုအတွက် လုပ်ဆောင်နေတာကို သွားပြီး ခလုတ်မတိုက်သင့်ဘူး။ လွတ်မြောက်မှုကို အလေးပေးတဲ့ ဘာသာရေးအမြင်ကို ကယ်တင်ခြင်းခံရချင်လို့ ဆုတောင်းတာနဲ့ ရောထွေးပစ်လို့ မရနိုင်ဘူး။

          မြန်မာနိုင်ငံဟာ ရှေးယခင်ကတည်းက ဘာသာရေးအရ လွတ်လပ်မှု ရှိခဲ့တဲ့နိုင်ငံတစ်ခု။ အမည်းကွက်တစ်ခု စွန်းခဲ့ရတာက လွတ်လပ်ရေးရပြီးနောက် ပေါ်လာတဲ့ပါလီမန်ဒီမိုကရေစီခေတ်ဆိုတာအထဲမှာ။ ဘာသာရေးအမြင်ကျဉ်းတဲ့ ဘာသာရေးအစွန်းရောက်ဝါဒီ ဦးနုအာဏာရလာစဉ်က ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာလုပ်ပစ်လိုက်တာပဲ။ တကယ်တော့ အဲဒီအမြင်ဟာ ဘာသာရေးတဖက်စောင်းနင်းကျမှု အမြင်တစ်ရပ်မှာ အခြေခံတာပဲ။ နိုင်ငံရေးအရတော့ ဘာသာရေးကို အသုံးချလိုက်တာပဲ။ ဘာသာရေးအရ လူတွေကို ထိန်းချုပ်လိုက်ဖို့ကြိုးတဲ့ အမြင်သက်သက်ပဲ။ ဆိုရှယ်လစ်ခေတ်ရောက်ကာမှ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဋ္ဌကြီးဦးနေဝင်းက ပယ်ဖျက်ပစ်လိုက်တယ်။ ဒါဟာဥက္ကဋ္ဌကြီးဦးနေဝင်းရဲ့ အမြော်အမြင်ကြီးမားမှုတစ်ရပ်ပါ။ နိုင်ငံရေးအားထုတ်မှုတိုင်းမှာ ဘာသာရေးအရ၊ နှောင့်နှေးရတာ တုံ့ဆိုင်းရတာတွေရှိတယ်။ ဘာသာရေးအရထိန်းချုပ်လိုက်တယ်ဆိုတာက လူလူချင်းကို ဘာသာရေးအခြေခံတန်ဖိုးဖြတ်လိုက်တာမျိုး။ ဦးနုရဲ့နိုင်ငံတော်ဘာသာ စီမံကိန်းဟာ လူလူချင်းခွဲခြားဖို့ အားထုတ်တဲ့စနစ်ပဲ။ အထုးသဖြင့် မြန်မာနိုင်ငံရဲ့ တောင်ပေါ်သူ တောင်ပေါ်သားတွေ၊ အနောက်ဘက်ကမ်းခြေဒေသက လူတွေကို ဘာသာရေးအခြေခံနဲ့ ကန့်သတ်ပစ်ပြီး တစ်ဆင့်နိမ့်လူအမျိုးအစားတစ်ရပ် လုပ်ပစ်တာပဲ။ အဲဒီစနစ်မျိုးပဲ ခပ်ဆင်ဆင်ဆိုချင်ဆို နောက်ပိုင်းမှာ ထပ်ပေါ်လာပြန်တယ်။ ဘုန်းကြီးတွေကို နိုင်ငံရေးအရ မြှောက်စားပြီး စည်းရုံးသိမ်းသွင်းတဲ့ ဆရာတကာ စီမံကိန်း။ ဘယ်အရပ်ဒေသမှာဖြစ်ဖြစ် ဘယ်ခေတ်ကာလမှာပဲ ဖြစ်ဖြစ် နိုင်ငံရေးအပိုင်းက ကြည့်ရင် ဘာသာရေးဆိုတာ သုံးနိုင်ရင် သုံး၊ မသုံးနိုင်ရင် အဟောသိကံ use it or loose it လို့ ဆိုကြတာကိုး။

          ဆရာတကာစီမံကိန်းရဲ့ နောက်ဆက်တွဲပေါ်ပေါက်နေတဲ့ အကျိုးက (ကောင်းတယ် ဆိုးတယ်လို့ကျွန်တော် မဆုံးဖြတ်ဘူး) “ငါ” “ငါရဲ့……” ဘာသာရေးအမြင်ပေါ်လာတာပဲ။. “ငါ” ဘာသာရေးအယူဟာ သူများထက် သာတယ် ကောင်းတယ်လို့ ဖြစ်လာတာပဲ။ ဆိုရှယ်လစ်ခေတ်မှာ ထေရဝါဒဘက်ကို ပြန်ပြီးဦးလှည့်လာခဲ့ရာက အဲဒီနောက် စစ်ခေတ်တွေအထဲမှာ ဘာသာရေးကို နိုင်ငံရေးအရ အသုံးချလာဖို့အတွက် လွှတ်ထားလိုက်တယ်။ ဒီမှာတင် ပေါ်ပင်ကိုယ်တော်ကလေးတွေ အများကြီးပေါ်လာတယ်။ တခြားလူတွေရဲ့ သက်ဝင်ယုံကြည်မှုကို ထိပါးလာတယ်။ အတင်း “တွန်းပို့”ဘာသာရေးအမြင်တွေ ဖော်ထုတ်လာကြတယ်။(ကိုလိုနီခေတ်ရဲ့ လက်ကျန်လှုံ့ဆော်မှုအမြင်ဖြစ်တဲ့) ဘာသာရေးနဲ့ မျိုးချစ်စိတ်ကို ရောမွှေပြလာကြတယ်။ ဟိုတုန်းက သံဃာ့ပါတီ ဗမာပြည်က လုပ်သလို ဒေါသအခြေခံ ရမ်းကားမှုနဲ့ နိုင်ငံရေးမှာ စွက်ဖက်လာကြတယ်။ ထေရဝါဒဆီက လမ်းခွဲထွက်လာကြပြန်တယ်။ ဒါတွေက မဖြစ်သင့်ဘူး။ ဒါပေမယ့် နိုင်ငံတော်က သူ့ဘာသာအလုပ်ရှုပ်နေတော့ လွှတ်ထားတာတွေ ပါတယ်။။ လူနာမျက်ဖြူဆိုက်လေ ဆရာကြိုက်လေကိုး။ ခုဆို ရဟန်းဝတ်တွေဟာ သာမန်လူတွေရဲ့ နေ့စဉ်ဘဝနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ စာနယ်ဇင်းတွေထဲမှာ ပေါ်တင်ကြီးအတင်း တရားဝင်ဟောနေကြတာတွေ ဖြစ်လာတယ်။. “ငါ” “ငါရဲ့…..” ဆိုတဲ့ ဘာသာရေးအမြင်ကို မသိမသာထည့်နေကြတယ်။ (တကယ်တော့ မသိမသာ သွတ်သွင်းခံနေရတဲ့ အသိတစ်စုံတစ်ရာဟာ သိသိသာသာချည်း သွတ်သွင်းလိုက်တဲ့ အသိထက် ဆိုးတယ်။) စားကြောပွင့်နေတဲ့ကိုယ်တော်ကလေးတွေကလည်း တပည့်လက်သားအစုံအညီနဲ့ စာပေလောကကို ခုတုံးလုပ်ပြီး နိုင်ငံရေးမှာတောင် ဝင်ပြီး မြှောက်သလို နှောက်သလိုလိုတွေ လုပ်နေတာ မြင်နေရ ကြားနေကြရပြီ။ တကယ်တော့ ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့်ဟာ တခြားလွတ်လပ်ခွင့်တွေလိုပဲ။ လူတိုင်းမှာ ရှိနိုင်တဲ့ ရှိနိုင်ခွင့်တစ်ခုပဲ။ ငါ့စကားနွားရ ပြောဖို့ မဟုတ်ဘူး။ အခြားသော ရှိနေခြင်းတွေကို အသိအမှတ်ပြုပါမှ ရမယ့် ကိုယ့်ရဲ့ လွတ်လပ်မှုပဲ။ မိမိရဲ့ သက်ဝင်ယုံကြည်မှုဆိုတာက သူများကို ရန်ပြုစရာ လက်နက်မှ မဟုတ်ဘဲ။ လူ့အဖွဲ့အစည်းကို ပါဝင်ပတ်သတ်နိုင်တဲ့  အပိုင်းက ဝင်ပြီး ထိန်းသိမ်းစောင့်ရှောက်ပေးဖို့။ လူတွေကောင်းလာဖို့ဆိုတာကတော့ လူတွေ့ရဲ့ လက်တွေ့ဘဝမှာ လိုက်လျောညီထွေနေနိုင်ဖို့/ နေနိုင်ခြင်းကသာ ထိန်းကျောင်းပေးနိုင်မှာ။ လွတ်လပ်တဲ့ အတွေးအခေါ်ဆိုတာကလည်း ရှိဦးမှ။ မှိုင်းမိနေသေးရင် သန့်စင်တဲ့ အတွေးအခေါ်ရမှာ မဟုတ်ဘူး။

မြင့်သန်း
ချင်းတွင်း မဂ္ဂဇင်း၊ အမှတ် ၈၂၊ မေ၊ ၂၀၁၄


Featured Post

ကဗျာအဖြစ် ရေးထားတဲ့ နိုင်ငံရေးနဲ့ နိုင်ငံရေးကဗျာ

လန်းပန်ဘက်ဆီကပြန်တော့ ဖတ်စရာတွေ တွေးစရာတွေ ပါလာတယ်။ အမှန်မှာတော့ အဲဒီမှာ တွေ့ခဲ့တဲ့ ဆရာကြီးရဲ့ကျေးဇူးပဲ။ သူနဲ့က အဲဒီကျမှ တွေ့ရသိရတာ။...