June 24, 2014

လမလို ည (မြင့်သန်း)



ကျစ်လုံးရယ်၊ ဖြူလေးရယ်၊ သာမောင်ရယ်၊ ဂျိုကြီးရယ်၊ ကျွန်တော်ရယ် လသာတဲ့ညဆို မြစ်စပ်ကို သွားကြတယ်။ မဟုတ်လည်း ဘုန်းကြီးကျောင်းနောက်ဖက်က ချောင်းစပ်ကိုသွားကြတယ်။ ဘာရယ်မဟုတ်ဘူး။ ညဖက်ထမင်းစားပြီးတော့ ဘာမှလည်း လုပ်စရာမရှိဘူး။ တစ်ခါတလေတော့ ကျစ်လုံးနဲ့ ဂျိုကြီးက ငါးမျှားတယ်။ သူတို့ ငါးမျှားနေရင် ကျွန်တော်တို့က ကမ်းစပ်မှာ ပက်လက်လှန်လှဲရင်း စကားပြောကြတယ်။ ပြောတာကတော့ အစုံပဲ။ ကမ္ဘာကြီးက ဘာလို့ လုံးနေရတာလဲ။ လေးထောင့်ဖြစ်ရင်ကော လည်နေဦးမှာလား။ ဦးဘိုးထွန်းကြီးက ဘာလို့ ချမ်းသာရတာတုန်း။ ငယ်ငယ်က မြို့မှာ ကျောင်းသွားတက်ဖူးလို့လား။ စကားပြောတယ်ဆိုတာထက် မေးခွန်းထုတ်နေကြတာများတယ်။ အစားကြိုက်တဲ့ သာမောင်ကတော့ ဘုန်းကြီးပွဲကျကလေးကို စမြုံ့ပြန်တယ်။

တစ်ခါတလေ တိုက်အုပ်က ဟကောင်တွေ လာစားကြချေလို့ ခေါ်ကျွေးတာမျိုးကို ဒီကောင်က မျှော်နေတာ။ အစားကောင်းကောင်း စားရအောင် ငါလည်း ဗိုလ်ဥာဏ်လို တိုက်အုပ်ဖြစ်အောင် လုပ်မှပဲလို့ ပြောလေ့ရှိတယ်။ အဲဒီကျရင် ကျွန်တော်တို့ သူ့ကို ဟားကြရော။ ဖြူလေးက ဟကောင် သာမောင် ဗိုလ်ဥာဏ်က စာတတ်တယ်ဟ။ မင်းလို လေးတန်းမှာ လေးနှစ်နေရတာ မဟုတ်ဘူးလို့ ပြောလေ့ရှိတယ်။ သာမောင်က ဘယ်ခံမလဲ ငါ လေးတန်းမှာ နှစ်နှစ်ပါကွာ။ နှစ်နှစ်နေရတာ ငါ့အပြစ်ချည်းပဲ မဟုတ်ဘူး။ လေးတန်းကို အစိုးရစစ်လုပ်ပစ်လိုက်လို့ လုပ်ပစ်တဲ့လူတွေ အပြစ်လည်း ပါသတဲ့။ ဒီကောင်က အဲဒီလို။ လေးတန်းမှာသာ နှစ်နှစ်နေခဲ့တာ။ ဥာဏ်နီဥာဏ်နက်ကတော့ အများသား။ ဘယ်သူက အစိုးရစစ်လုပ်ပစ်လိုက်တုန်းလို့ ကျွန်တော်က သူ့ကို မေးကြည့်ဖူးတယ်။ သူ့အပြောကတော့ အစိုးရက လုပ်ပစ်တာတဲ့ အဲဒါကလည်း သူ့ကို သူတို့ဆရာကြီး ဆရာမြကြီးက ပြောပြတာတဲ့။ အစိုးရဆိုတာက လုပ်ချင်တာ အကုန်လုပ်လို့ရတယ်။ အစိုးရတယ်ဆိုလို့ အစိုးရလို့ ခေါ်တယ။ ဒါကတော့ ဟုတ်မယ်မထင်ဘူးလို့ ကျွန်တော်က ပြောတော့ သာမောင်က မေးတယ်။ ဘာလို့လဲတဲ့။ အစိုးရကသာ တကယ်အစိုးရရင်ဘာလို့ လေးတန်းကို အစိုးရစစ်လုပ်နေရမှာလဲ။ အချိန်ကုန်က ကုန်သနဲ့။ အစိုးရနေမှတော့ အားလုံး လေးတန်းအောင်စေလို့ လုပ်လိုက်လည်း ပြီးတာပဲ။ ဘာလို့ အစိုးရက စစ်လားဆေးလားလုပ်နေရမှာလဲလို့။ သာမောင်က ကျွန်တော် ဖြေတာကို သိပ်သဘောကျတယ်။ ငါ ဆရာမြကြီးနဲ့ ပေါင်းပြီး လူတိုင်းအလိုလို လေးတန်းအောင်သင့်ကြောင်း အစိုးရဆီ စာရေးဦးမယ်လို့ပြောတယ်။ ဘယ်တော့ရယ်တော့ မသိဘူး။

တစ်ခါတလေ ကျွန်တော်တို့ မြစ်ဖက်ကိုလာရင်း ကျမ်းစာသင်ကျောင်းဝင်းထဲက ဖြတ်လာတဲ့ အခါ တရားဟောဆရာကိုမြဟန်ကြီးနဲ့ တွေ့တတ်တယ်။ အမှန်တော့ ဦးမြဟန်ပေါ့။ အားလုံးက ကိုမြဟန်ကြီးလို့ ခေါ်တော့နှုတ်ကျိုးနေကြတယ်။ ကျွန်တော်တို့ကလည်း ကိုမြဟန်ကြီးပဲ ခေါ်ကြတော့တယ်။ ကိုမြဟန်ကြီးကတော့ ဘယ်လိုခေါ်ခေါ် ပြုံးပြုံးပဲ။ ဘယ်လိုခေါ်ခေါ် သိပ်ဗွေမယူဘူး။ သူက ကလန်ကလားကြီးရယ်။ စာဖြူဆိုသလား။ စာနီဆိုသလားပဲ။ ကျောင်းဆရာကြီး ဦးအေးမောင်တို့ လူသိုက်က အဲလိုခေါ်တယ်။ ကျွန်တော်တို့ကတော့ ဘယ်သိမှာလဲ။ ကြားဖူးတာက ပေါင်မှာ စာနက်၊ ချက်မှာ စာဖြူ မလုပ်ဘဲနဲ့ ကြွယ်မယ့်သူ ဆိုတာ။ မဟုတ်ကာမှ လွဲကရော။ ကိုမြဟန်ကြီးချက်မှာ စာဖြူရှိလို့ ဖြစ်မယ်။ သူက ဘာမျှမလုပ်ဘဲ တနင်္ဂနွေနေ့မနက်တိုင်းဆိုရင်း သူ့တရားကျောင်းဆိုသလား။ ကျမ်းစာသင်တိုက် ဆိုသလားထဲမှာ တရားဟောသတဲ့။ အဲဒါပဲ သူလုပ်တာ ။ တရားဟောတယ်ဆိုတာက ဘာမျှ ချွေးထွက်အောင် လုပ်ရတာမှ မဟုတ်ဘဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့တတွေက သူ့ကို ခင်တယ်။ သူနဲ့တွေ့ရင် ကောင်ကလေးတွေ လာကြ။ ဘီစကွတ်မုန့်လာစားကြချေလို့ ခေါ်ကျွေးတတ်တယ်။ ကောင်းတော့ အတော်ကောင်းတာ်။. ဘိန်းမုန့်လို ခေါက်မုန့် မုန့်ပျားသလက်တို့လိုမျိုး မဟုတ်ဘူး။ ပိုပြီးအရသာရှိတယ်။ တချို့ဘီစကွတ်က ဆိတ်နို့နဲ့ လုပ်တာဆိုပဲ.။စားမယ့်သာ စားတယ်။ သာမောင်က မေးသေးတယ်။။ ကိုမြဟန်ကြီး၊ ခင်ဗျား ဘီစကွတ်ဆိုတာတွေက ဆွမ်းတော်ကျတွေလားတဲ့။ ဆွမ်းတော်ကျ နတ်တင်၊ ကံသေး ကံမှိန်တဲ့ဗျ။ ကျွန်တော်က အဲဒါမျိုးမစားဘူး။ ဘုန်းနိမ့်တတ်သတဲ့ ။ ပန်းပဲမောင်တင့်တယ်တောင် အဲဒါနဲ့ ခံသွားရတာလို့ ကျုပ်ကြားဖူးသေးတယ်လို့ ပြောသေးတာ။ ကိုမြဟန်ကြီးကတော့ ရယ်တယ်။ ငါ့ကို လက်ဆောင်ပေးထားတာတွေပါကွာလို့ ပြောကာမှ သာမောင်က စားတယ်။

ကျွန်တော်က သာမောင့်ကို ပြောရသေးတယ်။ အလကားရတဲ့ နွား သွားဖြဲမကြည့်ရဘူးဆိုတာ မင်းမကြားဖူးဘူးလားလို့။ ဒီကောင်က ဘာပြန်ဖြေတယ် မှတ်လဲ။ ကြားတော့ ကြားဖူးသတဲ့။ ဘာလို့ သွားဖြဲမကြည့်ရတာတုန်း။ သွားက နွားမှာ ဘာများ အသုံးကျလို့တုန်းဟလို့ ပြန်မေးတယ်။ ဒီလောက်အထိတော့ ကျွန်တော်လည်း ဘယ်သိမှာတုန်း။ လူကြီးတွေပြောတာပဲ ကြားဖူးတာ။ လူကြီးတွေက ဖြဲကြည့်တတ်ပုံရတယ်။ ဖြဲမကြည့်ရတဲ့ အပိုင်းတော့ ဘယ်သူကမှ ရှင်းမပြဘဲ။ တစ်ခါတလေတော့ ကိုမြဟန်ကြီးရဲ့ ကျမ်းစာသင်ကျောင်းဆိုတာကလေးမှာ ပွဲတွေ လမ်းတွေ လုပ်တယ်။ အဲဒီအခါမျိုးကျရင် သင်တိုင်းကြီးဝတ်ပြီး ဒေါက်ချာတွေ ဘာတွေဆောင်းတာ။ လက်ထဲက တောင်ဝှေးထိပ်ကောက်ကြီးလည်း ကိုင်သေးတာ။ ကျွန်တော်တို့က အပြင်နားကနေ ချောင်းကြည့်ကြရတယ်.။ သူတို့တွေလိုမှ မရွတ်တတ်ဘဲ။ ရွတ်ဖတ်ပြီးရင် သူတို့ လူတွေက အာမင်းဆိုတာ ရွတ်ကြတယ်။ အာမင်းဆိုတာ ဘာလဲလို့ ဦးအေးမောင်ကို မေးကြည့်တော့ ။ အာတယ်ဆိုတာက လေများတာပဲ။ မင်းဆိုတာက လူလို့ ပြောတယ်။ မြဟန်ကြီး ပြောတာဆိုတာ သဘောကျကြလို့ လေများတဲ့လူလို့ သူတို့အယူအရ ဂုဏ်ပြုကြတာတဲ့။ ဟုတ်လောက်တယ်။ ဆရာကြီးဦးအေးမောင်နဲ့ သူ့ညီ ဦးလှမောင်ဆိုတာက ပြည်ဆရာကြီး ဦးဘေစာအုပ်နဲ့ အင်္ဂလိပ်စာကို ကမ်းကုန်အောင် တတ်တာလို့ ပြောကြတာ ကြားဖူးတယ်။ ဝေလမင်းသားတိုင်းခန်းလှည့်လည်လာတုန်းက သူတို့နှစ်ယောက်စလုံး နှာစေးချောင်းဆိုးဖြစ်နေလို့ သွားမတွေ့လိုက်ရတာဆိုပဲ.။ ရွတ်ဖတ်လို့ ပြီးလို့ ပြန်ကြတဲ့အခါ ကိုမြဟန်ကြီးက ကျမ်းစာသင်ကျောင်းထိပ်ကနေ မတ်တပ်ရပ်ပြီး လူတိုင်းကို လက်ဆွဲ နှုတ်ဆက်လေ့ရှိတယ်။ လူကုန်သွားလို့ ရစ်သီရစ်သီလုပ်နေတဲ့ ကျွန်တော်တို့ကို တွေ့ရင် ကောင်လေးတွေ လာကြ.။ ဒီနေ့ ကိတ်မုန့်စားရမယ်လို့ ပြောပြီး ကျွန်တော်တို့ကို ခေါ်ကျွေးလေ့ရှိတယ်။ အဲဒါကလည်း သူ့မိန်းမကြီး ထွက်မလာခင် စားကြရတာ။ သူ့မိန်းမကြီးက ကျွန်တော်တို့ကို တွေ့တယ်ဆိုတာနဲ့ သေနာကောင်ကလေးတွေဒီမှာ ဘာလာလုပ်နေကြတာလို့ ကြိမ်းတော့တာပဲ.။ ကျစ်လုံးများဆိုရင် ကိုမြဟန်ကြီးမိန်းမကို ကြောက်လိုက်တာများ ဖင်တုန်းနေတာပဲ။ ဟိုဖက်က ဆယ်ရွာသူကြီးသားဝင်းဖေဆိုရင် သူခိုးမှတ်လို့ဆိုပြီး ဂုတ်ကဆွဲ။ အိမ်ထဲမှာ သော့ခတ်ထားတာတဲ့။ ရွာထဲက မိန်းမတွေကတော့ သူ့ကို ရွာသူလိုလို အနောက်စုန်းလိုလို ပြောကြတယ်။ ဟုတ်မဟုတ်တော့မသိဘူး။ အသံပြဲကြီးနဲ့ အော်တတ်တာကတော့ အမှန်ပဲ။ သူ့လင်ကိုတောင် အော်ဟယ်ဟစ်ဟယ် လုပ်တဲ့ မိန်းမကြီး။

အဲဒီနေ့ညနေဖက်ကတော့ ကျွန်တော်တို့တစ်သိုက် ဘာလုပ်ကြရမှန်းမသိဘူး။ ဂျိုကြီးကေ ပြာတယ်။ ဘုန်းကြီးကျောင်းနောက်ဖက်က ချောင်းစပ်သွားကြရအောင်တဲ့.။ လမိုက်ညဆိုတော့ ငါးမျှားလို့ကောင်းသတဲ့။ ဒီကောင်က ငါးမျှားကောင်းတယ်။ ငါးရရင် ချောင်းစပ်တင် မီးဖုတ်စားကြတာ။ ငါးမျှားမှာဖြင့် မြစ်ဖက်ကို သွားချေရအောင်လို့ ဖြူလေးက ပြောတယ်။ ဒီကောင်က အတွေးအခေါ်ရှိတယ်။ သာမောင်လို မဟုတ်ဘူး။ ဒီတော့ သာမောင်က ဘာလို့လဲလို့ မေးတယ်။ ဟကောင် ငတုန်းရယ်လို့ ဖြူလေးက ခေါ်လိုက်ရင်း ပြောတယ်။ ချောင်းဆိုတာ ရေနည်းတယ်။ ရေနည်းရင် ငါးနည်းတယ်။ ဒီလောက် မင်းမတွေးတတ်ဘူးလား။ လူပြိန်းတွေးမှ မင်းမတွေးတတ်ဘူးလားလို့ ပြောတယ်။ ဒီတော့ သာမောင်က ဘယ်ခံမလဲ။ လူပြိန်းတွေ မတွေးတတ်ဘူး။ ငါက လူပြိန်းမဟုတ်ဘူး။ မင်းလိုအလကားကောင်တွေသာ လူပြိန်းလိုတွေးသာလို့ ပြန်ပက်တယ်။ ဖြူလေးက ပြန်ပြောမယ်လုပ်တုန်း ကျစ်လုံးက ဖြတ်မေးတယ်။ လူပြိန်းဆိုတာ ဘယ်လိုလူမျိုးလဲတဲ့။ သာမောင်က ဖြူလေးကို လက်ညိုးထိုးလိုက်ရင်းအဲဒီလိုကောင်မျိုးကို လူပြိန်းလို့ ခေါ်တယ်။ တွေးဆို အလကားပဲတင်း တွေးသလိုတွေးတယ်။ ရေနည်းရင် ငါးနည်းမယ်တဲ့။ အဲသလိုအလွယ်တွေးတဲ့လူဟာ လူပြိန်းပဲ။ ငါ အဲဒီထဲ မပါဘူးလို့ ပြောတယ်။ မင်းက မင်းကိုမင်း လူတော်လို့များ ထင်နေသလားလို့ ကျစ်လုံးက ထပ်ပြီးမေးပြန်တယ်။ ငါ့ကိုယ်ငါ ဘာမှမထင်ဘူး။ တော်တာ၊ မတော်တာလည်း အရေးမကြီးဘူး။ ဒါပေမယ့် လူပြိန်းဆိုတာတွေအထဲတော့ ငါမပါချင်ဘူး။လူပြိန်းလိုတွေးရင်တော့ လူပြိန်းထဲက နေမှာပဲလို့ သာမောင်က ပြန်တွယ်တယ်။ ဒီကောင်က အဲသလိုမျိုး။ သူပြောတာလည်း ဟုတ်တုတ်တုတ်ရယ်။

ကျွန်တော်ကပဲ တော်ကြကွာလို့ ပြောပြီး တားလိုက်ရတယ်။ မြစ်ဘက်ပဲ သွားကြရအောင်၊။ လမိုက်ညဆိုတော့ သောင်ခုံပေါ်မှာ အိပ်လို့ကောင်းသကွလို့ ပြောလိုက်တယ်။ ဖြူလေးက လသာသာမှ သောင်ခုံပေါ်လှဲရင်း စိတ်ကူးယဉ်လို့ ကောင်းတာကွလို့ ဝင်ပြောတယ်။  ဒီတော့ သာမောင်က ဖြတ်ပြောပြန်တယ်။ တွေ့လား၊ စိတ်ကူးယဉ်လို့ ကောင်းသတဲ့လို့ပြောတာ။ စိတ်ကူးယဉ်တယ်ဆိုတာ လူပြိန်းတွေ လုပ်တာ။။ လူတွေတွေကမှ ငါ့လိုတွေးတတ်တာတဲ့။ ဟကောင် တော်ပြီလို့ ကျွန်တော်က မာန်လိုက်ရသေးတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ မြစ်ဘက်ကို ထွက်လာကြတယ်။ ဖြတ်လမ်းက သွားမလို့ပဲ။ သာမောင်က ချောင်းရိုးအတိုင်း လိုက်ကြရအောင်ကွာလို့ ဆိုတာနဲ့ ဗိုလ်ဥာဏ်ကျောင်းဖက်ဆီ ထွက်လာကြတယ်။ ကျောင်းဝင်းရဲ့နောက်ဖက်ဆီမှာ ချောင်းကလေးရှိတယ်။ ချောင်းရိုးအတိုင်းလိုက်သွားရင် မြစ်စပ်ရောက်တာပဲ။ ဗိုလ်ဥာဏ်နဲ့ တိုးချင်တောင် တိုးနေဦးမှာလို့ ကျစ်လုံးရဲ့ သတိပေးသံ ထွက်လာတယ်. ဗိုလ်ဥာဏ်ကခုလိုအချိန်ဆို ကျောင်းဝင်းအပြင်ဖက် ထွက်ပြီး စင်္ကြန်ရေလျှာက်ပြီးရင် ချောင်းစပ်ဖျားထိပ်က ကမူကလေးပေါ်မှာ အတော်ကြာအောင် ထိုင်နေတတ်သေးတယ်။ ဗိုလ်ဥာဏ်က စင်္ကြန်လျှောက်ရင်း နှစ်ဆယ့်လေးပစ္စည်းချတတ်တယ်တဲ့လို့ တချို့က ပြောသကွလို့ ကျစ်လုံးက ထပ်ပြောတယ်။ ဘာပစ္စည်းတွေလဲလို့ သာမောင်က လှည့်မေးတယ်။ စကားနည်းတဲ့ ဂျိုကြီးက ငါ ကြားဖူးတာပြောမယ်နော်။ ဟုတ်မဟုတ်တော့ မသိဘူးလို့ စကားခံလိုက်ပြီး ခေါက်ဆွဲဆိုင်က အာ့စိန်ကြီးက ဗိုလ်ဥာဏ် နှစ်ဆယ့်လေးပစ္စည်းချတာ ပြောပြဖူးတယ်။ ဟေ့လူ ပစ်မယ်နော်၊ အားရပါးရပစ်မယ်နော် လို့ ရွတ်တာတဲ့။ အဲဒီအသံကြားတာနဲ့ ဂျပိုးသူခိုးတွေ လစ်ရောတဲ့။ သာမောင်ကတော့ အဟုတ်များ ထင်သလားမသိဘူး။ ကျွန်တော်တို့ကတော့ ဝါးကနဲ့အသံထွက်အောင် ရယ်လိုက်မိတယ်။

ခင်ရိုးကလေးကို ကျော်ပြီး ကွေ့တက်လိုက်တာနဲ့ ဘုန်းကြီးနဲ့ တန်းတိုးတော့တာပဲ။ မြစ်ဆုံတုံးကြီးပေါ်မှာထိုင်ရင်း မြစ်ဖက် ကြည့်နေတယ်။ မြစ်ထဲဆီမှာတော့ လှေကလေးတွေဆီက မီးရောင်တချို့တွေ့နေရတယ်။ ကောင်ကလေးတွေ ဘယ်တုန်းလို့ ဘုန်းကြီးကေ မးပြီး ကျွန်တော်တို့က မဖြေရသေးခင်ပဲ သူ့ဘာသာပဲ ထပ်မေးတယ်။ မြစ်စပ်ဆီလားတဲ့။ မှောင်ကြီးမည်းကြီးထဲကွာ လို့ ဘာမှန်းသေသေချာချာ အဓိပ္ပါယ်မပေါက်တဲ့ စကားထပ်ပြောတယ်။ တင်ပါ့လို့ ကျွန်တော်တို့က ဖြေလိုက်တယ်။ သာမောင်ကတော့ လေးတန်းမှာသာ တစ်နေတာ။ စကားကတော့ သွက်တယ်။ ဘုန်းကြီးက နည်းနည်းကလေးလင်းလာအောင် ဖန်ဆင်းပေးပါလားတဲ့။။ ဘုန်းကြီးဆီက ဟဲဟဲဆိုတဲ့ ရယ်သံထွက်လာတယ်။ ကျွန်တော်တို့လည်း ဘုန်းကြီး ရှေ့နားဆီထိုင်ပြီး ဦးချလိုက်ကြတယ်။ ဒီတော့ ဘုန်းကြီးက ပြောတယ်။ လင်းတယ် မှောင်တယ်ဆိုတာ ငါက ဖန်ဆင်းလို့မရဘူးဟတဲ့။ ငါက ဘုန်းကြီး၊ မျက်လှည့်ဆရာမဟုတ်ဘူးလို့ ထပ်ပြောတယ်။ ဘုန်းကြီးမှာ ဘာတန်ခိုးမှမရှိဘူးလားလို့ သာမောင်က ထပ်မေးပြန်တယ်။ ငါ့မှာ ဘာတန်ခိုးရှိရမှာတုန်း သာမောင်ရယ်လို့ ဗိုလ်ဥာဏ်က ပြန်မေးတယ်။။ ဗိုလ်ဥာဏ်က ကျွန်တော်တို့ လူသိုက်အပေါ် စိတ်ရှည်တယ်။ အဖေတို့ပြောတာ ကြားဖူးတယ်။ဘုန်းကြီးက သူကြီးတွေ ဆယ်အိမ်ခေါင်းတွေကို သာ ကြိမ်းတာ။ သူ့တပည့်တွေအပေါ်ဆိုရင် သိပ်ကောင်းတာပဲတဲ့။ ကျွန်တော်တို့လည်း ဘုန်းကြီးခိုင်းရင် မငြင်းကြဘူး။ ဘုန်းကြီးပြောတာကိုာမောင်ကတော့ သိပ်သဘောမကျဘူး။ မကျဆို သာမောင်ဆိုတဲ့ အကောင်မှာ အမြဲတမ်းမေးစရာရှိတယ်။ ဒါကြောင့် မသိ-မေး၊ မစင်-ဆေးဆိုတဲ့ စကားကို ကျစ်လုးက ပြင်ပြီးပြောလေ့ရှိတယ်။ မသိ-မေး၊ မစင်-သာမောင်စားတဲ့။ သာမောင်က မကြိုက်လို့ ဆဲလည်း ဆဲဆဲပဲ။ ကျစ်လုံးကိုတော့ သူမနိုင်ဘူး။

ဘုန်းကြီး၊ တကယ်ပဲ ဘုန်းကြီးမှာ ဘာတန်းခိုးမှမရှိဘူးလားလို့ ကျစ်လုံးက ဝင်မေးတယ်။ ဘုန်းကြီးဆီက ဟဲဟဲဆိုတဲ့ ရယ်သံကအလျင်ထွက်လာတယ်။ ငါ ပြောပြီးပါပကော။ ဘုန်းကြီးဆိုတာက မျက်လှည့်ဆရာလို ပျောက်စေဆရာလိုမျိုးမဟုတ်ဘူး။ ငါတို့က သံသရာက လွတ်မြောက်ရာလွတ်မြောက်ကြောင်း လုပ်နေတာ။ လွတ်မြောက်ချင်တဲ့သူတွေကိုလည်း လမ်းညွှန်နိုင် ညွှန်ကြတာ။ ဒါပေမယ့် လွတ်မြောက်ချင်တဲ့လူကတော့ သူ့ဘာသာ ကျင့်ရတယ်။ ငါတို့ဘုန်းကြီးများက ဝင်ပြီး ကျင့်မပေးနိုင်ဘူးလို့ ပြောတယ်။ ကျွန်တော်တို့လူသိုက် ဘာမှ ပြန်မပြောကြဘူး။ ဂျိုကြီးကတော့ သွားကြစို့ဆိုတဲ့ သဘောနဲ့ ကျွန်တော့်ကို တံတောင်နဲ့ အသာတွက်တယ်။ အဲဒီတုန်း ဗိုလ်ဥာဏ်က ထပ်ပြောပြန်တယ်။ သာမောင် တစ်ကောင် စာမေးပွဲအောင်ဖို့ ငါက စာကျက်ပေးလို့မရဘူး။ သူ့ဘာသာ စာကျက်ရမှာ။ သောက်ရေအိုးရေဖြည့်ပေးရုံနဲ့ ကျောင်းမှာ ရေနံဝိုင်းသုတ်ပေးရုံနဲ့လည်း စာမေးပွဲ မအောင်ဘူး။ ငါကလည်း အောင်အောင် လုပ်ပေးလို့မရဘူး။ ငါတို့ ဘုရားကိုယ်တော်မြတ်ကြီးတောင် သူ့ဘာသာ ကျင့်ကြံအားထုတ်သွားရတာတဲ့။ လူတစ်ယောက် အသက်ရှင်နေတာ သူ့အတွက်ပဲ။ သူ့ဘာသာအသက်ရှင်ဖို့ သူ့ဘာသာ အသက်ရှူရတာတဲ့။ နောက်တော့ ဘုန်းကြီးလည်း ထိုင်ရာက ထတယ်။ အေးအေး။ သွားကြတော့၊ မှောင်ကြီးမည်းကြီးထဲ မြွေပါးကင်းပါးသတိထားကြလို့ ပြောတယ်။ အဲဒီတုန်းက သာမောင်က ဘုန်းကြီးရာ၊ ဟုတ်ဟုတ်မဟုတ်ဟုတ် တန်ခိုးကြီးအောင်တော့ လုပ်စမ်းပါ။ ဒါမှ မှောင်တာကလေး လင်းအောင် လုပ်နိုင်မှာလို့ ပြောပြန်တယ်။ ဘုန်းကြီးက ကျောင်းဘက် သွားတော့မယ်လို့ ခြေလှမ်းပြင်နေရာက ဟကောင် သာမောင်လို့ ခေါ်လိုက်ပြီး ငါ ပြောပြီးပါပကော။ ငါတို့ ဘုန်းကြီးများဟာ တန်ခိုးကြီးအောင် ကျင့်ကြံနေတာမဟုတ်ဘူး။ လွတ်မြောက်ရာလွတ်မြောက်ကြောင်း ကျင့်ကြံနေတာ။ တို့များက ကိုယ့်တရားကလေးနဲ့ ကိုယ်နေပေတဲ့ ရပ်နဲ့ ရွာနဲ့မကင်းတော့ ငါတို့နိုင်တာကလေးပဲ လုပ်ကြရတယ်။ ပြေနိုင်တာကလေးတွေ ဖြေပေးရတယ်။ ကြေနိုင်တာကလေးတွေ ချေပေးရတယ် ဆိုရုံပဲ။ မီးညွန့်ကို ချိုးပေးရတာ၊ တိုးပေးရတာမဟုတ်ဘူး။ လူလူချင်း ရန်မများဖို့ အမှန်တရားလေးတွေ ပြပေးရတယ်ဆိုရုံပဲလို့ အရှည်ကြီှးပြောတယ်။ ပြီးတော့ ငါတို့ဘုရားကိုယ်တော်မြတ်ကြီးဟာ ပျောက်စေဆရာမဟုတ်ဘူး။ ကိုယ်တိုင်ကိုယ်ကျ ကျင့်ကြံရတာလို့ ပြောပြီး ကျောင်းဖက်ဆီလှည့်လိုက်တယ်။ ကျွန်တော်တို့လည်း ထိုင်ရာက ထလိုက်ကြတယ်။ ဘုန်းကြီးက ခြေလှမ်းစလှမ်းပြီး ရပ်လိုက်တယ်။ ကျွန်တော်တို့ဖက်ကြည့်ရင်း ပြုံးနေရာက မင်းတို့ အားတဲ့အခါ မြဟန်ကြီးဆီ သွားမေး။ သူတို့ဘုရားသခင်က အရာရာကို ဖန်ဆင်းတာ။ လင်းတာမှောင်တာလည်း သူဖန်ဆင်းတာပဲ။ ဒီတော့ မြဟန်ကြီးဆီမှာ လင်းအောင်မှောင်အောင် လုပ်တဲ့ နည်းရှိလိမ့်မယ်လို့ ပြောပြီး ကျောင်းဖက်ဆီ လျှောက်ထွက်သွားရော။

ကျွန်တော်တို့လည်း မြစ်ဖက်ဆီ ထွက်လာခဲ့ကြတယ်။ အဲဒီညက အတော်မှောင်တာ။ တကယ်တော့ မိုးချုပ်လှသေးတာ မဟုတ်ဘူး။ တိမ်ရှိနေလို့။ ကောင်းကင်မှာ ဘာမှကို မတွေ့ရဘူး။ ဖြူလေးက ပြောတယ်။ တို့ မီးဖိုကြရအောင်တဲ့။ ဘယ်မလဲ မီးခြစ်လို့ ကျွန်တော်က မေးတော့ လှေတွေထဲမှာ မီးခြစ်ညှပ်ထားရစ်တတ်တယ်လို့  သူက ပြန်ဖြေတယ်။ ဒါပေမယ့် မြစ်စပ်မှာ လှေတစ်စင်းပဲ ရှိတယ်။ ဝမ်းပေါက်လို့ မှောက်ထားတဲ့လေ။ စပ်ကြောင်းကို ကြိုးပြန်ထည့်ပြီး ပွေးညက်နဲ့ ဖာမယ်လို့ မှောက်ထားတဲ့လှေ။ ကျွန်တော်က လှေကို လက်ညှိုးထိုးပြလိုက်ပြီး အဲဒီလှေထဲမှာတော့ ဘာမှရှိမှာမဟုတ်ဘူးလို့ ပြောလိုက်တယ်။ အေ ဆိုတဲ့အသံ ဖြူလေးဆီက ထွက်လာတ.်။ စိတ်ပျက်သွားပုံရတယ်။ လာပါကွာ၊ မှောင်လည်း မှောင်တဲ့အလျောက်ပဲလို့ ကျွန်တော်က ပြောလိုက်မိတယ်။ နောက်တော့ ဂျိုကြီးနဲ့ ကျစ်လုံးက ခုလို မှောင်ထဲမှာ တက်ရေရှိနေတုန်း လက်ထွန်ပစ်သင့်မပစ်သင့် ငြင်းနေကြတာကို ကျွန်တော်တို့ ရပ်ပြီး နားထောင်နေမိကြတယ်။ ဂျိုကြီးကတော့ ငါးမျှားနေရတာကို ကြိုက်တဲ့လူမျိုး။ သူ့မှာ နိုင်လွန်ကြိုးမျိုးစုံရှိတယ်။ နောက်တော့ ကျစ်လုံးက ဝါးတံရှာပြီး ဝါးတံမှာ ကြိုးတပ်မျှားမယ်။ ဂျိုကြီးကတော့ ရေစပ်စပ်ကျောက်ကမူလေးပေါ်ကနေ လက်ထွန်ပဲ ပစ်မယ်လို့ သဘောတူသွားကြတယ်။ ဒီတော့ သာမောင်က  တစ်ခွန်းဝင်ပြောတယ်။ အစကတည်းက ကိုယ်ကြိုက်တာ ကိုယ်လုပ်လို့ သဘောတူထားရင် ခုလို အချိန်ကုန်ခံငြင်းနေစရာမလိုဘူးတဲ့။ ဒီကောင်ပြောတာ ဟုတ်ကောင်းဟုတ်မယ်။ လေးတန်းကို တစ်နှစ်တည်းနဲ့ မအောင်ခဲ့တဲ့ကောင်က ပြောတာဆိုတော့လည်း သိပ်လက်မခံချင်ကြဘူး။ ငါ့လခွေးတဲ့မှပဲလို့ ကျွန်တော် သာမောင့်ကို လှည်ကြည့်ပြီး ငေါက်လိုက်မိတယ်။ဘာလို့ အဲဒီ ငေါက်မိမှန်းတော့ အသေအချာမသိဘူး။ ငေါက်လိုက်ရရင် ပေါ့သွားတာတော့ အမှန်ပဲ။လူတွေကို ငေါက်ရတာ အရသာတော့ အရှိသား။ သာမောင်က အူကြောင်ကြောင်နဲ့ ကျွန်တော့်ကို ကြည့်နေတယ်။ ကျွန်တော်က လှည့်ထွက်လာတော့ သူ့ဆီက မကြားတကြားနဲ့ ပြောလိုက်သံကြားရတယ်။ သေချင်းဆိုး။ လူမှန်ရင် ငေါက်စရာတွေချည်းပဲလို့ ထင်နေတဲ့အကောင်တဲ့။ ငေါက်တယ်ဆိုတာကလည်း အငေါက်ခံတဲ့လူ ရှိဦးမှ။ လူတိုင်းတော့ သွားပြီး ငေါက်လို့ရတာမဟုတ်ဘူး။

ဂျိုကြီးတို့ ငါးမျှားနေကြတုန်း။ ကျွန်တော်တို့ သောင်စပ်မှာထိုင်ပြီး တောပြောတောင်ပြောပြောနေကြရင်း ဖြူလေးက မှောင်လွန်းတယ်ကွာလို့ ပြောတယ်။ ဒီကောင်က သူရဲဘောနည်းတယ်။ မှောင်ရင်ကြောက်တယ်။ လူထူထူထဲရောက်ရင် အသံမထွက်ဘူး။ ဒါပေမယ့် အင်မတန် ကပေါက်တိကပေါက်ချာပြောတတ်တဲ့အကောင်။ တစ်ကြိမ်မကပြောလာတော့ သာမောင်က နားကလောလာပုံရတယ်။  မှောင်တော့ မင်းက ဘာလုပ်ချင်တုန်း။ဗိုလ်ဥာဏ်က ပြောသားပဲ။ လင်းတာမှောင်တာ ဘယ်သူမှ တတ်နိုင်တာမဟုတ်ဘူးရယ်လို့ သာမောင်က ပြောတယ်။ ဖြူလေးက ချက်ချင်းတော့ ဘာမှပြန်မပြောဘူး။ အတော်ကလေးကြာမှာ ကိုမြဟန်ကြီးဆီသွားရအောင်လို့ ပြောတော့ ကျွန်တော်က ဘာလုပ်ဖို့လဲ။ ကိုမြဟန်ကြီးခြံထဲက ကြက်ခိုးမလို့လားလို့ မေးလိုက်တယ်။ ဖြူလေးလား ကြက်ခိုးရဲမှာ။ ကျွန်တော်သိသားပဲ။ ဒီကောင်က ဘယ်သူက သင်ပေးလိုက်မှန်းတော့ မသိဘူး။ အစာစားတာတောင် အဆိပ်ခတ်မခံရအောင်ဆိုပြီး သံဗ္ဗုဒ္ဓေရွတ်ပြီးမှ စားတဲ့အကောင်။ သူက ချက်ချင်းပဲ ပြန်ပြောတယ်။ ဗိုလ်ဥာဏ်ကပြောသားပဲ။  မင်းတို့ ကိုမြဟန်ကြီးဆီ သွားမေးလို့။ ဘုန်းကြီးက အလကားတော့ မပြောဖူးကွ။ တို့ကို မသိမသာအကြံပေးသွားတာ ဖြစ်မယ်လို့ ပြောတယ်။ ကောင်းစသားလို့ သာမောင်က ပြောတယ်။ ဘာလို့တုန်းလို့ပဲ ကျွန်တော်က မေးလိုက်မိပြန်တယ်။ ဒီမှာ မှောင်ချည်းထဲထိုင်နေကြရတာထက်စာရင် ကိုမြဟန်ကြီးနဲ့ သွားပြီး လေပစ်ရတာက နိပ်ဦးမှာလို့ သာမောင်က ပြောတယ်။ ဟုတ်တော့ဟုတ်တယ်။ ကိုမြဟန်ကြီးနဲ့ သွားစကားပြောရတာ ရယ်ဖို့လည်း ကောင်းတယ်။ ဆရာကြီးဦးအေးမောင်တို့ပြောတဲ့ လေများတဲ့လူဆိုတာက အရည်အချင်းတစ်ခုပဲ။ လေများတယ်ဆိုတာကလည်း အကြောင်းစုံ သိဦးမှ။ ဒါဖြင့် သွားစို့လို့ ကျွန်တော်က ပြောရင်း ထလိုက်တယ်။ ဂျိုကြီးတို့ကိုလည်း လှမ်းအော်ပြီး ငါတို့ စုန်းတောက်တာ သွားကြည့်မယ်လို့ ပြောလိုက်တော့ သူတို့က ဟားတယ်။ ဖြူလေးကတော့ ခုကာမှ ကိုမြဟန်ကြီးမိန်းမကို သတိရသွားပုံရတော့ တို့သွားလို့ ဖြစ်ပါ့မလားလို့ မရဲတရဲနဲ့ မေးတယ်။ ခြေလှမ်းတုန့်သွားတယ်။ ဒီတော့ သာမောင်က ပြောတယ်။ ဟကောင် မင်းပဲ စတာ။ ခုသွားမယ် လုပ်ကာမှ မပြောင်းနဲ့။ တစ်ခုခုဆို ဆုံးဖြတ်ချက်ချတယ်ဆိုတာ အီးပေါက်သလိုပဲ။ အီးမှာ အီးမွှေးမရှိဘူး။ နံတော့ နံမှာချည်ဲး။ နည်းနည်းနံတာနဲ့ များများနံတာပဲ ကွာမယ်တဲ့။ တွေ့လား။ သာမောင်ဆိုတဲ့အကောင်ဟာ လေးတန်းမှာ နှစ်ခြင်းမပေါက်ပေလို့။

ကိုမြဟန်ကြီးတို့ ဝင်းနားဆီရောက်တာနဲ့ အိမ်ရှေ့ဆီက ကွက်လပ်မှာ လက်ဆွဲမီးအိမ်ဘေးနားဆီချပြီး ထိုင်နေတဲ့ ကိုမြဟန်ကြီးကို တွေ့ရတယ်။ ညဖက်ဆိုရင် သူက အဲဒီလိုထိုင်တတ်တယ်။ သူ့အိမ်ရှေ့က တလင်းစပ်မှာ သစ်သားကုလားထိုင်ကြီးတစ်လုံးရှိတယ်။ ဘုန်းကြီးကျောင်းက အလကားရတဲ့ သစ်တိုသစ်စတွေနဲ့ လက်သမားဆရာ ကိုအောင်စိန်လုပ်ပေးထားတဲ့ ပက်လက်ကုလားထိုင်လို တစ်ယောက်ထိုင် ခုံကြီးတစ်ခုံးရှိတယ်။ ကိုမြဟန်ကြီးက အဲဒီမှာ အကြမ်းအိုးတစ်လုံးနဲ့ထိုင်ပြီး ဇိမ်ခံလေ့ရှိတာ။ ဇိမ်ခံတယ်လို့ ပြောရတာက သူ့အကြမ်းအိုးထဲမှာ မွန်းရှိုင်းဆိုတဲ့ အဖန်ရည်ထည့်သောက်ပြီး ဇိမ်ခံတတ်လို့ပဲ။ တခါတုန်းက တစ်ညဖက် သူ့ဆီ လာကြတော့ ကျစ်လုံးက မေးဖူးတယ်။ ကိုမြဟန်ကြီး ခင်ဗျားသောက်တဲ့ အကြမ်းရည်က အခိုးမထွက်ပါလာလို့ ဆိုတော့ ဒါက မွန်းရှိုင်းလို့ခေါ်တယ်လို့ သူဖြေတယ်။ မွန်းရှိုင်းဆိုတာ ဘာလို့တုန်းဆိုတော့ ၊ မွန်းဆိုတာ လ၊ ရှိုင်းဆိုတာ သာတာ၊ မွန်းရှိုင်းဆိုတာက လရိပ်ကလေးနဲ့ အရသာခံသောက်တဲ့ အဖန်ရည်ပဲတဲ့။ ဒီညတော့ဖြင့်  ဘာလမှ မရှိဘဲ။ လက်ဆွဲမီးအိမ်အလင်းရောင်နဲ့ အရသာခံနေပုံရတယ်။ အဝေးကတည်းက ကျွန်တော်တို့က မြင်ပေတဲ့ သူကတော့ ကျွန်တော်တို့ အတော်ကလေးနီးကာမှ မြင်ပုံရတယ်။ ကောင်လေးတွေ မိုးချုပ်ပါပကောဟ လို့ လှမ်းပြောတယ်။ ဟုတ်တယ်ဗျို့၊ ခင်ဗျားကို မေးစရာရှိလို့လို့ သာမောင်က အလျင်ဖြေတယ်။ ထိုင်ကြလေကွာလို့ သူက ပြောပေတဲ့ မထိုင်တော့ဘူးဗျာ လို့ ကျွန်တော်ကပဲ ပြောလိုက်တယ်။ လသာသာ ညတွေမှာ ကိုမြဟန်ကြီးဆီ လာပြီး ကျွန်တော်တို့ ပုံနားထောင်တတ်ကြတယ်။ သူက ပုံပြောလည်း ကောင်းတယ်။ ဒီညတော့ မင်းတို့ကို ကျွေးစရာမရှိဘူးလို့ သူကပြောတယ်။ ကျွန်တော်တို့လည်း မဆာပါဘူးလို့ ဖြူလေးက ဖြေပြီး ကျွန်တော်တို့ မြစ်စပ်က လာတာ။ သိပ်မှောင်တာပဲ။ ခင်ဗျားက လင်းအောင် လုပ်မပေးနိုင်ဘူးလား။ ဗိုလ်ဥာဏ်က ပြောတယ်။ ခင်ဗျားတို့ ဘုရားက ဖန်ဆင်းပေးနိုင်တယ်ဆို လို့ ဖြူလေးက တန်းပြီး ပြောချလိုက်တယ်။ ဟေလို့ ကိုမြဟန်ကြီးဆီက အသံထွက်လာတယ်။ ကုလားထိုင်နောက်ကျောကို မှီထိုင်နေရာက ရှေ့ဖက်ကို ငိုက်လိုက်တယ်။

ဟဲဟဲလို့ သူ့ထုံးစံအတိုင်း ရယ်လိုက်တယ်။ မင်းတို့ ဘုန်းကြီးကတော့ အတော်နောက်တတ်တာပဲလို့ ပြောပြီး ဒီလိုလုပ်ကွာလို့ သူက ပြောတယ်။ ကျွန်တော်တို့လည်း သူ့ဆီက စကားကို မျှော်နေမိတယ်။ ဟောဟိုက တဲကြီးမြင်လားလို့ သူ့ဝင်းအစပ်က တဲကြီးကို လက်ညှိုးညွှန်ပြတယ်။ အဲဒီတဲကြီးထဲမှာ လိုရမယ်ရ ငါစုထားတဲ့ လကလေး နှစ်လုံးရှိတယ်။ ခပ်သေးသေးတစ်ခုံးက မင်းတို့ လူသိုက်အတွက် အတော်ပဲ။ ငါ့ပုဆိုးအဟောင်နဲ့ အုပ်ထားတယ်။ အောက်မှာ ကြိုးတပ်ထားတယ်။ မိုးပျံပူဖောင်းလိုပဲ။ အသာဆွဲသွားရုံပဲ။ မြစ်စပ်ရောက်တော့မှာ ပုဆိုးဟောင်းကို ဖယ်လိုက်။ လအတိုင်း လင်းလာလိမ့်မယ်လို့ ပြောတယ်။ ဟုတ်ကဲ့လားလို့ သာမောင်က မေးတယ်။ ဟုတ်ပါတယ်ကွာလို့ ကိုမြဟန်ကြီးက ဖြေပြီး အဲဒီတဲကြီးထဲဝင်ရင်တော့ သတိထား။ ငါ တိရစ္တာန်ကလေးတွေလည်း စုထားတယ်။ အထီးအမ အစုံလိုက်ပဲလို့ ဆက်ပြောတယ်။ ဘာလုပ်ဖို့တုန်းလို့ ဖြူလေးက မေးတော့ ကမ္ဘာကြီးရေလျှံတဲ့အခါ မျိုးဆက်ပြတ်မသွားအောင် လှေနဲ့တင်ပြီးသွားဖို့ပဲလို့ ကိုမြဟန်ကြီးက ဖြေတော့ ဘယ်မှာတုန်းဗျ ခင်ဗျားလှေ လို့ သာမောင်က မေးပြန်တယ်။ လက်သမား ကိုအောင်စိန်အားတဲ့အခါ စပ်ပေးမယ်တဲ့လို့ ဖြေပြီး ကိုင်း သွားယူချေ။ ပြီးရင် အထဲမှာ ပြန်ထားလိုက် ဟုတ်ပြီလားလို့ ကိုမြဟန်ကြီးက ပြောရင်း လသာသာမှာ အရသာခံရတဲ့ အရည်ကလေးတစ်ကြိုက်သောက်လိုက်တယ်။

တဲကြီးထဲမှာ သူပြောတဲ့အတိုင်းပဲ။ တိရစ္ဆာန်အဖိုအမတစ်တွဲစီရှိတယ်။ တဲကြီးထောင့်စွန်းမှာ လနှစ်လုံး။ မိုးပျံပူဖောင်းလိုပဲ။ အောက်ကနေ ကြိုးနဲ့ ချည်ထားတယ်။ အငယ်က စကောဝိုင်းလောက်ပဲ ရှိတယ်။ ကျွန်တော်တို့လည်း အဲဒီလ ခပ်သေးသေးကိုယူပြီး မြစ်ဘက်ကို ပြန်ထွက်လာခဲ့ကြတယ်။ သာမောင်ကတော့ လကို ချည်ထားတဲ့ ကြိုးစကိုကိုင်းရင်း မြောက်ကြွမြောက်ကြွ ဖြစ်နေပုံရတယ်။ မြစ်စပ်ရောက်တော့ လပေါ်အုပ်ထားတဲ့ ပုဆိုးဟောင်းကို ဖယ်ချလိုက်တယ်။ သိပ်လင်းလွန်းတာနဲ့ ပုဆိုးဟောင်းနဲ့ တစ်ဝက်လောက်အုပ်ထားလိုက်တယ်။ ကျွန်တော်တို့လည်း လရောင်အောက်က မြစ်အစပ်မှာ အသာလှဲရင်း လေပစ်ကြတယ်။ ဖြူလေးကတော့ အလင်းရောင်နဲ့မို့ သတ္တိရှိလာပုံရတယ်။ ဒါပေမယ့် လရောင်က နေရာလွဲနေသလား၊ အခါလွဲနေသလားတော့ မသိဘူး။ တစ်မျိုးကြီးပဲ။ မျက်စိတောင် ကြိမ်းလာတယ်။ ခဏကြာတော့ ဂျိုကြီးတို့နှစ်ယောက်သား ရောက်လာကြတယ်။ မင်းတို့ဟာက ဘာလဲလို့ ကျစ်လုံးက မေးတယ်။ လ လေကွာ။ ကိုမြဟန်ကြီးဆီက ငါတို့သွားပြီး ငှားလာတာလို့ ဖြူလေးက ဂုဏ်ယူတဲ့အသံနဲ့ ဖြေတယ်။ မနိပ်ပါဘူးကွာလို့ ဂျိုကြီးဆီက စိတ်ပျက်သံထွက်လာတာနဲ့ ဘယ်က မနိပ်တာလဲ။ ငါးလား၊ လ လား။ မင်းက ဘာပြောချင်တာတုန်းလို့ ကျွန်တော်က ဖြတ်မေးလိုက်တယ်။ အားလုံးပဲလို့ သူက ပြန်ဖြေတယ်။ မင်းဟာက မဟုတ်သေးပါဘူး.။ အကုန်လုံးမနိပ်ဘူးရယ်လို့တော့လည်း မဟုတ်နိုင်ဘူးလို့ ကျွန်တော်က ပြောလိုက်တယ်။ ဂျိုကြီးက ဘာမှထပ်မပြောတော့ သူ့လက်ထဲက ငါးမျှားကြိုးတွေ ပစ်ချလိုက်ပြီး ကျွန်တော့်ဘေးနားမှာ ထိုင်ချလိုက်တယ်။ သာမောင့် နံဘေးဆီမှာ ကျစ်လုံးက ထိုင်ချလိုက်ရင်း မင်းတို့ဟာကြီး ပြန်ပို့လိုက်စမ်းပါကွာလို့ ပြောတယ်။ ဘာလို့တုန်းဟာလို့ ကျွန်တော်က မေးလိုက်မိပြန်တယ်။ ညပဲကွာ။ မှောင်တဲ့အခါ မှောင်မှာပဲ။ ညဆိုတာ မှောင်ဖို့ပဲ။ မင်းတို့ လ အတုကြီးနဲ့ အလုပ်မဖြစ်ပါဘူးတဲ့။

ကိုင်း ဒီလိုဖြင့် ပြန်ပို့လိုက်မယ်။ ပြီးရင် တစ်လက်စတည်း ရွာဖက်ဆီပြန်ကြမယ်လို့ ကျွန်တော်က ပြောလိုက်တယ်။ အားလုံးလည်း ထကြတယ်။ ဂျိုကြီးကတော့ နေဦး၊ ငါ့ကြိုးတွေ ဝှက်ချေဦးမယ်ဆိုပြီး ကျောက်တုံးကြီးနောက်နားဆီမှာ သဲကျင်းယက်နေတယ်။ ပြီးတော့ ကျွန်တော်တို့အားလုံး ကိုမြဟန်ကြီးဘက်ဆီ ပြန်လာခဲ့ကြတယ်။ လျှောက်လာကြရင်း ဖြူလေးက ပြောလိုက်တယ်။ ကိုမြဟန်ကြီးက တိရစ္ဆာန်ကလေးတွေလည်း အဖိုအမတစ်တွဲစီ စုထားတာကွ။ ကမ္ဘာပျက် မိုးကြီးရွာရင် ဆိုသလားပဲ။ လှေနဲ့တင်ပြီးသွားမှာ။ ကမ္ဘာပေါ်မှာ မျိုးဆက်တွေ ပြတ်မသွားရအောင်တဲ့။ ဟုတ်လားလို့ ဂျိုကြီးနဲ့ ကျစ်လုံးဆီက အသံတစ်ပြိုင်တည်းထွက်လာတယ်။ ဟုတ်တယ်။ ငါတို့တစ်တွေ တွေ့ခဲ့တယ်လို့ ဖြူလေးက ပြန်ဖြေတယ်။ လကလေးကို ကြိုးနဲ့ကိုင်ပြီး ရှေ့နားကလျှောက်နေတဲ့ သာမောင်က လှေကိုတော့ လက်သမားဆရာ ကိုအောင်စိန်ကြီးက စပ်ပေးမှာတဲ့လို့ လှည့်ပြောတယ်။ ဟုတ်သေးပါဘူးလို့ ကျစ်လုံးက ပြောပြန်တယ်။ ဒီကောင်က ကျွန်တော်တို့ထဲမှာ ပညာရှိ။ တွေးတတ်တယ်။ ဘာမဟုတ်သေးတာလဲလို့ ကျွန်တော်က လှမ်းမေးလိုက်တယ်။ သူတို့ဘုရားက ဖန်ဆင်းနိုင်တယ်လို့ ဗိုလ်ဥာဏ်က ပြောသားပဲ။ ဖန်ဆင်းနိုင်မှတော့  ဖန်ဆင်းခိုင်းပေါ့ကွာ။ ဘာဖြစ်လို့ သူက စိတ်ပူပြီး စုဆောင်းနေရတာလဲ။ ဗိုလ်ဥာဏ်တို့လို မဖန်ဆင်းနိုင်တဲ့ ဘုရားကိုးကွယ်မိလို့ ကြက်သရေခန်းထားပြီး ပစ္စည်းစုတယ်ဆိုရင် ဟုတ်တုတ်တုတ်ရယ်လို့ ကျစ်လုံးက ဖြေတယ်။ တွေ့တယ်မဟုတ်လား။ ဒီကောင့် အတွေးအခေါ်။ ဒီလိုတော့လည်း အဟုတ်သားရယ်။ သူ ပြောတာတွေကို ကျွန်တော် တွေးကြည့်နေမိတယ်။ တို့ဗိုလ်ဥာဏ်က လွတ်မြောက်ချင်တာ။ လွတ်မြောက်ချင်နေမှာတော့ ဘာတွေ စုဆောင်းနေရဦးမှာလဲ။ ဘာလို့တခြားလူတွေအတွက် ပူနေရဦးမှာလဲတဲ့။ ဒီလိုတော့လည်း အဟုတ်သားရယ်။ ဒါပေမယ့် ဒီကောင်က လေးတန်းကို နှစ်ချင်းပေါက် မအောင်ခဲ့တဲ့အကောင်။ ဟကောင်၊ ငါတို့လို ခုနစ်တန်းရောက်ကမှ အဲဒါမျိုးတွေ ပြောလို့။ ကျွန်တော်က လှမ်းပြောလိုက်တော့ အားလုံးက ရယ်ကြတယ်။ သေချင်းဆိုး။ လာ၊ လာချည့်သေးလို့ သာမောင့်ဆီက အသံထပ်ကြားလိုက်ရတယ်။

ကိုမြဟန်ကြီးတို့ဝင်းထဲရောက်တော့ သာမောင်က ခေါင်းဆောင်ပြီး တဲကြီးဆီ သွားကြတယ်။ ကျစ်လုံးတို့တဲထဲက တိရစ္ဆာန်ကလေးတွေကို ကြည့်ချင်လို့ ဆိုပြီး လိုက်သွားကြတယ်။ ကျွန်တော်နဲ့ ဖြူလေးကတော့ ကိုမြဟန်ကြီးထိုင်တဲ့နေရာဆီ ထွက်လာခဲ့ကြတယ်။ ကိုမြဟန်ကြီးထွန်းထားတဲ့ လက်ဆွဲမီးအိမ်ကလေးကတော့ ခပ်မှိန်မှိန်ရယ်။ ဆီနည်းနေပြီထင်တယ်။ ကိုမြဟန်ကြီးကတော့ လသာသာမှာ သောက်တဲ့ အဖန်ရည်ကလေးအရှိန်နဲ့ ကုလားထိုင်ကြီးပေါ်မှာ အိပ်မောကျနေတယ်။ ဟောက်တောင်နေတယ်။ အိပ်မက်တွေဘာတွေ မက်နေပုံပဲ။ ကိုမြဟန်ကြီးရဲ့ အိပ်မက်ထဲမှာတော့ ကျွန်တော်တို့တောင် ပါဦးမှာ။ ရွာထဲက ကောင်လေးတစ်သိုက် သူ့ဆီလာပြီး လကလေးတစ်လုံးပေးစမ်းပါလို့ ပြောကြတယ်ရယ်လို့။ သူကလည်း တဲကြီးထဲမှာ သူစုထားတာ ရှိတယ်ရယ်လို့ ပြောလိုက်မှာပဲ။ အိပ်မက်က အတော်ရှည်ရှည်မက်နေဦးမှာ။ တကယ်တော့ အိပ်မက်ထဲမှာတင် ကျွန်တော်တို့နေကြဖို့ကောင်းတာ။ အိပ်မက်ထဲမှာ အလင်းအမှောင်က တစ်မျိုးတည်းပဲ။ အပြင်ဖက်မှာကတော့ မှောင်တယ်။        ။

မြင့်သန်း
စုံနံ့သာ မဂ္ဂဇင်း (အတွဲ ၁၊ အမှတ် ၆)
ဇွန်၊ ၂၀၁၄