October 15, 2014

ရွာထဲရပ်ထဲမှာကတော့ဖြင့် (မြင့်သန်း)





တိုင်းပြည်ကြီးလွတ်လပ်ရေးရလာတာဆယ်နှစ်နီးပါးရှိလာပေတဲ့ ဒုံရင်းကတော့ ခြုံတွင်းမှာဒုံရင်းပဲ ဖြစ်နေတုန်း။ ကျုပ်တို့တိုင်းပြည်ကြီးအတော့်ကို ပြောင်းလဲသွားတာလို့ လူထူထူမှာပြောလေ့ရှိတာကတော့ ဆရာကြီးဦးလှအေမာင်ပဲ။ သူကတော့ ကျောင်းဆရာဟောင်းကြီးကို။ အရပ်ထဲမှာတော့ ပညာတတ်။ ဒီတော့လည်းသူ့ကိုဘယ်သူကမျှ အပြိုင်မပြောရဲကြဘူး။ သူ့ကိုပြိုင်ပြီးပြောရဲတာမရှိဘူးရယ်လို့တော့ မဟုတ်ဘူး။ ရှိတော့ရှိတယ်။ တာလမ်းဟိုဖက်ဆီကမူလတန်းကျောင်းကလေးမှာအခုကျောင်းအုပ်ဖြစ်နေတဲ့ ဆရာမြတို့၊ ကွန်မြူနစ်လူထွက်ဦးထွန်းခင်တို့လောက်ပဲ။ စာသင်တိုက်ကြီးမှာရပ်ကိစ္စရွာကိစ္စပြောကြဆိုကြတဲ့အတခါ အမြီးအမောက်မတည့်စရာကလေးတွေ ပေါ်လာလို့ ဆရာကြီးဦးလှမောင်နဲ့ ထိပ်တိုက်တိုးလို့ “နိုး”ပြောစရာများပေါ်လာရင်တော့ ဦးထွန်းခင်ကြီးကိုပဲအားကိုးကြရတယ်။ ဆရာမြကြီးကတော့ ရန်မများဘဲ အမှန်တရားကလေးနဲ့ပဲ နေချင်တာကြောင့် ဘယ်သူက ဘာပြောပြော ဟုတ်သာပေါ့ဗျာ လို့ပဲ ပြောတတ်တယ်။ လူငယ်ပိုင်းထဲကဆို တောင်ရွာက မောင်တာနဲ့ သူကြီးတူ မောင်မူပဲ။ လူငယ်ပိုင်းလို့ ဆိုရတာက ဦးလှမောင်တို့၊ ဦးထွန်းခင်တို့ထက် ငယ်လို့။ သူတို့ကတော့လည်း အရပ်ထဲက ကာလသားတွေအပေါ်မှာ၊ လူလတ်ပိုင်းတွေအပေါ်မှာ သြဇာရှိတယ်။ သို့ပေသိ ဦးလှမောင်ကြီးပြောတာဆိုတာနဲ့ သူတို့သိထားတာ လွဲနေရင်…ဟာဗျာ၊ ခင်ဗျာဟာက မဟုတ်သေးပါဘူး….ဆိုတာနဲ့စပြီး ရှေ့ဆက်ဖို့အတော်ခက်နေတတ်တယ်။ ခက်ဆို ရွယ်တူတန်းတူတွေမဟုတ်လို့ပဲ။ ရွယ်တူတန်းတူတွေဆိုရင်ဖြင့် မောင်မူက ထပြီးနားရင်းရိုက်မှာ။ မောင်မူက သုံးချက်လောက်ရိုက်ပြီးရင် မောင်တာကြီးက ဟကောင်တွေ မလုပ်ကြနဲ့ မလုပ်ကြနဲ့ဆိုပြီး ဝင်ဆွဲတတ်တယ်။ အဲဒီတော့ နားရင်းရိုက်ရတဲ့လူကလည်း ရိုက်လိုက်ရလို့ ကျေနပ်ပြီ။ အရိုက်ခံရတဲ့လူကလည်း ကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ်စေ အရိုက်ခံရပြီးပြီ။ ပြောစမှတ်ဖြစ် ကျန်ရစ်တာကတော့ မောင်တာကြီးရှိပေလို့ဆိုတာပဲ။ မောင်တာကတော့လည်း သူ့ထုံးစံအတိုင်း ပါးစပ်တဖြဲဖြဲ၊ တဟဲဟဲနဲ့ရယ်။ လောကကြီးကို ငြိမ်းချမ်းစေချင်တဲ့လူ။ ဒါကြောင့် အရီးမြတင်ကတော့ ပြောလေ့ရှိတယ်။ လောကကြီး ငြိမ်းချမ်း၊ မငြိမ်းချမ်းတော့မသိဘူး။ မောင်တာကတော့ ပြုံးပြရလွန်းလို့ ပါးညောင်းလောက်ပြီတဲ့။
          တကယ်တော့ ဦးလှမောင်ကို နိုင်တာက တိုက်အုပ်ပဲ။ စာသင်တိုက်ကြီးက ဆွမ်းစားကျောင်းဆီမှာ အစည်းအဝေးဘာညာလုပ်ကြလို့ စကားပြောကြတဲ့အခါ ဆိုင်ဆိုင်မဆိုင်ဆိုင် မင်းတို့ဟာကကွာ ကိုလိုနီမရှိတော့လို့၊ ဒီမိုကရေစီရနေကာမှ….ရယ်လို့ အစချီပြီး ဆရာကြီးဦးလှမောင်က ဝင်ပြောလေ့ရှိတတ်တယ်။ ဆိုင်ဆိုင် မဆိုင်ဆိုင်လို့ ပြောရတာက ဦးလှမောင်ကြီးက ဒီကလူတွေလို တောလိုက်အုံပါ နေတာမျိုးမဟုတ်ဘူး။ ပြောပြီးပါပကော။ သူက ပညာတတ်။ အငြိမ်းစားကျောင်းဆရာဆိုပေတဲ့ ကျောင်းဆရာကို ဂျောင်းကွာ လုပ်မရဘူး။ ပြောပြီးပါပကော။ သူက ကျောင်းဆရာပဲ။ သေတဲ့အထိဆိုတာတောင် မလုံလောက်သေးဘူး။ ကမ္ဘာကြီးတည်နေသရွေ့ တည်တဲ့ ကပ္ပဋ္ဌီတိလေးခုမှာတောင် နောက်ဆက်တွဲတစ်ခုအဖြစ်နဲ့ ကျောင်းဆရာ ဆိုတာကို ဖြည့်လို့ရရှု ဖြည့်ဖို့ကောင်းတယ်။ ကိုလိုနီ…ရယ်၊ ဒီမိုကရေစီ…ရယ် ဆိုတာကို အင်မတန်ခံတွင်းတွေ့တာ။ ဦးလှမောင်ကြီးက စကားဝိုင်းထဲ ဝင်ပြောတော့မယ်လို့ အပျိုးခင်းတယ်ဆိုတာနဲ့ တိုက်အုပ်ကလည်း တစ်ချီတည်းနဲ့ အရိုးအရင်းဖြစ်အောင် လုပ်တော့တာ။ ဒီမယ် ဆရာကြီး…။ မဟုတ်ရင် ဒီမယ် ကိုလှမောင်ကြီး… ရယ်လို့ ခေါ်လိုက်ရင်း ခင်ဗျားနဲ့ ကိုလိုနီတွေ၊ ဒီမိုကရေစီတွေ ခဏထားဦး။ ပြီးကာမှ ခင်ဗျားနဲ့ကျုပ် ဒီထက်အရေးကြီးတာ တိုင်ပင်ရဦးမယ်လို့ ပြောတတ်တယ်။ဒီတော့လည်း ဦးလှမောင်ကြီးက ငြိမ်သွားရော။ ငြိမ်ဆို လူထူထူထဲမှာ တိုက်အုပ်က ရပ်ကိစ္စရွာကိစ္စထက် အရေးကြီးတာကို တိုတိုးတိတ်တိတ် တိုင်ပင်ဦးမှာဆိုတော့လည်း သူက အတော့်ကို အရေးပါတဲ့ ပုဂ္ဂိုလ်ဖြစ်သွားပြန်တာကိုး။
          ဦးလှမောင်ကြီး ငြိမ်သွားတယ်ဆိုပေသိ ဆွမ်းစားကျောင်းနံရံမှီပြီး ထိုင်နေကြတဲ့ မောင်မူတို့၊ မောင်တာတို့၊ ဆရာမြကြီးတို့က အချင်းချင်းကြည့်ပြီး ပြုံးကြတယ်။ သူတို့ကတော့ တိုက်အုပ်ကို ကြောက်တာနဲ့ အစည်းအဝေးထဲ လာထိုင်နေကြရတာပဲ။ နောက်နားဆီကနေသူတို့ချင်း ခပ်တိုးတိုးနဲ့ ဟာဝါးပန်းရင်း မဂ်ဖိုလ်နိဗ္ဗာန် ရရာရကြောင်းကျင့်စဉ်ထဲ မပါတဲ့ ထိနမိဒ္ဓကမ္မဋ္ဌာန်းစီးဖြန်းနေကြတာ။ ပြုံးကြဆို တို့ကိုယ်တော်တော့ဖြင့် ကုဋီကျင်းအသစ်တူးစရာရှိသလား။ ကျောင်းနံရံရေနံသုတ်ဖို့ ရှိသလားပဲလို့ ချက်ချင်းတွေးလိုက်မိကြလို့။ လူထူထူမှာ ဦးလှမောင်ကြီးကို အဲသလိုမျိုး ပြောရင်း နောင်မှ အသာခေါ်ပြီး တိုက်အုပ်က ခိုင်းနေကျ။ ဦးလှမောင်ကြီးက ကြီးကြပ်ပြီး ကျောင်းသားကလေးတွေ၊ အရပ်ထဲက ကလေးတွေကို ခိုင်းရတယ်။ ဒါ တိုက်အုပ်ရဲ့ ပညာပဲ။ ဦးလှမောင်ကြီးကတော့လည်း အမှတ်မရှိဘူး။ သူ့အတွက်ကတော့ အရေးကြီးတာတွေတိုင်ပင်ရဦးမှာ ဆိုတာကိုက ကဏ္ဏသုခတစ်ရပ်ကိုး။ လူသူလေးပါးထဲမှာ သူကိုယ်သူ ငါဟာ အထင်ကရပါကလားရယ်လို့ မြင်တာကိုး။ ဒါကြောင့် မြို့ကနေ မကြာမကြာ လာတတ်တဲ့ ဆရာနှောင်းကြီးကတော့ ဦးလှမောင်ကြီးနဲ့ တိုးရင် အိုက်ကွန်းကြီးလို့ ခေါ်လေ့ရှိတယ်။ ဆရာနှောင်းကြီးအပြောကတော့ ခုခေတ်မြို့ပေါ်က ကလေးတွေက အိုက်ကွန်းကို အထင်ကရလို့ ဘာသာပြန်ဆိုပဲ။ ထားတော့ ဒါက တစ်ပိုင်း။
          ဆရာကြီးဦးလှမောင်ရဲ့ ကိုလိုနီတို့၊ ဒီမိုကရေစီတို့ဆိုတာတွေက အရပ်ထဲမှာ ဘယ်သူကမှတော့ သိပ်မသိကြဘူး။ သို့ပေသိ ကိုလိုနီဆိုတာတွေ မရှိတော့ကာမှာ ကိုလိုနီဘာသာစကားက အတော်ကလေး နေရာရလာတယ်။ တည့်တည့်ပြောရရင်တော့ ကိုလိုနီစကားကလေး တစ်ခွန်းနှစ်ခွန်းထည့်ပြောကာမှ လူရာဝင်သလိုဖြစ်နေတယ်။ အရပ်ထဲဆီမှာတော့ ဂေါ်ယာသံထွက်တယ်လို့ ခေါ်ကြတာပဲ။ တိုက်အုပ်တောင်မှပဲ ကျောင်းမှာ စာသင်သားတွေ အရပ်ပြန်လို့ အချိန်ပိုကလေးရနေတဲ့အခါမျိုးမှာ ဆရာကြီးဦးလှမောင်ဆီက ပြည်ဆရာကြီး ဦးဘေစာအုပ်ငှားပြီး ဘိုလိုအပြောကျင့်သတဲ့။ တိုက်အုပ်တင် ဘယ်ဟုတ်မလဲ။ တစ်သက်လုံးပါဠိပတ်သားနဲ့ ပြောလေ့ရှိတဲ့ ဓာတ်ဆရာဦးမှန်ဆီကတောင် ဂေါ်ယာသံကလေး ကြားလာရတယ်။ အရင်ကတော့ ဦးမှန်က ဝဋ်နာကံနာကလွဲတော့ ဖွဲနဲ့ဆန်ကွဲလောက်ပဲ ထင်တဲ့လူ။ ဦးမှန် မမှန်ရင် ကိုယ့်အိမ်ကို ပြန်မယ်လို့ ကြေငြာထားတဲ့လူ။ ဒီလိုလူမျိုးဆီကတောင် ဘိုသံထွက်လာနေတယ်။ ဦးမှန် ဖော်ရောင်းတဲ့ ကြက်သွန်ဖြူဆေးလုံးလေးတွေရဲ့ ကြော်ငြာဆောင်ပုဒ်တောင် ပြောင်းသွားတယ်။ အရင်ကတော့ ရန်ကုန်ဆီက သွေးဆေးတေဆေးကြော်ငြာသလို မအိုသေးတဲ့သူ အပျိုကလေးနဲ့ တူ ဆိုတာမျိုး။ မြန်မာသံစစ်စစ်ကလေး။ ခုတော့ ဦးမှန်က သူ့ဆေးကို ဂေါ်ယာသံကလေးထည့်ကြေငြာတယ်။ အများချစ်အောင်၊ ဂါးလစ်ဆောင် တဲ့။ ကြက်သွန်ဖြူကို ကြက်သွန်ဖြူမခေါ်တော့ဘဲ ဂါးလစ်တဲ့။ ဦးမှန် ဖော်ထားပြီး ရောင်းမထွက်တဲ့ ကြက်သွန်ဖြူ ဆေးလုံးများကလည်း ဂါးလစ်ဆိုကာမှပဲ အဝယ်လိုက်လာတာကိုး။ ကြက်သွန်ဖြူတောင် ဂေါ်ယာအသံထွက်လို့ ဂါးလစ်ဘဝရောက်ကာမှ အစွမ်းထက်လာလေတော့ အရပ်ထဲက ကလေးတွေ ဘိုလိုညှပ်ပြောတာက သိပ်အပြစ်ဆိုစရာမဟုတ်တော့ဘူး။ ဂေါ်ယာသံပေါက်တော့မှ လူတွေလည်း မြောက်လာကြသပေါ့။
          သို့ပေသိ ဒီလိုဂေါ်ယာသံပေါကလို့ လူတွေ မြောက်နေတာကို အရီးမြတင်ကတော့ ကြည့်မရဘူး။ နားထဲ မြင်ပြင်းကပ်နေပုံရတယ်။ လှမောင်ကြီးနဲ့ တွေ့ကာမှ ငါ ပြောဦးမယ်လို့ ပြောရင်း တေးထားတယ်။ သူ့စိတ်ထဲမှာတော့ ဦးလှမောင်ကြီး စနက်လို့ ထင်ထားတာ။ သူ့တူမ သန်းတင်မကတော့ အကျိုးအကြောင်း ပြောသေးတယ်။ သိပ်မတွင်ဘူး။ ညည်းအစိုးရစစ် ခုနစ်တန်းထိုင်ဖူးတာနဲ့ ငါ့ကို ဆရာလာမလုပ်နဲ့လို့ တစ်ခွန်းပြောတာနဲ့တင် သန်းတင်မလည်း ရှေ့မဆက်ရဲတော့ဘူး။ ဒါတင် ဘယ်ဟုတ်သေးလဲ။ ညည်းများ အစိုးရစစ်ခုနစ်တန်းအောင်ခဲ့ရင် ငါတော့ ဒီအရပ်နေလို့ဖြစ်မယ် မထင်တော့ဘူးလို့ ပြောတတ်သေးတာ။ ဒီတော့လည်း သန်းတင်မခများ ခုနစ်တန်းတက်တုန်းက ညားခဲ့ရတဲ့ ဂေါ်ယာစာလုံးအချို့ကိုတောင်ပြတ်စဲခန်းဖွင့်ထားရရှာတယ်။ တကယ်တော့ သန်းတင်မက အရီးမြတင်အပေါ်အတော်ကောင်းရှာတာ။ သူကလည်း အရီးလိုပဲ အိပ်ထောင်ရက်သားမပြုဘဲ အရီးဆီမှာ လာနေရင်း အရီးကို ပြုစုစောင့်ရှောက်နေတာပဲလို့ ပြောရမှာ။ သူ့အမေ ဒေါ်ကြီးမြခင်က မြောက်ဘက်ထဲဆီက။ သန်းတင်မအောက်က သားနှစ်ယောက်ရှိတယ်။ သူတို့နဲ့အတူနေတယ်။ သန်းတင်မက ငယ်ငယ်ကတည်းက အရီးမြတင်နဲ့ အတူနေလာတော့ အရီးက အမွေစား အမွေခံ မွေးစားထားတယ်။ ခုဆို အရီးမြတင်အချိုးမျိုးဖြစ်လာတယ် ပြောရမလားဘဲ။ ဟူိုတစ်လောဆီကတင် သန်းတင်မက မောင်မူနဲ့ မောင်တာကို ကြိမ်းနေတာ တွေ့လိုက်ရသေးတယ်။ တိုင်းပြည်ကြီး လွတ်လပ်ရေးရတယ် ဆိုကာမှ နင်တို့က တရုတ်မကြိုက်ရတာနဲ့ ၊ ကုလားမကြိုက်ရတာနဲ့။ နင်တို့က ဂေါ်ယာကို ပြန်ပြီး လွမ်းနေ၊ တမ်းနေကြရအောင်က ဂေါ်ယာတွေကို နင်တို့အဘများထင်နေလို့လားလို့ ပြောတာ။ မလိုအပ်တော့မှပဲ နင်တို့မှာ မျိုးချစ်စိတ်ဓာတ်ထက်သန်နေလိုက်ကြတာလို့လည်း ကောက်ချက်က ချလိုက်သေး။ သန်းတင်မက မောင်မူတို့ မောင်တာတို့နဲ့ ကျောင်းနေဖက်မို့ သင်းတို့က သူ့ပါးစပ်တစ်ပေါက်ကိုတော့အ ကြောက်သားရယ်။
          ဒီအကြောင်းကလေးတော့လည်း ထည့်ရှင်းဦးမှ။ ဖြစ်တာက ဒီလို။ ရေတိမ်ချောင်းဖျားဖက်ဆီမှာ တံတားထိပ်ကားဆိပ်က အာ့စိန်ကြီးတို့အမျိုး အာ့ကျူတို့က မြေတစ်ကွက်ရှိတယ်။ ကြာလှပြီ။ ခုတော့ သူတို့က ဘဲမွေးချင်တယ်။ ရေကို မြစ်ဖျားကနေ စက်နဲ့ စုတ်ပြီး ချောင်းဖျားဆီဖြည့်မှာတဲ့။ ရန်ကုန်ဆီက စင်ရော်ကုမ္ပဏီက ဆိုသလားပဲ။ ဂျပန်ပြည်က ရေစုပ်စက်တွေ သွင်းသတဲ့။ အဲဒါတွေနဲ့ရေစုပ်ပြီး လုပ်ကြမှာ။ တကယ်တော့ ရေတိမ်ချောင်းဖျားမှာက မိုးအခါလောက်ပဲ ရေရှိတာ.။ ခုလိုရေသွင်းလိုက်ရင် တစ်နှစ်ပတ်လုံးရေရှိနေတော့ အထက်ဖက်နားဆီကလူတွေ အတော်ဟန်ကျသွားမှာ။ သို့ပေသိ မောင်မူတို့ မောင်တာတို့က မကြိုက်ဘူး။ တစ်အချက် သူတို့ပူနေတာက ဧရာဝတီမြစ်ရေခန်းသွားမှာကိုပဲ။ မြစ်ထဲကရေကို စက်နဲ့ စုပ်ယူရင်း မြစ်ရေတွေ ကုန်သွားမှာ စိုးဆိုပဲ။ နှစ်အချက်ကတော့  ဧရာဝတီမြစ်ထဲ ရေနည်းသွားရာက ဧရာဝတီမြစ်ရေတွေ စီးဆင်းသွားတဲ့ ဘင်္ဂလားပင်လယ်အော်ပါ ရေကျသွားရင်ဖြင့်  ကျွန်းပေါ်လာ သောင်ထွန်းလာရင်တော့ အနောက်ဘက်ဆီက ဘင်္ဂါလီတွေ ပင်လယ်အော်ကို ဖြတ်ပီး ဒီဘက်ဆီကို ကုန်းကြောင်းလျှောက်လာရင် မခက်ဘူးလားတဲ့။ မောင်တာကြီးက အပြောကောင်းကောင်းနဲ့ ကျုပ်တို့အရပ်က သေးသေးကလေးပါဗျာ။ တရုတ်ကြီးနဲ့ ကုလားကြီးအကြားမှာ ညပ်နေတာပါ။ သူတို့ ချောင်းတစ်ချက် ဟတ်တာနဲ့ ကျုပ်တို့ ပြားချပ်သွားမှာပဲလို့လည်း ပြောရော အရပ်က လူတွေလည်း မျက်လုံးပြူးကြတော့တာ။ အာ့ကျူတို့လုပ်မယ့်အစီအစဉ် ပျက်ကရောပဲ။ ဒါတင် ဘာဟုတ်သေးလို့လဲ။ တောင်ရွာမှာ မောင်တာရှိပေလို့လို့ ပြောစရာတောင် ဖြစ်လာတယ်။ မောင်မူကိုတော့လည်း သိပ်မပြောရဲကြဘူး။ သူကြီးတူ မောင်မူမှာက သူ့ဦးလေးသူကြီးမင်း ပေးထားရစ်တဲ့ နှစ်လုံးပြူးကြီးတစ်လက် ရှိတယ်။ ဟုတ်ပါ့၊ ငြိမ်းချမ်းရေးရဖို့ဆိုတာက လက်နက်လိုတာပဲ။ ရန်မများဘဲ အမှန်တရားနဲ့ နီးအောင် လက်နက်ဆောင် အောင် ဆိုတဲ့ ခေတ်ကိုး။
          အဲဒီတုန်းက တာလမ်းဟိုဘက်ဆီက ကွန်မြူနစ်လူထွက် ဦးထွန်းခင်နဲ့ ဆရာမြကြီးတို့က သိပ်မကြိုက်လှဘူး။ သူတို့တွေက အလံနီကွန်မြူနစ်ဆိုသလား၊ ဆိုရှယ်နီဆိုသလား၊ အယူရှိတဲ့လူတွေတဲ့. တိုက်အုပ်တို့၊ ဆရာကြီးလှမောင်တို့ကတော့ သူတို့ကို ပြည်ဆရာကြီးဦးဘေ အသံထွက်နဲ့ မာ့ကဆစ်တွေလို့ ခေါ်တယ်။ မာ့ကဆစ်ဆိုကလည်း ဟိုးအနောက်ဘက်ဆီက…။အင်း။  ဖြတ်ပြောရရင်တော့ အနောက်ဘက်ဆိုပေသိ မဇ္ဈိမတိုင်းဆိုတာက ဒီနားကလေးက အနောက်ဘက်။ ခုတော့ ကုလားတွေနေတဲ့ ကုလားပြည်ပေါ့။ ခုပြောနေတဲ့ အနောက်ဘက်ဆိုတာက မဇ္ဈိမတိုင်းထက် အနောက်ဘက်ကျသေးတယ်။ ဂေါ်ယာတွေနေတဲ့အနောက်ဘက်။ အဲဒီဆီက ကုလား မာ့(ခ)ဆိုတဲ့ မုတ်ဆိတ်ဖွားဖွားနဲ့ ကုလားဖြူကြီးရဲ့ ဝါဒတဲ့။ ဦးထွန်းခင်တို့၊ ဆရာမြတို့က အဲဒါကြီးကို ကိုးကွယ်တာဆိုပဲ။ ရေတိမ်ချောင်းဖျားကိစ္စကို စာသင်တိုက်ကြီးက ဆွမ်းစားဆောင်မှာ  လူစုပြီး ပြောကြဆိုကြတော့ အတော့်ကို ပြောကြဆိုကြသေးတာ။ ဦးထွန်းခင်တို့ကတော့လူ့အကျိုးစီးပွားအတွက် ဆိုရှယ်လစ်နည်းလမ်းတကျ လုပ်ကြဖို့ဘာဘာညာညာတွေ ပြောပေသိ၊ မောင်မူတို့ မောင်တာတို့ကို မလှန်နိုင်ဘူး။ သူတို့က လူအင်အားကောင်းတယ်။ နောက်ဆုံးတော့ တိုက်အုပ်ကပဲ ဟိုလိုလိုဒီလိုလိုလုပ်ပြီး စကားဝိုင်းရပ်ပစ်လိုက်ရတယ်။ အဲသလို ဟိုလိုလိုဒီလိုလို လုပ်တာကိုတော့  တိုက်အုပ်က ပိုင်တယ်။ သို့ပေသိအရီးမြတင်ကြိမ်းတာကလေးတော့ ခံလိုက်ရတယ်။ ဝိုင်းသိမ်းလို့ ပြန်ကြမယ်လုပ်တော့ အရီးမြတင်က ဘုန်းကြီးကို တိုင်တည်ရင်း ပြောတယ်။ ကိုယ်တော် ကျုပ်ပြောဦးမယ်။ ခုဟာက အချိန်ကုန်တာ သက်သက်ပဲ။ထွန်းခင်တို့ ကျောင်းဆရာတို့ရော၊ ဟိုအကောင်တွေရော အတူတူပဲ။ နင်တို့မှာက အချိန်တွေပိုနေတော့ အရာရာကို ကဏ္ဍကောစကလေး လုပ်လိုက်ကြရမှ။ ကျီးစောင့် ကြက်နှင် လုပ်တာကိုပဲ ပွဲစည်အောင် လုပ်ချင်ကြတယ်။ ကိုယ်လည်း မလုပ်နိုင်ဘူး။ သူများလုပ်တော့လည်း ထော်လော်ကန့်လန့်ရယ်။ ငနှောင်းကြီးပြောပြလို့ ငါ ကြားဖူးတယ်။ ဧရာဝတီမြစ်ကြီးထဲ ရေဝင်ဖို့ဆိုတာက ကုလားပြည်ထဲက ဟိမဝန္တာတောင်ရိုးက ရေစီးလာတာတဲ့။ ဒီတော့ ကုလားတွေက ဟိုဘက်ဆီက ရေကို တားထားရင်ကော နင်တို့ ဘာလုပ်ကြမတုန်း။ ကုလားတွေကို သွားရှိခိုးကြမှာလား။ ရှိခိုးကြပေါ့။ ကုလားက ဘုရားဖြစ်တာပဲ။ ဒီနားလောက်လည်း ရောက်ကရော တိုက်အုပ်က မြတင်တော်တော်လို့ ပြောရင်း ထိုင်းရာက ထတယ်။ ဝင်တားရတယ်။ မတားလို့ မဖြစ်ဘူး။ အလယ်အလတ်လမ်းမှာ ရပ်နေရင်း သူ့ပါ ခလုတ်တိုက်ခံရဖို့ နီးလာပြီ။ မဖြစ်တော့ဘူး။ ရေတိမ်ချောင်ဖျားက ပေါက်ဖော်ကြီးတွေ ကိစ္စဟာ တဖြည်းဖြည်းနဲ့ ဘာဘူကြီးတွေဆီ ရောက်သွားပြီး နေရင်းထိုင်ရင်း သူပါ အဆစ်ပါရတော့မယ့် အနေအထား ရောက်လာတယ်။
          အဲဒီနေ့ကတည်းဆီက ကျောင်းတိုက်ကြီးဘက် အရီုးမြတင်မရောက်ဖြစ်ဘူး။ မနေ့ဆီကတော့ ဆွမ်းချိုင့်လာကောက်တဲ့ ကျောင်းသားကလေးတွေက နေ့လည်နေ့ခင်းဘက်အားတဲ့အခါ ကျောင်းဆီလှည့်ခဲ့ပါလို့ ဘုန်းကြီးက မှာတယ် လာပြောတာနဲ့ပဲ အရီးလည်း ကျောင်းတိုက်ဆီ ထွက်ခဲ့တာ။ ထွက်သာလာခဲ့ရတယ်။ ဒီလိုနေ့မျိုးဆိုရင် အရီးမြတင်အိမ်မှာ လူစုံတယ်။ နောက်နေ့က တောဖိတ်။ အရီးအိမ်မှာ မိန်းမတွေစုပြီး ချက်ကြပြုတ်ကြတယ်။ သူကြီးကတော်တချို့တောင် ပါသေးတယ်။ သူကြီးဦးနီမိန်းမကတော့ ညီအစ်မတစ်ဝမ်းကွဲမို့ အမြဲတမ်းလာနေကြ။ ဦးနီမိန်းမရောက်လာတာနဲ့ သန်းတင်မကို မှာစရာရှိတာမှာပြီး အရီးမြတင်လည်း ကျောင်းဖက် ထွက်လာခဲ့တယ်။ လှမောင်ကြီးများဖြတ်သွားဖြတ်လာတွေ့ခဲ့ရင် အိမ်ထဲ ခေါ်ထားစမ်းလို့လည်း မှာလိုက်သေးတယ်။ဖြစ်များဖြစ်ချင်တော့ ကနေ့ခါမှပဲ ဦးလှမောင်ကြီးကလည်း ကံစွပ်ကံညာတိုးလေမလားရယ်လို့ တွေးပြီး အရီးမြတင်အိမ်ရှေ့နားဆီက ဖြတ်သွားလိုက်မိပုံရတယ်။ ခါတိုင်းဆို အနောက်ဘက် တာကြီးတန်းပေါ်ကနေ မြောက်ဘက်ဆီ သွားနေကြ။ဒီတော့လည်း အရီးမြတင် အိမ်ဝိုင်ထဲက မကျည်းပင်ကြီးအောက် ထိုင်ကြတဲ့ သူကြီးဦးနီမိန်းမရယ်။ သန်းတင်မရယ်နဲ့ အရပ်ထဲက မိန်းမတွေ တချို့နဲ့ ဒက်ထိတိုးရော။ ဟဲ့ လှမောင်ကြီး ဝင်ခဲ့ဦးလေလို့ သူကြီးဦးနီမိန်းမက လှမ်းခေါ်လိုက်တာနဲ့ ဆရာကြီးဦးလှမောင်လည်း မငြင်းရဲဘူး။ မငြင်းရဲဆို ဦးလှမောင်ကြီး နောက်အိမ်ထောင်က သူကြီးကတော်ရဲ့ ယောက်ျားဖက်က တူမ။ ဦးလှမောင်ကြီး ကြောက်တာကလည်း အရပ်ထဲက မိန်းမိတွေပဲ။ သူတို့မှာက ဘာစည်းမှ မရှိဘူး။ ပြောစရာရှိ ပြောထည့်တတ်ကြတယ်။ မိန်းမများဟာ စွန်လည်ပျံ မျက်နှာချေလောက်သာ လိမ်းတတ်ကြတာ။။ ဒီကလွဲလို့ ဆင်ခြင်တုံတရာမရှိဘူးလို့ သူက လက်ခံထားတာ။ ဒီတော့လည်း မိန်းမတွေမှာ ဆင်ခြင်တုံတရာ ရှိရှိ မရှိရှိ သူကတော့ အတွယ်ခံရတော့မှာ သေချာတယ်လို့ တွေးထားမိပြီးသား။ ကောလီကျေမသွားရင်ဘဲ တော်လှပြီ။ ကံညှိုးလို့ ကိုးဖို့ရာဆိုတာကလည်း သူ့မှာ ဘာမှမရှိ။ ဒီတော့လည်း သန်းတင်မချကျွေးမယ့် ကြက်ဥကြော်ဖြစ်ဖြစ်၊ လက်ဖက်ဖြစ်ဖြစ်….။ တစ်ခုခုမျက်နှာထောက်ပြီး ဦးလှမောင်ကြီးလည်း အရီးမြတင်အိမ်ထဲ ဝင်လိုက်တော့တယ်။ ဝင်ဝင်ချင်း ဘယ်မှာတုန်း မြတင်လို့ မေးလိုက်မိတယ်။
          အဲဒီအချိန်မှာတော့ အရီးမြတင်က စာသင်တိုက်ဆီမှာ။ တိုက်အုပ်မှာလို့ သွားတွေ့တာ။ တွေ့ဆို ကျုပ်က ဟိုအကောင်တွေလို တစ်ရာ့ကိုးတစ်ရာတစ်ဆယ်တွေမဟုတ်ဘူး။ ပြောစရာရှိ လိုရင်းသာပြော ကိုယ်တော်လို့ ပြောတော့တာပဲ။ တိုက်အုပ်က အရီးမြတင်အကြောင်းသိနေတော့ အသာလေပြေထုးတယ်။ နောက်တော့မှ လိုရင်းပြောတယ်။ အကြောင်းရင်းကတော့ ရွာထိပ်က ကဝေမကိစ္စပဲ။ ရွာထိပ်က ကဝေမဆိုတာကလည်း အရပ်ထဲကခေါ်ကြတာ။ တချို့ကတော့လည်း အနောက်စုန်းလို့ခေါ်ကြတယ်. တကယ်တော့ တံတားထိပ်ကားဆိပ်ဆီကနေ ကျွတ်ဖာလေထိုးလုပ်တဲ့ အာဇစ်မောင်မြတို့ ညီအစ်ကိုတွေအထဲက အာဇစ်တစ်ကောင်ရဲ့မိန်းမ။ ဘယ်အာဇစ်မှန်းတော့မသိဘူး။ ယောက်ျားနဲ့ ကွဲပြီးတော့ ဟိုးဘက်က ဆယ့်တစ်ရွာနဲ့ ဒီဘက်က ကွင်းစပ်ကြားမှာ လာနေတယ်။ ဒီတော့ ရွာထိပ်လိုဖြစ်နေတယ်။ ဘယ်ကဘယ်လိုဖြစ်လို့ ကဝေမရယ်လို့ တွင်နေတာတော့ အသေအချာမသိဘူး။ သူက ဆေးကုသယောင်ယောင်၊ နတ်ကတော်ယောင်ယောင်၊ အထက်စုန်းယောင်ယောင်နဲ့။ ညဆို မီးစုန်းကစားတာ မြင်တဲ့လူက မြင်ဆိုပဲ။ ဒီကြားထဲ တပ်ထွက်တစ်ကောင်နှစ်ကောင်ကလည်း သူ့အနားမှာ။ ထောင်ထွက်တွေကလည်း ဝင်ထွက်သွားလာနေကြတာ။ ဒီအရင်ကတော့ ချောင်းဟိုဖက်ခြမ်းက သူကြီးငညွန့်သားနဲ့ သွားလာနေတာ။ ငညွန့်သားက သူကြီးဖြစ်နေမလားလို့။ သူကြီးလည်းမဖြစ်ရော အာဇစ်နဲ့ညားတော့တာပဲ။ ခုတိုက်အုပ်က အရီးမြတင်ကိုခေါ်ပြီးပြောတာ အဲဒီရွာထိပ်က ကဝေမကိစ္စပဲ။ ခင်ဗျားတို့ မိန်းမချင်း နည်းနည်းပါးပါး ပြောတန်တာကလေး ပြောရင်ကောင်းမယ်လို့ ဘုန်းကြီးက ပြောတယ်။ ကျုပ်လည်း ကြားပါတယ်။ ကျုပ်က အနေသာချည်းပါတော်။ သူ့ဘာသာ မီးစုန်းကစားကစား။ ကွင်းလုံးချွတ်ပြပြ ကျုပ်နဲ့ မဆိုင်ဘူး။ မောင်စိန့်အပိုင်ထဲကပဲ။ မောင်စိန်ခေါ်ပြောပါလားလို့ အရီးက ပြန်ပြောတယ်။ ဒီတော့မှ ဘုန်းကြီးက ခုဟာက ကျုပ်ကို သူကြီးက လာပြောလို့ လို့ ရှင်းပြတယ်။
          မောင်စိန်ဆိုတာက ဟိုဘက်ထဲက သူကြီးဦးစိန်ကို ပြောတာ။ အရပ်ကတော့ ကိုကြီးစိန်လို့ ခေါ်ကြတယ်။ သူက မျိုးရိုးသူကြီးက လာတာ။ မျိုးရိုးသူကြီးက လာတာလို့ ပြောရတာက အရင်က သူကြီးမျိုး။ သူကြီးဆိုတာကို လက်ဆင့်ကမ်းလာတာ။ ခုတော့ မျိုးရိုးသူကြီးတွေ ဖြုတ်ပြီး ရွေးသူကြီးတွေ ခန့်တယ်။ ရွေးသူကြီးခန့်တော့ အဲဒီဖက်က ဆယ့်တစ်ရွာမှာ မျိုးရိုးသူကြီး ကိုကြီးစိန်ပဲ သူကြီးဖြစ်လာတ.်။ လူကတော့ လူကောင်းပါ။ လေကတော့ ပျော့ပျော့ပဲ။ ကေတီကာတီတော့များတယ်။ ဒီတစ်ကြောက ဘုန်းကြီးမှန်သမျှကို ငယ်ဆရာပါဘုရားလို့ ပြောပြီး ဆရာတကာရင်းလုပ်ထားတာ။ ဒီတော့ ကိုကြီးစိန်က သူလုပ်ရမှာကို မလုပ်ပဲ ဘုန်းကြီးနဲ့ လှည့်တိုးပေးတာပဲ။ တိုက်အုပ်ကလည်း လိမ္မာပါးနပ်စွာနဲ့ အရီးမြတင်လက်ထဲ ထိုးထည့်တာ။ သို့ပေသိ အရီးမြတင်က နလပိန်းတုံးမှာ မဟုတ်ဘဲ ။ တစ်သက်လုံး ယောက်ျားသားနဲ့ယှဉ်ပြီး လုပ်ကိုင်လာတာ။ သူ့လက်ထောက်ဆိုတာကလည်း ခုနစ်တန်းအစိုးရစစ်ထိုင်လာဖူးတဲ့ သန်းတင်မရယ်။ ဒီတော့ ဘုန်းကြီးက လက်ပြောင်းပေးတဲ့ ဗြဟ္မာကြီးဦးခေါင်းကိုဖြင့် လွယ်လွယ်နဲ့ လက်ခံမှာ မဟုတ်ဘူး။ ကိုယ်တော်က ဘာဖြစ်လို့ ကိုယ့်တော့်ဘာသာခေါ်ပြီး မပြောရတာတုန်း။ ရပ်ကိစ္စဆို၊ ရွာကိစ္စဆို ကိုယ်တော်ပါနေတာချည်းပဲ မဟုတ်လားလို့ အရီးမြတင်က ပြောပြောင်ကြီးပြန်ပြီးမေးပြော ပြောတယ်.။ အမှန်မှာတော့ အရီးမြတင်က တိုက်အုပ်ကို အသာချောင်ပိတ်ပြီး ဆင်ခြေကန်ရင်း တုပ်ထားလိုက်တာ။ ကျုပ်တို့ ဘုန်းကြီးများဟာ လူ့ကိစ္စနဲ့ အဝေးကြီးပါလို့ ပြောရင်း တိုက်အုပ်က စကားခံလိုက်တယ်။ ပြီးတော့မှ သို့ပေသိ ရပ်နဲ့ရွာနဲ့ဖြစ်လာတော့လည်း မဖြစ်သင့်တာကလေးများ မဖြစ်ရအောင် အသာစောင့်ရှောက်ရတဲ့ သဘောပဲ။ လန်ဖိကျောက်သဘောရယ်ပါ။ ဆိုင်းဆရာများပြောသလို ဝိုင်းစိုပေသိ ငိုရတာမျိုးလည်း မဖြစ်သင့်ဘူးဆိုတာမျိုးပေါ့ဗျာလို့ ပြောရင်း ရှင်းပြတယ်။ အရီးမြတင်တော့ အင်းမလုပ် အဲမလုပ်ပဲ။ ဒီတော့ ဘုန်းကြီးက သူ့ခေါင်းကို သူ့လက်နဲ့ အသာပွတ်နေရင်းက ခင်ဗျားလည်း ကြားဖူးပါတယ်။ ကတုံးရှုပ်၊ ရွာပြုတ်ဆိုတာ။ ကျုပ်တို့အနေနဲ့ကလည်း မလုပ်သင့်တာ ဝင်ပြီးမလုပ်မိဖို့ အရေးကြီးတာပဲလို့ ပြောပြန်တယ်။ အရီးက ဘာမှပြန်မပြောတော့ဘဲ ကျုပ် ကြည့်ပါဦးမယ်။ အရပ်ထဲက မိန်းမတွေလည်း ကနေ့အိမ်မှာ ဆုံကြမှာမို့ သူတို့ကိုလည်း ပြောစမ်းကြည့်ဦးမယ်လို့ ပြောရင်း ဘုန်းကြီးကို ဦးချလိုက်တယ်။ ဘုန်ြးံကီး ပါးစပါက သာဓုအလုံးပေါင်းအတော်များများထွက်လာပြီး ထိုင်ရာက ထလိုက်တော့ အရီးမြတင်လည်း ဘုန်းကြီးကို ဝတ်ချပြီး ထိုင်ရာက ထလိုက်တယ်။ ဘုန်းကြီးက ပြောပြန်တယ်။ ဒကာမကြီး ခင်ဗျားကတော့ ရပ်ထဲ ရွာထဲမှာ ကိုယ့်သိက္ခာနဲ့ကိုယ်နေတာမို့ ဒီကိစ္စကို ခင်ဗျားသိထားရင် ကောင်းမယ်ထင်လို့ ကျုပ်ခေါ်ပြောတာပဲ။ ဘာလုပ်ရမယ် ညာလုပ်ရမယ်လို့ ကျုပ်ပြောတာ မဟုတ်ပါဘူးတဲ့။ ဒီတောလည်း အရီးမြတင်အဖို့ တင်ပါ့ဘုရားထက်ပိုပြီး ပြောစရာမရှိတော့ဘူး။ အထဲကတော့ ပြုံးနေမိတယ်။ တို့ကိုယ်တော်ကတော့ဖြင့် သူ့တပည့်ကျော် စာချဦးဝါသဝက ပဋိဘာနကဝိလို့ခေါ်တာလည်း ခေါ်လောက်တာပဲ လို့ တွေးလိုက်မိတယ်။
          ရွာလယ်ရပ်က လမ်းခွဲနားကလေးဆီရောက်တော့ အနောက်ဘက်ထဲဆီက လျှောက်လာကြတဲ့ ဦးလေးသောင်းကြီးတို့ ညီအစ်ကိုကို လှမ်းမြင်တာနဲ့ အရီးမြတင်က အသာရပ်စောင့်နေလိုက်တယ်။ သူတို့ညီအစ်ကိုတော့ အရီးက ငယ်နိုင်။ အနားရောက်လာကြတော့ ငနှောင်းနင်ဘယ်တုန်းက ရောက်သလဲလို့ အရီးက မေးတယ်။မနေ့မနက်ကပဲလို့ ဆရာနှောင်းကဖြေတယ်။ ဦးလေးသောင်းညီ ဆရာနှောင်းဆိုတာက မြို့ဆီမှာနေတာ အရင်က ပြောပြီးသားပဲ။မသိကြမှာစိုးလို့ ပြောလိုက်ရဦးမယ်။ မြို့မှာတော့ ဒေါက်တာနှောင်းတဲ့။ တန်းကုန်အောင် ပညာတတ်တာတဲ့။ ဆရာကြီးဦးလှမောင်တို့ အပြောအရတော့ ဒေါက်တာဆိုတာက ဒေါက်တိုင်က လာတာ။ ပညာအရာမှာ တန်းကုန်လို့ ပညာဒေါက်တိုင်ကြီးများလို ခိုင်ခန့်နေလို့တဲ့။ ဒေါက်တိုင်ကနေ ကာလရွေ့လျောသွားလို့ ဒေါက်တာဖြစ်သွားဆိုပဲ။ ဒါပေတဲ့ အရပ်ကတော့ ဆရာနှောင်းကြီးလို့ပဲ ခေါ်ကြတယ်။ တိုက်အုပ်နဲ့က သင်္ကန်းစီးဖက်။ တိုက်အုပ်ကို တဲ့တိုးပြောရဲတာ သူပဲ။ အရပ်ကို မကြာမကြာ ပြန်လာလေ့ရှိတယ်။ သူယူလာတဲ့ ရမ်တို့၊ ဝီစကီတို့ကို အရပ်ကလူငယ်တွေကို ပေးပြီး သူကတော့ သောင်းရင်တို့ ထန်းတဲမှာ ထိုင်လေ့ရှိတယ်။ အဲဒီနားဆီက ဆနွင်းဝါဆီကျန်နဲ့ ဆယ်မိ ကြော်တဲ့ ကြက်ကြော်များဆို အသေကြိုက်။ ဆရာနှောင်းကြီးကဆ က်ပြောတယ်.။ ညကတော့ နောင်ကြီးသောင်းအိမ်ပဲ အိပ်လိုက်တယ်။ ကနေ့တော့ ဗိုလ်ဥာဏ်ကျောင်းကို ပြောင်းမယ်တဲ့။ အရီးမြတင်က ပြုံးတယ်။ ပြီးမှ ဟုတ်တာပေါ့ဟယ်။ ငသောင်းကြီးက မိန်းမငယ်ငယ် ယူထားတော့ အဲဒီမှာ နင်နေလို့ ဘယ်ဖြစ်မှာလဲလို့ ပြောပြီး မဟုတ်ဘူးလား ငသောင်းလို့ ဦးလေးသောင်းကြီးကို မေးလိုက်တယ်။ ဟာ မြတင်ရာလို့ပဲ ဦးလေးသောင်းကြီး ပါးစပ်က ထွက်လာပြီး ဘာဆက်ပြောရမှန်းမသိတော့ဘူး။ မိန်းမငယ်ငယ်ယူလိုက်မိတဲ့ ကိစ္စဟာ ဘယ်သွားသွား ငါတော့ ပြေးမလွတ်ပါကလားလို့ ဦးလေးသောင်းကြီး စိတ်ဒုံးဒုံးချလိုက်ပုံရတယ်။ ကျုပ်ဘာမှမပြောဘူး။ မြတင်ပြောတာလို့ ဆရာနှောင်းကြီးက သူ့အစ်ကိုကို ကြည့်ရင်း ပြောပြီး ရယ်တယ်. အရီးမြတင်လည်း ရယ်တယ်.။
          ငါလည်း ဘုန်းကြီးနဲ့တွေ့ပြီး ပြန်လာတာလို့ ပြောရင်း အရီးမြတင်တို့ သုံးယောက်သား အရီးအိမ်ဖက်ကို လျှောက်လာကြတယ်။ ဦးလေးသောင်းကြီးတို့ ညီအစ်ကိုက အရီးအိမ်ဖက်ဆီကနေ ဖြတ်ပြီး သောင်းရင်တို့ ထန်းတဲဆီသွားကြမယ်ဆိုတာ သိလို့ ဘယ်သွားကြမယ်ဆိုတာကို မမေးတော့ဘူး။ ဘုန်းကြီးပြောတဲ့ ရွာထိပ်က ကဝေမအကြောင်း ပြောပြလိုက်မိတယ်။ ဆရာနှောင်းကြီးကတော့ သိပ်စိတ်ဝင်စားပုံမရဘူး။ ဦးလေးသောင်းကတော့ စိတ်ဝင်စားပုံရတယ်။ စိတ်ဝင်စားဆို သူကလည်း ဒီမှာနေတာကိုး။ အရီးပြောနေတာ ရပ်သွားတော့ ဟိုတစ်လောဆီက ဘုန်းကြီးကျောင်းဆီမှာ နင်ထပြီး ချဲလိုက်တာ ငါကြားလိုက်တယ်လို့ ဦးလေးသောင်းက ပြောတယ်..။ ချဲတယ်ရယ်လည်း မဟုတ်ပါဘူး။ တစ်ခါတစ်လေတော့ ငါ သည်းညည်းမခံချင်တော့ဘူး။ ငါ့စိတ်ထဲမှာ လူတွေဟာ ကိုယ်လုပ်ရမယ့် အလုပ်မလုပ်ဘဲ ထင်ရာတွေလျှောက် ခလောက်ဆန်ပြနေတာပဲလို့ မြင်တယ်။ လွတ်လပ်ရေးရတာဟာ လွတ်လပ်ရေးရတာပဲ.။ လှမောင်တို့ လူသိုက်က လွတ်လပ်ရေးရကာမှ ဒီ…မိုကရေစီ၊ ဟို….မိုကရေစီရယ်နဲ့ အလုပ်ရှုပ်ပြ။ မောင်မူတို့ မောင်တာတို့ကတော့ တရုတ်မုန်းဖို့၊ ကုလားမုန်းဖို့တွေ ပြောလာကြ။ ဟော အခုတော့ အနောက်စုန်းလိုလို၊ ကဝေလိုလိုက တစ်မှောင့်။ ငါတို့ ဘာတွေဖြစ်ကုန်ကြမှန်း မသိတော့ဘူးလို့ အရီးမြတင်က အရှည်ချည်း ပြန်ရှင်းပြတယ်။ သူ့စိတ်ထဲမှာလည်း အားလုံးဟာ ဇဝေဇဝါဖြစ်နေပုံရတယ်။ ဦးလေးသောင်းကတော့ စဉ်းစားနေပုံပဲ။ ဆရာနှောင်းကတော့ အရီးစကားဆုံးသွားတာနဲ့ ဟုတ်တယ် မြတင်လို့ ပြောတယ်။ လျှောက်လာကြရင်း အရီးမြတင်နဲ့ ဦးလေးသောင်းတို့က ဆရာနှောင်းကို လှည့်ကြည့်ကြတယ်။ တို့လူမျိုးဟာ ဧဝံမေသုတံတင် တစ်နေတဲ့ လူမျိုး။ ရှေ့ကို ဘယ်လိုဆက်ရမှန်းမသိကြဘူး။ မဟုတ်ရင် ဆက်ဖို့ ဝန်လေးနေကြတဲ့လူမျိးလို့ ဆရာနှောင်းကြီးက ထပ်ပြောတယ်။။ အရီးမြတင်ရော ဦးလေးသောင်းကြီးကပါ ဘာမှ ဝင်မပြော့ဘူး။ ဒီတော့ ဆရာနှောင်းကြီးက အရီးကို ဦးတည်ပြီးဆက်ပြောတယ်။
          ဒီလို မြတင်၊ ငါတို့ဟာ လူကို ကိုးကွယ်တဲ့အကျင့်ရှိတယ်။။ ငါတို့ဘုရားဟာ လူကနေ ကျင့်ကြံအားထုတ်လို့ ဘုရားဖြစ်တာ။ တစ်ခြားဘာသာတရားမှာလို့ ကောင်းကင်ဘုံက၊ ဘယ်ကညာက မဟုတ်ဘူး။ လူကနေဖြစ်တာ။ ဒီတော့ တို့က လူကို ကိုးကွယ်တာပဲ။ သိပ်တော်တဲ့လူး၊ မဟာပုရိသပဲ။ အဲဒီမှာတင် ရပ်နေတယ်။ ငါတို့ ကိုးကွယ်တဲ့ဘုရားက ကိုယ်တိုင်သိအောင် ကျင့်ကြံခိုင်းတယ်။ ထိုင်ပြီး ဆုတောင်းခိုင်နေတာမဟုတ်ဘူး။ ကာလာမမင်းတွေကို မင်းတို့ ပြောသံကြားရုံနဲ့၊ အစဉ်အဆက်စကားဆိုရုံနဲ့၊ ဒီလိုဖြစ်ဖူးတယ်ဆိုရုံနဲ့၊ စာပေကျမ်းဂန်ထဲ ဒီလိုတော့ ဆိုတာပဲဆိုရုံနဲ့ မယုံလေနဲ့လို့ မှာခဲ့သားပဲ။ ကိုယ်ကိုယ်တိုင် သိကာမှ ယုံလို့ မှာခဲ့ဖူးတာပဲ။ ဒါပေတဲ့ အများစုက အဲဒီအထိ မသွားတော့ဘူး။ ပြောရင်တော့ တို့လူမျိုးဟာ အချိန်ကုန်ခံပြီး စဉ်းစားကြည့်ချင်တဲ့ လူမျိုးမဟုတ်ဘူး။ ဘယ်သူဘယ်ဝါရယ်လို့ နာမည်တစ်လူံးရထားရင်  ယုံတယ်။ ခုကြည့် ကိုလိုနီ ခေတ်တုန်းက ထဘီရုပ်မှုနဲ့ ထိပ်တုံးခတ်ခံခဲ့ရတဲ့ကောင်တွေတောင် မျိုးချစ်ပုဂ္ဂိုလ်ရယ်လို့ ဖြစ်နေတယ်။ စာမေးပွဲမဖြေချင်လို့ တောခိုတဲ့ကောင်တွေဟာ လူတော်တွေဖြစ်လာတယ်။ ယုတ်စွအဆုံး နင်အခုနက ပြောတဲ့ ရွာထိပ်က ကဝေမတောင် သူတော်စင်လို့ ထင်လာကြတယ်။ တကယ်တော့ တို့လူမျိုးမှာ စနစ်တကျဆင်ခြင်တယ်ဆိုတာ မရှိဘူး။ လှမောင်ကြီးတို့ ပြောနေတဲ့ ဒီမိုကရေစီဆိုတာက ၉၆ ပါးပျောက်ဆေးမဟုတ်ဘူး။ ပွေးဆေးဝဲဆေးလိုပဲ။ ယားနာပျောက်ရုံပဲ့။ ဝမ်းချုပ်နေတဲ့လူရဲ့ဗိုက်မှာ လိမ်းပေးလို့တော့ ဝမ်းသွားမှာမဟုတ်ဘူး။ ဒါပဲ မြတင်၊ နင် သဘောမတွေ့တာ ငါနားလည်တယ်။ ဒါပေမယ့် နင်လည်း ဘာမှမတတ်နိုင်ဘူး။ တို့လူမျိုးတွေ မယောင်ရာဆီလူးလုပ်တာအပေါ်မှာ သာယာနေသမျှ နောင်အနှစ်တစ်ရာလည်း ဒီလိုပဲ နေမယ်။။ နိုင်ငံရေးသမားတွေကတော့ နိုင်ငံရေးဟာ လုပ်စားစရာ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်လာမှာပဲ။ ဒီတော့လည်း တို့တိုင်းပြည်လွတ်လပ်ရေးရလာတာဟာ၊ ဒီမိုကရေစီရလာတယ်ဆိုတာဟာ ဗိုလ်ချုပ်ပြောတဲ့နိုင်ငံဖြစ်လာဖို့ ပိုနီးစပ်နေသလိုပဲ။
          ဆရာနှောင်းကြီးက တောက်လျှောက်ပြောပစ်လိုက်တော့တာပဲ။ ဆရာနှောင်းကြီး ပြောပြီးသွားတော့ အရီးမြတင်နဲ့ ဦးလေးသောင်းကြီးတို့က ဘာမှ ဝင်မပြောကြဘူး။ သူတို့ဘာသာ ဆက်ပြီး တွေးနေကြပုံရတယ်။ အရီးမြတင်တို့ သုံးယောက်သားကလည်း အရီးအိမ်ဝိုင်းဖက်ဆီ ရောက်လာတယ်။ အိမ်ရှေ့ဆီက သစ်ပင်ရိပ်အောက်မှာ မိန်းမတွေ တစ်သိုက်နဲ့ဆရာကြီးလှမောင်ကို လှမ်းတွေ့လိုက်ြ့ရတော့ လှမောင်ကြီးပါလားလို့ ဦးလေးသောင်းပါးစပ်က ထွက်သွားတယ်။ အတော်ပဲ ငါလည်း ပြောချင်နေတာနဲ့လို့ အရီးပါးစပ်က ချက်ချင်းလိုထွက်လာတယ်။ မြတင်လို့ ဆရာနှောင်းက ခေါ်လိုက်လို့ အရီးက လှမ်းကြည့်လိုက်တော့ ဆရာနှောာင်းက မချိပြုံးပြုံးရင်း ခေါင်းခါပြတယ်။ အရီးမြတင်ကတော့ သဘောပေါက်သွားပုံရတယ်။ အရီးရော၊ ဦးလေးသောင်းကြီးကပါ ခေါင်းတညိတ်ညိတ် လုပ်နြေ့တယ်။ အဲဒီတုန်းက ဆရာနှောင်းကြီးက ဟေ့ လှမောင်ကြီး မိန်းမတွေကြားမှာ ဘာလုပ်နေတာတုန်းလို့ ဝိုင်းအပြင်ကနေ လှမ်းအော်လိုက်တယ်။ ဦးလှမောင်ကြီးလည်း လန့်သွားပုံရတယ်။ အပြင်ဖက် လှမ်းကြည့်လိုက်ရင် လှမ်းကြည့်လိုက်ရင် ငနှောာင်းကြီးပါလားလို့ တစ်ယောက်ယောက်ကို ပြောသလိုမျိုးနဲ့ ပြောပြီး သူကြီးဦးနီကတော်နဲ့ သန်းတင်မကို ကြည့်လိုက်ရင်း သွားဦးမှဟလို့ ပြောလိုက်တယ်။ ပြီးတော့ ကွပ်ပျစ်ပေါ်က အသာဆင်း။ ညှပ်ဖိနပ် မီးတိုကို စွပ်ပြီး၊ ဝိုင်းထိပ်ဆီထွက်လာတယ်။ အရီးမြတင်တို့နားရေက်ြတာ့ အေးအေးဆေးဆေးမှ လာခဲ့ဦးမယ် မြတင်လို့ ပြောတယ်..။ အရီးကတော့ ပြုံးနေရင်း ဆရာနှောင်းတို့ ညီအစ်ကိုကို ကြည့်နေတယ်။ ဘာမျှပြန်မေပြောဘူး။ မင်း ဘယ်တုန်းက ရောက်တုန်းလို့ ဦးလှမောင်က ဆရာနှောင်းကို မေးပေတဲ့ ဆရာနှောင်းက ပြန်မဖြေဘူး။ လာစမ်းပါကွာ၊ သောင်းရင်တို့ဖက်ဆီ သွားမလို့၊ လိုက်ခဲ့လို့ပဲ ပြောပြီး သွားဦးမယ်လို့ မြတင်လို့ အရီးမြတင်ကို လှမ်းပြောလိုက်တယ်။ ဦးလှမောင်ခမျာ ဆရာနှောင်းကြီး ရောက်လာပေလို့ပဲ။ သူကြီးဦးနီကတော်ရယ်၊ သန်းတင်မရယ်၊ အရပ်ထဲက မိန်းမတွေရယ်က သူ့ကို တလှည့်စီ ဝိုင်းတွယ်နေကြတာ  လှိမ့်ခံနေရတာ အတော်တောင် ကြာသွားပြီ။ ထလည်း မပြန်ရဲရှာဘူး။ ခုကာမှ ဆရာနှောင်းကြီးရောက်လာပေလို့ပဲ။ သူ့စိတ်ထဲမှာတော့ ဇာတ်ပွဲထဲမှာ မိုးလင်းပိုင်းကျရင် ဇာတ်ပေါင်းကောင်းရအောင် သေသူတွေ ပြန်ရှင်လာဖို့ သိကြားရုပ် ပေါ်လာသလိုပဲ။ သူ့စိတ်ထဲမှာတော့ ဆရာနှောင်းဟာ သိကြားမင်းကြီးပဲ။    
(ရွာထဲရပ်ထဲက ဝတ္ထုတိုများမှ)
မြင့်သန်း
စုံနံ့သာမဂ္ဂဇင်း၊ သြဂတ်လ၊ ၂၀၁၄

Featured Post

ကဗျာအဖြစ် ရေးထားတဲ့ နိုင်ငံရေးနဲ့ နိုင်ငံရေးကဗျာ

လန်းပန်ဘက်ဆီကပြန်တော့ ဖတ်စရာတွေ တွေးစရာတွေ ပါလာတယ်။ အမှန်မှာတော့ အဲဒီမှာ တွေ့ခဲ့တဲ့ ဆရာကြီးရဲ့ကျေးဇူးပဲ။ သူနဲ့က အဲဒီကျမှ တွေ့ရသိရတာ။...