ယုန်ထောင် ကြောင်မိ

ရေတိမ်ကန်ကျောင်းက ဘုန်းကြီးပျံလွန်တော်မူသွားကတည်းက ကျောင်းထိုင်မယ့်သူ မရှိဘူးဖြစ်နေတယ်။ ကျောင်းထိုင်ကိုယ်တော်ကလေး ပျံလွန်ပြီး သူ့မယ်တော်ပါ ကွယ်လွန်သွားလေတော့ ဟိုပြောဒီပြော ပြောကြရင်းက ကျောင်းမှာ ကျောင်းထိုင်မယ့် ကိုယ်တော် ရှာလို့မရတော့ဘူး။ ရေတိမ်ကန်ဘက်က လူတွေက ခုဆို ဒီဘက်ကျောင်းကို လာတဲ့အခါတိုင်း ဆရာတော်ကြီးကို သူတို့ကျောင်းမှာ ကျောင်းထိုင်မယ့် ဘုန်းကြီး ရှာပေးဖို့ အပူကပ်ကြတယ်။ ရေတိမ်ကန်နဲ့ နီးတဲ့တာလမ်းပေါ်က ကုန်စုံဆိုင်ပိုင်ရှင် ထောင်ကဲကြီးဦးအကွေးကများဆိုရင် ကျောင်းထိုင်မယ့် ဘုန်းကြီးမရရင် ကိုယ်တော့် တိုက်အုပ်ဘုန်းကြီးကို တပည့်တော် ခိုးပြေးရလိမ့်မယ်လို့ ရယ်သလို နောက်သလိုပြောလေ့ရှိတယ်။

ခက်လာတာ တစ်ခုက ဒီနှစ်က ရေတိမ်ကန်ဘုရားပွဲနှစ်။ ဘာကြောင့်မှန်းတော့မသိကြဘူး။ ရေတိမ်ကန်ဘုရားပွဲက နှစ်-နှစ်မှ တခါလုပ်ကြတာ။ ဒီတော့ ဘုန်းကြီးကြီးက ဒီအရပ်မှာ ငါရှိလျက်နဲ့ ရေတိမ်ကန်ကျောင်းမှာ ကျောင်းထိုင်ဖို့ ဘုန်းကြီးရှာမရလို့ ဘုရားပွဲမဖြစ်ရင် မကောင်းလှဘူးလို့ တွေးမိတယ်။ ဒီတော့ ဘုန်းကြီးကြီးက သူ့တိုက်အုပ်နဲ့ ညစဉ်လို၊ သူတို့ကျောင်းထွက်တွေ၊ ငယ်တပည့်တွေစာရင်း ပြန်စဉ်းစားရတယ်။ စဉ်းစားရသမျှလေး ဆက်သွယ်ကြည့်တော့ စာချလုပ်နေတဲ့ကိုယ်တော်တွေက များနေလို့ စာသင်သားတွေကို ပစ်ပြီးလာလို့ မဖြစ်နိုင်ကြဘူး။ နောက်ဆုံး ဘုန်းကြီးကြီးကပဲ ကိုယ်တော်လေးတစ်ပါးကို သတိရလိုက်မိတယ်။ မောင်ဥာဏ်။ မောင်အဂ္ဂ ရှာစမ်း။ မနှစ်က ဒီဝင်လာတုန်း တစ်နှစ်- နှစ်နှစ်လောက် စာချတာ နားဦးမယ်လို့ ငါ့ကို လျှောက်ဖူးတယ်။ သူနဲ့ဆို အတော်ပဲ။သူလည်း နားနားနေနေ ဖြစ်ရတာပေါ့ လို့ ဆိုလိုက်တယ်။

ဒီတော့ တိုက်အုပ်က အရှင်ဘုရား၊ ဦးအဂ္ဂနဲ့ဖြစ်ပါ့မလား။ သူက မြို့အတော်ဆန်တယ်လို့ တစ်ခွန်းတည်း ပြန်ပြောလိုက်မိတယ်။ မြို့နေတော့ မြို့ဆန်ရသပေါ့ကွာ၊ မြို့လိုတွေးရသပေါ့ကွာ။ မင်းလည်း မြို့မှာ ကျောင်းသွားထိုင်ရင် မြို့ဆန်သွားမှာပေါ့ လို့ ပြောရင်း ပြုံးတယ်။ တိုက်အုပ်ကလည်း ဘုန်းကြီးလေး ဦးအဂ္ဂကို ရအောင်ဆက်သွယ်ခိုင်းရင်း အဆုံးမှာတော့ ဦးအဂ္ဂကို ရေတိမ်ကန်ကျောင်းမှာ ကျောင်းထိုင်ဖြစ်အောင် တိုက်တွန်းနိုင်ခဲ့တာပေါ့။ ဘုန်းကြီးလေး ဦးအဂ္ဂကတော့ ဆရာတော်ကြီးနဲ့ တိုက်အုပ်ကို ခပ်ရှင်းရှင်းပဲ လျှောက်ထားတယ်။ တပည့်တော် ဘုရားပွဲကြီးပြီးတဲ့အထိတော့ ကြိုးစားနေပါ့မယ်ဘုရား။ အဲဒီကျမှ ကျောင်းဆက်ထိုင်နိုင်၊ မထိုင်နိုင် ဆုံးဖြတ်ပါရစေ။ တပည့်တော်က ဦးဥာဏ်လို တိုက်အုပ်တွေ၊ ဘာတွေ လုပ်ဖူးတာ မဟုတ်တော့ အမြဲကျောင်းထိုင်ပေးဖို့ဆိုတာ မသေချာဘူး။ တပည့်တော်က တစ်သက်လုံး မြို့မှာသာ စာချလာတာဘုရား လို့ လျှောက်ထားတယ်။

တို့လည်း နီးနီးနားနားရှိသားပဲကွာ။ မင်းလိုသာတာ ပြောလို့ ဆရာတော်ကြီးနဲ့ တိုက်အုပ်က ကိုယ်တော်လေးကို အားပေးကြရှာတယ်။ ဒီလိုနဲ့ပဲ ရေတိမ်ကန်ကျောင်းမှာ ဘုန်းကြီးကလေး ကျောင်းထိုင်ဖြစ်သွားတယ်။ ကိုယ်တော်ကလေးနဲ့ အတော်သပ္ပါယဖြစ်တယ် ပြောရမယ်။ ကိုယ်တော်ကလေး ရောက်ကတည်းက ဧည့်ပြတ်တယ် မရှိသလောက်ပဲ။ ဆွမ်းကွမ်းက လိုလေသေး မရှိဘူး။ ကိုယ်တော်ကလေး ကြွလေရာပါတဲ့ ထရန်စစ်စတာရေဒီယိုကလေးကလည်း တယ်ပြီး ဆွဲဆောင်နိုင်တာကိုး။ ညနေဆို ဘုန်းကြီးဦအဂ္ဂက ခုနစ်နာရီ နိုင်ငံခြားသတင်း၊ ရှစ်နာရီ ပြည်တွင်းသတင်းနားထောင်လေ့ရှိတယ်။အဲဒါတွေပြီးရင် ရေဒီယိုလေးကို ကျောင်းအောက်ချပေးတော့ ရေတိမ်ကန်က လူတေါ ဇာတ်သဘင်ဖြေဖျော်ခန်းတို့ ဘာတို့နားထောင်ရသပေါ့။ ခုလို ရေတိမ်ကန်ကျောင်းမှာ စည်စည်ကားကားဖြစ်လာတော့ ထောင်ကဲကြီးဦးအကွေးက သဘောကျလွန်းလို့ ဘုန်းကြီးလေး ရေဒီယိုမှာ သုံးဖို့ နှစ်ပတ်ကိုတစ်ကြိမ် အဲဗားရယ်ဒီ လေးလုံးတောင် လှူတယ်။

ဒီဘက်ကျောင်းက တိုက်အုပ် ဦးဥာဏိန္ဒိပြောသလို ဘုန်းကြီးလေး ဦအဂ္ဂက မြို့ဆန်တယ်ဆိုတာကတော့လည်း ဖြစ်နိုင်တယ်။ ရေတိမ်ကန်ဘက်ကလူတွေ တဖြည်းဖြည်းရိပ်မိလာတယ်။ ပြာသိုမှာ လုပ်မယ့် ရေတိမ်ကန်ဘုရားပွဲအတွက် ပထမဝါဆိုမတိုင်ခင်ကတည်းက ဘုန်းကြီးကျောင်းအောက်ထပ်မှာ ညဘက်အစည်းအဝေးလုပ်ကြရတယ်။ နောက်တော့ နှစ်ပတ်တစ်ခါ စနေနေ့ညတိုင်းအစည်းအဝေးလုပ်ကြတယ်။ အဲဒီအခါ ပင်စင်စား ဦးလှမောင်က ဘုန်းကြီးကလေးအနားထိုင်ပြီး ပြောတာဆိုတာတွေ လိုက်မှတ်ရတယ်။ ဦးလှမောင်ကြီးကို ဘုန်းကြီးကလေးက အဲဒီတာဝန်ပေးထားတာကိုး။ အစတော့ ဦးလှမောင်ကြီးက ဘုန်းကြီးကလေးအနားထိုင်ပြီး မြောက်ကြွ မြောက်ကြွရယ်။ အတော်ကလေးကြာလာတော့ သိပ်သဘောကျပုံမပေါ်တော့ဘူး။ ဒီတော့ ဖင်နာခေါင်းကိုက်စတာတွေ အကြောင်းပြပြီး ရှောင်တော့တာပဲ။ ဘယ် ဒီလိုရမှာတုံး၊ ဘုန်းကြီးလေးက လူလွှတ်အခေါ်ခိုင်းပြီး ဦးလှမောင်ကြီးရောက်တာနဲ့  ပြောစမ်း ခင်ဗျား ရောဂါ၊ ဟောဒါက ကိုဒါနင်။ ဟောဒါက ဘက်စပရို။ ဟောဒါက နှာစေးချောင်းဆိုးကောင်းတဲ့ ဘာမီတုံ။ ကိုင်းဘာဖြစ်သတုံး ပြောစမ်း လို့ ပြောတာနဲ့ ဦးလှမောင်ကြီးလည်း ဘုန်းကြီးကလေဘး ဆေးပုလင်းတွေ ကြည့်ပြီး တစ်ချီတည်း အနာမျိုး ကိုးဆယ့်ခြောက်ပါး ပျောက်ရတော့တာပဲ။ 

အရင်ကဆို ရေတိမ်ကန်ဘုရားပွဲ လုပ်ဖို့ ဝါကျွတ်မှပဲ တခါလောက် စုပြီး ပြောကြ ဆိုကြရတာ။ဘုရားပွဲကြီးကို ဘုန်းကြီးတွေက ဦးစီးကြပ်မတ်ရတာဆိုတော့ များသောအားဖြင့် ဒီတစ်ကြောက ဘုန်းကြီးတွေ စုတဲ့ ပဝါရနာပြီးရင် အရပ်က လူတွေနဲ့ ပြောကြဆိုကြတာ။ ခုတော့ ဘုန်းကြီးကလေးက နှစ်ပတ်တစ်ခါ အစည်းအဝေးလုပ်ပြီး အစည်းအဝေးတိုင်းမှာ ဘယ်သူက ဘာတွေ လုပ်နေတယ်။ ဘာတွေ လုပ်ပြီးပြီ စတာတွေ ပြောရတယ်။ ဦးလှမောင်ကြီးကတော့ ထိုင်ပြီး မှတ်ရတယ်။ ဒီလောက်နဲ့ ဘယ်ပြီးမှာတုန်း။ နောက်တစ်နေ့ ဘုန်းကြီးလေး ထုတ်ပေးထားတဲ့ စက္ကူဖြူဖြူပေါ်မှာ ဖောင်တိန်နဲ့အချောပြန်ရေးရတယ်။ ပြီးမှာ ဘုန်းကြီးကလေးက ဖတ်ကြည့်ပြီး စာရွက်ထောင့်မှာ တံဆိပ်တုံး နှိပ်တယ်။ တံဆိပ်တုံးနှိပ်တယ်ဆိုတာက ဒီလို။ ဘုန်းကြီးကလေးမှာ သူ့ဘွဲ့တံဆိပ် ရာဘာတုံးရှိတယ်။ အဲဒီ တံဆိပ်တုံးကို အစည်းအဝေးအကြောင်း ဦးလှမောင်ရေးထားတဲ့ စာရွက်ထိပ် ထောင့်မှာ ရိုက်တယ်။ ပြီးမှ ရက်စွဲတပ်၊ လက်မှတ်ထိုးတယ်။ ဦးလှမောင်တို့၊ ထောင်ကဲ ဦးအကွေးတို့လည်း ထိုးရတယ်။ ဒီဘက်ကျောင်းက ဆရာတော်ကြီးတို့ တိုက်အုပ်တို့နဲ့ စကားစပ်မိတဲ့အခါ ထောင်ကဲကြီးက ____ကျိုးနည်း စနစ်ကျတဲ့ ကိုယ်တော် လို့ မှတ်ချက်ချတယ်။

 အဖိတ်နေ့ ဥပုသ်နေ့တွေမှာ ရေတိမ်ကန်ကျောင်း လာတဲ့သူတွေ ဘာတွေက နဝကမ္မပြုဖို့ ဝတ္ထုလေးဘာလေးလှူတဲ့အခါ ဘုန်းကြီးလေးက စာရင်းနဲ့ အသေအချမှတ်ပြီး ကျောင်းနဲ့ဘုရားအတွက် ပစ္စည်းဝယ်တယ်။ ကြည့်လေ၊ ခုဆို ဘုရားဝင်းစည်းရိုးက အစိမ်းရောင် သုတ်ထားတယ်။ အရင်ကတော့ တစ်သက်လုံး ကားထောင်ဆရာ ကိုမြ အလကားပေးတဲ့ အင်ဂျင်ဝိုင်အဟောင်းနဲ့ ရေနံချေး ရောသုတ်နေတာ။ ခုတော့ အစိမ်းရောင်ဖြစ်ကုန်ပြီ။ ကျောင်းခပ်လှမ်းလှမ်းက ဖုန်းမြေကို ညှိလိုက်ပြီး ကျောင်းသားတွေကို ဘောလုံးအကန်ခိုင်းတယ်။ အရင်ကတော့ ကျောင်းအနောက်နားက သစ်ပင်အုပ်အောက်မှာ ခြင်းခတ်နေကြတဲ့ကောင်တွေ၊ အခု ညနေတိုင်း ဘောလုံးကန်နေကြတယ်။ ဘောလုံးကို ဘုန်းကြီးကလေးကိုယ်တိုင် မြို့သွားဝယ်လာတာဆိုတော့ ဘယ်သူကမှ မပြောရဲကြဘူး။ ဒါတောင် ဦးလှမောင်ကြီးက မနေနိုင် မထိုင်နိုင် သူတို့ဘာသာ သူတို့ ခြင်းခတ်နေတာ အကောင်းသား ကိုယ်တော်ရာ လို့ ပြောမိလို့ ကောင်းတော့ ကောင်းသပေါ့ဗျာ။ လူဆိုတာ တစ်ဆင့်ထက် တစ်ဆင့် မြင့်သထက် မြင့်ကြလေအောင်….အစချီပြီးဘုန်းကြီးကလေးက နှစ်နာရီသာသာလောက်ကြာအောင် ဦးလှမောင်ကြီးကို ပြန်ရှင်းပြလိုက်လို့ ဦးလှမောင်ကြီးလည်း အဲဒီညက ကံကောင်းလို့ ညစာမလွတ်တယ်။ အဲဒီကစလို့ ဦးလှမောင်ကြီးလည်း သိပ်လျှာမရှည်ရဲတော့ဘူး။

တစ်နေတော့ ဘုန်းကြီးကလေးက အမှတ်မထင် ပြက္ခဒိန်ကြည့်ရင်း ဘုရားပွဲလုပ်မယ့်နေ့က လကွယ်နေ့ဖြစ်နေတာ တွေ့လိုက်ရတယ်။ ဒီတော့ ချက်ချင်း ကျောင်းဆရာဦးလှမောင်ကို အခေါ်လွှတ်ပြီး မေးရတော့တာပေါ့။ ဦးလှမောင်ကြီးက ဘုရားပွဲရက်ကတော့ အမှန်ပဲ။ ဒီလိုပွဲလုပ်လာတာလည်း အစဉ်အလာပဲလို့ ပြောဆိုရှင်းပြပေတဲ့ ဘုန်းကြီးကလေးက သိပ်မကျေနပ်ဘူး။ ဦးလှမောင်ခမျာ ကြားဖူးနားဝပါးစပ် ရာဇဝင်တွေ ဘာတွေ ကိုးကားပြောပေတဲ့ ဘုန်းကြီးကလေးက သိပ်မကျေနပ်ဘူး။ ဒီတော့ ဦးဥာဏိန္ဒတို့ ဆရာတပည့်ရှိရာေ ကျာင်းကို သွားပြီး လျှောက်တယ်။ ဆရာတော်ကြီးကော တိုက်အုပ်ကပါ ရေတိမ်ကန်ဘုရားပွဲဟာ လမိုက်ညမှသာ လုပ်လေ့ရှိကြောင့် ရှင်းပြပြီး အစဉ်အလာဖြစ်နေလို့ ဘုရားပွဲရက်ကိုတော့ ပြောလို့ မဖြစ်ဘူးဆိုတာ အတော်ရှင်းလိုက်ရတယ်။ ဘုန်းကြီးကလေးကတော့ သိပ်မကျေနပ်ဘူး။ ဒါကြောင့် ပြန်ခါနီး ဝတ်ဖြည့်ရင်း တပည့်တော်၊ တစ်မျိုးတစ်မည် စဉ်းစားကြည့်ဦးမယ် ဘုရားလို့ ဆရာတော်ကြီးနဲ့ တိုက်အုပ်ကို လျှောက်ထားလိုက်တယ်။ 

အဲဒီကစလို့ ဘုန်းကြီးကလေး ဦးအဂ္ဂဟာ ရေတိမ်ကန်ဘုရားပွဲအကြောင်း တတ်နိုင်သမျှ စုံစမ်းတယ်။ ပါးစပ်ရာဇဝင်အရတော့ မင်းသားကြီး ဘယ်သူဆိုလား။ အိမ်ရှေ့ကိုယ်တော်လေး ဘယ်သူဆိုလား၊ သူက ဒီရေတိမ်ကန်ဘုရားအနား လမိုက်ညတွေမှာ လာလာပြီး သူ့တပည့်တွေနဲ့အတူ ဓားရေးကျင့်ဆိုပဲ။ အဲဒီအစွဲနဲ့ပဲ ဘုရားပွဲကို လမိုက်ညမှာ လုပ်ကြသတဲ့။ အဲဒီအစွဲနဲ့ပဲ ဘုရားပွဲလုပ်တိုင်း အနီးအနားက ကာလသားတွေ ရိုက်ကြသတဲ့။ ဒါကြောင့်လည်း ရေတိမ်ကန်ဘုရားပွဲမှာ ခဲလန်ကျည်တောက်ရောင်းတဲ့ အသည်တွေ ပေါဆိုပဲ။ ခဲလန်ကျည်တောက်က စာဖို့ ရောင်းတာ မဟုတ်ဘူးတဲ့။ တချို့ခဲလန်ကျည်တောက်သည်တွေ ရောင်းတာများဆို အထဲမှာ ကောက်ညှင်းက ဆိတ်စာလေးတောင် မပါဘူးတဲ့။ ရိုက်ဖို့၊ ရိုက်လို့ကောင်းအောင် လုပ်ထားတာကို။ ရွာလယ်ရပ်က မမယ်ညွန့်ကြီးကတော့ ခုလို ပြောင်ပြောင်ပဲ ပြောတယ်။ ဘုန်းကြီးကို လျှောက်ရမှာတော့ သိပ်မကောင်းဘူး။ ဘုန်းကြီးက ပြောပါဆိုလို့သာ သိအောင် ပြောရတာ။ ကျုပ်တို့ ဘုရားပွဲကြီး စည်ဆို အရပ်ရပ်က အပျိုတွေ တခုလပ်တွေ အကုန်လာကြတာကလား။ဘုရားပွဲက လမိုက်ရက်ဆိုတော့ ကာလသားတွေကလည်း ပေါသကိုး။ အဲဒီမှာ ကောင်မတွေက ဖင်အဆိတ်ခံရတာပေါ့။ အဲဒါကိုက အစဉ်အလာတစ်ခုဆိုတော့ တချို့များ ခရီးတစ်သောင်းလောက်က လာကြတာ တဲ့။

အဲဒီကစလို့ ဘုန်းကြီးကလေးက အချိန်ရသရွေ့စဉ်းစားနေတော့တာပဲ။ ဒီကိစ္စပါ တယ်နေရာမကျဘူး။ ဘာအစဉ်အလာကြီး ပြောပြော ငါ ဦးစီးရတဲ့ ဘုရားပွဲမှာ ဒါမျိုးတွေ မရှိစေရဘူး။ ဒီတော့ ဘယ်လိုလုပ်ရမလဲ ဆိုတာ ခေါင်းထဲမှာ အမြဲရှိနေတယ်။ အဲဒီလို အမြဲစဉ်းစားနေတော့လည်း ပြဿနာဖြေရှင်းနည်း အဖြေပေါ်လာတော့တာပဲ။ အဓိကဟာ လမိုက်ရက်မှာဆိုတော့ မှောင်လို့ဖြစ်တာ။ မမှောင်အောင် ဘယ်လိုလုပ်ရမလဲ. လင်းအောင် လသာရက်ကို ပြောင်းလို့တော့ မဖြစ်ဘူး။ ဘယ်သူကမှ လက်ခံမှာမဟုတ်ဘူး။ ဒီတော့ တစ်ခုပဲ ရှိတယ်။ မီးစက်နဲ့ မီးတပ်ရမယ်။ ဒါပေမယ့် မီးစက် ဘယ်ကရမလဲ။ မီးစက်ရရင် မီးထိန်ထိန်လင်းရင်း ဘာကိစ္စမှ ရှိမှာမဟုတ်ဘူး။ ဘုရားပွဲလာတဲ့လူတိုင်းလည်း လင်းလင်းရှင်းရှင်းနဲ့ ပိုလာကြမယ်။ ဘုန်းကြီးလေးက ဒီလိုတွေးတာကိုး အဲဒါအဖြေပဲ။

ခက်တာက မီးစက်ကိစ္စ။ မီးစက်က ငှားမယ့်သူမရှိဘူး။ ဝယ်မှရမယ်။ ဘုရားဝင်းတစ်ခုလုံးလင်းဖို့ စက်က စက်ကြီးလိုတယ်။ ဘုန်းကြီးကလေးကိုယ်တိုင် မြို့တက်ပြီး ကြည့်ပြီးပြီ။မီးစက်ရောင်းတဲ့ အာဇစ်မောင်မြကတော့ စက်ရော မီးကြိုးမီးလုံးပါ ခုနစ်ရာ့ငါးဆယ် ကျမယ်တဲ့။ ဘုန်းကြီးကလေးကို ရိုသေသမှုနဲ့မို့ ခြောက်ရာ့ငါးဆယ်နဲ့ ပေးမယ်လို့ ဆိုရုံမကဘူး။ သူကိုယ်တိုင် မီးလိုက်ဆင်ပေးဦးမယ်တဲ့။ ဒါတင်မကဘူး။ ကိုယ်တော်ကလေး ဆွမ်းချိန်နီးနေလို့ဆိုပြီး သူ့ဆိုင်နားက မွတ်စတာဖာကြီးဆိုင်မှာ ဒန်ပေါက်တောင် ကပ်လိုက်သေးတယ်။ ဒီတော့ ဘုန်းကြီးကလေးအဖို့ ငွေခြောက်ရာ့ငါးဆယ်ပဲ ရှိဖို့လိုတော့တယ်။ ကျောင်းမှာ ရှိနေတဲ့ ဝတ္ထု၊ ဘုရားပွဲကြီးအတွက် အားလုံးက လှူကြတန်းကြမယ့် ငွေအားလုံး တွက်လိုက်တော့ နှစ်ရာ့ငါးဆယ်သာသာပဲ ရှိတယ်။ သူ့ဆရာ ဘုန်းကြီးကြီးတွေနဲ့ တိုင်ပင်တော့လည်း ဒီကိစ္စက သူတို့တတ်နိုင်တဲ့ ကိစ္စမှမဟုတ်ဘဲ။ ဒါပေတဲ့ ဖြစ်များဖြစ်ချင်တော့ ကံစပ်တယ် ပြောရမလား။ ပစ္စည်းဆက်တယ်ပဲ ခေါ်မလားမသိဘူး။ သီတင်းကျွတ်လမှာ ဖွင့်တဲ့ အောင်ဘာလေမှာ ထောင်ကဲကြီးဦးအကွေးက နှစ်သောင်းဆု ပေါက်တယ်။ ဒီတင် အကုန်အဆင်ချောသွားတော့တာပဲ။ 

ဒီလိုနဲ့ ထောင်ကဲကြီးဦးအကွေးလည်း မီးစက်ဒကာဖြစ်သွားတယ်။ ဒီလိုဆိုပြန်တော့လည်း ရေတိမ်ကန်ကျောင်း ဘုရားပွဲအတွက် ရန်ပုံငွေက နှစ်ရာ့ငါးဆယ်သာသာ သုံးရာလောက် ပိုနေပြန်တယ်။ ဘုန်းကြီးကလေး ဦးအဂ္ဂက ဒီနှစ်ဘုရားပွဲကြီးကို အဆင့်မြင့်မြင့် လုပ်မယ်လို့ စိတ်ကူးရှိတော့ ခါတိုင်းလို ဘုရားပွဲဖွင့်တဲ့မနက် ဒီအနီးအနားက ကိုယ်တော်တွေကို ဆွမ်းကပ်၊ အရပ်ကလူတွေကို ထမင်းကျွေးရာမှာ ကြက်သားဆီပြန်နဲ့ ငရုတ်သီးထောင် မကျွေးတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ အရပ်ကလူတွေ ချက်ရပြုတ်ရနဲ့ တာဝန်မများကြရအောင်ပေါ့။ ဒီတော့ မြို့က မွတ်စတာကြီးကို ဒန်ပေါက်ချက်ခိုင်းပြီး ကိုယ်တော်တွေကို ဒန်ပေါက်ကပ်၊ အရပ်က လူတွေကို တစ်အိမ် ဒန်ပေါက် နှစ်ထုပ်တန်သည် အပို့ခိုင်းလိုက်မယ်။ ဒီအစီအစဉ် ဒီစိတ်ကူးကလည်း တကယ်တော့ ကောင်းတာပဲ။

ဘုရားပွဲနေမှာတော့ ဘုန်းကြီးကလေးရဲ့ စိတ်ကူးတွေ အကုန်အကောင်အထည်ပေါ်တယ်။ ဒန်ပေါက်မစားဖူးတဲ့ လူတွေလည်း ဒန်ပေါက် စားဖူးသွားကြတယ်။ ဘုရားပွဲလုပ်တိုင်း ချက်ပြုတ်နေကြတဲ့ အဖွဲ့သားတွေသာ လုပ်နေကျအတိုင်း လုပ်စရာ ဘာမှမရှိတော့လို့ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြတယ်။ ညဘက်ရောက်တော့လည်း ဘုရားပွဲလုပ်တဲ့ဝင်းကြီးက မီးထိန်ထိန်သာကိုး။ စောစောပိုင်းကတော့ မီးထိန်ထိန်သာတာကိုပဲ အထူးအဆန်းအဖြစ် လာကြည့်ရင်း ပွဲဈေးလျှောက်တဲ့သူတွေ ရှိတယ်။ မိုးချုပ်ပိုင်းမှာတော့ လူမရှိတော့ဘူး။ ခဲလန်ကျည်တောက်သည်တွေ မရောင်းရဘူး။ မီးလင်းလင်းကြီးအောက်မှာဆိုတော့ ကာလသားတွေလည်း မရိုက်ရဲကြဘူး။ အပျိုတွေလည်း ဖင်အဆိတ်မခံကြရဘူး။ မြို့က ပွဲကြပ်ဖို့လာတဲ့ ပုလိပ်သားကလေးနှစ်ယောက်လည်း ဘုရားပွဲမှာ ဘာမှ ထွေလီကာလီမဖြစ်တော့ စောစော ပြန်သွားကြတယ်။ အရင်ကဆို တစ်ညလုံးလိုလို ရေတိမ်ကန်ဘုရားကျောင်းအောက်ထပ်မှာ အရပ်ထဲက လူကြီးတွေ အလှည့်ကျပွဲကြပ်ရင်း၊ ရေနွေးကြမ်းသောက်ရင်း တဝါးဝါးနဲ့ နေကြတာ။ ခုတော့ တိတ်လို့။ မီးကြီး ထိန်ထိန်လင်းနေတော့ ဘာမှအကြောင်းကြီးငယ်ရှိမှာမဟုတ်ဘူးလို့ တွက်ပြီး ကိုယ့်အိမ်ကိုယ်ပြန်အိပ်ကြတာပေါ့။ 

ဘုန်းကြီးကလေး ဦးအဂ္ဂတစ်ပါးပဲ ကျောင်းအထပ်ကနေ ပွဲခင်းကို လှမ်းလှမ်းကြည့်နေတယ်။ လမိုက်ညမှာ ထိန်ထိန်လင်းနေတဲ့ ပွဲခင်းကြီး။ ဒီတော့လည်း ဦးလှမောင်ကြီး ပြောလေ့ရှိတဲ့ ရေတိမ်ကန် ဘုရားပွဲဟာ လမိုက်ညမှာ လုပ်တာ အကြောင်းရှိပါတယ် ဘုရား ဆိုတဲ့ စကားကို ဘုန်းကြီးကလေး နားထဲမှာ ကြားလို့သာ နေတော့တယ်။ ဘုရားပွဲကြီး ပြီးလို့ တစ်ပတ်လောက် ကြတော့ ဘုန်းကြီးကလေးလည်း ဆရာတော်ကြီးနဲ့ တိုက်အုပ်ကို သွားတွေ့ပြီး အတော်ကြာကြာ စကားပြောတယ်။ အဆုံးတော့ ကိုယ်တော်ကလေးလည်း ခွင့်ပန်ပြီး မြို့ကို ပြန်ကြွသွားတော့တယ်။
ဘာတွေ အသေးစိတ်ပြောမှန်းတော့ မသိရဘူး။ ခပ်လှမ်းလှမ်းက ကြားလိုက်ရတဲ့ ကျောင်းသားကြီးတစ်ယောက် အပြောကတော့ ဘုန်းကြီးကလေး ထပြီး ကြွခါနီးမှာ - စေတနာသာ အဓိကပါ မောင်အဂ္ဂ။ စေတနာသာ အဓိကပါ - လို့ ဆရာတော်ကြီးက ပြောသံကြားလိုက်ရတယ် ဆိုတာပဲ။

ခုတော့ ရေတိမ်ကန်ကျောင်းမှာ မီးစက်ကြီးတစ်လုံး အဖတ်တင်ကျန်ခဲ့တယ်။ ဘုန်းကြီးကလေးက ဘုရားပွဲဖြစ်မြောက်ရေးအစည်းအဝေးမှတ်တမ်းတွေကို သူကျိန်းတဲ့ အနားက စာအုပ်စင်ပေါ်မှာပဲ ထားခဲ့တယ်။ ယူမသွားဘူး။ ဒီတော့လည်း နောက်ပိုင်းမှာများ ရေတိမ်ကန်ကျောင်းကို ကျောင်းလာထိုင်တဲ့ ကိုယ်တော်ကလေးတွေအနေနဲ့ ဘုရားပွဲလုပ်မယ်ဆိုရင်ဖြင့် အဲဒီမှတ်တမ်းတွေက အတော့်ကို အထောက်အကူပေးလိမ့်မယ် ထင်တယ်။

မြင့်သန်း
စတိုင်သစ်၊ ဒီဇင်ဘာ၊ ၂၀၀၁      

Popular posts from this blog

ပိုမိုညံ့ဖျင်းသော စိတ်ကူးထည်တို့ဖြင့် ဆက်လက်ရှင်သန်နေနိုင်ရန် အားထုတ်မှု (မြင့်သန်း)

အိပ်ဆေး သောက်၍ အိပ်မပျော်နိုင်သော ရောင်စုံညများ

ဝတ္ထုတို မတိုရသည့် အကြောင်း (မြင့်သန်း)