December 17, 2015

ယောက်ဖတစ်ရာ ဝါးတစ်ရာ စီမံကိန်း မအောင်မြင်ရသည့်အကြောင်း (မြင့်သန်း)




ကိစ္စကတော့ တံတားထိပ်ကားဆိပ်က အာ့စိန်ကြီး ထီပေါက်တာက စတာပဲ။ တာလမ်း ဟိုဖက်က ကုန်စုံဆိုင်က ဦးအကွေး ထီပေါက်တုန်းက ရေတိမ်ကန်ကျောင်းမှာ မီးစက်လှူထားတဲ့ အကြောင်းကလေးကလည်း ရှိသေးတယ်။ ဒီတော့ အာ့စိန်ကြီး ထီပေါက်တော့ လှူကလည်း လှူချင်တန်းချင်သေးတယ်။ ဘာလုပ်ရမှန်းမသိဘူး။ ဒီတော့ သူ့ဆိုင်ရဲ့ ဓားလွယ်ခုတ်က ထန်းရည်လိုင်စင်စီလုပ်တဲ့ ငထိုက်ကြီးကို အကြံတောင်းတယ်။ ငထိုက်ကလည်း ခပ်လွယ်လွယ်ပဲ။ စာသင်တိုက်ကြီး သွားလှူပေါ့ဗျာ လို့ ပြောလိုက်တယ်။ အာ့စိန်ကြီးကလည်း အဲဒီလောက်နဲ့ မကျေနပ်ချင်ဘူး။ ငါက လူတွေကိုလည်း ပျော်စေချင်သေးတာလို့ ပြောတယ်။ ဟုတ်တော့ဟုတ်တယ်။ အာ့စိန်ကြီးက လူတွေပျော်တာမြင်ရင်၊ သူကပါ ပျော်တဲ့လူမျိုး။ ဒီတော့လည်း ငထိုက်ကြီးက သူ့ခေါင်းထဲ ရှိတာ ထုတ်ပြောလိုက်တယ်။ အငြိမ့်ငှားပေါ့ဗျာ။ အားလုံးပျော်ရတာပေါ့တဲ့။ အဲဒီအကြံကောင်းတယ်။ စာသင်တိုက်ကြီးမှာ ကိုယ်တော်တွေကို ဆွမ်းကျွေး၊ လှူတန်တာလှူ၊ လူတွေအားလုံးအတွက် အငြိမ့်ငှားပေးလိုက်။ အားလုံးက ပျော်မှာ။ အဲဒီတော့ အာ့စိန်ကြီးခမျာ၊ ကိုထွန်းမောင် ကားကြုံနဲ့လိုက်ပြီး စာသင်တိုက်ကြီးဆီ ချီတက်သွားလေရဲ့။

ငထိုက်ကလည်း သူ့စိတ်ကူးနဲ့သူ။ အငြိမ့်ပွဲလုပ်ရင်ဖြင့် မှောင်ရိပ်ခို၊ ခွက်ပုန်းကလေးရောင်းနိုင်တယ်။ ကိုထွန်းမောင်ကြီးယောက်ဖ ဆာသင်ကြီးကို တစ်လုံးလောက် ပေးထားလိုက်ရင် ကျန်တာက မှောင်ရိပ်ထဲမှာ သူ့သဘောချည်းပဲကိုး။ ထားတော့ ဒီကိစ္စ။ အာ့စိန်ကြီး တစ်ယောက် စာသင်တိုက်ကြီးရောက်တော့ သူ့စိတ်ကူးကို တိုက်အုပ်ကိုလျှောက်တယ်။ တိုက်အုပ်က ဆရာတော်ကို လျှောက်တယ်။ ဆင့်ကဲ ဆင့်ကဲဆိုတော့ ဆာသင်ကြီးပြောသလိုပြောရရင်တော့ ပလိုစီဂျာ ဆိုသလားပဲ။ ဆရာတော်ကြီးကတော့ သာဓုခေါ်သပေါ့ဗျာ။ ဝမ်းမြောက်တယ်။ ဒီတော့ အာ့စိန်ကြီးလည်း ဝမ်းမြောက်တယ် ဆိုပါတော့။ ဒီတော့ တစ်ထိုင်တည်း ကျောင်းတိုက်ကြီးအတွက် နဝကမ္မသက်သက်ကို ငွေတစ်ထောင် လှူဦးမှာတဲ့။ ဒီတော့လည်း ဆရာတော်ကြီးက  ခဏတားထားရသေးတယ်။  အဲဟိုနေ့ကျမှ ရေစက်တွေဘာတွေ ချလှူတာပေါ့ ထောင်ကဲကြီးရာ။ စေတနာသုံးတန်ပြဋ္ဌာန်းလှူရတယ်။ ဘာဘာညာညာပြောပြတော့ အာ့စိန်ကြီးလည်း အတော့်ကို ညွှတ်သွားတာပေါ့။ စိတ်ထဲမှာတော့ သူ့ဘာသာ တွေးကြည့်ပြီး နားမလည်နိုင်ဘူး။ ထွန်းမောင်ကားတောင် ယာဉ်သုံးတန်၊ ကုန်သုံးတန် ပေါင်းခြောက်တန်ဆိုပဲ။ ငါ လှူတာကျတော့ သုံးတန်ပဲတဲ့လား။ နည်းများနည်းလို့လားလို့ တွေးလိုက်မိလို့ပဲ။ ဆရာတော်ကြီးက အနားမှာလည်း တိုက်အုပ်က ရှိနေလေတော့ မောင်ဥာဏ် မင်းပဲ အစစစီစဉ်ပေးလိုက်ချေ။ ကာလသားတွေတို့ သူကြီးတို့ကအစ ထွန်းမောင်လည်း ပွဲမိန့်တွေဘာတွေ လုပ်ခိုင်းလို့ ပြောရင်း သာဓု သာဓု သာဓု လို့ ထောင်ကဲကြီးကို အနုမောဒနာပြုတယ်။

တိုက်အုပ်ကတော့ တင်ပါ့ဘုရားထက် ပိုပြောစရာမရှိဘူး။ စီစဉ်လိုက်လို့ ဆိုပေသိ စီစဉ်တယ်ဆိုတာက သိပ်လွယ်တာ မဟုတ်ဘူး။ ဘုန်းကြီးပျံတုန်းကလည်း တပည့်တွေကောင်းလို့၊ တံတားတိုင်လဲတုန်းကလည်း သင်းတို့ပဲ။ သင်းတို့ပဲ အားကိုးရတော့မှာပဲကိုး။ ဒီတော့ အာ့စိန်ကြီးအနေနဲ့ ဘယ်နေ့၊ ဘယ်မှာ အငြိမ့်ပွဲလုပ်မယ်ဆိုတာ တိုက်အုပ်သိဖို့လိုတယ်။ ကျောင်းတိုက်ကြီးမှာ ဆွမ်းကျွေးတာကတော့ ကပ္ပိယကြီးဦးကြွိနဲ့ တိုင်ပင်ခိုင်းလိုက်ရင် ပြီးတယ်။ အငြိမ့်ပွဲကိစ္စကိုတော့ လာမယ့် တနင်္ဂနွေမှာ ပြောကြဆိုကြမယ်လို့ ချိန်းလိုက်တယ်။ ကျုပ် သူကြီးတွေ၊ ကာလသားတွေ အကုန်ခေါ်ထားလိုက်တယ်။ အဲဒီနေ့ကျ ထောင်ကဲကြီး လာခဲ့ချေလို့ မှာလိုက်တယ်။ အာ့စိန်ကြီးလည်း ဘုန်းကြီးလေးကို အသာဝပ်ချပြီး ပြန်သွားတယ်။ တိုက်အုပ်လည်း သူ့တပည့်တွေ သူကြီးတွေကို  ကျောင်းသားတွေ ဆင့်ပြီး အကြောင်းကြားခိုင်းတယ်။ အာ့စိန်ကြီးက အငြိမ့်ခံမယ်ဆိုတာကို ကျောင်းသားကလေးတွေက သိသွားတော့၊ သတင်းက တကူးတကန့်ဖြန့်နေစရာမလိုဘူး။ ဗျို့ မဟစ်လိုက်ရဘဲ လေဆန်မှာတောင် အညှာနားကအထိ အကုန်ကြားနေကြပြီ။

တနင်္ဂနွေနေ့ရောက်လို့ မနက်ပိုင်းကျောင်းတိုက်ကြီးမှာ ဆွမ်းကျွေး၊ အလှူပေးပြီးတော့ နေ့ခင်းပိုင်းမှာ စကားပြောဖို့ လူစုကြတယ်။ ကိုထွန်းမောင်က သူ့ယောက်ဖဆာသင်ကြီးလည်း ခေါ်လာတယ်။ မောင်မူတို့၊ မောင်တာတို့၊ သူကြီးဦးကံရတို့ကအစ ကာလသားတွေရော လူအတော်များများ ကျောင်းတိုက်ကြီးမှာ ဆုံကြတယ်။ စကားမပြောကြခင် ကိုယ်တော်တွေ ဆွမ်းဘုန်းပေးပြီးချိန်လောက်မှာ မောင်မူနဲ့ မောင်တာက တိုက်အုပ်နဲ့ ဂန္ဓကုဋီတိုက်ကလေးဘက်မှာ စကားလက်သိပ်ထိုး ပြောကြရသေးတယ်။ ပြောရတာက တခြားတော့မဟုတ်ဘူး။ ခုလိုလူစုပြီး အငြိမ့်ပွဲအတွက် အဆုံးအဖြတ်လုပ်မှာကို သူတို့က သိပ်ဘဝင်မကျဘူး။ အထူးသဖြင့် မောင်တာကြီးက သိပ်မကြိုက်ဘူး။ မကြိုက်ဆို သူက အတွေးအခေါ်ရှိတာကိုး.။ မြို့ကလာတဲ့ ဘုတ်အုပ်မဂ္ဂဇင်းများလည်း ဖတ်တယ်။ မှော်ဆရာကြီး ဦးယာမရဲ့ နိဂုံးကမ္ပတ်အဆုံးသတ်သမိုင်းရဲ့ အတ္ထုပတ္တိ ဆိုတာမျိုးတွေလည်း ဖတ်တယ်။ ဧကဒဿမလှိုင်းတို့ ဘာတို့လို ပင်လယ်ထဲက လှိုင်းတွေအကြောင်းတောင် ဖတ်ဆိုပဲ။ လူပေါ်လူဇော်လုပ်နည်းဆိုတာလေးလည်း ဖတ်တယ်။ ဒါကြောင့် သူ့ကို ကြည့်လိုက်၊ အမြဲကိုပြုံးနေတာ။ တွေ့လျှင်တွေ့ချင်းမေတ္တာရှိစေသောနည်းက ပြုံးပါလို့ ပါသမို့လား။ တာလမ်းဟိုဘက်ခြမ်းက မူလတန်းကျောင်းအုပ်ဆရာ ဆရာမြကများဆိုရင် မောင်တာကြီးက ဆိုင်းရင့်သမား လို့တောင် ဆိုတယ်။ ဆရာမြကိုယ်တိုင်ကလည်း ဆိုင်းကြိုက်တဲ့သူကိုး။ သို့ပေသိ၊ မောင်တာကြီးက ခပ်နုနုကြိုက်ပုံမရဘူး။ ဗိန်းဗောင်းဆော်တဲ့ ခပ်ကြမ်းကြမ်း၊ ခပ်ရင့်ရင့် ကြိုက်တာနေမှာ။ ဒါကြောင့် ဆိုင်းရင့်သမားလို့ ခေါ်တာထင်တယ်။

ကိုယ်တော်က ဘာလို့ လူတွေအားလုံးအဆုံးအဖြတ် ယူချင်ရတာတုန်းလို့ မောင်တာကြီးက မေးတယ်။
ဒီတော့ တိုက်အုပ်က အတော်တောင် အူကြောင်ကြောင် ဖြစ်သွားတယ်။
ဘာလို့လဲဟ မောင်တာကြီးရ လို့ပဲ ပြန်မေးတယ်။
ကိုယ်တော့်ကို ဆရာတော်ကြီးက မိန့်ပြီးသားပဲ။ ကိုယ်တော်ကြိုက်တဲ့နေ့၊ ကြိုက်တဲ့နေရာ စီစဉ်လို့ ဖြစ်ကသားနဲ့။ ဘာလို့ လူတွေ လျှောက်ခေါ်ခိုင်းပြီး အဆုံးအဖြတ်ယူချင်ရတာတုန်း။
မောင်မူကတော့ ဘာမှ ဝင်မပြောဘူး။ အသာနားထောင်နေတယ်။
ဒီလိုရှိတယ်၊ ဟကောင်ကြီးရ။ ထောင်ကဲကြီးက အလှူ့ဒကာ၊ ငါက စီစဉ်ပေးဖို့ ဆရာတော်ကြီးက လက်ကုန်အပ်ထားတယ် ဆိုပေသိ၊ ရပ်နဲ့ ရွာနဲ့ဆိုတော့ အားလုံးလည်း သိသင့်တာပေါ့။ တိုင်တိုင်ပင်ပင်ပေါ့။ မတော် ငါ စိတ်ကူးထားတာထက် ကောင်းတာတွေလည်း ပေါ်ချင်ပေါ်လာဦးမှာ။ အများသဘောကျ၊ အဟောဝတလို့ ဆိုကြတယ်မဟုတ်လား။
မောင်တာက အသာငြိမ်နေတယ်။ ပြောသင့်မပြောသင့် ချိန်နေပုံရတယ်။ပြီးမှ ပြောလိုက်တယ်။
ကိုယ်တော်ရာ၊ ယောက်ဖတစ်ရာ ဝါးတစ်ရာကတော့ဖြင့် မဖြစ်နိုင်ပါဘူး။
ဒါတော့ ဒါပေါ့လကွာ လို့ တိုက်အုပ်က ပြန်ပြောတယ်။
လူတွေအားလုံးအလိုတော့ ဘယ်သူ လိုက်နိုင်မှာမို့လဲ။ လူ့အလို နတ်မလိုက်နိုင်လို့ ဆိုတာပဲ။ နတ်မလိုက်နိုင်မှတော့ ဘုန်းကြီးကကော ဘာလုပ်နိုင်မှာမို့လဲ။ ကိုယ့်တော့် ဖာသာ ဆုံးဖြတ်ပြီး ကြိတ်ထည့်လိုက်လည်း ပြီးတာပဲ လို့ မောင်တာက ဆိုတယ်။ ပွဲဖြစ်ဖို့သာ အဓိက မဟုတ်ဘူးလား၊ ကိုယ်တော် လို့ ထပ်ပြောတယ်။ ဘုန်းကြီးလေးကတော့ စဉ်းစားသလိုမျိုး တွေသွားတယ်။ ပြီးမှ
ဒါတော့ ဒါပေါ့လကွာ လို့ပဲ ထပ်ပြောတယ်။

မောင်မူကတော့ ဘာတော့ ဘာမှန်းကို သိလိုက်ပုံမပေါ်ဘူး။ သို့ပေတဲ့ မောင်တာကို တစ်လှည့် ဘုန်းကြီးလေးကို တစ်လှည့်ပဲ ကြည့်နေတယ်။ ဒီတော့ မောင်မူက တပည့်တော်တို့ လုပ်နိုင်တာရှိရင် အချိန်မရွေး ကိုယ်တော်လို့ပဲ ပြောလိုက်တာ။ နောက်ဆုံးတော့ ဘုန်းကြီးလေး ဦးဆောင်ပြီး ဆွမ်းစားဆောင်ဆီ လာခဲ့ကြတယ်။

ဆွမ်းစားဆောင်မှာ လူစုံနေပြီ။ ဘုန်းကြီးလေး ထိုင်လိုက်တာနဲ့ အားလုံးက ဦးချလိုက်ကြတယ်။ ပြောဆိုနေတဲ့ အသံတွေလည်း ရှဲသွားတယ်။ တိုက်အုပ်ဘုန်းကြီးလေးက နောက်နားဆီကို မျက်စေ့ဝင့်လိုက်တယ်။ နောက်နားမှာ တိုင်တစ်လုံးကို မှီပြီး ကိုထွန်းမောင် ယောက်ဖ ဆာသင်ကြီး ထိုင်နေတယ်။ အိပ်များ ပျော်နေသလားလို့ လှမ်းကြည့်လိုက်ပုံပဲ။ ဆာသင်ကြီးကလည်း လူပါးပဲ။ အသာ လက်လှမ်းမြှောက်ပြလိုက်ရင်း၊ တပည့်တော် ဒီမှာ ရှိပါ့ဘုရား လို့ လှမ်းလျှောက်တယ်။ ဘုန်းကြီးလေးကတော့ အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်တယ်။ ဒီတုန်း နောက်ဘက်နားမှာ ဝင်ထိုင်မယ်လို့ လုပ်နေတဲ့ မောင်မူနဲ့ မောင်တာကို ဟိုနှစ်ကောင် ဒီနား လာထိုင်ျေလို့ တိုက်အုပ်က လှမ်းခေါ်လိုက်တယ်။ ဘုန်းကြီးလေး အနားဆီမှာ နေရာယူထားတဲ့ အာ့စိန်ကြီးကတောင် လှည့်ကြည့်လိုက်တယ်။ ပြီးတော့ ဘေးဖက်အသာတိုးပေးလိုက်တယ်။ တစ်ဖက်နံရံနားက သူကြီးဦးကံရတို့ သူကြီးတစ်သိုက်ကတော့ စကားပြောတာ ရပ်သွားပြီး ကြည့်နေကြတယ်။

အားလုံး နေရာကျသွားသလောက်ရှိတော့ ဘုန်းကြီးလေးက ရေနွေးတစ်ကျိုက်သောက်လိုက်ရင်း အာလုပ်ရှင်းလိုက်တယ်။ ပြီးမှ မိန့်တယ်။ ခင်ဗျားတို့ အားလုံးသိပြီးတဲ့အတိုင်းပဲ။ ဟောဒီထောင်ကဲကြီးက ပွဲငှားပေးမယ်။ အားလုံးေ ပျာ်ကြရအောင်၊ ဒီတော့ ဘယ်နေ့၊ ဘယ်မှာ ပွဲကရင် ကောင်းမယ်ဆိုတာ ခင်ဗျားတို့ သဘောထား၊ ခင်ဗျားတို့ဆန္ဒ ကျုပ် သိချင်တယ်။ အကြောင်းရင်းကတော့ ဒါပဲ။
ဘယ်သူကမျှ ဘာမှ မပြောကြသေးခင် ကိုထွန်းမောင် ယောက်ဖ ဆာသင်ကြီးက လှမ်းနောက်တယ်။ မီးစက်လိုရင်ဖြင့် ရေတိမ်ကန်ကျောင်းမှာ ရှိတယ်ဘုရား၊ မဖွင့်တာ ကြာလှပြီ တဲ့။ ဝါးခနဲ ရယ်သံတွေ ထွက်လာတယ်။ ဘုန်းကြီးလေးတောင် ပြုံးတယ်။ ငြိမ်သွားတော့မှ သူကြီးဦးကံရက လျှောက်တယ်။
သင့်တာကတော့ ဘုရား။ တပည့်တော်အပိုင်ထဲက ကွင်းတန်းနဲ့ ချောင်းစပ်အကြားက ကွက်လပ်ကြီးမှာဆိုရင် အားလုံး အဆင်ပြေမယ်။ သွားရေး လာရေးက အစပေါ့။
ခင်ဗျားဟာက ဒီနဲ့ အဝေးကြီးလို့ နောက်နားမှာ ထိုင်နေတဲ့ မောင်ဆင်က လှမ်းပြောတယ်။
တဆက်တည်းမှာပဲ၊ နောက်က အသံစုံထွက်လာတယ်။ အထူးသဖြင့် ဒီဖက်ပိုင်းက လူတွေက သိပ်မကျေနပ်ဘူးပေါ့။ ချောင်းစ ဆိုတာက ကားဆိပ်နဲ့တောင် နီးနေပြီ။ သူကြီးဦးကံရ က နောက်ကို လှည့်မကြည့်ဘဲ ဘုန်းကြီးလေးကိုပဲ ဦးတည်လျှောက်ပြန်တယ်။ သူက သူကြီးကိုး။ ဒီလိုတွတ်ထိုးတာမျိုးတော့ ဘာပူစရာရှိလို့တုန်း။
ဒီလိုပါဘုရား။ အဲဒီကွင်းကြီးထဲမှာ ဆိုရင်ဖြင့် ဘာမှထပ်လုပ်နေစရာမလိုဘူး။ ညီလည်း ညီတယ်။ ပြန့်လည်း ပြန့်တယ်။ မှောင်ရိပ်ကလည်း မကျဘူးဘုရား လို့ ရေကူးညာတင် လုပ်ရင်း လျှောက်တယ်။ ဘုန်းကြီးလေးက ဘာမှ ပြန်မပြောရသေးခင် အသံဗလံတွေ ထွက်လာပြန်ရော။ မောင်တာကတော့ အသာရေနွေးကြမ်းသောက်နေတယ်။ မောင်မူကတော့ လက်ပိုက်ရင်း ဦးကံရတို့ ဖက်ဆီကို ခပ်ထန်ထန်ကြည့်နေတယ်။ ဒီတုန်း အငြိမ်းစားကျောင်းဆရာကြီး ဦးအေးမောင်ဆီက အသံထွက်လာတယ်။

ကံရရာ၊ ချောင်းစမှာက မင့်မိန်းမအမျိုးတွေချည်း မဟုတ်လားကွ။ အိုးမကွာ အိမ်မကွာပွဲကြည့်လို့ရတာပေါ့ကွ။ မဟုတ်လား လို့ ပြောရင်း ပရိတ်သတ်ကို လှမ်းကြည့်တယ်။ တချို့ကတော့ အသံထွက်အောင်တောင် ရယ်ကြတယ်။ ဒီတချီတော့ ဦးကံရ အထိနာသွားပုံရတယ်။
ဟေ့ ကိုအေးမောင်၊ ဒီမယ် ကျုပ်မိန်းမအမျိုးတွေက ပွဲကြည့်ချင်ရင် မြို့တက်ပြီး ကြည့်နိုင်ပါတယ်ဗျာ။ ခင်ဗျားလို ဗလာပွဲ မျှော်နေတာမဟုတ်ဘူး လို့ ဦးကံရ က ပြန်ပက်တယ်။ နောက်ဖက်က လူတွေ ဝါးခနဲရယ်ကြတယ်။ ဒီတော့ ဦးလှမောင်က ဝင်ပြောပြန်တယ်။ သူက ဦးအေးမောင် ညီ။ လက်သည်းဆိတ်တော့ လက်ထိပ်က နာရမှာကိုး။
ကွင်းတန်းက အကွက်ကြီးက မင့်ညီပိုင်တော့ ဈေးသည်တွေဆီက အခွန်ကောက်ရတာပေါ့ကွ ကံရ ရ။
ဦးကံရ က ဘာမှပြန်မပြောတော့ဘူး။ ရွာနှစ်ရွာအကြားက ကွက်လပ်ကြီးကောဘုရား။ ဟိုဖက်ဒီဖက် အကုန်နီးတာပဲ လို့ မောင်ဆင်က ဝင်ပြောတယ်။
ဟုတ်တယ်၊ ရွာနှစ်ရွာကအကြားက ကွက်လက်ကြီးကဖြင့် အလွန်သင့်ပဲ။ ဘုန်းကြီးလေးက မောင်မူတို့ မောင်တာတို့ဘက် မသိမသာကြည့်လိုက်တော့ မောင်မူက မသိမသာ မျက်လုံးကို စုံမှိတ်ပြလိုက်တာ ဘုန်းကြီးလေး တွေ့လိုက်ရတယ်။ တိုက်အုပ်က ချက်ချင်း ရိပ်မိလိုက်တယ်။ နေရာအားဖြင့် ကျယ်ကျယ်ပြန့်ပြန့်ရှိပေတဲ့လည်း ကာလသားတွေ နယ်လုတတ်တဲ့နေရာ။ ကာလသားတွေက သုံးပိုင်းလောက် ဖြစ်နေတယ်။ အဲဒီနေရာကလေးက သင်းတို့ နယ်လုနေကျ။ ဦးတဲ့ကောင်က တွယ်တာပဲ။ ထိန်းဖို့ ခက်မယ်။ ဘုန်းကြီးလေးက ဘာမှမတုံ့ပြန်ဘူး။ ဒီတော့ အောင်မင်္ဂလာကျောင်းတိုက်ဘက်နားမှာနေတဲ့ ကလီငကြား လို့ တွင်တဲ့ ကုလားငကြည်က လှမ်းပြောလိုက်တယ်။
တပည့်တော်တို့ ဖက်ကော ဘုရား တဲ့။ အားလုံးက ဦးကြည်ကို လှမ်းကြည့်ကြတယ်။ ဦးကြည်တို့က လူကုံထံစာရင်းဝင်တွေကိုး။ သူက သာသာထိုးထိုးနဲ့ စကားဆိုတယ်။ တပည့်တော် တို့ဖက်က လူသန့်တော့ ပွဲငြိမ်အောင် ထိန်းနိုင်တယ်။ ဘာမှ ပြဿနာပေါ်စရာမရှိဘူး။ လို့ ဆက်ပြောတယ်။ အဲဒီတော့ကာမှ ပွက်လောရိုက်ကုန်တာ။ ကလီငကြားဆိုတဲ့ အသံတွေလည်း ခပ်ကျယ်ကျယ်ကြားလာရတယ်။ ဦးကံရတို့၊ ကျောင်းဆရာကြီး ညီအစ်ကိုတို့ ကာလသားတွေပါ ပွက်လောရိုက်ကုန်ကြတယ်။ အဲဒီတုန်း နောက်နားဆီက အသံသြသြနဲ့ ခပ်လေးလေးအသံထွက်လာတယ်။

ခင်ဗျားတို့ အရင်းရှင်လိုပဲ တွေးမှာပဲ။ ခင်ဗျားတို့အတွက်က တရားတာကိုး။ ခုဟာက လုပ်လုပ်စားစား အရင်းမဲ့။ မြေကို အားကိုးနေရတဲ့ ဘဝမှန်တဲ့ လူများစုတွေအတွက်ဗျ…..။

မော့ကြည့်နေစရာမလိုပါဘူး။ ဒါ မာ့ကဆစ်လူထွက် အေးကျော်ကြီးရဲ့ အသံပဲ။ လူသာ မက့်ကဆစ်ဘဝက ကျွတ်သွားတယ်။ လေကတော့ ကျန်နေသေးတယ်။ အေးကျော်ကြီးရဲ့ မိန့်ခွန်းရှည်ကြီး ထပ်မဆက်ခင် တိုက်အုပ်ကပဲ အသာလှမ်းတားတယ်။

အေးကျော်ကြီး…။ မင့် လူတန်းစားပြဿနာ ခဏထားဦးကွာ။ ပွဲနေ့ကျမှ ဇာတ်မထွက်ခင် မင်း နာရီဝက်လောက် ဟောချေ လို့ မိန့်လိုက်တယ်။ ရယ်သံတွေ ပေါ်လာတယ်။ ကြွက်စီညံနေကြတယ်။ ဒီလိုတော့ဖြင့် ဘာမှ ရေရေရာရာ အဖြေရှာလို့ ရမှာမဟုတ်ဘူး။ တိုက်အုပ်က စကားပွဲမစခင် မောင်တာပြောတာတွေကို သတိရလာတယ်။ မောင်တာကတော့ အသာပဲ အာ့စိန်နား ဖင်ရွှေ့သွားပြီး ထောင်ကဲကြီးနဲ့ တိုးတိုးပြောနေတယ်။ အာ့စိန်ကတော့ မကြာမကြာ ဘုန်းကြီးလေးကို လှမ်းကြည့်ရင်း  မောင်တာပြောတာကို နားထောင်လိုက် ခေါင်းညိတ်လိုက် လုပ်နေတယ်။ အဲဒီတုန်း ဟိုလူက ဟိုဟာ ထပြောလိုက်၊ ဒီလူက ဒီဟာ ထပြောလိုက်နဲ့ ဘုန်းကြီးလေးတော့ နားထောင်ရုံသက်သက်ပဲ။ ဘာမှမဆုံးဖြတ်နိုင်ဘူး။  အာ့စိန်နဲ့ ပြောဆိုပြီးလောက်တော့ မောင်တာကြီးက ဘုန်းကြီးလေးအနားကို ဖင်ရွေ့သွားလိုက်ပြန်တယ်။ ဘုန်းကြီးလေးက ခေါင်းညိတ်လိုက်၊ အာ့စိန်ကို ကြည့်လိုက် လူအုပ်ကို လှမ်းကြည့်လိုက်ပဲ။ မောင်မူကတော့ ဆွမ်းစားဆောင် နံရံကို မှီပြီး၊ လူတွေကိုပဲ စိုက်ကြည့်နေတယ်။ မောင်မူက နှစ်လုံးပြူးကြီးထမ်းပြီး ယုန်လိုက်နေကြ။ သူ့မျက်စိထဲမှာတော့ လူတွေကို ယုန်ကလေးတွေလို့များ မြင်နေသလား မသိဘူး။
မောင်တာကြီးက ဘုန်းကြီးလေးနဲ့ ပြောလို့ဆိုလို့ ပြီးသွားပုံရတယ်။ ဒီတော့ သူ့နောက်နားက မောင်မူ့အနားကို ရွှေ့သွားပြီး ခေါင်းချင်းရိုက်နေတယ်။ တချို့ကလည်း သူတို့ချင်း ဘာပြောတယ်ဆိုတာ သိခင်လို့ နားစွင့်နေပုံရတယ်။ တွတ်ထိုးတဲ့ လူတွေကတော့ တွတ်ထိုးနေသေးတယ်။ နောက်နားက ဆာသင်ကြီးတောင် ပျင်းလာပုံရတယ်။ ဘုန်းကြီးလေးကို သတိပေးသလိုနဲ့ လှမ်းလျှောက်လိုက်တယ်။ ကိုယ်တော်၊ ပြီးဖို့ နီးပြီလား ဘုရား တဲ့။
အဲဒီတုန်းမှာပဲ မောင်မူက ထိုင်ရာက ထရင်း ဆာသင်ကြီးကို လက်လှမ်းပြလိုက်တယ်။ ပြီးတော့မှာပါ ဆိုတဲ့ သဘောမျိုးပဲ။ ပြီးတော့မှာ မောင်မူက ပြောတယ်။
ဒီကိစ္စက ခုအတိုင်းသွားလို့ကတော့ မပြတ်တော့ဘူး။ အားလုံးရှေ့မှာပဲ ထောင်ကဲကြီးကို ကျုပ်မေးမယ်။ ခင်ဗျားပွဲက လာမယ့် လပြည့်ကျော်တစ်ရက်၊ ဒါမှမဟုတ် နှစ်ရက်မှ ငှားလို့မရမလား။
ရ ရမှာပေါ့။ နှစ်ရက်နေ့ကတော့ သေချာတယ် လို့ အာ့စိန်က ဖြေတယ်။
မောင်မူက ဘုန်းကြီးလေးဘက်ကို လှည့်လိုက်တယ်။ 
ကိုယ်တော်၊ ကျောင်းဝင်းဘေးနားက ကွက်လပ်ကြီးမှာ ဆိုရင်ကော၊ ကိုယ်တော် ဘယ်လို သဘောရသလဲ။
ဘုန်းကြီးလေးက နှုတ်က မဖြေဘဲ ခေါင်းကို ဖြည်းဖြည်းချင်း လေးငါးခါလောက် ညိတ်နေတယ်။ မောင်မူကပဲ အသံအောင်အောင်နဲ့ ပြောချလိုက်တယ်။

အငြိမ့်ပွဲကို လပြည့်ကျော် နှစ်ရက်၊ ကျောင်းဝင်းကြီးဘေး ကွက်လပ်မှာ လုပ်မယ်။ ဒါပဲ။ ပြန်ကြတော့။ နီးမှ လုပ်ဖို့ကိုင်ဖို့ ကျုပ်တို့အကြောင်းကြားမယ်။ လို့ အားလုံးကို ပြောလိုက်တယ်။ ပြီးမှ နောက်နားက ကာလသားတစ်သိုကို ကြည့်ပြီ လက်ညှိုးထိုးလိုက်ရင်း ဟိုကောင်တွေ၊ မနက်ဖြန် မင်းတို့အားလုံးကို ငါတွေ့ချင်တယ် လို့ လှမ်းပြောလိုက်တယ်။ ဟုတ်ကဲ့လို့ ပြောလိုက်သံတော့ မကြားရဘူး။ သို့ပေသိ၊ မောင်မူတို့ မောင်တာတို့ကို မဟုတ်ဘူး ရယ်လို့ သူတို့ကမှ မပြောရဲတာ။
မောင်မူနဲ့ မောင်တာလည်း ဘုန်းကြီးလေးကို ဝပ်ချလိုက်ကြတယ်။ ဘုန်းကြီးလေးကတော့ ကျေးဇူးပဲကွာလို့ သူ့တပည့်တွေကို ပြောရှာတယ်။ ဆွမ်းစားကျောင်းထဲက အလျှို အလျှိုထွက်သွားကြတယ်။ မောင်မူတို့ နှစ်ယောက်သားကတော့ ကျောင်းနောက်ဖေးပေါက်ဆီ ထွက်လာကြတော့ ကျောင်းဝင်းအပြင်ဘက်မှာ ခါးကြားထဲက ဒန်မီးခြစ်ကလေးကို ထုတ်ပြီး ဆေးလိပ်မီးညှိနေတဲ့ သောင်းရင်ကို တွေ့လိုက်ရတယ်။ မောင်တာကြီးက မျက်စိပေါက်ပျောက်လောက်အောင် ပြုံးရင် မေးလိုက်တယ်။

ဟကောင်၊ မင်းဆီမှာ ရည်ချန်လေး ဘာလေး ရှိသေးလား။
ရှိတာပေါ့၊ အစ်ကိုရာ။ အစ်ကိုတို့အတွက်ဆို အမြဲရှိပါတယ် တဲ့။

မောင်တာကြီးကို မောင်မူက လှည့်ကြည့်ပြိး ပြုံးပြရင်း မေးဆက်လိုက်တယ်။ မောင်မူကလည်း မျက်တောင်တစ်ဖက်ကို ဝင့်ရင်း ပြန်ပြီး အသာမေးဆတ်ပြလိုက်တယ်။ မောင်မူနဲ့ မောင်တာလည်း သောင်းရင်ဦးဆောင်သွားတဲ့ ထန်းတဲဆီ ချီတက်သွားကြတော့တယ်။ ထုံးစံအတိုင်း မောင်တာကြီးကတော့ ပြုံးနေတယ်။
တွေ့လျှင် တွေ့ချင်း မေတ္တာရှိစေသော နည်းကား၊ ပြုံးပါ လို့  ဆိုသမို့လား။

မြင့်သန်း
စတိုင်သစ်၊ အောက်တိုဘာ ၂၀၀၄။

Featured Post

ကဗျာအဖြစ် ရေးထားတဲ့ နိုင်ငံရေးနဲ့ နိုင်ငံရေးကဗျာ

လန်းပန်ဘက်ဆီကပြန်တော့ ဖတ်စရာတွေ တွေးစရာတွေ ပါလာတယ်။ အမှန်မှာတော့ အဲဒီမှာ တွေ့ခဲ့တဲ့ ဆရာကြီးရဲ့ကျေးဇူးပဲ။ သူနဲ့က အဲဒီကျမှ တွေ့ရသိရတာ။...